ကန့်လန့်တိုက်၏

သည်ကနေ့ ပုဂ္ဂိုလ်တစ်ဦး က စကားဆိုသည်။ ကျနော်၏ ပြောစကား ၊ စာများ သည် စာရှုသူ အပေါ် စေတနာထားသော စာများ မဟုတ်။ နှစ်သိမ့် ကြည်နူးစေ သော စာများ မဟုတ်။ နှောင့်ယှက်သော စာများ ၊ ကန့်လန့် တိုက်နေသော စာများ ဖြစ်သည် ဟူ၏။ ၎င်းပြဆိုသော သာဓက များမှာ ~ ဘုရားသခင် မရှိ ~ ဆိုခြင်းမျိုး ၊ နိုင်ငံရေး သမား ပြဿနာ မျိုး၊ ပုရိသ ဝါဒ ပြဿနာနှင့် သိပ္ပံ အချို့၊ ကျနော် ခပ်နာနာ ပြောသော ဆိုစကား အချို့ ဖြစ်သည်။

၎င်း၏ ဆိုစကားကို ကြည့်၍ ၎င်း၏ တိုက်တွန်းသမှုဖြင့် ဖြေကြည့်ပါမည်။

မှန်၏ ~ ကျနော် ကန့်လန့်တိုက်ပါသည်။ အဘယ်ကြောင့် ဆိုသော် ထို ကန့်လန့်တိုက်ရခြင်း အမှု ကို ကျနော် ချစ်သော ကြောင့် ဖြစ် သည်။ ကန့်လန့် တိုက်ခြင်း သည် စင်စစ် လိုအပ်သော အရာတစ်ခု ဟု ကျနော် မြင်သည် ။ လိုက်လျောခြင်း၊ နှစ်သိမ့်ခြင်း၊ ဖြေသိမ့်ခြင်း၊ အလိုက်အထိုက် ရှိခြင်း၊ Negotiate လုပ်ခြင်း စသည်တို့မှာ လူပေါင်းများစွာ သည် နှစ်ပေါင်းများစွာ ပြုခဲ့ကြပြီးသော အရာများ သာ ဖြစ် ၏။ သမိုင်းတလျောက်တွင် ယင်းတို့ကို အသုံးချ၍ အဘယ်လူသားသည် ဘဝပြဿနာများကို အဖြေရခဲ့ ပါသနည်း။ အောင်မြင်မှု အစား ~ အုပ်စုဖွဲ့ စရိုက် လက္ခဏာ များဖြင့် ဆိုးကျိုးများသာ ရရှိခဲ့သည်များ အတိုင်းသား ရှိ၏ ။

အချည်းနှီး ဖြစ်ကြသည့် “အလိုက်အထိုက် ရှိခြင်း၊ ကန့်လန့် မတိုက် ~ အလိုက်တသင့် ခေါင်းညိမ့်ခြင်း” တို့ကြောင့် လူတို့အကြားတွင် လက်တွေ့မပါ ~ အိပ်မက်ပေါင်း များစွာသာ မက်စွမ်းခဲ့ကြသည်။ စင်စစ် အိပ်မက် ဟူသည် ယင်းနှစ်သိမ့်မှု ၊ လှိမ့်လုံး ပတ်လုံး များမှသာ အများအားဖြင့် ပေါ်ပေါက်ကြောင်း သိခဲ့ဖို့ ကောင်းပါသည်။

ထို့ကြောင့် တစ်ဖက်တွင် ~ နှစ်သိမ့် လိုက်လျော ပေးခြင်း အမှုကို ကျနော် မုန်းသည်။ နှစ်သိမ့် ပေးခြင်း ဆိုသည်မှာ အများစု ယူဆသလို “တစ်ဖက်သူ၏ ဝေဒနာ ကို ဖြေဖျောက်ပေးခြင်း” မဟုတ်ပေ။ တစ်ဖက်သူ၏ အခက်အခဲ အတွက် အဖြေ စစ်စစ် ကို ရှာဖွေ လမ်းပြ ပေးခြင်း မဟုတ်ပေ။ နှစ်သိမ့် စကား ဆိုခြင်း တို့ကြောင့် – တစ်ဖက်သူ ၏ ဝေဒနာ သည် ဧကန် ပြေပျောက် မသွားပေ။ ငုပ်လျိုး သွားခြင်းသာ ဖြစ်သည်။ တစ်ဖက်သူ၏ ပစ္စက္ခ အခြေအနေ ကို ယောင်ယမ်း မအော်ဟစ် မိစေရန် ဘိန်းကျွေး လိုက်ခြင်း သာ ဖြစ် သည်။

Read more of this post

မိစ္ဆာ ( Devil )

Questioner: တစ်ချို့လူတွေ ပြောကြတယ် ~ “ပြေးလွှား လျောက်သွား နေကြတဲ့ မိစ္ဆာကောင်တွေ ရှိတယ်။ သူတို့ဟာ ကျနော်တို့ရဲ့ အထင်အမြင်၊ စိတ်နှလုံး အတိုင်းသာ ဖြစ်ပါတယ်” တဲ့ ။ အဲ့စကားကို မှန်တယ်လို့ ထင်ပါသလား။

Answer: မိစ္ဆာကောင် ( Devil ) ဆိုတာ မရှိဘူးဗျ။ ဘာလို့ဆို ဘုရားသခင် ဆိုတာ မရှိလို့ပဲ၊ ဘုရားသခင် မရှိတဲ့ အတွက် မိစ္ဆာကောင် ဆိုတာ လည်း မရှိဘူး။ ဒီကောင်တွေဟာ ~ ခင်ဗျား သတ်မှတ်ထားတဲ့ ဘုရားသခင် ( God ) ဆိုတာရဲ့ အရိပ်မှန်ထိုးတွေသာ ဖြစ်ပါတယ်။ သူတို့ဟာ ဘုရားသခင် ( God ) မရှိဘဲ မရပ်တည်နိုင်၊ မရှိနိုင်ဘူး။

ကောင်းကင်ဘုံ ၊ မြင့်မြတ်ခြင်း ( Divine ) နဲ့ မိစ္ဆာကောင် ( Devil ) ~ ဒီစကားလုံး နှစ်လုံးရဲ့ ရင်းမြစ်ဟာ အတူတူပဲ ဆိုရင် ခင်ဗျား အံ့ဩသွား မလား။ စင်စစ် ဒီ ဝေါဟာရ နှစ်ခုစလုံး ဟာ သဿင်္ကရိုက် မှာ အခြေခံတယ်။ ကောင်းကင်ဘုံ၊ မြင့်မြတ်မှု ကို ဒီဘာသာမှာ ~ ဒေဝ ( Deva ) လို့ ခေါ်ပါတယ်။ ဒီ “ဒေဝ ( Deva )” ကနေ “Divine” နဲ့ “Devil” ဆင်းသက်လာတယ်။ ဒါ့ကြောင့် မိစ္ဆာကောင် ( Devil ) နဲ့ ဘုရားသခင် ( God ) ဟာ ဒင်္ဂါးပြား တစ်ပြားတည်း ရဲ့ ခေါင်းနဲ့ပန်းသာ ဖြစ်ပါတယ်။

စင်စစ် God လည်း မရှိဘူး။ Devil လည်း မရှိဘူး။ ခင်ဗျား သာ ဒီနေရာမှာ ရှိနေတယ်။ အိပ်ပျော်နေမလား ~ နိုးနေမလား ဒါပဲကွာတယ်။ ခင်ဗျား အိပ်ပျော်နေရင် ခင်ဗျား ဘဝဟာ ဒုက္ခ တွေ ၊ နာကျင် ကိုက်ခဲနေရတာတွေနဲ့ အဓိပ္ပာယ်မဲ့ ဖြစ်နေရမယ်။ ခင်ဗျား နိုးနေရင်တော့ အဲ့ဒီ ကပ် ရောဂါ မှန်သမျှ ပျောက်ကွယ် သွားပါတယ်။ အဲ့ဒီ ခဏမှာ ခင်ဗျား ဘေးပတ်ပတ်လည် နဲ့ ခင်ဗျား ကိုယ်တိုင်ဟာ ချမ်းမြေ့မှု အတိ ရှိနေကြောင်း၊ တိတ်ဆိတ် အေးချမ်းနေ ကြောင်း၊ လေးနက် ကြည်လင် နေ ကြောင်း ပထမဆုံး အကြိမ် သိလိုက်ရပါလိမ့်မယ်။

ဒါကို ခင်ဗျား ထိတွေ့ကြည့်ချင်တယ် သိချင်တယ် ဆိုရင် ~ လုပ်ဖို့ လိုတာတွေက အများကြီး မဟုတ်ဘူးရယ်။ ခင်ဗျားရဲ့ အနုမာန မှန်းဆချက်တွေကို ဘေးဖယ်ချ ပစ်လိုက်ဖို့ပဲ။ ခင်ဗျား အနေနဲ့ ဘုရားသခင် ကိုးကွယ်ရာ ဝါဒီ တစ်ခုခု၊ အဖွဲ့ဝင် ဖြစ်နေဖို့ မလိုအပ်နေဘူး။ ကွန်မြူနစ် ဝါဒီ ဖြစ်နေဖို့လည်း မလိုအပ် နေဘူး။ အဲ့ဒီ ဝါဒီ၊ ဝါဒ ၊ အယူအစွဲ အနုမာနတွေ ကို ဘေးခဏ ဖယ်ထားကြည့် ဖို့ပဲ လိုအပ်တယ် ။ ဒီခဏလေးပါပဲ။ ကျနော် ပြောတာ အမြဲ ဖယ်ချနေရမယ် လို့ ပြောတာ မဟုတ်ဘူး။ ဒီခဏလေးပဲ ရယ်။

Read more of this post

ရှေ့ နှစ်နာရီ ~ အက်ဆေး

ဤနေ့ မနက်တွင် နားတစ်ဖက်မှ လေထွက်သည်။ ကွန်နက်ရှင်က နန်း ကွန်နက်တစ် ဟု ပြသဖြင့် လိုင်းကျသွားပြီ ဖြစ်ကြောင်း သိလိုက်သည်။ တပ်ထားသော နားကြပ်ကို ဖြုတ်လိုက်သည်။ ချော့မြူ ဆွဲခေါ်စရာ သိပ်မလိုအပ်သော “တောက်!!” ခေါက်သံ က ခံတွင်းမှ အလိုလို ထွက်ပေါ်၏။ ရှေ့တည့်တည့် တွင် ရှိသော ကော်ဖီခွက် – တစ်ချက် တုန်ခါ သွားသည်။ ကွန်ပြူတာ ဖန်သားပြင် ၏ မျက်နှာတော် သည်လည်း တစ်ချက် ဝေဝါးသွားသည်။

မျက်လုံးကို ပွတ်သပ်လိုက်မိ၏။ လက်ပတ်နာရီကို မေ့လျော့ ထားသောကြောင့် စားပွဲပေါ်က နာရီ ကို ကျော်ကြည့်သည်။ ရှေ့ လာမည့် နှစ်နာရီ ကို တွေးဆကြည့် လိုစိတ်သည် မိမိ သန္တာန် အတွင်း၌ အတိုင်းသား ပေါ်ပေါက်၏။ အဓိက တွေးသည်မှာ ရှေ့နှစ်နာရီ တွင် ဘာဖြစ်မည်နည်း ဟူ၍။

ဖြစ်ကောင်း ဖြစ်နိုင်သည်များ ရှိပါသည်။ – ယင်းနှစ်နာရီ အရောက်တွင် ကျနော် ထမင်းစားနေနိုင်သည်။ ရယ်မော စကား ဆိုနေနိုင် သည်။ အလုပ် တွင်တွင်သား လုပ်ချင် လုပ်နေနိုင်သည်။ အနားရှိ တစ်ယောက်ယောက်ကို ဘာမပြော ညာမပြော ဆွဲထိုးပစ် လိုက်မည်။ သို့မဟုတ် ~ ယခုကဲ့သို့ နားတစ်ဖက်က လေထွက်၍၊ ယခုကဲ့သို့ပင် ကွန်နက်ရှင်က နန်းကွက်နက်တစ် ပြနေနိုင်သည်။

ဒုတိယ ဖြစ်နိုင်ခြေမှာ~ ( ဗုဒ္ဓဘာသာဝင် တို့၏ စကားနှင့် ဆိုလျှင် ) ကျနော် ဘဝ တစ်ပါးသို့ ပြောင်းသွားနိုင်သည်။ (ဝါ) ( ခရစ်ဝင်တို့၏ စကားနှင့် ဆိုလျှင် ) ကျွန်တော် ခရစ်တော်၌ အိပ်ပျော်သွားနိုင်သည်။ ဟင့်အင်း ။ ကျနော် အိပ်ပြီးပါပြီ။ တော်တော်ကြာကြာ (ဝါ) ကာလ အတန်ကြာ အိပ်စက်ပြီးပြီ။ အိပ်မက်များပင် အကောင်းအဆိုး ရောပြွန်း၍ မက်ခဲ့ပြီးပြီ။ တော်လောက်ပြီ။ ထပ်မံ အိပ်စက်ရန် မလိုအပ်တော့ ဟု ထင်သည်။

အတွေးများက ယင်းရှေ့ နှစ်နာရီတွင် တဝဲလည်လည် ပြန်ပတ်ရှုပ် သွားပြန်သည်။ ခက်ကပြီ။ ယင်း ရှေ့နှစ်နာရီ အရောက် တွင် ကျနော် ဘာလုပ်ရမည်နည်း ။ အခြား ဖြစ်နိုင်ခြေများ ရှိသေးသလော။ …. အိုကေ !! ဆက်တွေးပါမည် ~

Read more of this post

စွန်ကြိုး

ကဗျာ ဆရာ တစ်ယောက် က ပြောပြ ~
~ သူဟာ စွန်တစ်ကောင်
~ မှန်စာကြိုးလေး တစ်စ နဲ့ သွယ်သွယ်လေး ကနေရ သတဲ့
ဟုတ်မှာပေါ့ ~

သူဟာ စွန်ဆို ~ ကျနော်က ကြိုး
ဒါပေတဲ့ -
မချည်တဲ့ ကြိုး
မပြည်တဲ့ ကြိုး
အခြားသူကို ဖြတ်မယ့်ကြိုး
မိမိဘာသာ ပြတ်မယ့် ကြိုး

သူ ~ ဟိုး မိုး အထက်မှာ ဝဲပျံ က နေချိန်
ကျနော် က မမြင်နိုင်တဲ့ မှန်စာမျှင် တစ ~ ပါးလျလျ
ဟော တွေ့လား
ဟော ဟိုမှာလေ ~ တွေ့ရဲ့လား
သူ့ဟာသူ ကောင်းကင်မှာ
လွတ်လွတ်ရှင်းရှင်း ပျံဝဲနေလိုက်တာများ ~

Read more of this post

မိမိနှင့် မိမိ ~ မကွဲမပြား ဖြစ်လျက် ရှိခြင်း

ခင်ဗျား အသိမိတ်ဆွေ တစ်ယောက်နဲ့ လေးလေးနက်နက် စကားဆို နေတဲ့ အချိန် ဆိုပါတော့ ။ ခင်ဗျား ရုတ်တရက် ~ မိမိ ဘာသာ တိတ်တ ဆိတ် နေချင် မိတတ်တယ်။ အဲ့ဒီ အဖြစ် ကို ခံစားမိ တာမျိုး ရှိတတ် ပါတယ်။ အဲ့ အချိန်မှာ ကိုယ့်စိတ်က ဒီလို ပြောနေရတာကို ရပ်ပစ် လိုက်ချင် မိမယ်။ ပြောနေတဲ့ စကား က တန်းလန်းကြီးရယ် ~ ဒါပေမယ့် ခင်ဗျား ရင်ထဲမှာ ချက်ချင်း ~ တိတ်တိတ်လေးပဲ နေလိုက်ချင်တော့တယ် ဆိုပါတော့။

ကျနော့အနေနဲ့ တိုက်တွန်းလိုတာက ~

အဲ့အချိန်မှာ ဘာဖြစ်နေနေ ရပ်ပစ်လိုက်ပါ။ ဘာကိုမှ ဂရုစိုက်မနေပါနဲ့ ~ ရပ်ပစ်လိုက်ပါ။ စကား မပြီးမှာ – တဖက်သူ စိတ်ထဲ အဓိပ္ပာယ် မှားယွင်းသွားမှာ – အဓိပ္ပာယ် ကောက်လွဲသွားမှာ – စသဖြင့် စိုးရွံ့မနေပါနဲ့ ~ ရပ်ပစ်လိုက်ပါ။ ဘာလို့ဆို ~ မရပ်ဘဲ ဆက်စကားပြော နေမယ် ဆိုတဲ့ အခါ အဲ့ဒါဟာ ~ ခင်ဗျား ရင်ထဲက သဘာဝ ကို မိမိ ဘာသာ မိမိ ဆန့်ကျင် မိရက်သား ဖြစ်သွားမှာ မို့လို့ပါပဲ။

ဒါပေမယ့် အဲ့အချိန် မိမိ သန္တာန်မှာ ဝေဖန် စိစစ်တဲ့ အတွေးအမှု- ပေါ်ပေါက်လာ တတ်ပါတယ်။ စကား အကောင်း ဆိုနေရင်း ရုတ်တရက် တန်းလန်း ရပ်လိုက်တဲ့အခါ – အခြား သူတွေများ ငါ့ကို ဘယ်လို ထင်သွားမလဲ ဆိုတဲ့ အတွေးနဲ့ ခင်ဗျား လေးပင် သွားနိုင်တယ်။ တကယ်တမ်း မှာလည်း ခင်ဗျား ရုတ်တရက် စကား ရပ်လိုက်ရင် ~ တဖက်သူက နားလည်မှာ မဟုတ်ဘူးပဲ။ ဒါကို ခင်ဗျားလည်း သိပါ တယ်။ ဒါ့ကြောင့် စိတ်က ရပ်ချင်နေ ရင်တောင် ပြည့်စုံအောင် ခင်ဗျား ဆက်ပြော နေမိ ဦးမှာ။ အဲ့ အကြောင်းအရာ တစ်ခု အပေါ် စိတ်ဝင် တစား ရှိနေကြောင်း ခင်ဗျား ဆက် ဟန်ဆောင် နေဦးမှာ။ နောက်မှ သာ စကား မပြတ်ပြတ်အောင် ဖြတ်ပြီး ခင်ဗျား ဦးလှည့် ပြေးမှာ။

ဒီလို မပြောချင်ဘဲ ဆက်ပြောနေရတဲ့ အဖြစ်ကသာ ခင်ဗျား အတွက် တကယ်စင်စစ် လေးပင်လွန်းတာ ဖြစ်ပါတယ်။ ခင်ဗျား စွမ်းအင်တွေ၊ ခင်ဗျား ရဲ့ အဖိုးတန် တဲ့ အချိန်တွေ ကို အလဟဿ ဖြုန်းတီး လွန်းရာ ကျတယ်။ ဒီလို ဆက်ပြောဖို့ မလိုအပ်နေဘူးရယ်။ အခု ဆွေးနွေးနေတဲ့ အကြောင်းကို ရပ်ထား ချင်တယ်ဗျာ လို့ ပြောလိုက်ရုံလေးပါပဲ။ ခွင့်ပြုပါဗျာ လို့ ပြောပြီး ခင်ဗျား ရင်ထဲက အတိုင်း တိတ်တိတ်နေလိုက်ရုံပဲ။

Read more of this post

Osho ~ Christ Keizer : Interview ( 1 )

8 October 1985 pm in Sanai Grove
Interview with Christ Keizer, The Boston Globe, Boston, MA

Q: ဟိုဘက်နံရံမှာ ချိတ်ထားတဲ့ ရှင့်ရဲ့ စာကြောင်း တစ်ချို့ကို ကျမ ကြည့်မိတယ်။ တစ်ခုမှာ ပြောထားတာက — “လူရဲ့ နှလုံးသားဟာ လောကမှာ အန္တရာယ် အကြီးဆုံး အရာ ဖြစ်ပါတယ်” တဲ့။ ဟုတ်တယ်ဟုတ်။

A: ဟုတ်ပါတယ်။

Q: ဘာဖြစ်လို့ပါလဲ။

A: ခင်ဗျား နှလုံးကို ခင်ဗျား နားထောင်ကြည့်ကြည့်ပါ။ ဘယ်လောက် နှလုံးခုန်နေသလဲ။ –

စင်စစ် ဆရာသခင်တိုင်းဟာ အန္တရာယ် ကြီးမားကြတဲ့ သူတွေ ဖြစ်ပါတယ်။ ဆရာသခင် တစ်ပါးရဲ့ အနားကို ချဉ်းကပ် ရောက်လာရင် ခင်ဗျားရဲ့ အတ္တဟာ ကျဉ်းကျုံ့လာတယ်။ ပျောက်လုမတတ် ဖြစ်သွားရမယ်။ အဲ့ဒီ အတ္တကို ဖယ်ဖျက်ခြင်း ဟာ ကမ္ဘာပေါ်မှာ အခက်အခဲဆုံး အရာ ဖြစ်ပါတယ်။

Q: လူသားရဲ့ နှလုံးသား အတွက် အန္တရာယ် ဆိုတာ ဘာလဲ။

A: အန္တရာယ်ဆိုတာ အတ္တအတွက်ကို ဆိုလိုပါတယ်။ အတ္တကြောင့် အရာအားလုံး အရုပ်ဆိုး သွားတယ်။ ဒါပေမယ့် အခု လူ့အဖွဲ့အစည်း၊ ပညာရေး၊ ဘာသာရေး အားလုံး နီးပါး ဟာ ရည်ရွယ်ချက် ရည်မှန်းချက်တွေ ခင်ဗျား ရင်ထဲကို ထည့်သွင်းပေးနေတယ်။ အဲ့ဒီ စိတ်ဇော အဟုန်တွေနဲ့ ခင်ဗျားရဲ့ အတ္တဟာ အာဟာရ ပြည့်လာတယ်။ အားပြည့် ကြီးထွားလာတယ်။

ဆရာသခင် လုပ်ရမယ့် အလုပ်က အဲ့ဒီ အဖွဲ့အစည်း၊ ဘာသာရေး၊ ယဉ်ကျေးမှု တွေက သင်ကြားသမျှ ခင်ဗျားဆီက ဖျက်ချပစ်ဖို့ ပဲ ~ ခင်ဗျား ကို လုံးဝ ရပ်တန့် ပစ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကို- ဘယ်သူက အဖျက်ခံနိုင်သလဲ။ ဘယ်သူမှ အသိဥာဏ် ပျောက်ဆုံး မသွားချင်ဘူး၊ မရပ်တန့် သွား လိုဘူး မဟုတ်လား။ မိမိ ကိုယ်ကိုယ် ထင်မြင်ထားတဲ့ ဘဝင် ကို ဖျက်မချနိုင်ဘူး။ မိမိကိုယ်ကိုယ် ရိုသေ ခံယူထားတဲ့စိတ် မဖြေဖျောက် နိုင်ဘူးရယ်။

Q: ဒါဆို ဘယ်သူ့အတွက် အန္တရာယ် ရှိနေတာလဲ။

A: အတ္တအတွက် အန္တရာယ် ရှိနေတာ ဖြစ်ပါတယ်။

Q: ရှင့်အနေနဲ့ လောကမှာ အန္တရာယ် အကြီးဆုံးဟာ ဒါပါလို့ ပြောတယ်။ ဟုတ်ပြီ။ ဒါဆို ရှင်ဆိုလိုတာက လူ့အဖွဲ့အစည်း နဲ့ အခြား အရာတွေကလည်း အန္တရာယ် ဖြစ်နေတယ် လို့ ဆိုလိုတာလား။

A: ဟုတ်ပါတယ်။ အားလုံး လိုက်လံ ပြောင်းလဲနိုင်ရပါလိမ့်မယ်။ အခု အတိုင်း ရှိနေသမျှ ဟာ ~ အားနည်းလွန်းတယ်။ ရူးသွပ်လွန်းနေပါတယ်။

Q: ကျမ ကြားသိရသလောက် ~ ရှင်ဟာ ဘယ် အစဉ်အလာ လမ်းကြောင်းနောက်ကို မှ မလိုက်နာဘူး။ ဘယ်အစဉ်အလာရဲ့ လက်အောက်မှာမှ ရှိမနေဘူး လို့ ဆိုပါတယ်။ ဒါပေမယ့် ကျမ မျက်မြင်မှာ ~ ရှင် လုပ်နေသမျှဟာ အစဉ်အလာတွေ အပေါ်မှာချည်း ဖြစ်နေတာ တော်တော်များနေတယ် ( ထင်ပါတယ် ) အဲ့ဒါကို ဘယ်လို ရှင်းပြနိုင်မလဲ။

A: ကျနော် ဘယ်အစဉ်အလာ ကိုမှ မလိုက်နာပါဘူး။ အစဉ်အလာ နောက်ကို လိုက်လံ နေမယ့် လူဟာလည်း ဘယ်လိုမှ သစ္စာ (အမှန်) ကို မရောက်၊ မသိနိုင်ဘူး။ ဘာလို့ဆို အစဉ်အလာ၊ ဓလေ့ထုံးစံ အားလုံးဟာ အသေသား ( Dead ) တွေ ဖြစ်ပါတယ်။ ဒါကို ခင်ဗျား အခု မြင်နေရတဲ့ အရာတွေနဲ့ သွားမရောထွေး ပါနဲ့။ ရှင်သန်နေတဲ့ အစဉ်အလာ ဆိုတာ မရှိဘူး။ အစဉ်အလာ ဓလေ့ ဆိုတာရဲ့ အဓိပ္ပာယ်ကိုက သေဆုံးပြီးသား လို့ အဓိပ္ပာယ် ရပါတယ်။ ဒါပေမယ့် သူတို့ဟာ ယခင် တစ်ချိန်က ကောင်းကောင်း ရှင်သန်ခဲ့တဲ့ အရာတွေ ဖြစ်တယ်။

Q: ဒါဆို ဘာဝနာ အသိတွေ ထုံကူး လက်ဆင့်ကမ်းတဲ့ အခါ ~ ဆရာသခင်နဲ့ တပည့် ဖြစ်သူတွေဟာ မျိုးဆက် တစ်ဆက်ကနေ နောက်မျိုးဆက် တစ်ဆက်ကို အစဉ်အဆက် ကြိုးပမ်း ကြရတယ်။ ဟုတ်တယ် ~ မဟုတ်လား။ အခု ဒီမှာ ရှိနေတဲ့ ရှင့်တပည့်တွေ လိုမျိုးပေါ့။ တစ်ဦး သိမြင်တဲ့ ဥာဏ် အလင်းကို တစ်ဦးကို လက်ဆင့်ကမ်း ပေးကြရမယ် ဟုတ်တယ်ဟုတ် ။ သိမြင်ထားတဲ့ အသိဥာဏ် အလင်း ကို ရပ်တန့် ကင်းပြတ် မသွားစေဖို့ ~ နောင်မျိုးဆက်သစ် တွေ အပေါ် ဆင့်ကမ်း ပေးသွားရမယ်။ ဟုတ်တယ် ~ မဟုတ်လား။

Read more of this post

ချမ်းမြေ့မှု သည် သဘာဝ အတိုင်း သာ ဖြစ်၏

A: အခု ရှိနေတာတွေ အားလုံးရဲ့ ရည်ရွယ်ချက်က ဘာလဲ။

Osho : ခင်ဗျား ဘဝရဲ့ ရည်ရွယ်ချက် ( ဝါ ) ခင်ဗျား ရှင်သန်နေထိုင်ရခြင်း အကြောင်းက ဘာလဲ။ ခင်ဗျား ဘဝမှာ ရည်ရွယ်ချက် တစ်ခုခုများ ထားရှိ ထားပါသလား။ အခု ကျနော်နဲ့ အင်တာဗျူး လုပ်ဖို့လား။

A: ဗျာ !?

Osho: ကျနော်နဲ့ အင်တာဗျူး လုပ်ဖို့ဟာ ခင်ဗျား ဘဝ ရည်မှန်းချက်လား !!!??

စင်စစ် လောကမှာ ရည်ရွယ်ချက် ရည်မှန်းချက် ဘာမှ မလိုအပ်တဲ့ အရာတွေ ရှိပါတယ်။

ဘဝ(ဝါ) ရှင်သန်နေခြင်း သက်သက် မှာ ရည်ရွယ်ချက် မရှိဘူး။ မလိုအပ်ဘူး။ ချစ်ခြင်း၊ မေတ္တာ မှာ ရည်ရွယ်ချက် မရှိဘူး။ အလှတရားမှာ ရည်ရွယ်ချက် မရှိဘူး။ ချမ်းမြေ့ခြင်း သန္တိမှာ ရည်ရွယ်ချက် မရှိဘူး။ ရည်ရွယ်ချက် အမျိုးအစား ခေါင်းစဉ်တွေ ခွဲခြား တည်ရှိတဲ့ အရာတွေဟာ စင်စစ် အသုံးမဝင်တဲ့ အလဟဿ ၊ အချည်းနှီး ပျက်စီးရာ အကြောင်းခံ တွေသာ ဖြစ်ပါတယ်။ စက်ယန္တရား တစ်ခုမှာ ရည်ရွယ်ချက် ရှိမယ်။ ဒါပေတဲ့ လူသား ဖြစ်ခြင်းမှာ ရည်ရွယ်ချက် မရှိဘူး။

ကဲ… ကခုန်တယ် ။ ဘာ ရည်ရွယ်ချက်နဲ့လဲ။ ပျော်ရွှင်တယ် ~ သီချင်းဆိုကြတယ် ~ ဘာ ရည်ရွယ်ချက်နဲ့လဲ။ ပန်းချီဆွဲတယ် ~ ကဗျာရေးဖွဲ့မယ် ~ ဘာရည်ရွယ်ချက် ရှိပေးရမလဲ။ မိုက်ကယ် အိန်ဂျလို၊ လီယိုနာဒို ဒါဗင်ချီ၊ ပီကာဆို ~ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။

တစ်ချိန်က ပီကာဆို ပန်းချီဆွဲနေတဲ့ အခိုက်ပေါ့။ – လူတစ်ယောက် က ကြည့်နေခဲ့တယ်။ နှစ်နာရီလောက် ကြာမယ်။ ပန်းချီကား ဆွဲပြီးတော့ ပီကာဆိုကို အဲ့ဒီ လူက မေးတယ်။ “ခင်ဗျား ဒီပန်းချီကို ဘာရည်ရွယ်ချက်နဲ့ ဆွဲသလဲ။ ဒီပန်းချီကားရဲ့ ရည်ရွယ်ချက်က ဘာလဲ”

ပီကာဆိုက ပြန်ပြောတယ်။ “ကျုပ်လည်း ခင်ဗျားကို မေးမလို့ပါ။ အကြောင်းက ခင်ဗျားလည်း နှစ်နာရီလောက်နီးနီးကို အချိန်ပေး ကြည့်နေခဲ့တာ မဟုတ်လား။ ခင်ဗျားများ သိမလားလို့။”

သူပြောတဲ့ စကားဟာ တန်ဖိုးကြီးတဲ့စကား ၊ မှတ်သားဖွယ်ရာ စကား ဖြစ်ပါတယ်။

နှင်းဆီပန်းလေး တစ်ပွင့်ဆီကို သွားပြီး “မင်း ရည်ရွယ်ချက်က ဘာလဲ၊ မင်း ဘာအကြောင်းကြောင့် ဖူးပွင့်လာတာလဲ” ဘယ်သူ သွားမေးမလဲ။ နှင်းဆီ ပန်းလေးဟာ လေထဲ၊ မိုးထဲ၊ နေရောင်ခြည် အလင်းတွေ ကြားထဲမှာ သူ့သဘာဝနဲ့ သူ ဖူးပွင့် ကခုန် နေနိုင်ပါတယ်။ သူ့အတွက် ဘယ်မေးခွန်းတွေနဲ့ ဘယ်သူ အနှောင့်အယှက် ပေးနိုင်မလဲ။ အလားတူ ~ ကျနော်ကရော။ ကျနော့် ပန်းချီကား တွေမှာ ဘာရည်ရွယ်ချက် ရှိရမလဲ။ စင်စစ် ကျနော် ပန်းချီဆွဲရတာ ပျော်တယ် ~ ကြည်နူးတယ် ~ ဒါဆို လုံလောက်ပါတယ်။ အဲ့ဒါထက် ပိုပြီး ဘာမှ မလိုအပ်ဘူး။

ရည်ရွယ်ချက်နဲ့ မောင်းနှင်နေတဲ့ ဘဝဟာ ကျွန်တစ်ဦးရဲ့ ဘဝသာ ဖြစ်တယ်။ ရည်မှန်းချက် မရှိ၊ မလိုအပ်တဲ့ ဘဝဟာ ချမ်းမြေ့သာယာနေပါတယ်။ တခဏတိုင်း တခဏတိုင်း အပေါ် အပြည့်အဝ နှစ်လို ချမ်းမြေ့ နေထိုင်တာ သာ ရှိတယ်။ သူအတွက် မနက်ဖြန် မရှိဘူး။ အဆုံးသတ် မလိုဘူး။ အခြား ဘယ်တနေရာရာကိုမှ သွားနေတာ မဟုတ်ဘူး။ အခု အချိန်၊ အခု နေရာ ( Now and Here ) မှာသာ ရိုးရိုး ရှင်းရှင်း တည်ရှိနေတာ ဖြစ်ပါတယ်။

ကျနော် အခု ပျော်ရွှင်တယ် ~ ကျနော့ ရောင်းရင်းတွေလည်း ပျော်ပျော်ရွှင်ရွှင် ရှိမယ်။ ဘာထပ် လိုအပ် ပေးရဦးမလဲ။ Read more of this post

Follow

Get every new post delivered to your Inbox.