အိုရှိုး – မက်ဆေ့ခ်ျ
February 5, 2012 2 Comments
A: အိုရှိုး – ခင်ဗျား ပြောချင်တဲ့ မက်ဆေ့ခ်ျက ဘာလဲ။
B: ကျနော် ပြောချင်တဲ့ မက်ဆေ့ခ်ျက ရှင်းပါတယ်။ ဘဝကို အပြည့် အဝ နိုးကြား ရှင်သန် နေဖို့ပဲ ဖြစ်တယ်။ ခဏတိုင်းမှာ အသက် အန္တရာယ် ကျရောက် နေတော့ မလို သတိတမံ စိတ်နဲ့ အမြဲ နိုးကြားနေမယ်။ ဒီဘဝကလွဲရင် အခြား ဘုရားသခင် ဆိုတာ မရှိဘူးရယ်။ ကျနော် ပေး မယ့် မက်ဆေ့ခ်ျက အဲ့ဒါပဲ ဖြစ်ပါတယ်။
ဖရက်ဒရစ် နစ်ရှ က ဘုရားသခင် သေဆုံးခဲ့ပြီ လို့ ပြောခဲ့တယ်။ တကယ်က မှားပါတယ်။ ဘုရားသခင်က နကိုကတည်းက မရှိခဲ့ဘူးရယ်။ မရှိခဲ့တဲ့ ဘုရားသခင်က ဘယ်လို သေဆုံးသွားရဦးမှာလဲ။ စင်စစ် ရှိနေတာက ဘဝ ဖြစ်ပါတယ်။ ခင်ဗျားဆီမှာ ခင်ဗျား ဘဝသာ ရှိနေ တယ်။ ရှိခဲ့တယ်၊ အခုရှိနေတယ်။ ရှိနေလိမ့်ဦးမယ်။ ခင်ဗျားကိုယ် ခင်ဗျား ခွင့်ပြုထားရလိမ့်မယ်။ ထပ်ပြောပါမယ်- ဘဝကို အပြည့် အဝ ရှင်သန်ဖို့ ခင်ဗျားကိုယ် ခင်ဗျား ခွင့်ပြုထားရလိမ့်မယ်။
ပြီးခဲ့တဲ့ ကာလတွေက ရှိခဲ့ပြီးသား ဘာသာဂိုဏ်းဂဏ အမည်နာမတွေဟာ – ခင်ဗျားကို ဆန့်ကျင်ဘက် အရာတွေသာ သွန်သင်သလို ဖြစ်နေတော့တယ်။ သူတို့က – စွန့်ခွာဖို့-တောထွက်ပစ်ဖို့ ပြောပါလိမ့်မယ်။ ကျနော်ကတော့ ရှင်သန်ဖို့ ၊ ချဉ်းကပ် ပေါင်းစည်းဖို့ ပြောတယ်။ သူတို့က လက်ရှိကို ငြင်းပယ်တယ်။ ကျနော်က လက်ရှိကို အခိုင်အမာ လက်ခံတယ်။ သူတို့က – ဘဝဟာ အမှောင်တိုက်၊ ထင်ယောင်ထင်မှား ဖြစ်ကြောင်း၊ နောက်နောင် တမလွန်မှာ ခင်ဗျား အတွက် ကောင်းရာ မွန်ရာ တည်ရှိနေကြောင်း စိတ်ကူး ပုံဖော်ပြောနေမယ်။ ကျနော်ကတော့ အခုခဏသာ အစစ်အမှန် ဖြစ်ပြီး၊ အဲ့ဒီ တမလွန်၊ ဘုရားသခင် ဆိုတာတွေဟာ အတုအယောင်၊ ခင်ဗျားရဲ့ ထင်ယောင်ထင်မှား တွေသာ ဖြစ်ကြောင်း ပြောတယ်။ သူတို့က စိတ်ကူးထည်၊ အယူဝါဒကို ဒူးတုတ် ညွှတ်တွား ခိုင်း နေချိန်မှာ ကျနော်က ခင်ဗျားကိုယ် ခင်ဗျား သိဖို့ကိုပဲ ပြောတယ်။
အယူဝါဒရေးရာ၊ အနုမာနတွေနဲ့ ခင်ဗျားရဲ့ စိတ်သန္တာန်မှာ ဘယ်လောက် ပင်ပန်းခဲ့ပြီလဲ။ ဘယ်အရာတွေကို တွေးခေါ်ပြီး ဘယ်လောက် ထိ ယုံကြည်ခဲ့ပြီးပြီလဲ။ ခင်ဗျား သန္တာန်ဟာ အဲ့လို ယုံကြည်ချက်တွေနဲ့ အေးချမ်းသွားခဲ့ပြီတဲ့လား။ ဘာကိုမှ ရှေ့ဆက် မျှော်မှန်းစရာ မလိုတော့ ဘူး တဲ့လား။ လုံးဝ ကင်းပြတ်သွားပြီလား။ စိတ်ချလက်ချ နေနိုင်သွားပါပြီ တဲ့လား။
တကယ် စင်စစ် စိတ်ကူး ပုံရိပ်၊ အနုမာန စကားလုံးတွေ အကုန်လုံးကို ကျနော် ငြင်းပယ်ပါတယ်။ ဘုရားသခင် ဆိုတာဟာ ကျနော့အတွက် စကားတစ်လုံးသာ ဖြစ်နေပေမယ့် သူတို့ အတွက်က အစစ်အမှန်ပါ လို့ အတင်းကာရော ပြောနေရတယ်။ စင်စစ် ရှိနေတဲ့ ခင်ဗျား ဘဝကို ဘယ်နားမှာ ထားခဲ့ကြသလဲ။ ခင်ဗျား အခု အသက်ရှင်နေတယ်။ အခု နှလုံးခုန်နေတယ်။ အခု သွေးတွေ တဒိတ်ဒိတ် လှုပ်ရှားနေတယ်။ ခင်ဗျားရင်တွင်းမှာ ပန်းခင်း ကိုယ်စီ ပွင့်နေနိုင်တယ်။ ဒါကို အယူဝါဒတွေနဲ့ မီးမြိုက်ပြီး ဘာလို့ သတ်ပစ်ခဲ့ရသလဲ။
သူတို့က ဒါတွေ အားလုံးကို မာယာတွေ၊ အတုအယောင်တွေပါလို့ ပြောပါတယ်။ အဲ့လို ပြောရင်းနဲ့ သူတို့ စကားတွေဟာ အိမ်မက်တွေ၊ မာယာတွေ၊ အတုအယောင်တွေ ဖြစ်သွားတယ်။ သူတို့က ဘုရားသခင်ကို ထည့်သွင်း ဖန်တီးတယ်။ လူတိုင်းဟာ သူတို့ရဲ့ ဘုရားသခင်ကို သူတို့နဲ့ နှိုင်းယှဉ်ပြီး ပုံဖော်တယ်။ ဒီလိုနဲ့ ကမ္ဘာမှာ ဘုရားသခင် အရေအတွက်ပေါင်း သိန်းသန်းကုဋေ ကုဋာ ဖြစ်သွားခဲ့ရတော့တယ်။
စင်စစ် တည်ရှိတာ ခင်ဗျားရဲ့ သန္တာန်သာ ဖြစ်တယ်။ ခင်ဗျား ဘုရားသခင်ဟာ ခေါင်းလေးလုံးပဲ ရှိရှိ၊ ခြေခြောက်ချောင်းပဲ ရှိရှိ၊ ဘယ်လို လှလှ၊ ဘယ်လောက် ရုပ်ဆိုးဆိုး၊ အဲ့ဒါ ခင်ဗျားနဲ့ပဲ ဆိုင်တယ်။ ဒီကစားပွဲဟာ ခင်ဗျားရဲ့ ပွဲ ဖြစ်ပါတယ်။ ဒါပေတဲ့ လက်ရှိ ဘာသာကျမ်းကိုင် ဆရာတွေက တစ်ဦးကို တစ်ဦး ရောရောထွေးထွေး မွှေနှောက် ပစ်တယ်။ ဒါဟာ လူတစ်ဦးရဲ့ စိတ်ကို အခြားလူတစ်ဦးက အဆိပ်ခတ်တာ နဲ့ အတူတူပဲလို့ ကျနော် ဆိုရပါမယ်။
ကျနော် ခင်ဗျားကို ပြောလိုတာက – အခု ခဏ ရှိနေတဲ့ ခင်ဗျား ဘဝသာ စင်စစ် အမှန် ဖြစ်တယ်။ ဒါကလွဲရင် အခြားဘုရား မရှိဘူး ရယ်။ အခုခဏ သိရှိတဲ့ ပုံသဏ္ဍာန်၊ အရောင်၊ အညွှန်းဘောင်တွေ အမျိုးမျိုးကြားမှာ အပြည့်အဝ ဖူးပွင့်နေနိုင်ဖို့ ခင်ဗျားကိုယ် ခင်ဗျား ခွင့်ပြု သင့်တယ်။ ကျနော် ပြောချင်တာ ဒါပဲ။ ခင်ဗျားဆီမှာ သက်တန့်တွေနဲ့ လှပနေမလား၊ တိမ်သလ္လာတွေ ဖုံးနေမလား။ ဂီတသံတွေ သာနေမလား၊ အုံးအုံးထ ဆူညံနေမလား ။ ဒါတွေ အားလုံးဟာ ခင်ဗျား လက်ထဲမှာပဲ ရှိပါတယ်။
……………………
Reading Guida Spirituale
…………………….
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
…………………….

လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း၊ အဆုံး၌ သေခြင်းသို့ပို့သော လမ်းတမျိုးရှိ၏။ -လူသည်တခါတည်းသေ၍ ထိုနောက်မှတရားစီရင်တော်မူခြင်းကိုခံရသကဲ့သို့၊ -ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့။ အကြောင်း မူကား၊ သင်ယခုသွား၍ ရောက်ရလတံ့သော အရပ်တည်းဟူသော မရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။-
မတရားသောသူတို့နှင့် ဘုရားသခင်ကို မေ့လျော့သော အမျိုးသားအပေါင်းတို့သည် မရဏာနိုင်ငံသို့ နှင်ခြင်းကို ခံရကြလိမ့်မည်၊၊