ကြားကား ကြား၏ ~ မသိ
February 5, 2012 Leave a comment
မိတ်ဆွေတို့ တိတ်ဆိတ်ငြိမ်သက်ပြီး နေကြည့်ဖူး ပါသလား ။ အဲ့ဒီအချိန်မှာ ဘယ်အရာပေါ်ကိုမှ အာရုံစိုက်မနေဘဲ၊ ဘယ်အရာကိုမှ စူးစိုက်မနေဘဲ၊ တိတ်ဆိတ်မှု သက်သက် နဲ့ ငြိမ်သက် တိတ်ဆိတ် နေဖူး သလား။ စင်စစ် အဲ့ဒီ အချိန်မှာ ခင်ဗျား ပတ်ပတ်လည်က အသံအားလုံးကို ကြားနေရမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ဟိုးအဝေးက အသံ၊ အနီးအပါးလေးက အသံ၊ နောက်ဆုံး – ခင်ဗျား ကိုယ်တွင်းက အသံ – ဒီ အသံတွေ အားလုံးကို တစ်ရံမလပ် ကြားနေရမယ်။
အဲ့ဒီ အချိန်မှာ ကျနော်တို့ စိတ်ကို တစ်နေရာ၊ တစ်စုံတစ်ခု ထဲ စူးဝင်နေတယ်၊ စူးစိုက်နေတယ်လို့ ပြောဖို့ ခက်ပါတယ်။ ခင်ဗျား သက်တောင့် သက်သာ ရှိနေတယ်။ ထူးခြား ဆန်းကြယ်တဲ့ ပြောင်းလဲမှု တစ်ခု ခင်ဗျား အတွင်းသန္တာန်မှာ အဆက်မပြတ် ဖြစ်ပေါ်နေမယ်။ ပတ်ဝန်းကျင် ဘာဖြစ်နေနေ၊ ကိုယ်တိုင်ကလည်း အနှောင့်အယှက် ကင်းကင်း တည်ရှိ နေနိုင်တယ်။ အဲ့ဒီ အချိန် အတွက် ခင်ဗျား မှာ မေးခွန်းတွေ မရှိဘူး။ တစ်ခုခုကို စူးစမ်း မေးမြန်း မနေဘူး။ ဖြစ်တည်သမျှ အပြည့်အဝ လှပနေတယ်။ နက်ရှိုင်းတဲ့ အသိတစ်ခု အတွင်းမှာ ခင်ဗျား စိတ်လိုလက်ရ နစ်မြုပ်ဝင် သွားတယ်။ ဒါဟာ အပြည့်အဝ နားထောင်တတ်တဲ့ အခါမှာ ရရှိတဲ့ အနှစ်သာရ ဖြစ်ပါတယ်။
ဒါပေတဲ့ မေးကြည့် ချင်ပါတယ်။ အခု – ကျနော်တို့ နားထောင်တယ် လို့ ဆိုတဲ့ အခါ – ဘယ်လို နားထောင်ပါသလဲ ။ တစ်ခုခုကို ကြိုတင်တွေးတော ပြီး နားထောင် သလား။ စိတ် အတွေး ထဲက သိရှိပြီး တစ်ခုခုနဲ့ ယှဉ်ထိုး ဆုံးဖြတ်ရင်း နားထောင်သလား။ ကိုယ် လိုလားရာ တစ်စုံတစ်ခု ကို ပုံဖော်ပြီး နားထောင်သလား။ ဒါမှ မဟုတ် ကြောက်ရွံ့မှု နဲ့ နားထောင် သလား။ တစ်ချို့တွေက – ကိုယ်ကြားချင်တဲ့ စကားကို မြောင်းပေးပြီး နားထောင်လေ့ ရှိတယ်။ စိတ် ကျေနပ်မှု တစ်ခုကို မျှော်လင့် ပြီး နားထောင် တာလဲ ရှိတယ်။ တစ်စုံတစ်ခု ကျေးဇူးပြုဖို့၊ သက်တောင့်သက်သာ ဖြေလျော့ နိုင်ဖို့၊ စသဖြင့် ရည်ရွယ်ချက် တစ်ခုခုနဲ့ နားစိုက် ထောင်တာလည်း ရှိတယ်။ အတိုချုံးပြီး ပြောရင် – “တစ်စုံတစ်ခု” ဆိုတဲ့ လိုအင်ဆန္ဒ နဲ့ ကိန်းဝပ်ပြီး နားထောင်နေလေ့ ရှိပါတယ်။
စင်စစ် ကျနော် တို့ အတွင်းသန္တာန်မှာ ကိန်းနေတဲ့ အဲ့သလို -“လိုဘဆန္ဒ” အခံနဲ့သာ – နားထောင်နေမယ် ဆိုရင် – ကျနော်တို့ ကြားနေရတဲ့ အသံဟာ တစ်ဖက်သူ ရဲ့ အသံ မဟုတ်ပါဘူး။ ကျနော်တို့ ကိုယ်ပိုင် အသံတွေပဲ ဖြစ်ပါတယ်။ သူ့ကို နားထောင်ပေးတာ မဟုတ်ဘူး။ ကိုယ့်ဘာသာ ကိုယ် နားထောင် နေတယ်။ သူ့ကို မကြား ဘူး – ကိုယ့်ဟာ ကိုယ်ပဲ ကြားနေရတယ်။
ဒါ့ကြောင့် တကယ်စင်စစ် နားထောင်ခြင်း သက်သက်မှာ အလိုဆန္ဒ၊ စိတ်ပုံရိပ်တွေ ကင်းလွတ် နေဖို့ လိုပါတယ်။ အဲ့အသံက လာတဲ့ အကြောင်းအရာထက် ကျနော် တို့ ခင်ဗျားတို့ နားထောင်သူ ရင်ထဲမှာ ဘာမှ မရှိနေဖို့ဟာ – ဘယ်လို နားထောင်သူ အတွက်မဆို ပထမ ဦးစားပေး ဖြစ်ပါတယ်။ – ဆိုပါစို့ ကျေးငှက် တို့ရဲ့ အသံ၊ လမ်းမပေါ် ဖြတ်လျောက် သွားတဲ့ တီတီတာတာ အသံ၊ ခင်ဗျား သူငယ်ချင်း မိတ်ဆွေရဲ့ အသံ၊ ငိုကြွေးနေတဲ့ ခလေးငယ် တစ်ဦးရဲ့ အသံ – ဒီ အသံတွေမှာ ဘာ အဓိပ္ပာယ်၊ ဘာ အကြောင်း အရာ တွေများ ထွေထွေထူးထူး ပါဝင်နေမလဲ။ ဒါပေမယ့် နားစိုက် ထောင် တတ်သူ တစ်ဦးအတွက် အဲ့ဒီ အသံ တွေဟာ ဖြူစင် ရှင်းလင်း သွားနိုင် တဲ့ ဘာဝနာ ဖြစ်နေပါတယ်။ မိမိ အလိုဆန္ဒ၊ အတွေးအကြံတွေ မရောယှက်ထားသင့်ဘူး လို့ ဆိုလိုတယ်။ အဲ့ဒီ အခါမှသာ ကျနော်တို့ အပြည့်အဝ နားထောင် တတ်သွားတယ်။ အဲ့ဒီ အသံနဲ့ မိမိ နှလုံးသား အကြား အတားအဆီး ကင်းလွတ်သွားတယ်။ အသံ တစ်ခုနဲ့ ကျနော်တို့ကြား ကန့်လန့်ကာလို ခြားနားထားနေတဲ့ စိတ်ကူး၊ ယူဆချက်၊ မျှော်လင့်ချက် ဓာတ်ခံတွေ လွင့်ပါးသွား၊ ပျောက်ကွယ် သွားပါတယ်။ အဲ့လိုများ တစ်ကြိမ် တစ်ခါ လောက် ဖြစ်ဖြစ် ကျနော်တို့ နားထောင် ကြည့်ခဲ့ဖူးပါသလား။
ဒါကြောင့် နားထောင်ခြင်း သက်သက်ဟာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ဘူး လို့ ကျနော် ဆိုချင်တယ်။ ဒီအလုပ်ရဲ့ သဘာဝကို အပြည့်အဝ နားမလည် ထားရင် အပြည့်အဝ ခင်ဗျား နားထောင်နိုင်မှာ မဟုတ်ဘူး – နားထောင်တဲ့ အတတ်ပညာကို မတတ်ဘူးလို့ ခရစ်ရှနက ဆိုပါတယ်။ ဘာလို့ ဆို အဲ့ဒီ နားထောင်ခြင်း သက်သက် အတွင်းမှာ ကိုယ်နှိုက်က ရွှန်းလဲ့နေတဲ့ အလှ ရှိနေလို့၊ အပြည့်အဝ သဘောပေါက် မြင်သိမှု ရှိနေလို့ပါပဲ။ ကျနော်တို့ မူလ နားထောင် တတ်ကြတဲ့ သန္တာန်ဟာ မိမိ ဓာတ်ခံတွေနဲ့သာ ယှဉ်ထိုး ကျော်ဖြတ် လာသရွေ့ – အပြည့်အဝ ကြားနာနေရတဲ့ အသံတွေ မဟုတ်ဘူးရယ်။ ရိုးရိုးသားသား နားထောင်နေတာ မဟုတ်ဘူးလို့ ဆိုလိုပါတယ်။ အဲ့ဒီအခါ ကျနော်တို့ သိရ၊ ကြားရတဲ့ အသံတွေဟာ အတွေးဘောင်၊ ခံယူချက်ဘောင် တွေကို ဖြတ်သန်းပြီး ကျနော်တို့ သန္တာန်ထဲ – ပုံပျက်ပန်းပျက်သာ ရရှိလာခဲ့ကြတယ်။
ချစ်သူ တစ်ဦးရဲ့ စကားသံကို ဖြစ်ဖြစ်၊ ရယ်ရွှင်ကြည်စယ် လိုက်တဲ့ ခိုးခိုးခစ်ခစ် အသံပဲ ဖြစ်ဖြစ်၊ ငိုကြွေးရှိုက်ညည်း သံပဲ ဖြစ်ဖြစ် ကျနော်တို့ ရင်တွင်းနှလုံးကို အပြည့်အဝ ရောက်ရှိဖို့ လိုအပ်နေမယ် မဟုတ်လား။ ဒါကို ရရှိဖို့ ဆိုရင် ကျနော်တို့ရဲ့ နားထောင်မှု အတတ်ပညာဟာ အနုပညာ ဖြစ်နေဖို့ လိုအပ်လိမ့်မယ်။ နက်နဲပြည့်ဝ နေရပါလိမ့်မယ်။ လိုအပ်ချက် က ခင်ဗျားရဲ့ အတွင်း သန္တာန် – တိတ်ဆိတ် ငြိမ်သက် သွားဖို့။ သိလို၊ မြင်လို၊ ခံစားလိုတဲ့ ဇောစိတ် ဘဝင် မလှုပ်ခတ်နေဖို့၊ ဆိတ်သုဉ်း နေဖို့ ဖြစ်ပါတယ်။ သူ့ရဲ့ သရုပ်က – ဘယ် ကောက်ချက် ဘယ် စကားလုံး မှ ရွေးချယ် ပုံဖော် မနေဖို့ပဲ။
အသံတွေ မလာခင် ကတည်းက မိမိတို့ သန္တာန်မှာ စကားလုံးတွေ ကြို ခံထားရှိ နေတတ်တာဟာ ကျနော်တို့ရဲ့ အရိုးစွဲနေတဲ့ အကျင့် ဖြစ်ပါတယ်။ ဒါပေမယ့် စကားလုံးတွေဟာ ပြင်ပနဲ့ ဆက်သွယ် ဆောင်ရွက်နိုင်ဖို့ သင်္ကေတ သက်သက်ပဲ မဟုတ်လား။ စင်စစ် ဖြစ်တည်မှု အစစ်အမှန်၊ ဖြစ်ရပ်၊ ပုဂ္ဂိုလ်၊ ဘဝ၊ ဟဒယ ဟာ စကားလုံးတွေထဲမှာ မဟုတ်ဘူး။ သူတို့ရဲ့ ပြင်ပမှာသာ ရှိတယ် မဟုတ်လား ။ ဒါကို နားထောင်တဲ့ အလုပ် လုပ်ကြတဲ့ ကျနော်တို့ အနေနဲ့ သတိရှိ ထားဖို့ လိုနေပါမယ်။ နားထောင်နေတဲ့ ကျနော်တို့ သန္တာန်ဟာ ဟင်းလင်းဖွင့်ထားပြီး ဖြစ်နေ ရပါလိမ့်မယ်။
ဒါ့ကြောင့် – မိမိ ဘာသာ ကြိုတင် လိုချင်နေတဲ့ ရလာဒ်တွေ၊ ကိုယ်မှန်းထားတဲ့ စကားလုံးတွေ နောက်ကို တကောက်ကောက် လိုက်နေသရွေ့ – ကျနော်တို့ ကြားနေရသမျှ အသံတွေဟာ အသံစင်စစ် မဟုတ်ဘူး။ ကိုယ့် ပုံရိပ်နဲ့ ကိုယ့်ဘာသာ ပြောင်းယူ ပုံဖော် ထားတဲ့ ကိုယ့်အသံတွေသာ ဖြစ်နေပါလိမ့်မယ်။
နားကောင်းကြသူ ကျနော်တို့ အားလုံး အသံတွေကို ကြားရပါတယ်။ ဒါပေမယ့် ကျနော်တို့ ရင်တွင်းက တံတိုင်းကြီးတွေ တားဆီးပြီး နားလည်ထားရင် – အဲ့အသံကို အရင်းအတိုင်း သိမှာ မဟုတ်ဘူး။ အပြည့်အဝ နားလည်မှာလည်း မဟုတ်ဘူး။ ခင်ဗျား သန္တာန်မှာ – ကြားနာမှု အစစ်အမှန် – ဘယ်လိုမှ မဖြစ်နိုင်ဘူး လို့ ဆိုလိုတယ်။ တနည်း ဆိုရရင် – ကိုယ့်အခံ၊ ကိုယ့် လိုဘ နဲ့ ကိုယ် ပိတ်ဆို့နေသရွေ့ – အသံတွေကို ကျနော်တို့ အားလုံး ကြားတော့ ကြားတယ်။ ဒါပေတဲ့ — မသိဘူးရယ်။
……………………..
Reading on Jiddu Krishnamurti
…………………….
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
……………………..
