မာယာ ( ဝါ ) အိပ်မက်
January 29, 2012 Leave a comment
Question:
အသိဥာဏ် အလင်း ရဖို့ ၊ သစ္စာကို သိဖို့ အတွက် သံသရာ ရှည်ကြာခဲ့ရတယ်၊ ခက်ခဲခဲ့ရတယ် လို့ ဆိုပါတယ်။ ဒါ့ကြောင့် သစ္စာကို သိဖို့ အတွက် ဘယ်လိုလုပ်ရမလဲ မေးတဲ့အခါ “အခု ပစ္စုပ္ပန် ခဏ” ကို သိမြင်ဖို့ အရေးကြီး တယ် လို့ ပြောပြန်တယ်။
အခု ပစ္စုပ္ပန် ဒီခဏလေး ကို သိဖို့ အချက်ကသာ တကယ် အမှန် ဆိုရင် – ဘာလို့ သံသရာ ရှည်ကြာခဲ့ရတာလဲ။ ခက်ခဲ ခဲ့ ရတာလဲ။

Answer:
မိတ်ဆွေ မေးခွန်းကို မဖြေခင်၊ ကျနော် တစ်ခု ကို ပြန် မေးချင်ပါတယ်။ သံသရာ ဆိုတာကို ခင်ဗျား ဘယ်လို နားလည်ထား ပါသလဲ။ ရှေ့ဘဝ နောက်ဘဝ ဆိုတာတွေနဲ့ ပေါင်းစပ်ထားတဲ့ စက်ဝိုင်းသဏ္ဍာန် ဖြစ်စဉ် တစ်ခု လား။ ဒါမှမဟုတ် – ခင်ဗျားရဲ့ အတိတ်တွေက တကောက်ကောက် လိုက်နေမယ် – အနာဂတ် ဖြစ်စဉ်ကြီးက တစ်နေရာရာကို ဦးတည် သွားနေမယ်- အဲ့ဒီ ဖြစ်ရပ် အစုအပေါင်း လား။ ဒါမှ မဟုတ် – အခြား ခင်ဗျား ဖတ်ထားဖူးတဲ့ ဥပနိသျှဒ် ၊ ပိဋကတ်၊ အဌကထာ စာအုပ် တစ်အုပ်အုပ် က အဓိပ္ပာယ် ဖွင့်ဆိုချက်မျိုး နဲ့လား။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အောက်လေးဘုံ ဆိုတာ နဲ့ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံ ဆိုတာတွေ ပေါင်းစပ် သွားလာ နေတဲ့ ( ၃၁ ) ဘုံ လား။ ခင်ဗျား ကျင်လည်ခဲ့ဖူးမယ် ထင်တဲ့ ခင်ဗျား အထင်အမြင် တစ်ခုလား။
ဒီအမေးစကားတွေထဲက ဘယ်အချက်ကို ရွေးရွေး ၊ ဆိုလိုတာက – ခင်ဗျား သစ္စာကို မသိတဲ့ အချိန်မှာ သံသရာကို သိနေမှာ မဟုတ်ဘူး လို့ ကျနော် ပြောချင်တာ ဖြစ်ပါတယ် ။ သံသရာ ကို ခင်ဗျား အတွေးနဲ့၊ စကားလုံးဝေါဟာရတွေနဲ့ ပဲ နားလည် ထား ရှိနေပါ လိမ့်မယ်။ စင်စစ် သစ္စာကို သိရင် သံသရာ ဆိုတာ ကိုလည်း ရှင်းရှင်းလင်းလင်း သိပါလိမ့်မယ်။ အပြန်အလှန်၊ သံသရာကို သိရင် သစ္စာကိုလည်း ရှင်းရှင်းလင်းလင်း သိပါလိမ့်မယ်။ အဲ့ဒီ သိတဲ့ အခါမှာ ဒီမေးခွန်း ပေါ်လာစရာ မလို လောက် ဘူးရယ်။
ဒါ့ကြောင့် အခု မိတ်ဆွေ မေးခွန်းထဲမှာ ကျနော်တို့ အတွေးအထင် နဲ့သာ မရေမရာ ထင်သိနေရတဲ့ အရာတွေကို အနည်းဆုံး ဖြစ်စေချင်ပါတယ်။ မေးခွန်း မထိခိုက်ရင် အနည်းငယ် ပြင်ဆင်လိုပါတယ်။ ( တနည်း ) “သံသရာ” ဆိုတဲ့ စကားလုံးကို ခင်ဗျား ကောင်းကောင်း မသိထားဘူး ဆိုရင် ဒီမေးခွန်းကနေ ကျနော် ခဏ ဖယ်ရှားထားချင် တယ်။
အကြောင်းက အဲ့ဒီ “သံသရာ” ဆိုတဲ့ စကားလုံး အပေါ်မှာ ကျမ်းကြီး၊ ကျမ်းငယ် အသွယ်သွယ်တွေက အဲ့ဒီ ဖွင့်ဆိုချက် အမျိုးမျိုးတွေ ရှိနေပါတယ်။ ခင်ဗျား ကိုယ် ခင်ဗျားလည်း အဲ့ဒီ စကားလုံး၊ အတွေးအသိတွေနဲ့ ဝေးနိုင်သမျှ ဝေးဝေး တွေးသွား နိုင်နေသေး တယ်။ ဒါ့အပြင်၊ ဒီ “သံသရာ” ဆိုတဲ့ စကားလုံးကို ဖယ်ထားလိုက်ရင် ခင်ဗျား မေးခွန်း ရဲ့ အဓိပ္ပာယ်လည်း မပျောက်လောက်ဘူး လို့ မြင်ပါတယ် ။ ဟုတ်တယ်ဟုတ်။
ဒါ့ကြောင့် ဒီ “သံသရာ” ဆိုတဲ့ စကားလုံးကို ခေတ္တ ဖယ်ထားချင်ပါတယ်။ ဒါဆို ခင်ဗျား မေးခွန်းက ဒီပုံစံ အတိုင်း ဖြစ်သွားမယ်။
“အသိဥာဏ် အလင်း ရဖို့ ၊ သစ္စာကို သိဖို့ အတွက် ရှည်ကြာခဲ့ရတယ်၊ ခက်ခဲခဲ့ရတယ် လို့ ဆိုပါတယ်။ ဒါ့ကြောင့် သစ္စာ ကို သိဖို့ အတွက် ဘယ်လိုလုပ်ရမလဲ မေးတဲ့အခါ “အခု ပစ္စုပ္ပန် ခဏ” ကို သိမြင်ဖို့ အရေးကြီး တယ် လို့ ပြောပြန်တယ်။
“အခု ပစ္စုပ္ပန် ဒီခဏ ကို သိဖို့ အချက်” ဟာ တကယ် အမှန် ဆိုရင် – ဘာလို့ ရှည်ကြာခဲ့ရတာလဲ။ ခက်ခဲ ခဲ့ရတာလဲ။”
ဖြေကြည့်ပါမယ်။
ခင်ဗျား မေးခွန်းမှာတင် အဖြေ ပါဝင်နေ ပါတယ်။ ရှည်ကြာရခြင်း ၊ ခက်ခဲရခြင်း အကြောင်းဟာ- စင်စစ် အခု ပစ္စုပ္ပန် ဒီခဏမှာ ခင်ဗျား တကယ် ရှိမနေလို့ပဲ ဖြစ်ပါတယ်။ ဒီနေရာ ဒီခဏ ကနေ ခင်ဗျား အဝေးကို ထွက်ထွက် သွားနေလို့ – ရှည်ကြာ ခက်ခဲ နေရတယ်။ ဒါ့ကြောင့် စစ်မှန်တဲ့ အသိရဖို့ (ဝါ) အသိဥာဏ် အလင်းရဖို့ ခင်ဗျား ဒီ “ပစ္စုပ္ပန်” ကို ပြန်ပြန် လာနေရတယ်။ ခင်ဗျား ထွက်သွားတဲ့ အဝေးကနေ အခုအချိန်၊ အခုနေရာ ကို ခရီးရှည် ပြန် လျောက် လာနေရပါတယ်။
သစ္စာ ( တနည်း ) အမှန်သဘော ဟာ အခု ခင်ဗျားနဲ့ အဝေးကြီး မှာ မဟုတ်ဘူး။ သစ္စာ ( ဝါ ) အမှန်ဟာ အခု ဒီနေရာမှာသာ ဖြစ်တယ် လို့ ဆိုလိုတယ်။ ထပ်ပြောပါမယ်။ သစ္စာက ခင်ဗျား နဲ့ အဝေးကြီးမှာ မဟုတ်ဘူး။ ခင်ဗျားကိုယ်တိုင်ကသာ သစ္စာရဲ့ အဝေးကို ထွက်ထွက် သွားနေတာ ဖြစ်တယ် လို့ ဆိုလိုတယ်။
ကျနော်တို့ ပြောပြောလေ့ ရှိတဲ့ ဘုရားသခင် ဆိုတဲ့ စကားလုံးကို သစ္စာတရား နဲ့ အလားတူ ၊ အတူတူထားပြီး ကြည့်နိုင်တယ်။ စင်စစ် ဘုရားသခင် ဟာ ခင်ဗျားနဲ့ အဝေးကြီး မှာ မဟုတ်ဘူး။ ဟိုးကောင်းကင် မှာ မဟုတ်ဘူး။ ဘုံတစ်ခု အနေနဲ့ ဟိုးအထက် ရောက်နေတာ မဟုတ်ဘူး။ အနာဂတ် တစ်ချိန်ချိန်မှာ၊ ခင်ဗျား သေလွန်ပျောက်ဆုံးသွားပြီး နောက်မှာ မဟုတ်ဘူး။ ခင်ဗျား အတွင်းသန္တာန်မှာ အခု တည်ရှိတဲ့ အရာ သာ ဖြစ်ပါတယ်။ ထာဝရ ဘုရားသခင် လို့ သုံးစွဲတဲ့ စကားဟာ အတိတ်တွေ အနာဂတ်တွေ ထဲ ပုံသဏ္ဍာန်တစ်မျိုး နဲ့ တည်ရှိနေမယ် ဆိုတဲ့ အတွေးအထင် တစ်ခု မဟုတ်ဘူး ။ ခင်ဗျား ရှုကြည့်ရင် မြင်ရမယ့် – အခု ခဏ – ဒီနေရာမှာ သာ ဖြစ်ပါတယ်။ အခု ခဏမှာသာ စင်စစ် တည်ရှိမြဲ တည်ရှိနေတာ ဖြစ်တယ်။
ဘုရားသခင်ဟာ ဘာအတွက်ကြောင့် ဘယ်လိုမျိုး အဝေးကြီးမှာ ရှိနေမလဲ။ စင်စစ် ဘယ်လောက်ဝေးတဲ့ နေရာ မှာမှ ဘုရားသခင် တည်ရှိနေတာ မဟုတ်ဘူးလို့ ကျနော် တိတိကျကျ ပြောလိုပါတယ် ။ ခင်ဗျား ရှာဖွေနေတဲ့ ဘုရားသခင် ဟာ စင်စစ် ခင်ဗျား ရဲ့ အတွင်းသန္တာန် အားလုံး၊ ခင်ဗျား ရဲ့ လောကတစ်ခွင်လုံး ပဲ ။ ခင်ဗျားရဲ့ အခု အသက်ရှူနေသမျှ၊ ခင်ဗျား အခု နှလုံးခုန်နေသမျှ၊ အခု ဖတ်ရှုနေသမျှ၊ တွေးကြည့်နေသမျှ မှာ ဘုရားသခင် တည်ရှိနေပါတယ်။ ဒါပေမယ့် ခင်ဗျား ကိုယ်တိုင်က၊ ခင်ဗျား သန္တာန်က ဒီနေရာမှာ ရှိမနေဘူး။ (ဝါ) အခုအချိန် အခုနေရာကို အသိသက်သက် မရှုမြင်ထားဘူး ။ ခင်ဗျား အတွေးတွေ စိတ်ကူးတွေ တွေးခေါ်တယ်။ ပြီးခဲ့တဲ့ အတိတ်တွေ၊ မလာသေးတဲ့ အနာဂတ်တွေကို ရောက်နေတယ်။ ဆိုလိုတာက အဲ့လို “အခု၊ ဒီနေရာ” ကို ကောင်းကောင်း မသိနိုင်ဘဲ အဝေးရောက်နေတယ် ဆိုရင် – ခင်ဗျား ဘုရားသခင်ကို မမြင်နိုင်ဘူးရယ်။ ဒါ့ကြောင့် “အခုခဏ၊ – အခု၊ ဒီနေရာ” မှာ မရှိနေရခြင်းအကြောင်းကြောင့် ရှည်ကြာခက်ခဲနေရတာပဲ ဖြစ်ပါတယ်။
ဒါကို နားလည်ရင် ဒီမေးခွန်း အတွက် အဖြေ ပြည့်စုံပါလိမ့်မယ်။ ကျနော် နည်းနည်း ထပ်ချဲ့ပြီး ပြောကြည့်မယ်။
ဥပမာ ကျနော်တို့ ခင်ဗျားတို့ ညခင်း အိပ်တဲ့ အခါ ခင်ဗျား အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ ခင်ဗျား လကမ္ဘာကို ခရီးဆန့် သွားနိုင်တယ်။ ဒါပေတဲ့ တကယ့် ခင်ဗျား ကိုယ်ခန္ဓာ စင်စစ်က ဒီမှာ ( ခင်ဗျား အိပ်ရာ နေရာမှာ ) ရှိနေတယ် မဟုတ်လား ။ အိပ်မက်ကတော့ ခင်ဗျားကို အဝေးကြီးကို ခေါ်ဆောင်သွားတယ်။ မနက်လင်းလို့ အိပ်ရာက နိုးချိန်မှာ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် လကမ္ဘာပေါ်မှာ တကယ် တွေ့ရမှာတဲ့လား။ စင်စစ် ခင်ဗျား အိပ်ခဲ့တဲ့ နေရာမှာပဲ ခင်ဗျားကိုယ် ခင်ဗျား ပြန်တွေ့ရမယ် မဟုတ်လား ။
အဲ့သလို၊ အခု နိုးကြားနေတဲ့ ကျနော်တို့ လက်တွေ့ဘဝမှာလည်း ကျနော်တို့ စိတ်ဟာ အိပ်မက်တွေ မက်နေပါတယ်။ အိပ်ပျော်တုန်းက အိပ်မက်တွေနဲ့ အလားသဏ္ဍာန်တူတဲ့ – မျော်လင့်ချက်တွေ ရှိတယ်။ ကုန်ဆုံးခဲ့တဲ့ အတိတ် အပေါ် တမ်းတစိတ်တွေ ရှိတယ်။ သတိရ လွမ်းဆွတ်သမျှ၊ စိတ်ကူးယဉ် မျှော်လင့်သမျှ တွေ အားလုံး ရှိနေတယ်။ အဲ့ဒါတွေနဲ့ အခုခဏကို ဖုံးကွယ်ရင်း ရှင်သန်နေထိုင်တယ်။ ဒါဟာ လက်ရှိ အခု ( Nowhere ) ကို ထားရစ် ထွက်ပြေးနေကြတဲ့ အိပ်မက်တွေချည်း ဖြစ်နေပါတယ်။ အဲ့ဒီ စိတ်သန္တာန်တွေကို အခုခဏ ကြည့်မြင်နိုင်ရင် ခင်ဗျားရဲ့ စင်စစ် အမှန်ဟာ ဖုံးကွယ် ချန်ထားရစ်ခဲ့နေကြောင်း ချက်ချင်း သိနိုင်ပါတယ်။
အရှေ့တိုင်း မှာ အဲ့ဒီ အိပ်မက်သန္တာန် ရှိတဲ့ စိတ်အခြေအနေ အကုန်လုံး ကို ပေါင်းစုပြီး မာယာ ( Maya ) လို့ ခေါ်ဆို သမုတ်တယ်။ မာယာ ကို “Illusion/ ထင်ယောင်ထင်မှား/ စင်စစ် မဟုတ်တဲ့ အရာ” လို့ ပြောင်းလဲ ခေါ်ဆိုနိုင်ကောင်းပါတယ်။ ဒ့ါကြောင့် ခင်ဗျား ကိုယ်တိုင်က ဘုရားသခင်ကို အဲ့ဒီ မာယာတွေ ထဲ ရှာဖွေတဲ့ အခါ ဘယ်လိုမှ၊ ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူးရယ်။ မာယာလို့ ခေါ်မယ့် အဲ့ဒီ အတွေး စိတ်ကူးတွေထဲ ခင်ဗျား တစ်ဘဝလုံး ရှာဖွေမလား။ အချိန်ကြာကြာ ဘယ်လောက်ထိ တွေးခေါ် ခြေဆန့် ရှာဖွေ နေမလဲ။ ရှာကောင်း ရှာနေပါလိမ့်မယ်။ ဒါပေမယ့် ခင်ဗျား မနိုးထ လာမချင်း- အိပ်မက်ဟာ အိပ်မက်ပဲ ဖြစ်နေလိမ့်ဦးမယ်။ ခင်ဗျားမှာ စင်စစ် လိုအပ်တာက -“အိပ်မက် မမက်ပါနဲ့တော့ – နိုးထလာခဲ့ပါ- မျက်လုံး ဖွင့်ကြည့်လိုက်ပါ”- အဲ့ဒီ ခဏသာ လိုအပ်နေတာ ဖြစ်ပါတယ်။
ရှည်ကြာနေရခြင်း၊ ခက်ခဲနေရခြင်း အကြောင်းရင်း အကုန်လုံးဟာ အဲ့ဒီ အပေါ်မှာ အခြေအခိုင်အမာ တည်ရှိနေတယ်။ အဲ့ဒီ “အခုခဏ” အပေါ်သိမြင် နိုးကြား သွားနိုင်ဖို့ ၊ စင်စစ် နိုးထ သွားနိုင်ဖို့ – ခင်ဗျား ရဲ့ အိပ်မက်ပေါင်း များစွာ ဖျက်ဆီး ခဲ့ရတော့မယ်။ ခင်ဗျား ဖျက်ဆီး ထားရစ် နိုင်ရဲ့လား။ ဒါဟာ – တကယ် ခက်ခဲ နေတဲ့ ၊ တကယ် ရှည်ကြာနေရတဲ့ အကြောင်း ဖြစ်ပါတယ်။ ဘာလို့ဆို အဲ့ဒီ အိပ်မက်တွေ ၊ အဲ့ဒီ စိတ်ကူးတွေကို – အိပ်မက်မက်နေတာ ဖြစ်ကြောင်း ခင်ဗျား မသိဘူး။ “အခု၊ခဏ” အပေါ် တကယ် မကြည့်နေနိုင်ဘူး။ အဲ့လို အခုခဏကို သိမြင်သွားဖို့ ခင်ဗျား အိပ်မက်တွေကို ခင်ဗျား မဖျက်ဆီးခဲ့ နိုင်ဘူး။ အိပ်မက် အပေါ် သာယာနေတဲ့အတွက်၊ အိပ်မက်ကောင်း တွေနဲ့သာ ဆက်မက် ချင်နေတဲ့ အတွက် ခင်ဗျား မနိုးထ လာချင်ဘူး။ ခင်ဗျား အိပ်ပျော်နေမှန်းလည်း မသိပါဘူး။ ဆက် အိပ်ချင်တယ်။ ဆက်ပြီး မိန်းမော နေချင်နေသေး တယ်။
တကယ်တမ်း အဲ့ဒီ ဖျက်ဆီး ထားရစ် ခဲ့ရမယ့် စိတ်ကူးတွေ အိပ်မက်တွေထဲမှာ ခင်ဗျားရဲ့ ပျော်ရွှင်မှုတွေ ပါဝင်နေတယ်။ ခင်ဗျား ရဲ့ အောင်မြင်မှု၊ ခင်ဗျား ရည်မှန်းချက်၊ ခင်ဗျား ရှေ့ကို မျှော်မှန်းရာ ပန်းတိုင် တွေလည်း ပါဝင်နေတယ်။ နောက်ဆုံး – ခင်ဗျား ရဲ့ အတ္တ ကိုယ်တိုင် လည်း ပါဝင်နေပါတာ တွေ့ရ ပါလိမ့်မယ်။ ခင်ဗျား နိုးထလာနိုင်ဖို့ ဆိုရင် အဲ့ဒီ အတ္တကို ဖြိုခွဲ ထားရစ် ခဲ့ရတော့မယ်။
ခင်ဗျားက ဒီမှာ ရှိနေတယ်။ ခင်ဗျား အတ္တကတော့ လကမ္ဘာပေါ်မှာ၊ ရှေ့အနာဂတ်မှာ၊ အတိတ်မှာ လျောက်သွားနေတယ်။ အိပ်မက် မက်နေတယ်။ တကယ် စင်စစ် မှာလည်း – အတ္တ ဟာ အိပ်မက်နဲ့သာ ရှင်သန် ပါတယ်။ ဒါ့ကြောင့် “ထင်ယောင်ထင်မှား အမြင်၊ မာယာ ဟာ အတ္တရဲ့ ရေသောက်မြစ် ဖြစ်တယ်” လို့ ခေါ်ဆိုကြ ဖွင့်ဆိုကြတယ်။ ခင်ဗျားရဲ့ အိပ်မက်တွေ အဓွန့်ရှည်လေ – ခင်ဗျားရဲ့ အတ္တက အသက်ဝင်လေပဲ။ ဒီအရာကြောင့် ခင်ဗျား နိုးထလာနိုင်ဖို့ အခက်အခဲ ဖြစ်နေမယ်။ ခင်ဗျား အသိဥာဏ်အလင်း ရဖို့ ကြာရှည် နေရတယ်။
ဒါ့ကြောင့် ခင်ဗျား စင်စစ်ကို ခင်ဗျား ရှုမြင်သိရှိနိုင်ဖို့ (ဝါ) သစ္စာကို ခင်ဗျားရှာတွေ့နိုင်ဖို့ (ဝါ) ခင်ဗျား အိပ်မက်တွေက နိုးထနိုင်ဖို့ ဆိုတာ ခင်ဗျား အိပ်မက်တွေ၊ ခင်ဗျား စိတ်ကူးတွေကို ဖြိုခွဲ စွန့်လွှတ် ထားရစ် ခဲ့ရတော့မယ်။ “To Renounce Your Dreams.” ဟာ “မာယာ ကို တိုက်ထုတ်ခြင်း” “ခင်ဗျားနိုးကြားလာခြင်း” ကို ဆိုလိုပါတယ်။ ဒါကို အတွေးနဲ့ပဲ တွေးပြီး၊ အိပ်မက်ထဲမှာပဲ အိပ်မက် ထပ်ဆင့် မက်ကြတဲ့ အခါ – အများစု မြင်ကြတာက – လူသူမနီး တဲ့ နေရာကို ထွက် သွားဖို့၊ ဦးပြည်းကတုံးနဲ့ သပိတ်သင်္ကန်း ဆင်မြန်းဖို့ ပြောကြမယ်။ ဓမ္မတရားကို အဲ့လိုနည်းနဲ့မှသာ ရနိုင်တယ်လို့ တွေးထင်ကြတော့တယ်။ တကယ်က အဲ့ဒါတွေဟာ ပုံပန်းသဏ္ဍာန် အားဖြင့် ဟုတ်ပါတယ်။ ဒါပေတဲ့ သဘောထား အစစ်အမှန်ဟာ ခင်ဗျား အခု နိုးကြား သွားဖို့ တစ်ခုတည်းသာ လိုအပ်တယ်။ အဲ့လို နိုးကြားဖို့ ဆိုတာ ခင်ဗျား ရဲ့ အခု ခဏ၊ အခု နေရာ ကို ရှုမြင်သိမှတ် မှု ၊ သတိရှိနေမှု ၊ အခုခဏ အပေါ် သိမြင်ရှင်သန်နေမှု တစ်ခုတည်း ကသာ ရရှိနိုင်လိမ့်မယ် လို့ ကျနော် ပြောလိုပါတယ်။
Jan. 9th. 2012 at 9:45 AM
……………………
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
……………………
