အိုရှိုး – မက်ဆေ့ခ်ျ
February 5, 2012 2 Comments
A: အိုရှိုး – ခင်ဗျား ပြောချင်တဲ့ မက်ဆေ့ခ်ျက ဘာလဲ။
B: ကျနော် ပြောချင်တဲ့ မက်ဆေ့ခ်ျက ရှင်းပါတယ်။ ဘဝကို အပြည့် အဝ နိုးကြား ရှင်သန် နေဖို့ပဲ ဖြစ်တယ်။ ခဏတိုင်းမှာ အသက် အန္တရာယ် ကျရောက် နေတော့ မလို သတိတမံ စိတ်နဲ့ အမြဲ နိုးကြားနေမယ်။ ဒီဘဝကလွဲရင် အခြား ဘုရားသခင် ဆိုတာ မရှိဘူးရယ်။ ကျနော် ပေး မယ့် မက်ဆေ့ခ်ျက အဲ့ဒါပဲ ဖြစ်ပါတယ်။
ဖရက်ဒရစ် နစ်ရှ က ဘုရားသခင် သေဆုံးခဲ့ပြီ လို့ ပြောခဲ့တယ်။ တကယ်က မှားပါတယ်။ ဘုရားသခင်က နကိုကတည်းက မရှိခဲ့ဘူးရယ်။ မရှိခဲ့တဲ့ ဘုရားသခင်က ဘယ်လို သေဆုံးသွားရဦးမှာလဲ။ စင်စစ် ရှိနေတာက ဘဝ ဖြစ်ပါတယ်။ ခင်ဗျားဆီမှာ ခင်ဗျား ဘဝသာ ရှိနေ တယ်။ ရှိခဲ့တယ်၊ အခုရှိနေတယ်။ ရှိနေလိမ့်ဦးမယ်။ ခင်ဗျားကိုယ် ခင်ဗျား ခွင့်ပြုထားရလိမ့်မယ်။ ထပ်ပြောပါမယ်- ဘဝကို အပြည့် အဝ ရှင်သန်ဖို့ ခင်ဗျားကိုယ် ခင်ဗျား ခွင့်ပြုထားရလိမ့်မယ်။
ပြီးခဲ့တဲ့ ကာလတွေက ရှိခဲ့ပြီးသား ဘာသာဂိုဏ်းဂဏ အမည်နာမတွေဟာ – ခင်ဗျားကို ဆန့်ကျင်ဘက် အရာတွေသာ သွန်သင်သလို ဖြစ်နေတော့တယ်။ သူတို့က – စွန့်ခွာဖို့-တောထွက်ပစ်ဖို့ ပြောပါလိမ့်မယ်။ ကျနော်ကတော့ ရှင်သန်ဖို့ ၊ ချဉ်းကပ် ပေါင်းစည်းဖို့ ပြောတယ်။ သူတို့က လက်ရှိကို ငြင်းပယ်တယ်။ ကျနော်က လက်ရှိကို အခိုင်အမာ လက်ခံတယ်။ သူတို့က – ဘဝဟာ အမှောင်တိုက်၊ ထင်ယောင်ထင်မှား ဖြစ်ကြောင်း၊ နောက်နောင် တမလွန်မှာ ခင်ဗျား အတွက် ကောင်းရာ မွန်ရာ တည်ရှိနေကြောင်း စိတ်ကူး ပုံဖော်ပြောနေမယ်။ ကျနော်ကတော့ အခုခဏသာ အစစ်အမှန် ဖြစ်ပြီး၊ အဲ့ဒီ တမလွန်၊ ဘုရားသခင် ဆိုတာတွေဟာ အတုအယောင်၊ ခင်ဗျားရဲ့ ထင်ယောင်ထင်မှား တွေသာ ဖြစ်ကြောင်း ပြောတယ်။ သူတို့က စိတ်ကူးထည်၊ အယူဝါဒကို ဒူးတုတ် ညွှတ်တွား ခိုင်း နေချိန်မှာ ကျနော်က ခင်ဗျားကိုယ် ခင်ဗျား သိဖို့ကိုပဲ ပြောတယ်။



