ဆူဖီ ဇင် အပိုင်းအစများ

Sufism ဆိုတာလေး အကြောင်း ပြောကြည့်မယ်။ ဆူဖီဝါဒ လို့ပဲ အလွယ်ခေါ်မလား မပြောတတ်ပေမယ့် – Sufism ဟာ -ism ( ဝါဒ ) မဟုတ်ပါဘူး။ သူက ဇင် လိုပဲ- ဝါဒ၊ တံဆိပ်က ကင်းလွတ်နေတဲ့ ဘဝနေထိုင်ခြင်း သက်သက် ဖြစ်ပါတယ်။ ဒဿန စနစ် မဟုတ်ဘူး။ သီဝရီတွေ ရှင်းပြမနေဘူး။ ဆူဖီ ဝါဒ လို့ ပြောရင် အစ္စလာမ်ဘာသာရဲ့ လက်ခွဲ တစ်ခုလို မြင်တတ်ကြပေမယ့် – ဆူဖီတွေဟာ မိုဟာမက်ဒင်တွေ မတိုင်မီ ကတည်းက ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ ကျနော် သမိုင်းကိုတော့ ပြန်မသွားတော့ဘူးရယ်။

Sufism ကို ကျနော် ရေးနေကျ Taoism, Zen တို့နဲ့ ထပ်တူပါပဲလို့ ပြောချင်တယ်။ မဟုတ်ပါဘူးလို့ ယူဆရင်လည်း ရှိပါစေ။

အိုရှိုးက Sufism ကို ဒီလို ပြောခဲ့ဖူးတယ်။

“Sufism is not speculative. It is utterly realistic, pragmatic, practical. It is down-to-earth, it is not abstract. Hence, it has no world-view. And also, because, because it is not a system, it does not systematize knowledge.”

“It is not a system because it never gives any complete explanation about anything. It gives only very, very small hints, flashes of insight. It does not spin and weave philosophies; it spins and weaves stories, anecdotes, metaphors, parables, poetry. It is not metaphysics, it is metaphor. It is a figer pointing to the moon. You cannot understand the moon by analyzing the finger. But if you follow the direction with sympathy, if you fall EN RAPPORT, then you will come to see the moon. The figure is not the moon, the finger cannot be the moon, yet the finger can point the way.”

ဇင်မှာ အဓိက သုံးမယ့် ဝေါဟာရဟာ “Mindfulness” သတိ၊ သိမှုစွဲမြဲထားရှိဖို့ ဆိုရင် Sufism ရဲ့ အဓိက သုံးမယ့် ဝေါဟာရဟာ “Heartfulness” နှလုံးသားနဲ့ နေထိုင်မှု သက်သက် ဖြစ်ပါတယ်။ ဇင်ဟာ စိတ်အတွေးအကြံကို ကျော်လွန်ဖယ်ရှားထားချိန်မှာ ဆူဖီတွေက စိတ်ကို ဆန့်ကျင်ဖို့ထက် နှလုံးအိမ်ကို အဓိက ထားတယ်။ သူတို့ရဲ့ ပစ်မှတ်ဟာ နှလုံးသား ဖြစ်ပါတယ်။ စိတ်အတွေးအကြံအပေါ် ဘယ်တစ်ခုမှ ပြောဆိုနေမှာ မဟုတ်ဘူး ရယ်။ ဒါ့ကြောင့်လည်း “ဇင်” ဟာ တစ်ချိန်က ဆာမူရိုင်း စစ်သည်တွေရဲ့ လက်ကိုင်တုတ် ဖြစ်ခဲ့ပေမယ့် – ဆူဖီဝါဒကတော့ ဘယ်အရာရဲ့ လက်ကိုင်တုတ်မှ မဖြစ်ခဲ့ဘူးလို့ ဆိုတယ်။

ဇင်ရော – ဆူဖီတွေရော နှစ်ဦးစလုံးဟာ ပုံပြင်လေးတွေ သုံးလေ့ ရှိပါတယ်။ ဒါပေတဲ့ ဇင်ပုံပြင်တွေ ဟာ သိရခက်တယ်။ အဓိပ္ပာယ်မဲ့နေတတ်တယ်။ ပဟေဠိ တွေ ဖြစ်နေပြီး၊ ဖြေရှင်းဖို့ ဘယ်လိုမှ မရတဲ့ ပုစ္ဆာတွေ ဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် ဇင်ရဲ့ ကိုအာန် ပုစ္ဆာတွေဟာ ခင်ဗျား ဖြေရှင်းဖို့ ချပေးတာ မဟုတ်ဘူး။ ဖြေရှင်းနိုင်စွမ်းမဲ့မှုကိုသာ အပြည့်အဝ ဖော်ကျူးနိုင်ဖို့ပဲ။ ဥပမာ – “တစ်ဖက်တည်း တီးတဲ့ လက်ခုပ်သံ” “အဓိပ္ပာယ်မရှိတဲ့ စကားလုံး၊ စကားလုံးမရှိတဲ့ အဓိပ္ပာယ် ဘယ်ဟာ ပိုနားလည်ရလွယ်သလဲ” စသဖြင့်~ အဲ့ဒါတွေဟာ စေ့စေ့ငှငှ ခွဲခြားကြည့်ရင် အကြောင်းအကျိုး ယုတ္တိတွေနဲ့ ဘယ်လိုမှ မဖြေရှင်းနိုင်တဲ့ အမေးပုစ္ဆာတွေသာ ဖြစ်ပါတယ်။

ဇင်ဆရာတွေဟာ အဲ့ဒီ ကိုအာန်ပုစ္ဆာတွေနဲ့ သူတို့ရဲ့ ရောင်းရင်းတွေကို ဘာဝနာ ပြုခိုင်းလေ့ ရှိတယ်။ ဒီ ပုစ္ဆာတွေကို ခင်ဗျား ဘယ်လို ဖြေရှင်းမှာလဲ။ ဘယ်အဖြေ ရှာမှာတဲ့လဲ ။ နေ့စဉ်နေ့တိုင်း အဲ့ဒီပုစ္ဆာအပေါ် အာရုံစူးစိုက်တည်နေရင်း အဖြေကို ရှာတဲ့ အခါ ဘယ်လို အဖြေ ရလာလာ – အဲ့အဖြေဟာ မှားနေမှာပဲ ။ ဇင်ရဲ့ ပုစ္ဆာတွေဟာ စင်စစ် အဖြေရှာတွေ့ဖို့ မဟုတ်ဘူး။ အဖြေရှာဖွေနေတဲ့ မိမိသန္တာန် – နိတ္ထိတံ အဆုံးသတ် သွားဖို့ ဖြစ်ပါတယ်။

Read more of this post

ငွေ့ရည်မှုန် တစ်စ၏ ဒဏ္ဍာရီ

  • စိတ်ရှည်လက်ရှည် စောင့်ဆိုင်းတယ်။ ဘာ ကို စောင့်နေတာလဲ – ဘယ်အရာလဲ- ဘယ်လောက်ထိ စောင့်ရမှာလဲ စသဖြင့် – တကယ်စင်စစ် စောင့်ခြင်း သက်သက် မှာ အဲ့ဒီ မေးခွန်းတွေ မရှိပါဘူး။ စောင့်နေတာ ဟာ စောင့်နေတာ သက်သက်သာ ဖြစ်ပါတယ် ။ အဲ့ဒီ – to wait, to wait for nothing ကို ဇင်ရဲ့ အနှစ်ကျတဲ့ အရာတစ်ခု လို့ ညွှန်းဆိုလေ့ ရှိတယ်။

ဇင်မှာ စကားလုံး ဝေါဟာရ မရှိဘူး။ စာအုပ်မရှိဘူး။ ဘုရားသခင် မရှိဘူး။ ပြည့်ဝတဲ့ အဓိပ္ပာယ်၊ စွဲမြဲထားရမယ့် အဓိပ္ပာယ်တစ်ရပ် ဆိုတာ မရှိဘူး။ ဒါ့ကြောင့် ပြင်ပ ဂိုဏ်းဂဏ တံဆိပ်တွေက ဇင်ကို ဝေဖန်ကြတဲ့အခါ ~ “ ကြိုးတန်းမပါတဲ့ အကန်းလျောက်နည်းမျိုး” နဲ့ လျောက်နေတယ်လို့ ဝေဖန် စကား ဆိုကြတယ်။ ~ ဟုတ်ပါတယ်။ ဇင်ဟာ စာအုပ်စာတမ်း မရှိ၊ လမ်းညွှန်မရှိ ခြင်းကြောင့် ကန်းနေတယ် ဆိုပါစို့– စင်စစ် ဇင်ဟာ- “စာအုပ်စာတမ်း-စကားလုံးတွေ ကြောင့် ကန်းနေရတာမျိုး” ကိုတော့ ပိုကြောက်တယ်။ အဲ့လို အကန်းမျိုးဟာ ပြုရပြင်ရ ခက်တဲ့ အကန်းမျိုးသာ ဖြစ်လိမ့်မယ်လို့ ဆိုလိုတယ်။

  • စင်စစ် ဇင်ရဲ့ အခြေခံဟာ တစ်ကြောင်းတည်းသာ ဖြစ်ပါတယ်။ မိမိတို့ လက်ရှိဘဝဟာ “အခုခဏ” အတွင်းမှာ “အားလုံး” ဖြစ်တည်နေတယ်။ ဒါလေးပဲ။

ဓမ္မစင်စစ်ကို ရှာတွေ့ကြသူတွေဟာ အဲ့ဒီ ခဏတိုင်းအပေါ် သိမြင် စောင့်ဆိုင်းတယ်။ အဲ့ဒီ အသိနဲ့ ရှင်သန်တယ်။ နောက်ဆုံး – စင်စစ် ဘာကိုမှ မတွေ့ရ တော့တဲ့သူတွေ၊ ( တနည်း ) နတ္ထိက ဘာမှ မရှိခြင်း ၊ သုညတ ကို လက်ခံ သိမြင်သူတွေ ဖြစ်သွားတယ်။

ဒါ့ကြောင့် ဇင်ဟာ အရာ တစ်စုံတစ်ခု နဲ့ မသက်ဆိုင်ဘူး။ အထည်ဒြပ် တစ်ခုခု မပါဘူး။ အနုမာန မှန်းဆ စိတ်ကူး မရှိဘူး။ မြင်သိမှု ၊ အတွေ့အကြုံ သက်သက်သာ တည်ရှိပြီး၊ တွေးခေါ်မှု အရာ မဟုတ်ဘူး။ ဆင်ခြင် ယုတ္တိ ၊ စကား၊ ဝါကျ၊ ဝေါဟာရတွေ မပါဝင် ဘူး။ ကြည်ရွှင်နေတဲ့ သန္တာန်သက်သက်သာ တည်ရှိပြီး အဲ့ဒီ အတွက် အကြောင်းတရားလည်း မလိုအပ်ဘူးရယ်။ ဆိုလိုတာက အကြောင်း အကျိုးတို့ရဲ့ အစဉ်အဆက် ယုတ္တိကို ချိုးဖျက်ရုံမျှ၊ လွတ်လွတ် ရှင်းရှင်း ကင်းလွတ်တယ်။ လက်ရှိ ခဏ တည်ရှိရုံမျှဟာ – ဒီခဏ တည်ရှိ နေရုံမျှ သာ ဖြစ်ပါတယ်။

ကမ္ဘာမှာ “ဘုရားသခင်” ကို ယုံကြည်ကြသူတွေ ရှိတယ်။ “ဘုရားသခင် မရှိဘူး” လို့ ယုံကြည်ကြသူတွေလည်း ရှိတယ်။ တစ်ခါက ~ လူသားပဓာန ဝါဒီ တွေ ရဲ့ စာတမ်း တစ်ခုမှာ ဖတ်ရဖူးတယ်။“ကျုပ်တို့ဟာ ဘုရားသခင် မရှိဘူးလို့ ယုံကြည်တယ်။ ကမ္ဘာမှာ လူသာလျှင် အဓိက ဖြစ်တယ်၊ အဲ့အတွက် ခိုင်မာတဲ့ ယုတ္တိ လည်း ရှိပါတယ်” တဲ့။ ဒါဆို ဇင်မှာရော ~ လို့ တစ်ဦးက မေးပါတယ် ။ တကယ် စင်စစ် ဇင်မှာ အဲ့ဒီ နှစ်တန်း နှစ်စား စလုံး မပါဝင်ပါဘူး။ ဘာလို့ဆို – ဇင်ဟာ ယုံကြည်မှု နဲ့ ဘယ်လိုမှ မသက်ဆိုင်ဘူး။ ယုံကြည်ချက် ရဲ့ တရားကိုယ်ကို စေ့ငှ နားလည်မယ် ဆိုရင် – အဲ့ဒီ ယုံကြည်မှု ( Believe ) ဟာ မသိမှု ကို အခြေခံပါတယ်။ မသိမှု အတွင်းမှာ အရှိတစ်ခု တည်ရှိနေကြောင်း ဘဝင်တကျ လက်ခံလိုက်ခြင်းဟာ ယုံကြည်မှု ဖြစ်ပါတယ်။ ဇင်မှာတော့ – “မသိရင် မသိဘူး လို့ သာ သိထားတယ်”။ အဲ့ဒါပဲ ရှိတယ်။ Read more of this post

ပါဝါ အာဏာ နိုင်ငံရေး သမား ရဲ့ ဝေဒနာ

  • The political man is a sick man, psychologically sick, spiritually sick. Physically he may be perfectly okay. Usually politicians are physically okay, their whole burden falls on their psyche. You can see that. Once a politician loses his power he starts losing his physical health. Strange… when he was in power, so burdened with so many anxieties and tensions, he was physically perfect.

နိုင်ငံရေးသမား ဟာ မကျန်းမမာဖြစ်နေတဲ့သူ၊ စိတ်ပိုင်းဆိုင်ရာ မကျန်းမာတဲ့သူ၊ ဝိညာဉ်ခန္ဓာမကျန်းမာတဲ့သူ ဖြစ်ပါတယ်။ သူဟာ ရုပ်ပိုင်းဆိုင်ရာ အရ ကောင်းမွန်နေတဲ့သူ ဖြစ်နိုင်တယ်။ အများအားဖြင့်လည်း နိုင်ငံရေးသမားတွေဟာ ရုပ်ခန္ဓာကျန်းမာတယ်။ သူတို့ရဲ့ ဝန်ထုပ်ဝန်ပိုးဟာ စိတ်ပိုင်း ဆိုင်ရာပေါ် မှာသာ တည်ရှိ တယ်။ ဒါကို ခင်ဗျားလည်းတွေ့နိုင်ပါလိမ့်မယ်။ တကယ်လို့ သာ နိုင်ငံရေးသမား တစ်ယောက်ဟာ တစ်ကြိမ်တစ်ခါ အာဏာပါဝါ ဆုံးရှုံးပြီ ဆိုတာနဲ့ ရုပ်ခန္ဓာ ကျန်းမာရေး စတင် ဆုတ်ယုတ် လာတော့တာပါပဲ။ ထူးဆန်းတာက တန်ခိုးအာဏာ ရှိနေချိန် မှာတော့ ရည်ရွယ်ချက်တွေ မျှော်မှန်းချက်တွေနဲ့ ရုပ်ခန္ဓာ ဟာ တစ်နင့် တစ်ပိုး ကျန်းမာနေနိုင်တယ်။

  • The moment power is gone, all the anxieties are also gone; now, they will be somebody else’s business. His psyche is unburdened, but in that unburdening all his sickness falls on his body. The politician suffers, as far as his physiology is concerned, only when he loses power; otherwise politicians tend to live long, physically well. Strange, but the reason is that their whole sickness is taken by their psyche, and when the psyche takes on the whole sickness, then the body can live unburdened. But if the psyche releases all its sickness, where is it going to go? Lower than the psychic is your physical existence – all sickness falls on the body. Politicians out of power die very soon. Politicians in power live very long. It is a known fact, but the cause is not well known.

ဒါပေမယ့် အာဏာ ဆုံးရှုံးပြီ ဆိုရင်တော့ ရည်ရွယ်ချက် ရည်မှန်းချက်တွေ အကုန်လုံးပျက်သုန်းသွားတော့တာပဲ။ အဲဒီအချိန်မှာ ဒီလူဟာ သူတစ်ပါးရဲ့ စီးပွားရေး အသုံးချခံဖြစ်သွားတယ်။ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာမှာ ချက်ချင်း လစ်ဟာ သွားတယ်။ အဲဒီလစ်ဟာသွားမှုကြောင့် သူ့ခန္ဓာ ဟာ စပြီး ဆုပ်ယုတ် လာတော့ တာပဲ။ သူ အာဏာ ဆုံးရှုံးတဲ့ အခါမှသာ အဲဒီဝေဒနာ ကို စတင် ခံစားလာရတယ်။ ဒီလိုမှ မဟုတ်ရင် နိုင်ငံရေးသမားတွေဟာ ရေရှည် တည်တံ့ဖို့ အမြဲမျှော်လင့် နေတတ် တယ်။ ကျန်းမာကြံ့ခိုင် နေဆဲပဲ ဖြစ်နေဦးမယ်။ ဒီအချက်ဟာ ထူးဆန်း ပါတယ်။ သူတို့ရဲ့ မကျန်းမာမှု တစ်ခုလုံး ဟာ စိတ်ပိုင်းဆိုင်ရာ ပေါ်မှာသာ တည်ရှိနေ တာ တွေ့ရတယ်။ စိတ်ပိုင်း တစ်ခုလုံးမှာ ဝန်ထုပ်ပိနေတဲ့အတွက် ခန္ဓာဟာ ကောင်းကောင်း ကျန်းမာနေတာ လည်း ဖြစ်နိုင် တယ်။ ဒါပေမယ့် စိတ်ခန္ဓာမှာ ဝန်ထုပ် မရှိတော့တဲ့နောက် ဘာဖြစ်သွားမလဲ။ စိတ်ကနေ ရုပ်ဆီကို လုံးဝ ကူးပြောင်းသွားပါတယ်။ စိတ်ရဲ့ မကျန်းမာမှုအားလုံးဟာ ရုပ်ခန္ဓာဆီ ရောက်သွားတယ်။ ဒါကြောင့် အာဏာ မဲ့သွား တဲ့ နိုင်ငံရေးသမား အများစု ဟာ သိပ်မကြာခင်မှာ ကွယ်လွန်သွား တတ်ကြတာ ဖြစ်ပါတယ်။ အာဏာ ရှိတဲ့ နိုင်ငံရေးသမားဟာ အသက်ရှည် တယ်။ ဒါဟာ မြင်သာနေတဲ့ အချက်အလက် တစ်ခုပါ။ ဒါပေမယ့် ဒီအချက်ရဲ့ အကြောင်းရင်းခံ ကိုတော့ လူအများ ကောင်းကောင်း မသိဘူး။ Read more of this post

မဟာပုရိသ ဘယ်ကစ

သည်ကနေ့ – အသိမိတ်ဆွေ တစ်ဦးက သူ့ကိုယ်သူ မဟာပုရိသ ဝါဒီ ( ယောင်္ကျားသာလျင် အမြတ်ဆုံး ) ဟူ၍ စကား ဆိုသည်။ ဤကဲ့သို့ စကားမျိုး တွေ့လျင် – မနေနိုင် မထိုင်နိုင် ပြောချင်ဆိုချင် ရှိတတ်သော ပါးစပ်ကို ခေတ္တ ပိတ်ထား လိုက်သည်။ သူ့ အရှိန်နှင့် သူ ရှိစေတော့။

http://zayya.blog.com/archives/282/ ယောင်္ကျား မိန်းမ ပြဿနာ ဟူသော အမည်ဖြင့် ရေးခဲ့ဖူးသေးသည်။ သို့သော် အတွေး တို့က ကျန်ရစ်သည်။ မဟာပုရိသ ဟူသော အယူအဆသည် မည်သို့ မည်ပုံ ကျနော် တို့မြန်မာကြား အမြစ်တွယ်လာခဲ့ပါသနည်း။ ယင်း မေးခွန်းဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်စ၍ ဤစာဖြင့် ရှင်းထုတ်ပါသည်။

မြန်မာတို့တွင် ယောင်္ကျား မိန်းမ – သူအသာ-ငါအနာ ခွဲခြား သတ်မှတ်သည့် စရိုက်များသည် အိန္ဒိယလောက် ထင်ထင်ရှားရှား မရှိ။ သိုသော် အတန်ငယ်တော့ ရှိသည်။ အဘယ်ကတည်းက စတင် ရှိခဲ့ကြပါသနည်း။ အထင် အရှား ရှိခဲ့သည့် မြစ်ဖျားခံရာ ဒေသ မှာ အိန္ဒိယ ဖြစ်သည်။ သို့သော် ယနေ့ ခေတ် အခါတွင် ယင်း အိန္ဒိယ ၌ ယောင်္ကျား မိန်းမ တို့ ရင်ဘောင်တန်း ၍ နားလည်မှု ရှိသင့်သလောက် ရှိနေကြပြီ ဖြစ်သည်။ အမျိုးဇာတ်နှင့် ဓလေ့တို့ကား မပျောက်ပျက် ကြသေး ။ ကျန်ရစ်နေဆဲ ရှိသည် ။

မြန်မာနိုင်ငံတွင် မဟာပုရိသ၊ မဟာဣိတ္ထိယ စသည် ခွဲခြား ခေါ်ဆိုမှု မရှိသလောက် နည်းပါးသည် ဟု ဆိုချင်သည်။ မြန်မာ အမျိုးသမီးများ အနေဖြင့် ရှေး အတီတေ ကတည်းက လွတ်လပ် ခဲ့ကြသည်။ ဆိုလိုသည်မှာ အိန္ဒိယနှင့် နှိုင်းယှဉ်လျှင် များစွာ လွတ်လပ်သည်။

ကျနော့် အနေဖြင့် – လွတ်လပ်ခြင်းသည် ဗရမ်းဗတာ နေထိုင်ခြင်း၊ ပျက်ဆီးခြင်း မဟုတ်။ ထိန်းကျောင်းမှု ၊ နားလည်မှု မရှိမှသာ ပျက်ဆီးခြင်း ဖြစ်သည်။ အနောက်နိုင်ငံများမှ အမျိုးသမီးများ၏ ( အချို့ ) အနေအထိုင်တို့ကို ကြည့်၍ လွတ်လပ်မှု ဟု အမည်တပ်လျှင် မြန်မာ အမျိုးသမီးတို့တွင် ထင်သလောက် မလွတ်လပ်သေးဟု ဆိုကြပေလိမ့်မည်။ အကယ်စင်စစ် ကျနော်တို့ မြန်မာများ အနေဖြင့် မိမိတို့ ယဉ်ကျေးမှုနှင့် အထိုက်အလျောက် ရှိပါသည်။ တကယ်တမ်း ယောင်္ကျားလျင်လည်း ယောင်္ကျား အလျောက်၊ မိန်းမသည်လည် မိန်းမ အလျောက် သိမြင်နားလည် လွတ်လပ်ခဲ့ကြသည် ချည်း ဖြစ်သည်။

စင်စစ် ယောင်္ကျားနှင့် မိန်းမတို့တွင် မည်သူမျှ သာ မနေသလို၊ မည်သူမျှလည်း နာမနေပေ။ ၎င်းတို့သည် မတူညီသော သဘာဝ နှစ်ရပ်မျှသာ ဖြစ်သည်။ ယင်းထက် မပို။ ယင်း မတူညီသော နှစ်ရပ်ကို ယှဉ်ပြိုင်ရန် မလို၊ နှိုင်းယှဉ်ရန် မလို။ – ယှဉ်ပြိုင်နှိုင်းယှဉ်၍ ဆိုပါကလည်း မိုက်မဲသော သူသာ ဖြစ်ပေလိမ့်မည်။

သို့သော် ယင်းကို နားမဝင်ကြသည့် သူများ ရှိပါသည်။ အဘယ်ကတည်းက ယင်းတို့ အခံ ဓာတ် စွဲမြဲခဲ့သည်ကို ကျနော် မသိ။ ဆရာပါရဂူ၏ စစ်တမ်းကို ကိုးကား၍ စစ်ထုတ်ကြည့်လိုသည်။

ဆရာပါရဂူ ဆိုခဲ့ဖူးသည့် စကား ရှိသည်။

“မြန်မာ့ လူ့အဖွဲ့အစည်း ၌ ရှိသော မြန်မာအမျိုးသမီးများနှင့် ပတ်သက်သည့် အမည်းစက် တစ်ခုမှာ မိန်းမနှင့် ယောင်္ကျား တန်းတူ မထားလိုသည့် အတွေးအခေါ် အယူအဆ ဖြစ်သည်။ ယင်း အတွေးအခေါ် အယူအဆသည် တွင်တွင် ကျယ်ကျယ် ခေါင်းထောင်ထနေခြင်းမျိုး မဟုတ်သော်လည်း အတွင်း ငုပ်နေသော အတွေးအခေါ် အယူအဆ တစ်ခု ဖြစ်သည်။ မိန်းမနှင့် ယောင်္ကျားသည် လူသားချင်း အတူတူ ဖြစ်သော်လည်း ယောင်္ကျားက မိန်းမထက် သာသည်ဟု ထင်မြင်ယူဆသူများ ရှိနေကြသည်။

“မီးနေခန်း အပြင်ဘက်က နားစွင့်နေသော ဖခင်ဖြစ်သူသည် ‘မိန်းကလေး’ ဟု သတင်းရလျှင် မျက်နှာရှုံ့မဲ့သွားပြီး ‘ယောင်္ကျားလေး’ ဟု ကြားလျှင်ကား မျက်နှာ လမင်းထက် သာဝင်းတတ်သေးသည်။ ယင်းဖခင်များသည် ‘မိန်းမလည်း လူ၊ ယောင်္ကျားလည်း လူ’ ဟူသော အမှန်သဘောကို အတွင်းနှိုက်၍ မဆင်ခြင်ကြသူများ ဖြစ်ကြသည် ဟုသာ ဆိုရမည်။”

Read more of this post

ဒုက္ခသည်

A: ဗုဒ္ဓက အဆိုးမြင်ဝါဒီပဲ ဖြစ်မယ်။ သူက- ဘဝကို ဘာလို့ ဒုက္ခလို့ ပြောရတာလဲ။

B: ခင်ဗျား တို့ ကျုပ်တို့ ဘဝဟာ တကယ့် ဒုက္ခ ဖြစ်နေတာမို့ ဒုက္ခလို့ ပြောရတာ ဖြစ်ပါတယ်။ အဲ့အတွက် သက်သေ လိုအပ်နေပါသလား။ ခင်ဗျား ဘဝကို ခင်ဗျား ပြန်မမြင် ထားဘူးလား။ ဒါမှ မဟုတ် မေ့နေသလား။ ဒုက္ခ မဟုတ်ဘူး – တကယ့် သုခပါလို့ မြင်ထားပါသလား။ မိမိ မြင်ထားတဲ့ ဘဝ ရှေ့မျှော်မှန်းချက် တစ်ခုခု နဲ့ မတူညီ၊ မကိုက်ညီ သွားလို့ များလား။ ဒါမှ မဟုတ် ခင်ဗျား ဖြစ်ချင် လိုချင်တဲ့ ဘဝနဲ့ ကန့်လန့်တိုက် ပြောလိုက်မိသလို ဖြစ်သွားသလား။ ဒါမှ မဟုတ်- ဒုက္ခလို့ ပြောရခြင်း အပေါ် မကျေမလည်များ ဖြစ်သွားပါသလား။ အနာပေါ် တုတ်ကျသွားတာလား။

တကယ်တမ်းလည်း – ဘဝဟာ ဒုက္ခပါလို့ စကားဆိုချိန်မှာ ခင်ဗျား မအီမသာ ဖြစ်သွားနိုင်ပါတယ်။ ခုခံ ကာကွယ် ချင်စိတ် ဖြစ်သွားမယ်။ မိမိ ဘဝကို ရှုတ်ချပြစ်တင် လိုက်တာ သက်သက်ပဲ လို့ ထင်လိုက်မိ နိုင်တယ်။

ကျနော် နားလည်ထားသလို ပြောရင် ဗုဒ္ဓဟာ ခင်ဗျား ဘဝကို အလဟဿ ပြစ်တင် ရှုတ်ချ ပစ်နေတာ မဟုတ်ဘူး။ ဗုဒ္ဓမှာ ပြစ်တင်ရှုတ်ချစရာ ဘာမှ မရှိဘူး။ ဗုဒ္ဓ၊ ခရစ်၊ လောက်ဇူ၊ မိုဟာမက် စသဖြင့် သူတို့တွေသာ သူတော်စင် စစ်စစ် တွေဆိုရင် ခင်ဗျားကို မဟုတ်တမ်းတရား ပြောနေစရာ ဘာမှ မရှိဘူး။ သူတို့ ရဲ့ သန္တာန်မှာ ချမ်းမြေ့မှု သက်သက်သာ ရှိနေကောင်း ရှိနေလိမ့်မယ်။ ခင်ဗျား ဘဝကို အကြောင်းမဲ့ သက်သက် မောင်းမဲ နှိမ်ချ၊ လာပြောနေမှာ မဟုတ်ဘူး။ သူတို့ရဲ့ ဆိုစကားမှာ ချဲ့ကား နေစရာ ၊ ရွှီးနေစရာ မလိုဘူးလို့ ပြောရပါလိမ့်မယ် ။ အထူးသဖြင့် ဗုဒ္ဓရဲ့ မိန့်မှာစကား အများစုဟာ အချက်အလက်ကို အချက်အလက် အတိုင်း ပြောဆိုထားတာမျှသာ ဖြစ်တယ်လို့ ကျနော် မြင်ပါတယ် ( မှားပါတယ် ဆိုရင် သည်းခံ )

ဗုဒ္ဓ အနေနဲ့ အမှန်ကို အမှန်အတိုင်း ပြောမှာပဲ။ ခင်ဗျား ကန်းနေရင် ကန်းနေတယ်လို့ ပြောမယ်။ ခင်ဗျား သေရင် သေတယ်လို့ ပြောမယ်။ ဒါဟာ ဘာအမှား ရှိပါသလဲ။ အချက်အလက် တစ်ခုကို အရင်း အတိုင်း ပြောပြနေ တာ ဖြစ်တဲ့ အပြင် – အခု စကား “ဒုက္ခ” ဆိုတာဟာ ခင်ဗျားတို့ ကျနော်တို့ အတွက် မေ့လျော့ထားတဲ့၊ ပေါ့တန်ထားတဲ့ အရာ တစ်ခု ကို သတိပေး၊ အသိပေး စကားလည်း ဖြစ်နေသေးတယ် မဟုတ်လား။ စင်စစ် ကျနော့အနေနဲ့ဆို – အဲ့ထက် အလွန် ကို လည်း ပြညွှန်းနေသေး တယ် လို့ မြင်ပါတယ်။

ဘဝဟာ ဒုက္ခ ဖြစ်နေတယ်၊ အခု ဘဝတွေဟာ ဒုက္ခသာ ဖြစ်တယ် လို့ ဗုဒ္ဓ အတန်တန် အထပ်ထပ် မှာကြားနေရခြင်းဟာ “ဘဝရဲ့ စင်စစ်ချမ်းသာ သုခ ရနိုင်ခြင်းအကြောင်း” ကို မြင်သိစေနိုင်ဖို့ လည်း ဖြစ်ပါတယ်။ ဒါပေတဲ့ ဒီ သုခစင်စစ် ကို မြင်နိုင်ဖို့ ခင်ဗျားရဲ့ လက်ရှိ ဒုက္ခ ကို ကောင်းကောင်း သိထားရ လိမ့်မယ်။ အင်ဂျင်တစ်လုံးကို စနစ်တကျ ဖြိုချ ပစ်နိုင်ဖို့ အင်ဂျင်အကြောင်းကို ခင်ဗျား ကောင်းကောင်း သိထားမှရမယ်။ အန္တရာယ် ကြီးတဲ့ ချိန်ကိုက်ဗုံး တစ်လုံးကို – အဲ့ဒီ ဗုံးအကြောင်း ကောင်းကောင်း သိထားမှ ဖြုတ်တပ် လုပ်နိုင်ပါတယ်။

ဆိုလိုတာက ဘဝ ရဲ့ ဒုက္ခကို ကောင်းကောင်း မသိရင် စင်စစ် ချမ်းမြေ့တဲ့ သုခ ( သန္တိ ) ကို ခင်ဗျား မရဘူး။ ရှင်သန်နေတဲ့ မိမိရဲ့ ဘဝ ဒုက္ခ အပေါ် နက်နက်ရှိုင်းရှိုင်း ( စိတ်နှလုံးထဲ အထိ ) မြင်သိလာ တဲ့ အခါ – ရှင်သန်နေခဲ့တဲ့ လမ်းဟောင်း အတိုင်း ခင်ဗျား တစက္ကန့်လေးတောင် နေလို့ မရတော့ဘူးရယ်။ ဥပမာ – ခင်ဗျားက အိမ်မှာ ရှိတယ်။ ခင်ဗျား အိမ်မီးလောင်နေတယ်။ မီးလောင်နေကြောင်းကို မသိဘူး။ ကောင်းကောင်း မွေ့နေမယ်။ တစ်ယောက်က – ခင်ဗျား အိမ်မီးလောင်နေတယ်လို့ လာပြောမယ်။ မိမိအိမ် အကြောင်း မိမိ မသိဘဲ – ငါ့လာနှောက်ယှက်ရကောင်းလား စွတ်ပြောရင် ဘယ်သူ လွန်မလဲ။ တကယ်တမ်းမှာ ခင်ဗျား အိမ် မီးလောင်နေပြီ ဆိုတာ ခင်ဗျား မြင်သွားရင် – စောနက မွေ့နေမိတာမျိုး မဆိုထားနဲ့ တစက္ကန့်လေးတောင် ခင်ဗျား နေနိုင် ပါ့မလား။ တစ်အိမ်လုံး ဟုန်းဟုန်းတောက်နေပြီ ဆိုတာ မြင်သိလိုက်မိတဲ့ ခဏ ၊ ခင်ဗျား ထွက်ပြေးဖို့ ပုဆိုးပုဝါတောင် နိုင်ပါတော့မလား။ “အေးဆေးပါကွာ” လို့ လေတစ်ချွန်ချွန်နဲ့ တစ်ရေးနှစ်ရေး နှပ်နေနိုင်သေးရဲ့လား။ ဖြစ်နိုင်တာက – အသက်ဘေးရယ်လို့ နီးနီး မြင်လိုက်ရတဲ့အခါ ခင်ဗျား ဇနီး၊ သားမယားတောင် မေ့ကောင်း မေ့သွား နိုင်သေးတယ် မဟုတ်လား။ စင်စစ် မိမိ အိမ် မီးလောင်နေကြောင်း သိမြင်လိုက်တာဟာ အဲ့ဒီ အိမ်က အလွတ်ရုန်းပြေးနိုင်ဖို့ အစ ဖြစ်ပါတယ်။ Read more of this post

Follow

Get every new post delivered to your Inbox.