အဆုံးသတ် ခဏတိုင်
February 5, 2012 Leave a comment
နားစည်ကို ရိုက်ခတ်၍ ညက်ညောစွာ ထွက်ရှိလာ၏။ “Until the Last Moment ~ နောက်ဆုံး ခဏထိတိုင်” ~ ဟု အမည်တပ်ဆိုပါမည်။ ၎င်း၏ တသွင်သွင် စီးမျောနေသည့် သန္တာန် က ညင်ညင်သာသာ ရှိ၏။ သို့သော် တစ်လုံးချင်း ပီပီသသ ။ အဓိပ္ပာယ် ရှာဖွေနေသမျှ ခေတ္တ ရပ်တန့် ၍ ရှူရှိုက်နေသော ထွက်သက် ဝင်သက်တို့ – တန်ဖိုး အနဂ္ဃ ဆောင်ကျဉ်းသွားကြသည်။ ပျော့ပျောင်း သော်လည်း ခိုင်မာသည့် ဟန် အပြည့်။
ဤအရာကို မည်သို့ ခွဲခြား၊ ညွှန်းဆို ပြရပါမည်နည်း။ သူနှင့် ကျနော် အကြား ဘာမျှ မလို။ “ဟုတ်ကဲ့ နှင့် ဟင့်အင်း” – အကြား – မည်သည့် အရာမျှ ခြားနား ထားခြင်း မရှိ။ ပြုံးရယ်သမျှ နှင့် ငိုကြွေးမြည်တမ်း သမျှ အကြား – တံတိုင်း အဆီးအတား မရှိ။ ဆန့်ကျင်ဘက် ဒွိသဘာဝများ မဟုတ်ဘဲ တစ်သားတည်း စီးဆင်း နေရာယူသည်။ သူသည် ချစ်စဖွယ်ကောင်းလှပါပကော ~ နှုတ်ခမ်း နှစ်လွှာ၏ အလှုပ်အဟ ကြားတွင် တင်းအားတို့ ပြေလျော့ ကုန်ကြသည်။
ဖြူလွင်လွင် ယိမ်းနွဲ့နေသော်လည်း – အသေအချာ ရှုကြည့်မည် ဆိုပါက – ငြိမ်ဝပ်သော သူ့သွင်ပြင်ကို သင် အတိုင်းသား မြင်နိုင် ပါလိမ့်မည်။ တလှုပ်ရွရွ ကင်းပြတ် ကုန်ဆုံး သွားကြသော အရာရာတိုင်းကို ကျေနပ်စွာ ခံယူလျက် သူ ပြုံးနေ လိမ့်မည်။ တခဏတိုင်း မပြတ် ရောက်ရှိလာသော ဧည့်သည် မိတ်သင်္ဂဟ အပေါင်းတို့ တွင် သူသည် တစ်ခါတစ်ရံ မင်္ဂလာလည်း ရှိ၏။ တစ်ခါတစ်ရံ အမင်္ဂလာလည်း ရှိ၏။ သို့သော် သူ့အတွက် မင်္ဂလာ၊ အမင်္ဂလာ တို့သည် ကိစ္စမရှိ။ နတ္ထိ ဗလာကျင်းနေသည့် သူ၏ ရင်ဘတ် အစုံ သည် ခရီးသွား ဆောင်သည် တို့ ဥဒဟို ဖြတ်သန်းသည် ဖြစ်၍ သလာယံ ဇရပ် ဖြစ်လျက် ရှိ၏ ဟု ဆိုပါမည်။
“နောက်ဆုံး” ~ “အဆုံး” ~ “အန္တိမ” စသည့် စကားဝတ်ရည်တို့ နှင့် – “အတ္ထိ” ~ “နတ္ထိ” ~ “မရဏ” စသည့် အနတဂ္ဂမ ဝေါဟာရတို့တွင် – ဘယ် စကား အစ၊ အဘယ် ဝါကျ ကိုမျှ စပ်ယူ၊ မသုံးစွဲလိုပေ။ “သူလည်း ဖြစ်၍ ကျနော်လည်း ဖြစ်သည်” ဆိုခြင်း၌ အဘယ် ဝါစင်္ဂမျှ မလိုအပ်။ သဇင် ကြွေခြင်း – ခေါင်ရမ်းပွင့်ခြင်း တို့ တစ်ပြိုင်နက် ဖြစ်တည်နေသမျှ ကျနော်တို့ အကြား – မည်သည့် အရာသည် – မည်သို့မျှ အနှောင့်အယှက် ပြုနိုင်ကြမည် မဟုတ်။ စင်စစ် ကျနော်တို့၏ ချစ်ခြင်း အတွင်း အနှစ်သာရ ၌ သဇင်လည်း ပါသည်၊ ခေါင်ရမ်းလည်း ပါသည်။ အဘိဓာန် မပြုထား မိသေးသော လူသူ မသိ ပန်းပွင့် ဝါဝါကလေး လည်း ပါဝင်မည်။
ယင်းတို့ အဘယ်ကြောင့် ဖြစ်တည်နေပါသနည်း ဟု အသင် မေးလိုဟန် ရှိသည် ထင်သည် ။ ဖြေပါမည်။ ကြွေလွင့်ခြင်း၌ အဘယ်အကြောင်း ရှိရ ပါဦးမည်နည်း။ ကြွေလွင့်ခြင်း၌ အရာအားလုံး ထပ်တူညီ ကြောင်း အသင် မကြားသိနိုင်သလော။ ခဏပေါင်းများစွာ မဖြတ်သန်း ခဲ့ပါသလော။ မသိကျိုးကျွံပြု၍ အသိခေါက်ခက် အဝင် နက်ခဲ့သလော ။
တီးတိုး ဆိုပါမည်။ သင်ဖြစ်စေ၊ ကျနော်ဖြစ်စေ၊ သရဖီ၊ စကားဝါ ခတ္တာ ဖြစ်စေ ~ “ကြွေလွင့်ခြင်း ၌ အရာအားလုံး ထပ်တူညီ၏။”
လောက၌ ကြာနွယ်သည်လည်း နှင်းဆီ ဖြစ်နိုင်သေးသည် ၊ သို့သော် မသေချာ။ ပိုးတီသည်လည်း လိပ်ပြာငယ် ဖြစ်နိုင်သေးသည်၊ မသေချာ။ ဝတ်လွှာ သည်လည်း အမြိုက်ဆံ ဖြစ်နိုင်သေးသည်၊ မသေချာ။ နောက်ဆုံး ~ သင်သည်လည်း ကျွန်ုပ် ဖြစ်နိုင်သည်၊ သို့သော် မသေချာ။
သေချာသည်က ယင်းအရာအားလုံး ~ “အဆုံးသတ် ကြွေလွင့်မှု” သက်သက်သာ ဖြစ်သည်။ အမည်နာမ တပ်စွဲ ခေါ်ဝေါ်ကြသည့် ထိုထိုသော အရာများ အားလုံး ၌ “နောက်ဆုံးခဏ” ကို ကိုယ်စီကိုယ်ငှ ပိုင်ဆိုင်ကြသည်ချည်း ဖြစ်သည်။ ထိုခဏ သည် အားလုံးအတွက် တူညီသော ခဏ ဖြစ်ကြောင်း သိမြင်နိုင်ရန် – သင်ရော ကျနော် ပါ ခဏပေါင်းများစွာ ဖြတ်သန်း ခဲ့ပြီးချေပြီ ။ သင် သံသယ ရှိပါသေး သလော။ ယင်း နောက်ဆုံး တခဏ အတွက် အဘယ်ကြောင့် ခဏပေါင်း များစွာ ကျနော်တို့လိုအပ်ခဲ့ရသနည်း။ ထိုတခဏကို မြင်သိဖို့ရာ နောက်ထပ် ခဏပေါင်း မည်ရွေ့မည်မျှ လိုအပ်နေ ပါသေးသနည်း။ ဤမေးခွန်း ၏ အဖြေကို – သူလည်း မသိ၊ ကျနော်လည်း မသိ။ ထိုခဏသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိမှသာ မလွဲမသွေ ဖြေဆိုနိုင်ခဲ့လိမ့်မည်။ အရာအားလုံး ကိုလည်း အသီးသီး ဖြေဆိုပေး ခဲ့ကြလိမ့်မည်။
ယခု – ကျနော် – နောက်တစ်ခေါက် ထပ်၍ ထိုခဏ၏ ဂါထာကို သရဇ္ဈာယ် ကြည့်ပါမည်။
“ကြွေလွင့်ခြင်း၌ အရာအားလုံး ထပ်တူညီသည်”
………….
Jan. 31st. 2012 at 1:00 PM
………….
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
………….
