ကြွေကျမယ့် အသီး

ဘာဝနာပွားများတဲ့ အလုပ်ကို အမြဲမပြတ် ပြုလုပ်သူဟာ ငြိမ်းအေးမှုကို ရနေလိမ့်မယ် လို့ ပြောကြပါတယ်။

ဘာဝနာမှာ အမျိုးအစား ကွဲသလား လို့ မေးတဲ့သူ လည်း ရှိသလို၊ ငြိမ်းအေးမှု မှာလည်း အမျိုးအစား ကွဲပါသလား လို့ မေးတာ ရှိတယ်။ မေးခွန်းမေးသူ ကို တခဏ အံ့ဩမိသွားပေမယ့် အမေးရှိတာကြောင့် ဖြေကြည့်ပါမယ်။

ငြိမ်းအေးမှုမှာ အမျိုးအစား မကွဲပြားနေပါဘူး။ မှည့်နေတဲ့ အသီးဟာ တစ်ခဏ အတွင်း ကြွေကျသွားမယ်။ အဲ့ဒီ ကြွေကျသွားရခြင်း ဆိုတဲ့ သက်သက်မှာ အမျိုးအစား ရယ်လို့ ကွဲပြားခြားနား မနေပါဘူး။ နို့ပေမယ့် ကြွေမကျခင် သစ်သီး မှည့်တဲ့ အဆင့် ရောက်ဖို့ ကိုတော့ ဒီသစ်သီးဟာ အဆင့်အမျိုးမျိုးကို ကျော်ဖြတ်ခဲ့ ရတယ်။ သစ်သီး အဖူးလေးက ကြွေကျဖို့ရာ တော်တော်ဝေးတယ်။ သစ်သီး အစိမ်း လည်း ရင့်မှည့်ကြွေကျ ဖို့ ဝေးနေသေးတယ်။ မမှည့်တမှည့် အသီး ကလည်း မကြွေကျသေးဘူး၊ မှည့်ဖို့ လိုနေသေးတယ်။ ဒါပေတဲ့ နီးစပ်လာပြီလို့ ပြောနိုင်တယ် ။ နောက်ဆုံး – ရင့်မှည့်သွားပြီ ဆိုရင်တော့ တစ်ခဏ အတွင်းမှာ ကြွေကျသွားနိုင်ပါတယ်။ ဖြုတ်ခနဲ – ဖြတ်ခနဲ။

ဒါပေတဲ့ ကြွေမကျခင် အဆင့်ဆင့် တက်လှမ်းသွားရတာကတော့ ကျိန်းသေနေတယ် ။ ဟုတ်တယ်ဟုတ် ?။

သစ်သီး အဖူး၊ သစ်သီး အစိမ်း၊ သစ်သီး မမှည့်တမှည့်၊ သစ်သီး အမှည့် စသည် အသီးတွေဟာ သစ်ပင် တစ်ခုတည်းမှာ ရှိနေပါတယ်။ ဒီ သစ်ပင် အတွက် အသီး မှည့်တာ၊ အသီးစိမ်းတာဟာ ကွဲပြားခြားနား နေမှာတော့ မဟုတ်ဘူး။ သူတို့ အတွက် လိုအပ်နေတာက ဘယ်အချိန်မှာ ကြွေကျမလဲ? ကြွေကျမယ့် အချိန် အခါ သာ ဖြစ်ပါတယ်။ သစ်သီး အစိမ်းဟာ ရင့်မှည့် ကြွေကျဖို့ အချိန် တော်တော် လိုသေးတယ်။ မမှည့်တမှည့် သစ်သီးကတော့ ရင့်မှည့်လုလု အချိန်နီးကပ်လာတယ်လို့ ပြောနိုင်တယ်။ ဒီ သစ်သီး နှစ်မျိုးစလုံး ကတော့ တစ်ပင်တည်းမှာ သီးနေကြတယ်။

ငြိမ်းအေးမှု ( ဝါ ) Nirvana ( ဝါ ) ကြွေကျတဲ့ သဘောဟာ တစ်ခဏ အတွင်းမှာ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်တုန်းကမှ ဘာဝနာ ပွားများတဲ့ အလုပ် မလုပ်သူဟာ သစ်သီး အစိမ်းပဲ။ သူဟာ ဘဝ သံသရာထဲက လူသက်သက်ပဲ။ ဘာဝနာ မပြုမချင်း ဘယ်တော့မှ ရင့်မှည့်လာနိုင်ဦးမှာ မဟုတ်တဲ့ အစိမ်း သက်သက် ဖြစ်ပါတယ်။ ဘာဝနာနဲ့ နေထိုင်သူကတော့ သစ်ပင်ကို မှီတင်းပြီး မိမိ သဘာဝကို ဖြည့်စွက်နေသလို၊ တဖြည်းဖြည်း ရင့်မှည့်မှု ဆီကိုလည်း ဦးတည် သွားနေတယ်။ သူကလည်း သစ်ပင်ပေါ်မှာပဲ ရှိနေတာ မှန်ပါတယ်။ ဘဝ အထဲမှာ ရှိနေတယ်။ အစိမ်းသက်သက် ဖြစ်နေသူရော၊ ရင့်မှည့်မှုဆီ ဦးတည်နေတဲ့ သူရော နှစ်ဦးစလုံးဟာ ဘဝထဲမှာ ရှိနေတယ်။ ဒါပေတဲ့ ကြွေကျဖို့ရာ နီးကပ်လာသူနဲ့ ကြွေကျဖို့ရာ ဝေးနေသေးသူ အဖြစ်တော့ ကွာခြား နေပါတယ်။

Read more of this post

နှလုံးရဲ့ မီးအိမ်

မိမိရဲ့ အတွေး၊ စိတ်ကူး ၊ မိမိကိုယ်ကိုယ် မိမိ ထင်မြင်သည့် ဘဝင်တစ်လုံး ၊ ထင်တစ်လုံး တွေကို ဖြုတ်ချလိုက်တာနဲ့ တပြိုင်နက်၊ ကလေးသူငယ် တစ်ယောက် လို ဖြစ်သွား တတ်ပါ တယ်။ မိမိ ပတ်ဝန်းကျင် အပေါ် ရှုမြင်ပုံ ကြည်လင်သွားတယ်။ အရှုခံ အရာနဲ့ ရှုမြင်သူ မိမိကြား ဘယ် ကြားခံ တစ်စုံတစ်ခုမှ မပါဘဲ – တိုက်ရိုက် ထိတွေ့ သွားပါတယ်။

ကျနော်တို့ ကြီးပြင်းလာတာနဲ့ ထပ်တူ ပုံမှန်အားဖြင့် တွဲဖက် ပါလာတာက – အသွတ်သွင်းခံ အသိ အတတ်တွေ ၊ အမြင်တွေ ၊ စကားလုံး၊ ဝါဒ၊ အယူ အဆ၊ မျှော်လင့်ချက်တွေ ဖြစ်ပါတယ်။ အဲ့ဒီ သန္တာန်စဉ် အများစု ဖယ်ကျ သွားတဲ့ အခါ ငယ်စဉ် ကလေးသူငယ် တစ်ယောက်ရဲ့ ကြည့်ခြင်းမျိုးနဲ့ မိမိ လောက ကို မိမိ မြင်ကြည့် တတ် လာတယ်။ ရှုပ်ထွေးမှု ကင်းပြီး ရှင်းလင်း လှပနေပါတယ်။ လောကကို စရောက်လာခါစ နားမလည်ပါးမလည် ၊ ဖြူဖြူစင်စင် ကလေးငယ် တစ်ယောက် လို မျိုး ဥပမာပေးရလိမ့်မယ်။ အရာရာဟာ အထူးတဆန်းနဲ့ အပြစ်ကင်း နေမယ် လို့ ဆိုချင်တယ်။

နှင်းဆီပန်းလေး တစ်ပွင့်ကို ကလေးငယ်လည်း ကြည့်တယ်။ ကျနော် တို့လည်း ကြည့်တယ်။

ကျနော်တို့ ဒီနှင်းဆီကို မြင်တယ်။ ကျနော်တို့ စိတ်အတွင်းမှာ စကား တစ်လုံး အနေနဲ့ ဖြစ်ပေါ်ပါတယ်။ ဆိုပါစို့ – ဒါဟာ နှင်းဆီပန်း ဖြစ်တယ်- အရင်က ဒီလို နှင်းဆီပန်းမျိုး တွေ့ဖူးတယ်- အဲ့တုန်းက နှင်းဆီကမှ ပိုလှသေးတယ် – ဒီနှင်းဆီက အရောင်လွင်လွန်းတယ် – သူ့ဆူးက ပိုပြီး ကိုးရိုးကားယား ဆန်တယ် – ဘာပဲ ပြောပြော ချစ်သူ အတွက် ခူး၊ ပန်တော်ဦး သွားပေးရင်တော့ သူပျော်သွားမှာပဲ – စသဖြင့် – စကားတို့ ယောက်ယက်ခတ်ရင်း – လက်ရှိ အခုခဏ အသက်ရှိ ပန်းလေးတောင် ပျောက်ကွယ် သွားရတတ်သေး တယ်။

ကလေးငယ် လည်း နှင်းဆီပန်းကို ကြည့်မယ်။ ဒါပေမယ့် ဒီကလေးငယ် အဖို့ တော့ ဒီပန်းဟာ နှင်းဆီပန်းလား၊ ကြာပန်းလား၊ မြတ်လေးပန်းလား၊ ငုဝါပန်းလား ခွဲခွဲခြားခြား မသိဘူး။ ပန်းအမည် နာမ ကို သူ မသင်ရသေးဘူး။ နားမလည်သေးဘူး။ သူ့အနေနဲ့ ရှေ့တည့်တည့်က နီဆွေးဆွေးပန်းကလေး ကို ကြည့် နေရုံမျှလေး သာ ဖြစ်ပါတယ်။ အခုမှ မြင်ဖူးမယ့် အရာတစ်ခု မို့ “ပန်း” လို့တောင် အမည် တပ်နိုင်ကောင်း မှ တပ်နိုင်လိမ့်မယ်။ အရောင်နဲ့ ပတ်သက် လို့လည်း ထူးဆန်း နေဦးမယ်။ အံ့အားတသင့် ဖြစ်နေဦးမယ်။ ဆိုလိုတာက – နှင်းဆီပန်းကို ရှုမြင်နေတဲ့ ကလေးငယ် တစ်ဦးရဲ့ အမြင်ဟာ တိုက်ရိုက် ဆန်ပါတယ်။ နှင်းဆီနဲ့ သူ့ရဲ့ ကြားမှာ ဘယ်နံရံ၊ ဘယ်တံတိုင်း၊ ဘာ စကားလုံးမှ ခြားမနေဘူးရယ်။ စိတ်နှလုံး တစ်ခုနဲ့ တစ်ခု တိုက်ရိုက်ထိ တွေ့ နေသလိုမျိုး – ကလေးငယ်နဲ့ ပန်းပွင့်ကြား တိုက်ရိုက် ထိတွေ့တယ်။ တစ်သွေးတည်း တစ်သားတည်း အချင်းချင်း မြုပ်နစ်ဝင်သွားမယ်။

Read more of this post

လေး၍ နက်သောကြောင့် ;)

Quest: အစလည်းမထင်၊ အဆုံးလည်း မရှိတဲ့ ဒီ “ဘဝ” ဟာ ဘာလို့ ဒီလောက် လေးနက်နေရသလဲ။

Osho: အခု ကျနော် အဓိပ္ပာယ်မရှိတဲ့ အဖြေမျိုးကို မပေးချင်ပါဘူး။ ဒါပေမယ့် ခင်ဗျား က အဓိပ္ပာယ်မရှိတဲ့ မေးခွန်းကို စ မေးနေပါတယ်။ ဒီဘဝဟာ ဘာလို့ လေးနက် နေရသလဲ? တဲ့။ ဟုတ်တယ်ဟုတ်?။ ကျနော် ဘယ်လိုလုပ် သိမလဲ။ အဟက် :) ။ ဘဝဟာ လေးနက်လို့ လေးနက်နေပါတယ်။ ဒါဟာ ရိုးရှင်းတဲ့ အချက် တစ်ခုပဲရယ်။

နားလည်ထားဖို့ လိုအပ်တာက – ဘဝဟာ ဖော်မြူလာ၊ သီဝရီ တစ်ခု မဟုတ်ဘူး။ ဘဝရဲ့ လေးနက်ရခြင်း အကြောင်းရင်းကို သီဝရီ ပုံစံ ထုတ်ချပြီး ကျနော် ပြောမှာ မဟုတ်ဘူး။ “ဘာလို့” ဆိုတဲ့ မေးခွန်း သုံးပြီး အကြောင်းရင်းကို မေးမြန်းတဲ့ အခါ – ( သဘာဝအလှ ခံစားလိုသူ တစ်ယောက်က ) – စိမ်းမြတဲ့ သစ်ပင်တွေ ဘာလို့ စိမ်းနေရသလဲ၊ ကောင်းကင် ဘာကြောင့် ပြာနေရသလဲ – မေးသလိုမျိုးနဲ့ တူတယ်။ သူက အသိကို မတောင်းဘူး – အချက်အလက်ကို တောင်းဆို နေတယ်။ အဲ့ဒီ အချက်အလက်ပေါင်း မြောက်များစွာ ဟာ စာအုပ်တွေ ထဲမှာသာ ရှိကြပါလိမ့်မယ်။ ဒါပေမယ့် အချက်အလက် တွေဟာ အသိ မဟုတ်ဘူး။ အသိ ရှိဖို့က မျက်မြင်ဒိဋ္ဌ ကြည့်ဖို့ပဲ လိုပါတယ်။ ဒါ့ကြောင့် ဘဝကို သိလိုသူ အတွက် – ဘဝရဲ့ လေးနက်မှု“ဘာလို့” ဆိုတဲ့ မေးခွန်း မေးမြန်းဖို့ အချိန် မရှိဘူးရယ်။

ခင်ဗျား မေးခွန်းမှာ “ အစလည်းမထင်၊ အဆုံးလည်း မရှိတဲ့ ဒီ “ဘဝ” ” ။ လို့ ပြောထားတယ်။

ဟုတ်တယ်။ ကျနော် ခင်ဗျားနဲ့ ထပ်တူ သဘောတူပါတယ်။ ဘဝဟာ အစလည်း မရှိ-အဆုံးလည်း မရှိဘူး ဆိုတာ ဖြစ်သင့်တယ်။ ဒါပေမယ့် အဲ့ဒီ အစ-အဆုံး မရှိတာ ကိုရော – ကျနော် ဘာလုပ်ပေးရမလဲ။ :)

မုလ္လာ နဆရုဒင် ဆိုတဲ့ လူ ပြောတဲ့စကား ကို ကျနော် ကြားခဲ့ရဖူးတယ်။ သူက သူ့တပည့်တွေကို ဘဝ နဲ့ ပတ်သက်လို့ ပြောပြနေတယ်။ -ဘဝဆိုတာ မိန်းမတစ်ယောက် နဲ့ တူသတဲ့။ ကျနော်လည်း အံ့အားသင့်ပြီး သူ ဘာကို ဆိုလိုတာလဲ နားထောင်မိတယ်။ သူက ဆက်ပြောတယ်။

“ငါတို့ ယောင်္ကျားတွေထဲမှာ -

  • မိန်းမအကြောင်း နောကျေတယ်လို့ ပြောတဲ့သူက ကြွားဝါတဲ့သူ။
  • မိန်းမအကြောင်း နောကျေတယ်လို့ ထင်တဲ့သူက ကိုယ့်ကိုယ်ကိုယ် ဘဝင်မြောက်နေတဲ့သူ။
  • မိန်းမအကြောင်း နောကျေတယ်လို့ ဟန်ဆောင်တဲ့သူက ဒွိဟများတဲ့သူ။
  • မိန်းမအကြောင်း နောကျေချင်သူက ဒုက္ခများတဲ့သူ ပဲ ဖြစ်တယ်။

ဒီလိုမှ မဟုတ်ဘဲ-

  • မိန်းမအကြောင်း နားလည်တယ်လို့ မပြောဆိုတဲ့သူ၊
  • နားလည်တယ်လို့လည်း မထင်တဲ့သူ၊
  • နားလည်ဟန်လည်း မဆောင်တဲ့သူ-

အဲ့ဒီလူဟာ မိန်းမအကြောင်း တကယ် နားမလည်ချင်သော်လည်းပဲ
နားလည်နေသူ ဖြစ်သွားတယ်” တဲ့။

မုလ္လာနဆရုဒင်ကို ကျနော် အပြည့်အဝ ထောက်ခံတယ်။ ဘဝဟာ အဲ့သလိုပဲ ဖြစ်ပါတယ်။ ကျနော်တို့ ယောင်္ကျားတွေ အတွက် – ဘဝဟာ မိန်းမ တစ်ယောက်နဲ့ ထပ်တူထပ်မျှ တူညီတယ် ။ ဘဝကို နားလည်ဖို့ သီဝရီတွေ၊ ဖော်မြူလာတွေနဲ့ ခင်ဗျား ကြိုးစားကြည့်ပါ။ စာအုပ်တွေ အထပ်လိုက်နဲ့ ရူးသွားဖို့၊ သွက်သွက်ခါ သွားဖို့ပဲ ရှိတယ်။ အဲ့ဒီ စိတ်ကူး၊ စဉ်းစားရုံမျှ နားလည်မှုမျိုးကို စွန့်ဖယ် ပစ်စေချင်ပါတယ် ။ အဖြေကို သိချင်ရင် အဖြေရှိရာ ဘဝထဲမှာသာ ခင်ဗျား အပြည့်အဝ ရှင်သန် ဖို့လိုတယ်။ ဒါဆို ခင်ဗျား နားလည်သွား မှာပဲ။

Read more of this post

မာယာ ( ဝါ ) အိပ်မက်

Question:
အသိဥာဏ် အလင်း ရဖို့ ၊ သစ္စာကို သိဖို့ အတွက် သံသရာ ရှည်ကြာခဲ့ရတယ်၊ ခက်ခဲခဲ့ရတယ် လို့ ဆိုပါတယ်။ ဒါ့ကြောင့် သစ္စာကို သိဖို့ အတွက် ဘယ်လိုလုပ်ရမလဲ မေးတဲ့အခါ “အခု ပစ္စုပ္ပန် ခဏ” ကို သိမြင်ဖို့ အရေးကြီး တယ် လို့ ပြောပြန်တယ်။

အခု ပစ္စုပ္ပန် ဒီခဏလေး ကို သိဖို့ အချက်ကသာ တကယ် အမှန် ဆိုရင် – ဘာလို့ သံသရာ ရှည်ကြာခဲ့ရတာလဲ။ ခက်ခဲ ခဲ့ ရတာလဲ။


Answer:
မိတ်ဆွေ မေးခွန်းကို မဖြေခင်၊ ကျနော် တစ်ခု ကို ပြန် မေးချင်ပါတယ်။ သံသရာ ဆိုတာကို ခင်ဗျား ဘယ်လို နားလည်ထား ပါသလဲ။ ရှေ့ဘဝ နောက်ဘဝ ဆိုတာတွေနဲ့ ပေါင်းစပ်ထားတဲ့ စက်ဝိုင်းသဏ္ဍာန် ဖြစ်စဉ် တစ်ခု လား။ ဒါမှမဟုတ် – ခင်ဗျားရဲ့ အတိတ်တွေက တကောက်ကောက် လိုက်နေမယ် – အနာဂတ် ဖြစ်စဉ်ကြီးက တစ်နေရာရာကို ဦးတည် သွားနေမယ်- အဲ့ဒီ ဖြစ်ရပ် အစုအပေါင်း လား။ ဒါမှ မဟုတ် – အခြား ခင်ဗျား ဖတ်ထားဖူးတဲ့ ဥပနိသျှဒ် ၊ ပိဋကတ်၊ အဌကထာ စာအုပ် တစ်အုပ်အုပ် က အဓိပ္ပာယ် ဖွင့်ဆိုချက်မျိုး နဲ့လား။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အောက်လေးဘုံ ဆိုတာ နဲ့ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံ ဆိုတာတွေ ပေါင်းစပ် သွားလာ နေတဲ့ ( ၃၁ ) ဘုံ လား။ ခင်ဗျား ကျင်လည်ခဲ့ဖူးမယ် ထင်တဲ့ ခင်ဗျား အထင်အမြင် တစ်ခုလား။

ဒီအမေးစကားတွေထဲက ဘယ်အချက်ကို ရွေးရွေး ၊ ဆိုလိုတာက – ခင်ဗျား သစ္စာကို မသိတဲ့ အချိန်မှာ သံသရာကို သိနေမှာ မဟုတ်ဘူး လို့ ကျနော် ပြောချင်တာ ဖြစ်ပါတယ် ။ သံသရာ ကို ခင်ဗျား အတွေးနဲ့၊ စကားလုံးဝေါဟာရတွေနဲ့ ပဲ နားလည် ထား ရှိနေပါ လိမ့်မယ်။ စင်စစ် သစ္စာကို သိရင် သံသရာ ဆိုတာ ကိုလည်း ရှင်းရှင်းလင်းလင်း သိပါလိမ့်မယ်။ အပြန်အလှန်၊ သံသရာကို သိရင် သစ္စာကိုလည်း ရှင်းရှင်းလင်းလင်း သိပါလိမ့်မယ်။ အဲ့ဒီ သိတဲ့ အခါမှာ ဒီမေးခွန်း ပေါ်လာစရာ မလို လောက် ဘူးရယ်။

ဒါ့ကြောင့် အခု မိတ်ဆွေ မေးခွန်းထဲမှာ ကျနော်တို့ အတွေးအထင် နဲ့သာ မရေမရာ ထင်သိနေရတဲ့ အရာတွေကို အနည်းဆုံး ဖြစ်စေချင်ပါတယ်။ မေးခွန်း မထိခိုက်ရင် အနည်းငယ် ပြင်ဆင်လိုပါတယ်။ ( တနည်း ) “သံသရာ” ဆိုတဲ့ စကားလုံးကို ခင်ဗျား ကောင်းကောင်း မသိထားဘူး ဆိုရင် ဒီမေးခွန်းကနေ ကျနော် ခဏ ဖယ်ရှားထားချင် တယ်။

အကြောင်းက အဲ့ဒီ “သံသရာ” ဆိုတဲ့ စကားလုံး အပေါ်မှာ ကျမ်းကြီး၊ ကျမ်းငယ် အသွယ်သွယ်တွေက အဲ့ဒီ ဖွင့်ဆိုချက် အမျိုးမျိုးတွေ ရှိနေပါတယ်။ ခင်ဗျား ကိုယ် ခင်ဗျားလည်း အဲ့ဒီ စကားလုံး၊ အတွေးအသိတွေနဲ့ ဝေးနိုင်သမျှ ဝေးဝေး တွေးသွား နိုင်နေသေး တယ်။ ဒါ့အပြင်၊ ဒီ “သံသရာ” ဆိုတဲ့ စကားလုံးကို ဖယ်ထားလိုက်ရင် ခင်ဗျား မေးခွန်း ရဲ့ အဓိပ္ပာယ်လည်း မပျောက်လောက်ဘူး လို့ မြင်ပါတယ် ။ ဟုတ်တယ်ဟုတ်။

ဒါ့ကြောင့် ဒီ “သံသရာ” ဆိုတဲ့ စကားလုံးကို ခေတ္တ ဖယ်ထားချင်ပါတယ်။ ဒါဆို ခင်ဗျား မေးခွန်းက ဒီပုံစံ အတိုင်း ဖြစ်သွားမယ်။

Read more of this post

ဟိုမှာဘက် ကမ်းမှ သည်

လောက်ဇူ ရဲ့ ဆိုစကား က

“တည်ငြိမ်သော အရာသည် ဖမ်းကိုင်ရ လွယ်ကူသည်။
မထင်ရှားသော အရာသည် နိမိတ်ဟောရ လွယ်ကူသည်။
ကျိုးပျက်လွယ်သော အရာသည် ကျေမွသွား ဖို့ရာ လွယ်ကူ၍
သေးငယ်သော အရာသည် လွင့်ပါသွားဖို့ရာ လွယ်ကူသည်။

ထို့ကြောင့်
မရှိလာခင် ကတည်းက ခွဲခြမ်းစိတ်ဖြာ၍၊
မရင့်မြည့် ခင်ကတည်းက ထိန်းသိမ်းစောင့်ရှောက်အပ်၏။
မိုင်ထောင်ချီသော ခရီးသည် ခြေတစ်လှမ်းမှသာ စတင်၏။

ထို့ကြောင့်
လုပ်ကိုင်သော သူသည် ပျက်စီး၍
ဆုပ်ကိုင်သော သူသည် လွတ်ထွက်လျက် ရှိ၏။
ယင်းကို သိသောသူသည် မလုပ်ကိုင်၊ ထို့ကြောင့် မပျက်စီး။
ယင်းကို သိသောသူသည် မဆုပ်ကိုင်၊ ထို့ကြောင့် လွတ်ထွက်သွားခြင်း မရှိ။”

ရှေးဒဏ္ဍာရီ တစ်ပုဒ်မှာ မြင့်မြတ်တဲ့ “ဓမ္မ” အသိကို ရှာဖွေသူ ရဟန်း တစ်ပါး ရှိခဲ့တယ်။ ဓမ္မ ဆိုတာ ဘာလဲလို့ သိဖို့ ရာအတွက် ခရီး အတန်တန်လည်း လှည့်လည် သွားလာ ခဲ့တယ်။ နှစ်ပေါင်း များစွာ ကြာတဲ့ အထိပဲ ဆိုပါတော့။ နောက်ဆုံး အကြိမ်မှာ ဗုဒ္ဓ သီတင်းသုံးခဲ့ရာ တိုင်းပြည်ကို ရောက်လာတယ်။ သူ က ဗုဒ္ဓနဲ့ မျက်နှာချင်းဆိုင် ကိုယ်တိုင် ကိုယ်ကျ တွေ့ချင်တယ်။ ဗုဒ္ဓ ဘယ်မှာ ရှိလဲ လို့ လမ်းခရီး တစ်လျောက် မေးမြန်းရင်း စုံစမ်းရင်း လာခဲ့တယ်။ အဲ့လိုနဲ့ အဆင့်ဆင့် လမ်းညွှန်ရင်း မြစ်ကမ်းနဖူး တစ်ခု ကို ရောက်သွားတယ်။

သူ့ရဲ့ ရှေ့မှာ ကျယ်ပြောတဲ့ မြစ်ပြင်ကျယ် တစ်ခု ရှိတယ်။ ရေတွေလည်း တသွင်သွင် စီးနေတာ ကို မြင်နေရတယ်။ သူ ကြားသိလာတဲ့ သတင်း စကားတွေ အရ – ဒီမြစ်ရဲ့ ဟိုမှာဘက်ကမ်းမှာ ဗုဒ္ဓ ရှိတယ်။ အားလုံး ကလည်း ထောက်ခံတယ် – ဟုတ်တယ် – ဒီမြစ်ရဲ့ ဟိုမှာ ဘက်ကမ်းမှာ ဗုဒ္ဓ ရှိသတဲ့။ သူ ရောက်အောင် သွားဖို့ ဆုံးဖြတ် လိုက်တယ်။ ဒါပေမယ့် ခက်နေတာက သမ္ဗာန် ၊ ကူးတို့ တစ်စင်းမှ မရှိဘူးရယ်။ ဒီ မြစ်ပြင်ကျယ်ကို ဘယ်လို ဖြတ်ရမလဲ။

သူ အဲ့ဒီ ကမ်းနဖူးမှာ ကူးတို့ လှေ ဘယ်မှာ ရနိုင်မလဲ အတော်ကြာကြာ ရှာနေခဲ့တယ်။ ဒါပေမယ့် မြစ်ကမ်းမှာ နေထိုင်ကြသူတွေက သူ့ကို ပြောပြကြတယ်။

Read more of this post

မိုး မြေ ကြားက နှလုံးသား တစ်စုံ

အခုအခါ မှာ ကျနော့အတွက် ဗုဒ္ဓနဲ့ လောက်ဇူဟာ မိုးနဲ့ မြေ ဖြစ်ပါတယ်။

မိုးနဲ့ မြေ — ဆိုတဲ့ စကားကို ကွာဟချက် ကြီးလွန်းကြောင်း ပြဆိုလိုတဲ့ အခါမှာ ကျနော်တို့ သုံးလေ့ရှိ တယ်။ ဒါပေတဲ့- ကျနော် ဒီမှာ ဆိုလိုတဲ့ မိုးနဲ့ မြေ ဆိုတာ တစ်ဦးနဲ့ တစ်ဦး ယှဉ်တွဲနေတယ် ဆိုတဲ့ သဘောတစ်ခုထဲ လို့ ဆိုချင်ပါတယ် ။ မိုးကောင်းကင် မရှိဘဲ မြေပြင် မရှိစကောင်း၊ မြေပြင် မရှိဘဲ မိုးကောင်းကင် မရှိစကောင်း လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဗုဒ္ဓဟာ မိုးကောင်းကင်ပြင် တစ်ခွင်လုံးပဲ လို့ ဆိုခွင့်ရှိမလား ။ ကျနော် အဲ့လို ဆိုချင်ပါတယ် ။ သူက ကျနော့ အထက်မှာ အမြဲတမ်း ရှိနေတယ်။ ဒီ ကောင်းကင်ပြင် မှာ တစ်ခါတစ်လေ တိမ်တောင်တွေ မင်ရေးခြယ် နေတတ် သလို၊ တစ်ခါတစ်လေ ရှင်းလင်း ကြည်လင် နေတတ်တယ်။ နေရောင် တွေ စူးစူး ရဲရဲ တောက်ပ နေတတ်သလို၊ ညရဲ့ အသွင်အပြင်နဲ့ မှောင်မိုက် နေတတ်သေးတယ်။ နားလည်ရ ခက်ပေမယ့် တကျယ်တပြော လွတ်လပ်ရှင်းလင်း နေတဲ့ အဖြစ် ကို ရဲရဲရင့်ရင့် ပိုင်ဆိုင်ထားတယ်။ ကျနော် တအံ့တဩ ငေးမော ခဲ့ရဖူးတဲ့ အလွှာပြင် တစ်ခု ဖြစ်ပါတယ်။

ခင်ဗျားရော ဗုဒ္ဓကို ဘယ်လို မြင်ပါသလဲ။ မြေပြင်မှာ ဖြတ်လျောက်သွား၊ တရားဟောကြားနေတဲ့ လူထူးလူဆန်း တစ်ပါး အဖြစ်လား။ ကမ္ဘာကျော် ဒဿန ဆရာကြီး အနေနဲ့လား။ ဒါမှမဟုတ် လူသားတစ်ပါးက ပြောင်းလဲသွားတဲ့ နတ်ဒေဝတာလား။ အတူ မရှိ၊ အတုမရှိ ပုဂ္ဂိုလ် တစ်ဦးဦး လား။ ဒါမှ မဟုတ် ဘာမှ မဟုတ်တဲ့ သူလား။

ထပ်ဆိုပါမယ်။ ကျနော့ အတွက် ဗုဒ္ဓဟာ မိုးကောင်းကင် တစ်ပြင်လုံးပဲ ဖြစ်ပါတယ်။ ကျနော် မော့ကြည့်လိုက်တိုင်း တွေ့တွေ့နေရတဲ့ မျက်နှာပြင်လွှာ၊ တွေ့မိတိုင်းလည်း အသိရခက်တဲ့ တစ်စုံတစ်ခု ဖြစ်ပါတယ်။ အဆုံးအစမဲ့ အုံ့ဆိုင်းနေတယ်။ ဒါ့အပြင် ကျနော် စိတ်ဝင်တစား ရှိခဲ့ဖူးတဲ့ မိုးကြိုးလျှပ်စီးတွေ ထစ်ချုန်း ပြက်လက်ရာ နေရာတစ်ခု လည်း ဖြစ်သေးတယ်။ အံ့အားသင့်စရာ ကောင်းလောက်အောင် အသိရ ခက်တဲ့ အရာလို့ ဆိုရမလား။ ဆိုနိုင်ပါတယ် ။ ခင်ဗျား လည်း ဗုဒ္ဓကို ကောင်းကင်ပြင်ကြီး လို ရှုမြင်နိုင်ကောင်း ရှုမြင်နိုင်လိမ့်မယ်။ ( ဒါမှမဟုတ် အဲ့အတိုင်း မြင်ချင်မှလည်း မြင်မယ် ) ခင်ဗျား ကိုယ်ခန္ဓာတစ်ခုလုံး ကောင်းကင်ပြင်ထဲ နှစ်မြုပ်ထားလို့ ရတယ်။ ဒါပေမယ့် သူ့ထဲမှာ ရှိမှန်း သိချင်မှ သိမယ်။

သူ ဘာလုပ်ခဲ့တာလဲ။ သူ ဘာလဲ။ ကျနော် မသိပါဘူး။ တွေ့လည်း မတွေ့ခဲ့ ဖူးဘူး။ ချွင်းချန် ကျန်နေရစ်တဲ့ အမှတ်အသား တွေ၊ လက္ခဏာ တွေ သာ ရှိနေခဲ့တယ်။ ဒါတွေနဲ့တင် သူဟာ မိုးကောင်ကင် ဟုတ်မဟုတ် ခွဲခြားသိနိုင်ဖို့ ကျနော့အတွက် လုံလောက်ပါတယ်။ သူ့ရဲ့ အမှတ် လက္ခဏာ တွေမှာ တည်ငြိမ် တိတ်ဆိတ်နေတဲ့ အရိပ်အရောင်သာ ရှိတယ်။ အရိုးရှင်းဆုံး၊ အပြတ်သားဆုံး ဖြစ်တည် နေပါတယ်။ အရိုးရှင်းဆုံး မို့လည်း အသိရခက်တာ ဖြစ်နိုင်တယ်။

လောက်ဇူ။ သူကတော့ မတူညီဘူး။ ဗုဒ္ဓလို မဟုတ်ဘူး။ သီးခြား ကွဲပြား ဖြစ်တည်နေတယ်။ သူ့ကို အသိရခက်တယ် ဆိုတဲ့ စကား – သုံးစွဲလို့ မရလောက် ဘူးရယ်။ ဘာလို့ ဆို – သူ့မှာ သိစရာ ဘာမှ မရှိလို့ပဲ ဖြစ်ပါတယ်။ သူ့မှာ သူ့ရဲ့ အဖြစ် သက်သက်သာ ရှိတယ်။ “သူ” လို့ ခွဲခြား ပြောရတာဟာလည်း တကယ်တမ်း ကျနော့အတွက်တော့ မှား နေပါသေးတယ်။ Read more of this post

သဘာဝ သက်သက်မျှသာ –

ဘာဝနာဟာ ဘာလဲ။ ကျနော်တို့ လေ့ကျင့်ယူရမယ့် နည်းစနစ် တစ်ခုလား။ ကျနော်တို့ အားစိုက်ထုတ်ပြီး လုပ်ကိုင်နေရမယ့် အရာ တစ်ခုလား။ ဒါမှမဟုတ် ကျနော်တို့ စိတ် အတွေး ကို လေ့ကျင့်ပေးရမယ့် ၊ အောင်မြင် ပေါက်မြောက်သွားရမယ့် ဖြစ်စဉ် တစ်ခုလား

–လို့ မေးရင် —-

အဲ့ဒါတွေ တစ်ခုမှ မဟုတ်ဘူး လို့ ကျနော် ဖြေရပါလိမ့်မယ်။

တကယ်တမ်း စိတ်ကူး အကြံအတွေးတွေရဲ့ လုပ်ဆောင်နိုင်သမျှ အရာအားလုံး – ဘယ်အရာမှ ဘာဝနာ ဖြစ်မလာ ဘူး။ ဘာဝနာဟာ အတွေးအကြံ စိတ်ကူး တို့ ရဲ့ အလွန်မှာ ဖြစ်ပါတယ်။ စိတ်ကူး အတွေးက ဒီနေရာမှာ ဘာအကူအညီမှ မပေးဘူး။ ဒါ့ကြောင့် စိတ်စူးစိုက်ရုံမျှနဲ့ ဘာဝနာ ဖြစ်မလာဘူးလို့ ကျနော် အရင်က ပြောခဲ့တာ ဖြစ်ပါတယ် ။ ဘာဝနာဟာ စိတ်ကူး အတွေးအားလုံး ရပ်ဆိုင်းသွားချိန်မှာ စတင်တယ်။

မိမိ သန္တာန်ကို မိမိ ပြန်ဆင်ခြင် ကြည့်ရင် – ကျနော်တို့ ဘဝမှာ လုပ်ကိုင်သမျှ အရာအားလုံးနီးပါး ကျနော် တို့ စိတ်ကူး အာရုံတွေရဲ့ စေ့ဆော်မှုတွေ ကြောင့် ချည်းပဲ- ကိစ္စရပ်တစ်ခု အောင်မြင်သည် ဖြစ်စေ၊ ရှုံးနိမ့်သည် ဖြစ်စေ စိတ်ကူး အတွေး တွေက နေ ဖြတ်သန်း သွားရတာချည်းပဲ ဆိုတာ ခင်ဗျား မြင်နိုင်ပါလိမ့်မယ်။

ဒီအကြောင်းတွေကြောင့် အခု ခင်ဗျားတို့ ကျနော်တို့ ဘာဝနာ ပြုတော့မယ် လို့ စိတ်ကူးတဲ့ အခါ – စ စဉ်းစားတာက “ဘယ်လို၊ ဘယ်နည်းလမ်းနဲ့ စရမှာလဲ” ဆိုတဲ့ technique, method တွေပဲ ဖြစ်နေပါတယ် ။ ဘာသာတရား တွေ ကိုယ်စီ က အဲ့ဒီကို ရောက်ရှိမယ့် လမ်းကြောင်း၊ နည်းလမ်းတွေ ခင်းကျင်း ပေးကြတယ်။ ခင်ဗျားတို့ ကျနော်တို့ကလည်း မိမိ အတွေးအကြံ၊ ယုံကြည်ချက်နဲ့ ကိုက်ညီရာ ဘာသာတစ်ခုခု အတွင်းမှာ တစ်နည်းနည်းကို ကောက်ယူပြီး ရှာဖွေပါတယ်။

ဒါပေမယ့် မမေ့ဖို့က – အဲ့ဒီ လမ်းကြောင်း၊ နည်းလမ်း ၊ Method တွေဟာ “ခင်ဗျား သန္တာန်ကို ခင်ဗျားဘာသာ သိမြင်နိုင်ဖို့” တစ်ခုတည်းသာ ဦးတည်နေရလိမ့်မယ် ။ ပြင်ပ အရာတစ်ခုကို ယုံကြည်သွားဖို့၊ တွေးကြံသွား ဖို့ မဟုတ်ဘူး။ မိမိကိုယ်ကိုယ် သိသွားဖို့ ။ ဆိုလိုတာက ခင်ဗျား သန္တာန်ကို အရှင်းသား မြင်သိ သွားစေဖို့ သာ ဖြစ်ပါတယ်။

– ဒါကို မပေးနိုင်တဲ့ ဘာသာရေး ဟာ အတွေးစဉ်တွေထဲမှာပဲ ချာလည်လည်နေတဲ့ ဘာသာရေး ဖြစ်နေမှာပဲ ။ ခင်ဗျား ကလည်း မိမိ အတွေး အပေါ် ၊ မိမိ ယုံကြည်ချက် အပေါ် တဝဲလည်လည် လက်ခံထားနေမှာပဲ ။ ဘာလို့ ဆို – အတွေး စိတ်ကူးရဲ့ သဘာဝဟာ – ဆက်လက် တွေးခေါ်မှု ဆီကိုသာ ဦးတည် သွားနေလို့ ဖြစ်ပါတယ်။ စိတ်ကူး အတွေးအကြံ တစ်ခုဟာ အခြား စိတ်ကူး အတွေးအကြံ တစ်ခု ရပ်ဆိုင်းသွားမှာကို စိုးရိမ် နေတတ်တယ်။ အယူအစွဲ တစ်ခု စွန့်လွှတ်ရ ခက်ခဲနေတတ် ရခြင်း၊ အယူသည်းခြင်း၊ မျက်ကန်းယုံကြည်ချက် ပြင်းထန်နေရခြင်း- အဲ့ဒီ ဖြစ်စဉ် တွေ မှန်သမျှဟာ ဒီ စိတ်သဘာဝ အပေါ်မှာ အခြေခံပါတယ်။

Read more of this post

Om Mani Padme Hum

The only country in the world which has devoted all its genius to the inner exploration is Tibet. Its findings are of tremendous value. Om mani padme hum is one of the most beautiful expressions for the ultimate experience. Its meaning is ”the sound of silence, the diamond in the lotus.”

Silence also has its sound, its music… although the outer ears cannot hear it, just as the outer eyes cannot see it. We have six outer senses. In the past man knew only that we have five outer senses; the sixth is a new discovery. It is inside your ears; hence people failed to recognize it. It is the sense of balance. When you feel giddy or when you see a drunkard walking, it is the sense of balance that is affected.

Diamond in the LOTUS!

Just as these six senses are used to experience the outer, exactly the same six senses exist to experience the inner – to see it, to hear it, to feel its utter balance, its beauty. It is invisible to the outer eyes but not to the inner. You cannot touch it with your outer senses, but the inner senses are absolutely immersed in it.

OM is the sound when everything else disappears from your being – no thought, no dream, no projections, no expectations, not even a single ripple – your whole lake of consciousness is simply silent; it has become just a mirror. In those rare moments you hear the sound of silence. It is the most valuable experience because it not only shows a quality of the inner music – it also shows that the inner is full of harmony, joy, blissfulness. All that is implied in the music of OM.

You are not to say it. If you say it you will miss the real thing. You have to hear it, you have to be utterly calm and quiet and suddenly it is all around you, a very subtle dance. And the moment you are able to hear it, you have entered into the very secrets of existence. You have become so subtle that now you deserve that all the mysteries be exposed to you.

Existence waits till you are ready.

In the East all the religions without exception agree on this point, that the sound which is heard in the final, highest peak of silence is something similar to OM.

The word OM is not written alphabetically in any language of the East because it is not part of language. It is written as a symbol; hence the same symbol is used in Sanskrit, in Pali, in Prakrit, in Tibetan – everywhere the same symbol, because all the mystics of all the ages have reached to the same experience, that it is not part of our mundane world; hence it should not be written in letters.

It should have its own symbol which is beyond language. It does not mean anything as far as mind is concerned, but it means tremendously much as far as your spiritual growth is concerned.

Read more of this post

ကြာ

ဇင်ဆရာ ချီမွန်နဲ့ ကိုရင်တစ်ပါး စကားပြောကြတယ်။ ကိုရင်က -

“ရေထဲကနေ မထွက်လာခင်က အဲ့ဒီကြာပန်း ဘာဖြစ်နေမလဲ ? ”
“ကြာပန်း !”

“ဒါဆို အဲ့ဒီ ရေကန်ထဲက ထွက်လာပြီး တဲ့ အခါကျတော့ ရော ? ”
“ကြာရွက် ! ”
……………………

ဖြစ်တည်ချက် တစ်ခုဟာ ဖြစ်တည်ချက် သက်သက်သာ ရှိတယ်။ ပုံသဏ္ဍာန် ပြောင်းလဲသွားရင်တောင် သူ့ရဲ့ အဖြစ်က အတူအမျှ ကျန်ရစ်ခဲ့တယ်။ ကျနော်တို့ အများစုက နေထိုင်မှု ဘဝကို ပုံသဏ္ဍာန်တွေထဲ တွန်းပို့တယ်။ အဲ့ဒီ ပုံသဏ္ဍာန်တွေနဲ့ နေထိုင်တာကို လက်ခံကျင့်သုံး လေ့ရှိပါ တယ်။ ဒါဟာ ဘဝကို ဖြတ်သန်းနေတာပဲလို့လည်း မြင်ထားတယ်။ ဇင်မှာတော့ အဲ့ဒါကို အတုအယောင်တွေနဲ့ နေထိုင်ခြင်းသာ ဖြစ်တယ် လို့ မြင်ပါတယ်။

ဇင်ရဲ့ အမြင်ဟာ တွေးခေါ်မှု၊ အယူအဆ၊ ဝါဒတွေနဲ့ မသက်ဆိုင်ဘူး။ မြင်ကြည့်ဖို့သာ လိုအပ်ပါတယ်။ ဆိုလိုတာက မျက်လုံးစုံမှိတ် တွေးခေါ် ကြည့်နေဖို့ ၊ လိုက်ရှာနေဖို့ မဟုတ်ဘူး။ မျက်လုံးဖွင့်ကြည့်ဖို့၊ မိမိ သန္တာန်ကို “အခု” ကြည့်မြင်နိုင်ဖို့သာ ဖြစ်ပါတယ်။ ရှုမြင်ရမယ့် အရာဟာ ဟိုနေရာမှာ၊ နောင်တစ်ချိန်မှာ ရှိနေတာ မဟုတ်ဘူး – ကျနော်တို့ သန္တာန်မှာ “အခု၊ ဒီနေရာ” ဖြစ်နေ ၊ ရှိနေပြီးသား လို့ ဆိုလိုပါတယ်။

To live in the forms is to live in illusions.
To see the being is to transcend the world.
Only seeing is needed.

ကျနော်တို့ အရာတစ်ခုကို ခွဲခြား ဆုံးဖြတ်ကြတဲ့ အခါ အဲ့ဒီအရာ ရဲ့ သဘာဝ အပေါ် အခြေခံလေ့ မရှိပါဘူး။ ( အခြေခံပါတယ် လို့ တစ်ခါတစ်လေမှာ ထင်ကောင်းထင်နိုင်ပေမယ့် အများအားဖြင့် – မဟုတ်ဘူး ဆိုတာ စိစစ်ကြည့်ရင် တွေ့နိုင်ပါလိမ့်မယ် ) တကယ်က – မိမိ အာရုံ နဲ့ အာရမ္မဏိက ၊ သတ်မှတ် ၊ပုံသဏ္ဍာန် တွေနဲ့သာ ယှဉ်ထိုး ဆုံးဖြတ်တတ်ကြပါတယ်။

အခု ကြာပန်း ဆိုပါစို့။ — အစေ့သာ ဖြစ်နေသေးချိန်မှာ ကျနော်တို့ အမြင်ဟာ ကြာစေ့ အဖြစ်သာ ရှိပါတယ်။ အဲ့ဒါကို ကြာပန်းလို့ မခေါ်သလို ကြာပန်းလို့လည်း မမြင်ပါဘူး။ တကယ်လည်း မျက်မြင်မှာ သူဟာ ကြာပန်းမှ မဟုတ်ဘဲရယ်။ ပန်းတစ်ပွင့် အဖြစ် ဝင့်ဝင့်ကြွားကြွား ရေပေါ်မှာ ဖူးပွင့်လာမှ ကြာပန်း အဖြစ်သတ်မှတ်ကြမယ်။ စင်စစ် ဒါဟာ ကျနော်တို့ အာရုံအတိုင်းပါ။ နည်းနည်းလေး ဖြစ်ဖြစ် တွေးကြည့်ရင် သိနိုင်တာက ကြာပန်းရဲ့ သဘောဟာ ပင်ကိုကတည်းက အစေ့ အတွင်းမှာ ပါလာပြီးသား။ ကြာစေ့၊ ကြာပန်း၊ ကြာရွက် စသဖြင့် ခေါ်ဆိုခြင်းဟာ – ကျနော်တို့ အာရုံတွေပေါ် မူတည်ပြီး ပြောင်းလဲ ခေါ်ဆိုတာ ဖြစ်ပါတယ်။

အဲ့သလိုမျိုး နဲ့ အလားတူ ကျနော်တို့ ဘဝကို ပြန်ကြည့်တဲ့ အခါ -

Read more of this post

Follow

Get every new post delivered to your Inbox.