စာတစ်တန် ခံနေဆဲ
February 5, 2012 1 Comment
နိမိတ်ပုံစံ ထားရှိ တဲ့ ဇာတ်လမ်း လေးတစ်ပုဒ် ပြောကြည့် ပါမယ်။ ဆွာမိ ရာမ်တိယာ့ဿ် ပြောခဲ့တဲ့ ဇာတ်လမ်းတိုလေး ဖြစ်ပါတယ်။ ဇာတ်လမ်း ဆိုတာထက် အနက်ပုံဆောင် ဇာတ်သွားလေး သက်သက်လို့ ပြောနိုင်တယ်။။
သိပ်ချစ်ကြတဲ့ ချစ်သူ နှစ်ဦး ရှိတယ်။ တစ်နေ့တော့ – ယောက်ျားလေး ဖြစ်သူ ဟာ ချစ်သူ မိန်းကလေးကို ထားရစ်ပြီး တပြည် အဝေးကို ထွက်သွား တယ်။ ထွက်သွားပြီး ကတည်းက တစ်ခေါက်မှ ပြန်မလာ တော့ဘူး လို့ ဆိုပါတယ် ။ သူ့ရဲ့ ချစ်သူ မိန်းကလေး ဟာ ကောင်လေး ထွက်သွား တဲ့ လမ်း ကို နေ့တိုင်း မျှော်ကြည့်တယ်။ တစ်နေ့လာနိုး၊ တစ်နေ့ လာနိုး မျှော်လင့် နေခဲ့၊ စောင့်စား နေ ခဲ့တယ်။ တစ်ရက် ပြီး တစ်ရက် စောင့်ဆိုင်းရင်း မောဟိုက် လာတဲ့- တစ်နေ့ တော့ ကောင်လေး ဆီက စာတစ်စောင် ရောက်လာပါတယ်။ စာထဲမှာ သူ ဘယ်နေ့ ပြန်လာပါမယ် ဆိုတဲ့ အကြောင်း၊ ဘယ်လောက်ထိ လွမ်းဆွေး နေမိပါတယ် ဆိုတဲ့ အကြောင်း – ချစ်ကြောင်းတွေ ဖွဲ့သီ ထားတယ်။
ကောင်မလေး က ဝမ်းပန်းတသာ နဲ့ အဲ့ဒီ နေ့ရက်ကို ထပ်စောင့်တယ်။ ချစ်သူ ချိန်းဆိုတဲ့ ရက်မှာ ပြန်ရောက်လာပါစေ အကြိမ်ကြိမ် ဆုတောင်း ရင်း ဖြီးလိမ်းပြင်ဆင် ထားတယ်။ ဒါပေမယ့် တကယ်တမ်း ကောင်လေးက ပြန်မလာနိုင် ခဲ့ဘူးရယ်။ နောက်ထပ် ရက်တွေ သာ ကြာသွား တယ်။ ကောင်မလေး က မျှော်နေရဆဲပဲ။ နောက်ထပ် စာတစ်စောင် ရောက်လာပြန်တယ်။ ပထမ စာအတိုင်းပဲ ဘယ်နေ့ ဘယ်ရက် ပြန်လာပါမယ် ဆိုတဲ့ အကြောင်း ပါတယ်။ တစ်စောင် ရောက်တိုင်း တစ်ခါ မျှော်နေရင်းနဲ့ – ချစ်သူရဲ့ စာတွေ တစ်စောင်ပြီး တစ်စောင်သာ ဖတ်ရင်း၊ စောင့်ရင်း နေ့ရက်တွေ ကုန်လွန်သွားခဲ့တယ်။ ဒါပေတဲ့ ကောင်လေးကိုတော့ အရိပ်အရောင် တောင် မတွေ့ရဘူးလို့ ဆိုပါတယ်။

ဆက်ပြီး သည်းမခံနိုင် မစောင့်နိုင် တော့တဲ့ တစ်နေ့ – ကောင်မလေး က ချစ်သူ ရှိရာ အဝေးမြို့ ဆီကို ခရီး ထွက်လာခဲ့တော့တယ်။ လမ်းခရီး မှာ ဟိုမေး သည်စမ်း နဲ့ လာခဲ့တာ – ချစ်သူ နေထိုင်ရာ မြို့ကို ရောက်တယ်။ ချစ်သူရှိရာ ရပ်ကွက် လမ်း ကို ရောက် တယ်။ နောက်ဆုံး ချစ်သူ ရဲ့ အိမ် တံခါးဝ ကို ရောက်သွား တယ်။ ချစ်သူရဲ့ အိမ်တံခါး ဟာ ဟင်းလင်း ဖွင့်ထားရက်သားလေး ပဲ ။ အချိန်က လည်း ညနေစောင်း ပြီ။ နေညိုပြီ ဆိုပါတော့။
ကောင်မလေး ဟာ တံခါးဝမှာ ရပ်ရင်း အိမ်တွင်း ထဲကို လှမ်းကြည့်တယ်။ နှစ်ပေါင်း လပေါင်း များစွာ မတွေ့ခဲ့ရတဲ့ သူ့ ချစ်သူ ကောင်လေး ဟာ အိမ်ထဲမှာ ရှိနေတယ်။ အိမ်အတွင်းခန်း၊ သူ့ရဲ့ ရှေ့တည့်တည့် မှာ ထိုင်နေလျက် ရှိနေတယ်။ ဒါပေမယ့် ကောင်လေးက သူ့ကို မမြင်ဘူး။ စာတစ်စောင်ကို အားကျိုးမာန်တက် ရေးနေတယ်။ အဲ့ဒီ စာထဲမှာ သူက အာရုံ အပြည့် နှစ်ထား တဲ့ ပုံ ရှိတယ်။ သူ အာရုံနှစ်၊ ဈာန်ဝင်နေတဲ့ စာဟာ ချစ်သူ ဒီ ကောင်မလေးဆီ ကို ပေးပို့ဖို့ စာဖြစ်ပါတယ်။ သူဟာ စူးစိုက်မှု အပြည့်နဲ့ ရေးနေတယ် လို့ ကောင်မလေး က သိလိုက်တယ်။ ဒါ့ကြောင့် အနှစ်နှစ်အလလ ကွဲကွာ နေခဲ့တဲ့ အတူတူ တော့- ဒီတခဏလေးကို စောင့်ဆိုင်းနေလိုက်တော့မယ် လို့ ကောင်မလေးက တွေးတယ်။ ချစ်သူကို လှမ်းမခေါ်ရက်၊ မနှောင့်ယှက် ရက်ဘူးရယ်။ အသံမပေး၊ စကား မဆိုဘဲ – အသာလေး ကြည့်နေလိုက်တယ်။
ကောင်လေးကတော့ စာအပေါ်မှာ ခံစားချက် အပြည့် နဲ့ပေါ့။ သူ့မျက်ဝန်းအိမ် က မျက်ရည်တွေတောင် အတွေသား တလှိမ့်လှိမ့် ကျလာ နေသေးတယ်။ သူ့အတွေးစဉ် ထဲမှာ ချစ်သူအပေါ် လွမ်းဆွတ်မှု ဒဏ်ကို အပြည့်အဝ ခံစားနေရတယ်။ သိပ်ချစ်ကြတဲ့ သူတို့ နှစ်ဦး – ဝေးကွာနေတာ ဘယ်လောက်ကြာပြီလဲ။ အချိန်တွေတင် မက၊ နေရာ ဒေသတွေကပါ ဝေးကွာနေခဲ့တယ် မဟုတ်လား။ အဲ့ဒီ အပေါ် လွမ်းဆွတ်တဲ့ စိတ်ဟာ ကောင်လေးရဲ့ ရင်ထဲမှာ ဒဏ်ရာ တစ်ခုလို ကိုက်ခဲနေတယ်။ ချစ်သူအပေါ် လွမ်းဆွတ်စိတ်က လာတဲ့ ဒဏ်ကြောင့် ကောင်လေး မျက်နှာသွင်ပြင် ဟာ ညှိုးငယ် နေတယ်။ ပိုးပိုးပေါက်ပေါက် ကျနေတဲ့ မျက်ရည်တွေ ကြားထဲက – စာတွေ တစ်လုံးပြီး တစ်လုံး စီကာပတ်ကုံး ရေးတယ်။ ဆက်ကာ ဆက်ကာ ရေးရင်း – အချိန်ဟာ တစ်နာရီ မက- နှစ်နာရီ ကျော် သုံးနာရီ – ကြာလင့် သွား ခဲ့တော့တယ်။ ကောင်မလေးကတော့ သူ့ရှေ့မှာ စုံရပ်ရင်း – ချစ်သူကို ငေးမော – စောင့်ဆိုင်းနေလျက်ပဲ။
ကောင်လေးဟာ အမှောင်လည်း သန်းနေပြီ၊ အလင်းလည်း ကွယ်နေပြီမို့ – ရေးလက်စ စာကို အဆုံးသတ် ပုဒ်မချလိုက်တယ်။ အလားတူ မြုတ်နှစ်ထားတဲ့ စိတ်နှလုံး ကိုလည်း ဖြေလျော့ချ လိုက်တယ်။ သက်ပြင်းမောတွေနဲ့ တောင်တောင်အီအီ ငေးမောဖို့ အဲ့ဒီအခါကျမှ မျက်လွှာကို ပင့်ကြည့် လိုက်တော့တယ်။ သူဟာ ချစ်သူ ကောင်မလေးကို သူ့ရှေ့မှာ စုံရပ်လျက်သား တွေ့လိုက် ပါတယ်။ ရုတ်တရက် – သူ့ကိုယ်သူ မယုံနိုင်အောင် ဖြစ်သွားသလို တုန်လည်း တုန်လှုပ် သွားတယ်။ သူ အခု ရေးခဲ့ပြီးတဲ့ စာဟာ သူ့ချစ်သူ ဒီကောင်မလေးဆီ ရေးနေတဲ့ စာပဲ – ဒီစာရဲ့ ပိုင်ရှင်ဟာ သူ့ရှေ့မှာ အတွေသား ရပ်နေတာ တစ်နာရီ မက ဘယ်လောက်များ ကြာလင့် နေပြီလဲ။ သူ မျက်လွှာလေး တစ်ချက် ပင့်ကြည့်ဖို့ အတွက်- ကောင်မလေး ခမျာ နာရီ အတန်ကြာ စောင့်နေခဲ့ရတယ်။ ဒါပေတဲ့ အခု မြင်လိုက်တဲ့ ခဏမှာ ကောင်လေး က မယုံနိုင် သေးဘူးရယ်။ တွေငေးသွားတယ်။ ကြက်သေသေ သွားတယ်။ တအံ့ တဩ ဖြစ်နေတယ်။
“မဟုတ်သေးဘူး။ ငါ ထင်ယောင်ထင်မှား ဖြစ်နေတာပဲ နေမယ်။ အိပ်မက်မက် နေတာလည်း ဖြစ်နိုင်တယ်။ လွမ်းဆွတ် မိတဲ့ စိတ်နဲ့ ထင်မိထင်ရာ ၊ မြင်မိမြင်ရာ မြင်နေတာလည်း ဖြစ်မယ်။ တကယ်ဆို စိတ်လှည့်စားနေတာပဲ ။ ငါ သူ့ကို ချစ်တဲ့ စိတ်နဲ့ ကြေကွဲ နေခဲ့တာ ဘယ်လောက် ကြာပြီလဲ။ အခု အိပ်မက်မက် လိုက်သလို ငါ့ရှေ့မှာ သူ့ကို မြင်နေရတယ်။ ဒါ ငါ့ကိုယ်ငါ အမြင်လှည့်စားထားတာပဲ” လို့ ကယောင်ကတမ်း မျက်လုံးတွေ တောင် ပွတ်သပ် မိသေးရဲ့ ။
ချစ်သူ ကောင်မလေး က သဘောတကျနဲ့ ခိုးခိုးခစ်ခစ် ရယ်တယ်။ “ရှင်ဘာတွေ တွေးနေလဲ။ ကျမကို တစ္ဆေသရဲများ မှတ်နေသလား” လို့ ပြောတယ်။ စကားသံကို ကြားတော့ ကောင်လေးက တုန်တုန်လှုပ်လှုပ်လည်း ဖြစ်၊ ကြည်နူးစိတ်လည်း ဖြစ်ရင်း -
“မင်း ဘယ်လို ဘယ်ပုံနဲ့ ရောက်လာတာလဲ ။ ငါမင်း ဆီ စာရေးနေခဲ့တာ။ ငါမင်းကို လွမ်းနေခဲ့တာ။ သတိတရနဲ့ တမ်းတနေခဲ့တာ ။ စောနလေးက အထိ ငါကြေကွဲနေခဲ့တာ ။ မင်း ငါ့ရှေ့မှာ ရှိနေရက်နဲ့ ဘာလို့ ငါ့ကို လှမ်း မခေါ်သလဲ။ တကယ့် အရူးမလေးပဲ။ ငါ စာရေးနေတဲ့ အချိန် ကတည်းက မင်းငါ့ရှေ့မှာ ရှိနေခဲ့တယ်။ ငါ့မှာ လွမ်းလို့ သေတော့မတတ်ပဲ”
……………….
ဒီနိမိတ်ပုံ ကို ဒီလောက်နဲ့ပဲ ရပ်ပါမယ်။ ပုံပြင်ရဲ့ ဆိုလိုရင်း ကို အမျိုးမျိုး ဖွင့်ဆိုကြပေမယ့် အများစု မှာ တူညီနေတဲ့ အမြွက်လောက်က -
~ ကျနော်တို့ရဲ့ ဖြစ်တည်ချက်၊ ကျနော်တို့ရဲ့ အမှန်စင်စစ် သစ္စာတရားဟာ ကျနော်တို့ နဲ့ အနီးဆုံးမှာသာ ရှိနေပါတယ်။ အခု ဒီနေရာ၊ အခု ဒီခဏ မှာပဲ ရှိနေတယ်။ ဒါပေမယ့် ကျနော်တို့ စာတစ်တန် ပေတစ်တန် အဝေးကို မျှော်ခေါ် ဆုတောင်း တယ်။ မျှော်လင့် တမ်းတ နေရတယ်။ ပေစာ ၊ ကျမ်းစာ အလီလီ ကျက်မှတ် ဖြတ်သန်း နေရတယ်။ သင်ကြားမှု အမျိုးမျိုးကြား၊ ဘဝ အတွေ့အကြုံ အမျိုးမျိုး ကြား – စူးစိုက် ရှာဖွေနေတယ်။ အများစုရဲ့ အမြင်ဟာ မိမိ ချစ်မြတ်နိုးသူ သစ္စာတရား အတွက် – အဝေးကို တွေးငေး ပစ်တယ်။ စကားလုံး ဝေါဟာရတွေ ကြား နစ်မြုပ်ဝင်လိုက်တယ်။ သစ္စာတရားကို တစ်နေ့တစ်ချိန် မှသာ တွေ့နိုင်ကောင်းရဲ့ လို့ ငိုကြွေးမြည်တမ်း တယ်။ သစ္စာတရားဟာ ( ဝါ ) ကောင်းကင်ဘုံ ဘုရားသခင် ရှိရာ ဌာနဟာ ဟိုးအဝေးမှာ – တမလွန်မှာ – သေဆုံးပြီးနောက်မှာ ရှိနေမယ်လို့ မျက်လုံးစုံမှိတ် ပူဆွေးပစ်တယ်။
တကယ်က သစ္စာတရားဟာ ကျနော်တို့ ရင်တွင်း၊ ကျနော်တို့ အနီးဆုံးမှာ စုံရပ်လျက် ရှိနေပါတယ်။ သစ္စာတရား ဟာ ဟိုးအဝေး တစ်နေရာက ရုပ်ပုံလွှာ တစ်ခု မဟုတ်ဘူး။ ဟိုးအဝေးမှာ မဟုတ်ဘူး။ ခင်ဗျား ရဲ့ အခု ဒီနေရာ၊ ဒီအချိန်လေးမှာ တင် ရှိနေပါတယ်။ မျက်လွှာပင့်ကြည့်နိုင်ဖို့ သတိနဲ့ အသိသာ လိုအပ်တယ်။ ဒါပေတဲ့ ဘာသာ အယူဝါဒ၊ အတွေးအခေါ် စည်းဘောင်တွေရဲ့ မျက်ရည် အသွယ်သွယ် လွမ်းဆွေးနေမှု အောက်မှာ ပုံသဏ္ဍာန် အမျိုးမျိုး – ထင်မြင်ရင်း – တကယ့် အဖြစ် မျက်လွှာပင့်ကြည့် ဖို့ကိုတော့ ကျနော်တို့ တစ်ခါမှ စိတ်မကူး မိခဲ့ဖူးရယ်။ တကယ်လည်း ကျနော်တို့ အသိစိတ် သန္တာန်မှာ တွေ့ချင်စိတ်၊ မြင်ချင်စိတ်နဲ့ လွမ်းဆွတ် ကြေကွဲ တဲ့ သန္တာန်သာ ရှိနေပါတယ်။ မျက်ရည် အတွေသားနဲ့ နာကျင် ဆို့နင့်တယ်။ သစ္စာတရားရဲ့ အမည်နာမ အမျိုးမျိုး ကို နှုတ်က တတွတ်တွတ် မြည်ကြွေးတယ်။ ဒီလို အော်ဟစ် မြည်တမ်း နေချိန်ခဏ – ကျနော်တို့ ရှေ့မှာ မားမားရပ် ရှိနေတဲ့ သစ္စာတရား ဟာ ကျနော်တို့ကို ပြုံးပြုံးလေး ကြည့်နေလိမ့်မယ်။ သူ့ကို ကျနော်တို့ မျက်လွှာပင့် မကြည့်နိုင် မချင်း ဘယ်လိုမှ မသိနိုင် ၊ မမြင်နိုင် သေးဘူးရယ်။ မျက်လုံး စုံမှိတ်ရက်သား – အာရုံ တံတိုင်းတွေ၊ အတွေးစဉ် ကန့်ကန့်ကာတွေ ခြားထားဆဲ။ မျက်လွှာ ပင့်ကြည့်ရုံမျှလေး အတွက် သတိမရှိ- မေ့လျော့နေဆဲ။ လွမ်းစာတွေ အလီလီ ရေးသားနေကြဆဲ။
……………………
Reading and floating on MAHA GETA
…………………….
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
…………………….
သစ္စာတရားကိုတော့ယုံပါတယ် ချစ်သူကိုတော့မယုံဘူး ယခုခောတ်ဆိုပိုတောင်မယုံစရာပဲနော် သ္မီးအထင်ပြောတာပါ