လူ့ အတွင်းက သတ္တဝါများ

D.T.Suzuki ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်း ရှိပါတယ်။

“ဖားလေး။ ဟုတ်တယ်…။ ကျနော် ဖားကို ချစ်တယ်။ လူ ထက်တောင် သူ့အပေါ် ပို ချစ်သေးတယ်။ ကန်ဘောင် ဘေးမှာ ဖားလေး တစ်ကောင် ထိုင်နေတဲ့ ခဏလေး ကို ကြည့်စေ ချင်တယ်။ ဘယ်လောက် ငြိမ်သက် နေလိုက် သလဲ။ သေသေချာချာ ကြည့်ကြည့် ပါ။ ငြိမ်ဝပ်ပြီး စွဲမြဲနေတဲ့ သူ့ အသွင်သန္တာန်က ကမ္ဘာ လောကရဲ့ ဘယ်အရာမှ အနှောင့်အယှက် မရှိ၊ ဘာမှ တွယ်ညိ မနေသလိုမျိုး။ သူက ထိုင်နေရုံလေး ~ ထိုင်နေတယ် ဆိုရုံမျှလေး~ ဘာဝနာ သတိနဲ့ ဖြစ်နေတယ် ဆိုရုံမျှလေး လို့ပဲ ထင်ရမယ်”

- သူက ဆက်ပြော တယ်။

-“ကျနော် အသိ မရှိခင်က လူနဲ့ တူပြီး၊ အသိရှိပြီး နောက်မှာ ကြောင် တစ်ကောင်နဲ့ ပိုတူလာတယ်”

ကြောင်တစ်ကောင် ကို ကြည့်ရင် – သူဘယ်လို ဖြေလျော့ နားနေရမယ် ဆိုတာ သူ သိနေပါတယ်။ Relaxation အတွက် သူကောင်းကောင်း သိတယ်။ အဘိဓာန်၊ ကျမ်း စာအုပ် လှန်နေစရာ မလိုဘူး။ ကောင်းကောင်း ခြေဆန့် လက်ဆန့် နားနေနိုင်တယ်။ ကျနော် တို့ သာ ဆိုရင် ဘယ်လို Relaxation လုပ်ရမလဲ အခက်အခဲ တွေ့ကောင်း တွေ့နေနိုင်မယ်။ ဒါပေမယ့် သူ့အတွက်တော့ အခက် အခဲ မရှိဘူးရယ်။ ကြောင် အတွက် လူတွေလို ဆရာ မလိုအပ်ဘူး။ ကိရိယာ မလိုအပ်ဘူး။ သူတစ်ကိုယ်တည်း ကောင်းကောင်း နားနေနိုင် သလို ကောင်းကောင်း နိုးကြားနိုင်တယ်။ ခင်ဗျားသာဆို Relax လုပ်တဲ့အခါ အိပ်ပျော်ကောင်း အိပ်ပျော်သွားမယ်။ အဲ့ကြောင်လေး အတွက် က အိပ်ပျော်နေ ချိန်မှာတောင် ကောင်းကောင်း နိုးကြား နေနိုင်သေးတယ်။

တိရစ္ဆာန် တွေနဲ့ ပတ်သက်ပြီး ပြောရင် သူတို့မှာ ဘာ အပြစ် တစ်စုံတစ်ရာ များ ရှိပါသလဲ။ လူတွေ သာ မိမိ အတ္တဘောင် အတွင်း ကနေ နှိုင်းယှဉ် စကား ဆိုကြ တယ်။ “ကျုပ်တို့ ဟာ တိရစ္ဆာန် တွေ မဟုတ်ဘူး။ ကျုပ်တို့ က လူတွေ ဖြစ်တယ်” ဒီစကားရပ် နဲ့ မာန်ထောင် တယ်။ “လူသာလျှင် အသိဥာဏ် အလိမ္မာ ပြည့်စုံ နိုင်တယ်” ဒီစကား ကို တလွဲဆံပင် ကောင်း တွေးယူ ပြီး အခြား သတ္တဝါမျိုးစိတ်တွေ ကို နှိမ်ချ တတ်ကြတယ်။ ဒါဆို မေးကြည့်ရပါလိမ့်မယ်။ သူတို့ မှာ စိုးရိမ်နေ တာတွေ ရှိတယ် ဆိုပေတဲ့ – မျှော်မှန်းချက် တွေ၊ ရည်ရွယ်ချက် တွေ နဲ့ စိုးရွံ့စရာ တွေ ရှိနေ သလား။ တစ်ဦး နဲ့ တစ်ဦး အချည်းနှီး ဂုဏ်သိက္ခာ ၊ ဓန ဥစ္စာ တွေနဲ့ ယှဉ်ပြိုင် ပုတ်ခတ် တွန်းတိုက် နေ သလား။ ဘာသာ တွေ အပြိုင် တည်ထောင် နေသလား။ ဂိုဏ်း ဂဏ တွေ တစ်စဉ်ထောင်၊ ကွဲပြား နေသလား။ ကျိန်းသေ တာက သူတို့ဟာ ကျနော်တို့ လူတွေလို စိတ်ပညာ ဆရာဝန် ၊ စိတ်ခွဲ ပညာရှင် ( Psychoanalyst ) စသဖြင့် ခေါ်စရာ မလိုလောက် ဘူးရယ်။ တကယ် ရူးသွားတဲ့ တိရစ္ဆာန်၊ ( ဥပမာ – ခွေးရူး ) တွေဟာ လူတွေကြားထဲ လူငွေ့ကူး သွားတဲ့ အခါ မှသာ ဖြစ်တတ်ကြောင်း ခင်ဗျား တွေ့ရ ပါလိမ့်မယ်။ သူတို့ သဘာဝ မူရင်း အတွင်းမှာ ရူးသွပ်သွားစရာ တစ်ခုမှ မရှိကြောင်းတော့ ခင်ဗျား မြင်နိုင် ပါမယ်။

Read more of this post

သစ်ခြောက်ပင်

ဒုက္ခ၏ အနက်အဓိပ္ပာယ် သည် မရှိသည့် အရာကို ရှာဖွေခြင်း ဖြစ်သည်။ အခြား တစ်နည်း ဖြင့် ဆိုလျှင် ဒုက္ခ၏ အနက်အဓိပ္ပာယ်သည် သဲထဲက ဆီထုတ်ယူရန် ကြိုးစားခြင်း ဖြစ်သည်။ မရှိသော ကောင်းကင်ပန်းကို ခူးဆွတ်ဖို့ ကြိုးစားခြင်းလည်း မည်သည်။ ယုန်သတ္တဝါ၌ မရှိသော ဦးချိုကို ရှာခြင်း ဖြစ်သည်။ ထို့ကြောင့် ဒုက္ခ၏ အနက် အဓိပ္ပာယ်သည် မဖြစ်နိုင်သည့် အရာကို လိုလားတောင့်တ ခြင်း ဖြစ်သည်။

လေးဖက် လေးတန်၌ မအောင်မြင်မှုများ စုပုံနေလိမ့်မည်။ ယင်း အစုအပုံသည် သင်၏ သင်္ချိုင်းဂူ သာ ဖြစ်ပါလိမ့်မည်။ ကာမဂုဏ် အာရုံ၌ အရသာ တွေ့နေသရွေ့ စည်းစိမ်ချမ်းသာ ရှိနေသည် ဟူ၍သာလျှင် ထင်မြင်နေပေလိမ့်မည်။ မိမိ ၏ မျက်လုံး အတွင်း သန္တာန်ထဲ ရောက် မသွား မချင်း ချမ်းသာ သုခသည် မိမိ၏ အတွင်း သန္တာန်၌ ရှိသည် ဆိုသည့် အကြောင်းကို သိမြင်လိမ့်မည် မဟုတ်ပေ။ ယင်း အခြေအနေမျိုး ရောက်မလာမချင်း ဣနြေ္ဒများသည် ထိန်းချုပ်၍ မရနိုင် ဖြစ်တတ်သည်။ မိမိ၏ အမြင်သည် လွဲမှားသော အမြင် ဖြစ်နေ ပါက ဣနြေ္ဒ ထိန်းချုပ်မှု သည် ဖြစ်မလာနိုင်ပေ။

စင်စစ် ဣနြေ္ဒကြီးရင့်မှု ဟူသည် တစ်ဖက်စောင်းနင်း မဖြစ်သော တည့်မတ်ဖြူစင်သည့် အမြင်၏ အကျိုးဆက် ဖြစ်သည်။ စာဆန်ဆန် ဆိုရလျှင် ဣန္ဒြိယ သံဝရသည် သမ္မာဒိဋ္ဌိ၏ အကျိုးဆက် ဖြစ်၏။ “သမ္မာ” ၏ အနက်အဓိပ္ပာယ်သည် ရှိသည့် အရာကို ရှိသည့် အတိုင်း မြင်ခြင်း ဖြစ် သည်။ မရှိသည့် အရာကို မရှိသည့် အတိုင်း မြင်ခြင်း ဖြစ်သည်။ ဘဝ၌ သုခပန်း ပွင့်လျှင် စိတ်ရွှင်လန်း ချမ်းမြေ့မှု ဖြစ်ပေါ်မလာဘဲ နေမည် မဟုတ်ပေ။

ဓမ္မပဒ၌ ~

“ကာမဂုဏ် အာရုံ အရသာ၌ အကောင်းကို ကြည့်နေသော ဣနြေ္ဒများကို ထိန်းချုပ်ခြင်း မရှိသော၊ ခဲဘွယ် ဘောဇဉ် စားသုံးရာ၌ အတိုင်းအရှည် ပမာဏ မသိသော၊ ပျင်းရိသော၊ လုံလဝီရိယ ကင်းမဲ့သော သူကို ‘မာရ’ သည် လေမုန်တိုင်းက သစ်ပင်ခြောက်ကို လဲကျသွားအောင် ပြုလုပ်သကဲ့သို့ လဲကျသွားအောင် ပြုလုပ်လိမ့်မည်”

Read more of this post

အချက်အလက်များနှင့် ခေါင်းကိုက်ခြင်း

A: အိုရှိုး – ခင်ဗျားကို အချက် အလက် တစ်ခု တင်ပြတဲ့အခါ တစ်ခါမှ အနှောင့်အယှက်ဖြစ်သွားဟန် မရှိဘူး။ အဲ့ဒါကို မြင်တော့ ကျနော့ အနေနဲ့- တော်တော် ကသိ ကအောက် ဖြစ်တယ်။

B: ခင်ဗျား ရူးနေလို့ပဲ ဖြစ်ပါလိမ့်မယ်။ ကျနော့ကို အနှောင့်အယှက် မရှိတဲ့အရာတွေက ခင်ဗျားကိုပါ ရောပြီး ဘယ်လို အနှောင့် အယှက် ပြုနိုင် မှာလဲ။ တကယ်တမ်း ပြောရင် ~ ကျနော် အချက်အလက်တွေကို သိပ်တန်ဖိုး ထားလေ့မရှိဘူး။ အချက်အလက်ဟာ အမှန် သိတဲ့ အရာ မဟုတ်သေးဘူး။ ကျနော်တို့ အမှန်ကို ရောက်နိုင်ဖို့ အထောက်အကူ တစ်ခုသာ ဖြစ်တယ်။ ခင်ဗျားမှာ ဘယ်လို အထောက် အကူ တွေ ရှိ လဲ။ အယူဝါဒ အစွဲတွေလား၊ မျက်ကန်း ယုံကြည်ချက်တွေလား ၊ ဒါမှမဟုတ် မသိတဲ့ အသွင် သန္တာန် နဲ့ ယောင် နန အပိုင်းအစတွေ လား။ ဒီလို မသိတဲ့ အချက်အလက်တွေ အတွက် ကျနော် ကိုယ် ကျနော် ဘာလို့ အနှောင့်အယှက် အဖြစ် ခံရမှာ တဲ့လဲ။

မနေ့က အရာ တစ်ခု ဖြစ်ခဲ့တယ်။ ဒါဟာ အချက်အလက် တစ်ခု ဖြစ်မယ်။ ဒါပေတဲ့ ဒီနေ့ မဖြစ်ဘူး မဟုတ်လား။ ယေရှုခရစ် ၊ မောရှေ၊ အာဗြဟံ စသည် သူတို့ အတွက် “နေဟာ ကမ္ဘာကို ပတ်တယ်” ဆိုတာ အချက် အလက် တစ်ခု ဖြစ်နိုင်မယ်။ ဒါပေမယ့် အဲ့ဒါဟာ အချက် အလက် တစ်ခုထက် မပိုဘူး ဆိုတာတော့ သိထားရလိမ့်မယ်။ အခု ကနေ့ကာလမှ “ကမ္ဘာက နေကို ပတ်နေတယ်” ဆိုတာဟာ အချက် အလက် တစ်ခု ဖြစ်သွားတယ်။ သူတို့ ခေတ် အခါနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားတယ်။ ဒါကရော ခင်ဗျားကို ဘယ်လောက် ကသိ ကအောက် ဖြစ်စေနိုင် မှာလဲ။ ခင်ဗျားကရော ဒီအချက်အလက်တွေနဲ့ ဘာကြောင့် ကသိကအောက် အဖြစ် ခံရတာလဲ။ လူဟာ အမြဲ ရှေ့ ကို ပြောင်းလဲ တိုးတက်နေတယ်။ ပိုပိုပြီး အသိအမြင် ဥာဏ် ကြွယ်ဝလာတယ်။ သိပ္ပံ အသိသညာတွေ ၊ နည်းနာတွေ သုံးစွဲမယ်။ သဘာဝ လောကဓာတ်ရဲ့ အစစ်အမှန် ဆီကို နည်းအမျိုးမျိုးနဲ့ နေ့စဉ်နေ့တိုင်း ချဉ်းကပ် ရှာဖွေ ကြည့်မယ်။ ဒါဆို အချက်အလက်တွေဟာ အသစ် အသစ် တွေနဲ့ အမြဲ ပြောင်းလဲနေမှာပဲ မဟုတ်လား။

ကျနော် အချက်အလက် ကို တန်ဖိုး မထားဘူး။ တကယ့်အဖြစ်ကိုပဲ တန်ဖိုးထားတယ်။ ဆိုလိုတာက အချက်အလက် ကို လူလုပ် လို့ ရတယ်။ တကယ့် အဖြစ် ကို လူလုပ်လို့ မရဘူး။ ကျနော် ကြံတွေးကြည့်ပြီး အချက်အလက် တစ်ခု ဖြစ်နိုင်ပေမယ့် ~ ကျနော် ကြံတွေး တဲ့ စိတ်နဲ့ တကယ့်အဖြစ်အရှိ တစ်ခုကို ချေဖျက်ပစ်လို့ မရဘူး။ အမှန်တရား ( ဝါ ) သစ္စာဟာ တည်ရှိပြီးသား ဖြစ်ပါတယ်။ ခင်ဗျား မသိ တာ သိတာ ခင်ဗျားနဲ့ပဲ ဆိုင်တယ်။ တကယ့်အဖြစ် သစ္စာက ရှိပြီးသား ၊ ရှိနေပြီးသားပဲရယ်။

ဆိုလိုတာက ~

Read more of this post

နွယ်

ရှင်းသန့်သော စိတ်သည် မာန်မာနမရှိ။

ဒီ စကား ဟာ လေးနက်တဲ့ စကား ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အမှီအခို ၊ မှီတွယ်မှု စရိုက် ( Psychological Dependence ) ပြဿနာ အတွင်းပိုင်းထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက် ထားတယ်။ ခင်ဗျား ရဲ့ စိတ်ကို ငုံလျှိုး တိုးဝင်ကြည့်ရင် တွေ့ရမှာက – ကျနော်တို့ အားလုံး နီးပါးဟာ ကြောက်လန့် စရာ ကောင်းလောက်အောင် တစ်ကိုယ်တည်း အထီးတည်း တွေ့ရမယ်။ ဟုတ်တယ်ဟုတ် ? တကယ်လည်း ကျနော်တို့ အများစုဟာ အတွင်းပိုင်း ဗလာ၊ အနှစ်သား မရှိ ဖြစ်နေတယ်။ စိတ်အစဉ် သက်သက် က ပြတ်တောက် နေပါတယ်။

ချစ်ခြင်း မေတ္တာ ကို တကယ် စင်စစ် နားလည် တဲ့သူ ရှား တယ်။ မိမိ အဇ္ဈတ္တ မှာ အထီးကျန် ဖြစ်နေတယ် ဆိုတဲ့ အသိ၊ မိမိ တစ်ကိုယ်တည်း မလုံလောက်၊ မပြည့်စုံဘူးလို့ နားလည်မိတဲ့ အသိ၊ ဘဝရဲ့ အရင်းခံမှာ တွယ်ရာမဲ့နေတယ် ဆိုတဲ့ အသိတွေကြောင့် ကျနော်တို့ ရရာတစ်စုံတစ်ခုကို ဆွဲငင်တယ်။ တွယ်ချိတ်တယ်။ တွယ်တာတယ်။ ဒါဟာ မိသားစု တစ်စုရဲ့ ဘဝကို သာယာအောင် ပုံဖော်တဲ့ နောက်ကွယ် အကြောင်း တစ်ရပ် ဖြစ်ပါတယ်။ မိသားစု သိုက်မြုံကို ကျနော်တို့ မှီခိုတယ်။ စင်စစ် ဇနီးမယား (ဝါ) လင်ယောင်္ကျား ဆိုတဲ့ အဖြစ်ဟာ ကျနော်တို့ဘဝ အရင်းခံကို အဝေးပို့ပစ်ပါတယ်။

အိမ်ထောင်ရဲ့ အရင်းခံပြဿနာ ဟာ ဣဿာ၊ မစ္ဆရိယ လို့ ခေါ်ရမယ်။ စင်စစ် သိမ်းပိုက်မှု ဆိုတာဟာ အခြားသူတစ်ဦး ဆီများ ခွဲထွက် ပိုင်ဆိုင် သွားလေ မလား ဆိုတဲ့ အဲ့ဒီ ဣဿာ၊ မစ္ဆရိယ စိတ်ရဲ့ သရုပ်သကန် မဟုတ်လား။ ဒါ့ကြောင့် ဒီအရာဟာ ချစ်ခြင်း မေတ္တာ မဟုတ်ဘူး။ လူ့အသိုင်းအဝိုင်း က သိမှတ်ပြုထားတဲ့ မိသားစုတစ်စုရဲ့ မေတ္တာ ရပ်ဝန်း ဟာ လေးစားစရာ ကောင်းတယ် မဟုတ်လား။ – ဟုတ်ပါတယ်။ လေးစား မြတ်နိုးဖွယ် ရှိရခြင်းကြောင့် လည်း ဒီကနေ့ လူသားတွေ ထွန်းကား လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေတဲ့ တစ်ဖက်မှာ ဆင်ခြင်စရာ တွေ ရှိနေတယ်။ အိမ်ထောင်မှု ပြုခြင်း ရဲ့ တစ်ဘက်ခြမ်း မှာ လွတ်မြောက် ချမ်းမြေ့ခြင်း ကို ပုံဖော်ပေး တယ် ဆိုပေတဲ့ ၊ အခြား တစ်ဘက်ခြမ်းမှာ တုပ်နှောင်မှု၊ တွယ်တာမှု က ရှိ နေပြန်တယ်။ စင်စစ် နှောင်တွယ် တယ် ဆိုတာဟာ တကယ် ဖြစ်ရှိနေတဲ့ အထီးတည်း ဖြစ်နေရခြင်း၊ မိမိ ရင်တွင်း မိမိ ပြန်မကြည့်လိုခြင်း၊ အကြောက်အကန် ငြင်းဆန်ခြင်း သရုပ်ပဲ လို့ ကျနော် ဆိုချင်ပါတယ်။ အဲ့ဒီ အဖြစ်တွေ ကို မိမိ သန္တာန်မှာ လက်မခံ နိုင်တာ တစ်မျိုး လို့လည်း ဆိုနိုင်တယ် ။ ဒီအကြောင်းကြောင့် ~ တကယ် စင်စစ် ရောက်ရှိလာတဲ့ “မိမိ အဖြစ်” ကို လက်မခံနိုင်ခြင်း ပုံစံ – ဘယ်ပုံစံ မဆို – မှီတွယ်နေခြင်း၊ မှီခိုလိုခြင်း ( Dependence ) အဖြစ်ကို အထောက်အပံ့ အားပြုပါတယ်။ ဒီလိုပဲ ပြောရမယ် ။ ဟုတ်တယ်ဟုတ် ? ။ အဲ့ဒါနဲ့ တစ်ပြိုင်နက်တည်း – “မှီတွယ်တဲ့ စိတ်ဟာ ဘယ်လိုမှ မလွတ်မြောက်နိုင်ဘူး” ဆိုတာကိုလည်း နားလည်သွား နိုင်ပါလိမ့်မယ်။

လွတ်မြောက်တဲ့ စိတ် ဟာ မာန်မာန မရှိကြောင်း သိဖို့ ဆိုရင် ခင်ဗျား ရဲ့ စိတ် ကလည်း လွတ်လပ် နေဖို့ လိုပါတယ်။ ဒီလွတ်လပ် တဲ့ စိတ်၊ ဒီလို မာန်မာန ကင်းဆိတ်တဲ့ သန္တာန်ကသာ အခုအခံ ကင်းမဲ့ခြင်း အဖြစ် ကို ကောင်းကောင်း သိနိုင်တယ်။ အခုအခံ ကင်းဆိတ်နေမှ လည်း – အရာရာကို သင်ယူနိုင်တယ်။

Read more of this post

ဖက်ခွက်စား

ဗုဒ္ဓဘာသာမှာ ဂီတ၊ အက၊ ပြဇာတ် စသည် အနုပညာတွေကို အိမ်နိမ့်စံ ထားထားတယ်။ ဒါပေတဲ့ စင်စစ် အနုပညာ ဟာ ဘာသာရေး ( Religion ) နဲ့ သိပ္ပံ ( Science ) တို့ နှစ်ခု ကြား တည့်တည့်မှာ တည်ရှိတယ် လို့ ကျနော် မြင်ပါတယ် ။ အနုပညာ မှာ အဲ့ဒီ အမည်နှစ်ရပ်ရဲ့ အရည်အသွေးတွေ အညီအမျှ ရောစွက် ပါဝင်နေတယ်။ အနုပညာရဲ့ ခေါင်းဘက်ပိုင်း ကို နည်းပညာ၊ အတတ်ပညာတွေနဲ့ သက်ဆိုင် မယ် လို့ ဆိုရင် ပန်းဘက်ခြမ်းဟာ ဘာသာရေးရဲ့ နက်နဲတဲ့ သိမြင်မှုကို အခြေခံထား တယ်။

ဆိုပါစို့ ~ ပန်းချီတစ်ချပ် ရေးဆွဲတာမျိုး။ သိပ္ပံသမားတွေလည်း ပန်းချီရေးဆွဲနိုင်ပါတယ်။ ပန်းချီ ဝါသနာ ထက်သန်တဲ့ သိပ္ပံ ပညာရှင်တွေ လည်း မြင်တွေ့နေရတာပဲ မဟုတ်လား။ ရိုးရှင်းပါတယ် ။ ဘာသာတရားက အထိုက် အလျောက် ပေးစွမ်း တဲ့ အေးချမ်းမှုမျိုး ကို ဘာသာရေး မလုပ်သူ လည်း အနုပညာ မှာ ရှာတွေ့နိုင်တယ်။ ဒါ့ကြောင့် ကမ္ဘာ့ဘာသာ ပေါင်းစုံ တို့ရဲ့ ပြယုဂ် မှာ အနုပညာဟာ နက်နက် နဲနဲ စိမ့်ဝင်နေ တယ်။

ယဉ်ကျေးမှု ဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း အနုပညာဟာ ပင်မကျတဲ့ တစ်နေရာကို ယူထားပါတယ်။ အနုပညာ အတိမ်အနက်နဲ့ လူမှု လူ့ဘောင် ရဲ့ သရုပ် ကို တွဲဖက် မြင်တွေ့ရလေ့ ရှိတယ်။ အနုပညာမှာ ဘာသာရေးရဲ့ အရိပ်အရောင်ဟာ အထူးသဖြင့် ထင်ဟပ်တယ်။ ဒါပေတဲ့ အများ အားဖြင့် ဘာသာရေး ဟာ အနုပညာ ကို ရှုံ့ချတယ်။ အနုပညာဟာ ဘာများ အမှား ရှိလို့ပါလဲ ~ အဲ့ဒါကို ပြောလိုပါတယ်။

တကယ်က – ဘာသာရေး ထုံမွှမ်း ထားသူ၊ ဘာသာရေး အပေါ် နားလည်သဘောပေါက်သူ ဟာ ဆုတောင်းဝတ်ပြု သလို၊ ဘာဝနာ ပွားများသလို၊ ပန်းချီ ကား တစ်ချပ် အပြည့် အဝ ခံစားသိမှတ် ရေးဆွဲနိုင်တယ်လို့ ကျနော် မြင်ပါတယ် ။ ဒါပေတဲ့ နည်းပညာပိုင်း တွေ ချယ်လှယ်ထားတဲ့ ပန်းချီကားကို မဆိုလိုဘူး။ ~ ဘာဝနာ လေးနက် စိမ့်ဝင် နေတဲ့ ပန်းချီကား ကိုသာ ဆိုလိုတယ်။ ဘာသာရေး ဘက်ကို နီးကပ်တဲ့ အနုပညာ ဟာ ပိုပြီး လေးနက် ကြည်စင်တယ်။ ဒါဟာ တကယ် ဟုတ်မဟုတ် လေ့လာကြည့်စေချင်တယ်။

လက်ရှိ ခေတ်သစ် ပန်းချီတွေ ကို ကြည့်ရင် – နည်းပညာအသားပေးလွန်းတဲ့ ပန်းချီကားတွေဟာ သိပ္ပံ ဘက်ကို နွယ်မယ်။ အကြမ်းထည် ဆန်တယ် ။ သူတို့တွေ လည်း ဆိုင်ရာ ဂုဏ်အင်္ဂါ ရှိနေပါ တယ်။ ကြည့်သူရဲ့ ဟဒယအတိုင်း လှပနေ နိုင်တယ်။ ဒါပေတဲ့ ခံစားမှု အနှစ်သာရ နက်နဲမှုကတော့ ဆိတ်သုဉ်း နေမယ်။

ဒီနေရာမှာ – အိုရှိုး ပြောကြားခဲ့တဲ့ စကားရပ် တစ်ချို့ကို ဥပမာပြုပြီး ထုတ်ယူ ကြည့်ပါမယ်။ ဂီတ၊ စာပေ၊ အနုပညာ စသည် တို့မှာ – ဇင်ရဲ့ စိမ့်ဝင်နေ မယ့် အရာတွေ ရှိပါမယ်။ အထူးသဖြင့် – ပန်းချီ ကိုပဲ ကျဘမ်းပြောကြည့်မယ်။

ဇင်ဆရာ တွေလည်း ပန်းချီ ဆွဲလေ့ရှိတယ်။ သူတို့ ပန်းချီတွေဟာ အခြား ပန်းချီတွေနဲ့ မတူဘူးရယ်။ ဇင် ပန်းချီကား တစ်ချပ်ကို ကြည့်ရင် နူးညံ့ တဲ့ ခံစားချက် တစ်ရပ် ဖြတ်ခနဲ ဖြစ်ပေါ်ကြောင်း၊ ကြည်ရွှင်တဲ့ သန္တာန် ဖြစ်တတ်ကြောင်း စိတ်ပညာ ဆရာတွေ အပါအဝင် အနုပညာရှင်တွေ လက်ခံထားကြတယ်။ ပေါ့ပါးတဲ့ ကြည်နူးမှု မျိုး ဖြစ်တယ် လို့ ခေါ်နိုင်မယ် ထင်ပါတယ်။ Read more of this post

သုညတ ကိုယ်တော်

ဇင်ကိုယ်တော် တစ်ပါး ရှိတယ်။ သူ့ကိုယ်သူ “သုညတ ကိုယ်တော်” လို့ နာမည် ပေးထားတယ်။ စင်စစ် – သူဟာ ဘာမှ မသိတဲ့သူ၊ အသိ အမြင် ဘာမှ မရှိ၊ ဘာမှ နားမလည်ထား တဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် သူ မသိ၊ မတတ်၊ နားမလည် တာကို လူမသိစေချင်ဘူး။ ဒါ့ကြောင့် ထက်မြက်တဲ့ ကိုယ်တော် နှစ်ပါးကို သူ့ဘေးနား ခေါ်ထားတယ်။ တကယ်လို့သာ တစ်စုံတစ်ယောက်က တရားစကား အမေး အမြန်း ပြု လာခဲ့ရင် သူတို့ နှစ်ပါးကပဲ ဖြေ၊ သူကတော့ ဆိတ်ဆိတ် နေတယ်။ ဘာမှ ကို မပြောဘူး – အခန့်သား – ဆိုပါတော့။ ဒီလို စကား ဘာမှ မပြော၊ မဆို တဲ့ အတွက် လည်း သူ့ကိုယ်သူ သုညတ ကိုယ်တော် အဖြစ် ကောင်းကောင်း နာမည် တပ် ထားနိုင်ခဲ့တယ်။

တစ်နေ့တော့ ~ ကျောင်းကို – အာဂန္တု ရဟန်း တစ်ပါး ရောက်လာတယ်။ ဖြေကြားလေ့ ရှိတဲ့ ဟို ကိုယ်တော် နှစ်ပါးကလည်း ကံ ဆိုးချင်တော့ – အဲ့အချိန် – သူ့အနား မှာ – ရှိမနေဘူး ။ “သုညတ ကိုယ်တော်”ကြီး ဖြစ်တဲ့ သူသာလျှင် အထီးတည်း ရှိနေတယ်။ အာဂန္တု ရဟန်းက ရောက်ရောက်ချင်းပဲ ကိုယ်တော်ကြီး ကို မေးခွန်း တစ်ခု မေးတယ်။

“ဆရာတော်ဘုရား၊ ဗုဒ္ဓ ဆိုတာ ဘာလဲ”

ကိုယ်တော် လည်း ဘာဖြေရမှန်း မသိတော့၊ ကျီးကြည့် ကြောင်ကြည့်- ဟိုကြည့် ဒီကြည့်ပေါ့။ တောင်တောင် အီအီ ဟိုငေး ဒီငေး ဖြစ် သွား တယ်။ ဘာမှလည်း မပြောသာ ဘူးရယ်။ ဒါပေမယ့် အာဂန္တု ရဟန်းက ကျေနပ်သွားဟန် တူပါတယ်။ နောက်မေးခွန်းတစ်ခု ထပ်မေး တယ်။

Read more of this post

Follow

Get every new post delivered to your Inbox.