အပျင်းပြေ တူးဆွ ကြည့်ခြင်း

သူ လျောက်သော လမ်း သည် ဘယ်အချိန် ဘယ်အခါ၌ ဘယ်ကို ဦးတည် ရောက်မည် မှန်း မသိသော လမ်း ဖြစ်၏။

ယင်း အကြောင်းအရာ မှန်မမှန်ကို ဟိုတစ်နေ့က ထွက်ရှိသော သတင်းစာ တစ်စောင် တွင် အသင် စာရှုသူတို့လည်း ရှုကြည့် နိုင်သည်။ အသင်တို့ မျှော်လင့် ထားသော အရာများ အချို့ အဝက် ရေစီး မျောပါသွား ကြောင်း တွေ့ရမည် ။ ယင်း အကြောင်းအရာကို သူ ကိုယ်တိုင် ဖတ်ရှု လိုက်ရချိန် က သိပ် ရင်မခုန်ခဲ့ ။ ထူးဆန်း နေသော အရာ တစ်ခု ဖြစ်မနေ။ အစ ကတည်းက သူ ယုံကြည်ခဲ့သော အရာ မဟုတ်။

စင်စစ် ကိုယ် မယုံကြည် နိုင်သော အရာကို ကြိတ်မှိတ် ယုံကြည် နေရသော ဒုက္ခလောက် မည်သည့် ဒုက္ခ မျှ ပို၍ ကြီးမည် မဟုတ်။ ၎င်းကို သူသိသည်။

လူတိုင်း လမ်းလျောက် ကြပါသည်။ ဒီ ကနေ့မှ ထူး၍ လမ်းလျောက် ကြသည် မဟုတ်။ ဟိုနေ့ တွေကတည်းက လျောက်သည်။ ဘယ်သူ ရောက် သွား ပါသနည်း။ သူလည်း လျောက်ခဲ့ ပါသည်။ လမ်းကို ကြည့်၍ တွယ်တွယ်မက်မက် လျောက် ခဲ့သော ကြောင့် လမ်း ၏ အဆုံး ကို မကြာခဏ မျှော် ကြည့် ခဲ့ရဖူး ၏။ တွေးတော ငေးမော ခဲ့ရဖူးသည်။ ~ လမ်း၏ အဆုံးတွင် ဘာရှိမည်နည်း။ လမ်းသည် ဘယ်မှာ ဆုံးမည်နည်း။ လမ်းသည် တစ်စုံတစ်ရာ အဆုံးသတ် ရှိသည်ဟု ပြညွှန်းပါသလော ~ စသဖြင့်။

စင်စစ် လမ်း၏ အဆုံးသတ်တွင် လမ်းသာ ရှိသည်ဟု ဆရာ မြင့်သန်းက ဆိုခဲ့ဖူးပါသည်။ သို့ဆိုလျှင် လမ်း ဟူသည် ဘယ်သော အခါမျှ ပြီးဆုံး သွားမည် မဟုတ် သော အရာတစ်ခု သာ ဖြစ်၏ ဟု ယူရတော့မည် ကဲ့သို့ ရှိ၏ ။ ဖြစ်ကောင်း ဖြစ်နိုင်သည်။ လမ်းသည် လျောက်လိုသူ အတွက် သာ ဖောက်လုပ်ထားခြင်း လည်း ဖြစ်နိုင်သည်။ ရောက်ချင်လည်း ရောက် သွားမည်။ ရောက်သွား လျင်ကော ဘာ ဆက် လုပ်ရပါမည်နည်း။

စင်စစ် သူ သည် လမ်းမလျောက်ချင်သော သူသာ ဖြစ်သည်။ သူ့ရည်ရွယ် ချက်က “ရောက်” လိုခြင်း သာ ဖြစ်သည်။ လျောက် လိုခြင်း မဟုတ်။ ထို့ကြောင့် လမ်းသည် သူ့အတွက် အသုံးမဝင် ဟု ယုတ္တိ ကျကျ ( ခပ်ပျင်းပျင်း) တွေးခေါ် ထားလိုက် သည်။ သူ့အသိမိတ်ဆွေ အပေါင်းက မူ လမ်းလျောက်သွားရခြင်းကို နှစ်သက် ဟန် တူသည်။ ထိုသူတို့ကို သူ မေးကြည့်ခဲ့ဖူးသည်။

“ခင်ဗျားတို့ ဘာကြောင့် လျောက်သွား နေကြပါသနည်း”

“ရောက်လိုသောကြောင့် လျောက်နေကြခြင်း ဖြစ်သည်” ဟု ဖြေကြ၏။

“အဘယ်ကို ရောက်လိုသနည်း”

“မသိ၊ ကျုပ်တို့ အမေများ မှာသည်က ဒီလမ်းကို လျောက်ကြ ဟု ဆို၏။ ထို့ကြောင့် လျောက်၏”

“ကောင်းပြီ။ ခင်ဗျား အမေ လမ်းဆုံး သွားပြီးပါပြီလော”

“မသိ။ ကျမ်းစာများက ထိုထိုသူများ လမ်းဆုံး ရောက်ကြသည်ဟု ဆို၏”

“ကောင်းပြီ။ သူတို့ လမ်းဆုံး ရောက်သည့်အခါ အဘယ်အရာကို တွေ့သွားကြပါသနည်း”

“မသိ”

သူ အံ့ဩသွားသည်။ ပါးစပ် အဟောင်းသား ဖြစ်သွားသည်။ သူ့ မိတ်ဆွေ အပေါင်း တို့သည် မသိသော လမ်းကို ချွေးသီး ချွေးပေါက် မြိုင်မြိုင်ဖြင့် အဘယ်ကြောင့် လျောက်လှမ်း နေကြ ပါသနည်း။ အဘယ် အကြောင်း ကြောင့်ဖြင့် အဘယ်ကို ဦးတည် လျောက်သွား နေကြပါသနည်း။ အချို့ ပြောသည်ကို ကြားဖူးသည်က ~ လူသည် လျောက်သွားရန် ပြဋ္ဌာန်း ၍ မွေးလာပြီး ဖြစ်သည် ဟူ၏။

ထိုအခါမှ သူ့ကိုယ်သူ သိလိုက်သည်။ သူသည် ငပျင်း ဖြစ်သည်။ ဘာမှန်း မသိ၊ ဘာမှ မရှိသော အရာအတွက် ချွေးသီး ချွေးပေါက် မကျလို။ ကျန်းမာရေး လိုက်စားနေသော အားကစား သမား တစ်ဦး ဆိုလျင် တော်သေး၏။ သူ လမ်းလျောက် လေ့ကျင့်ခန်း ဆင်း နေသည် ဟု ခပ်တည်တည် ဖောရှော ပြောရမည် ဆိုလျင် ဟုတ်တုတ်တုတ် ရှိ၏။

လမ်းသွား လမ်းလာများကို သူ တွေတွေသား ငေးမောနေလိုက်မိသည်။ သူသည် လမ်းလျောက်သွားမည့် သူ မဟုတ်။ လမ်း၏ အဆုံးသတ်၌ သူ လိုချင်သော အရာသည် ရှိမည် မရှိမည် မသေချာ။ ထို့ကြောင့် ချွေးသီးချွေးပေါက် အကျခံလိုစိတ် မရှိ။

လူတစ်ယောက်က သူ့ကို မြင်၍ စိတ်ဝင်တစား လာမေးသည်။

“ခင်ဗျား ဘာလုပ်နေပါသနည်း”

“ကျနော် ဘာမှ လုပ်မနေပါ” ဟု ရိုးသားစွာ ပြန်ဖြေပါသည်။

မေးသူက ပထမ ကြောင်သွားသည်။

ထို့နောက် မျက်မှောင်ကုတ်၍ သနားကြင်နာသော အကြည့်ဖြင့် တစ်ချက် ကြည့်သည်။ နောက်မူ ~ စုတ်သပ်၊ ခေါင်းခါ၍ လှည့်ထွက်သွားသည်။ ထိုသူ့ ဟန်ပန်က “ဘာမှ လုပ်မနေပါ” ဆိုခြင်းကို ကောင်းကောင်း နားလည် ဟန် မတူ။ “လူသည် တစ်ခု မလုပ်လျှင် တစ်ခု လုပ်နေရမည်” ဟု စွဲမှတ်ထားဟန် ရှိ၏။ မှန်ပါသည်။ လူတိုင်း နီးပါး ယင်းအတွေးအခေါ် ဖြင့် ရှင်သန်သည်။

“လူသည် တစ်ချိန်တွင် တစ်ခုမဟုတ်၊ တစ်ခု လုပ်နေရမည်” ဟူသော အဆိုအမိန့်ကို အဘယ် ဖုန်းတောင်းယာစကာ တီထွင်လိုက်ပါသနည်း။ သူ မသိနားမလည် ဖြစ်ရပါသည်။ သူ မသိ သော ယင်း အဆိုအမိန့်ကို လူအများကမူ Parrot Learning လုပ် ထားလျက် ရှိ၏။ အများ ၏ ထုံးစံမှာ – လူတစ်ယောက် ငြိမ်သက်နေလျှင် ~ တအံ့တဩဖြင့် “ဘာလုပ်နေ သနည်း” ဟု သိလိုကြ၏။ “ဘာမှ လုပ် မနေပါ” ဟု ဖြေလျှင် ယင်း အဖြေသည် အပြစ် ရှိသော အဖြေကဲ့သို့ ~ မယုံသင်္ကာ အဖြစ်ခံရ သည်။ အမြင်စောင်း ခံလိုက်ရ သည်။ လိမ်ညာသည် ဟု မှတ်ယူ လိုက်သည်။ စင်စစ် ဘာမှ မလုပ် သော ကြောင့် ~ ဘာမှ လုပ် မနေ ဟု ဖြေခြင်း သာ ဖြစ်ပါသည်။ အဘယ် အမှားအယွင်း မှ ရှိမနေ ဟု သူ ထင်ပါသည်။ သို့သော် လူအများ ကား ထိုသို့ မဟုတ်။ ယင်းကို နားလည်နိုင်သော အသိ မရှိ။

သူ ရှိနေသော နေရာမှာတင် တွေတွေသား ရပ်နေလိုက်သည်။ အံ ကို ကြိတ်၍ ခပ်တင်းတင်း စေ့ထားသော နှုတ်ခမ်း ကြောင့် အရာရာ သည် တုံးတိတိ ဖြစ်သွား ၏။ သူ ခေါင်း ကို ငုံ့၍ ပေါက်ပြား တစ်လက် ကို ကောက်ကိုင်သည်။ ကျစ်ကျစ် ပါအောင် ဆုပ်သည်။ တော်ပြီ။ လမ်းလျောက် ခြင်း အမှု ကို ရပ်တန့် ပစ်လိုက်မည်။ သူ အခု ဒီနေရာ မှာ ရှိသည်။ ပြည့်စုံသည်ဟု ထင်၏။ ပေါက်ပြား လက်ကိုင် ထဲ သူ၏ လက်ချောင်းများ နစ်မြုပ် ဝင်သွားသည် အထိ၊ နှစ်မြုပ် ထားလိုက် သည် ။ ဤရှေ့က မြေပြင် ကို တူးဆွ မည်။~ ဘယ် အရာ ကို တွေ့ရ မည်နည်း။ သူ မသိ။ တူးနေခြင်းသည် တူးနေခြင်း သက်သက်သာ ဖြစ်သည်။

သို့သော် ရှိစေတော့ – အပျင်းပြေအားဖြင့် – သူသည် ဘုရား သခင် ကို မျက်ဝါး ထင်ထင် တွေ့ရစေ့မည် ဟု မျှော်လင့် ထားမိ ၏။ စိတ်ကူး ကြည့်၏။ ဘုရား သခင် သည် မြေကျင်း ထဲတွင် ကွေးကွေးလေး ထိုင်နေနိုင်သည်။ ဖုတ်သွင်း သင်္ဂြိုလ် ပြီး ၍ ပြာ လည်း ဖြစ်ကောင်း ဖြစ်နေနိုင်သည်။ သို့မဟုတ် ပိုးတီ လောက်ကောင်များနှင့် ရောနှော ပျော်ပါး နေနိုင်သည်။

တစ်ချက် နှစ်ချက် တူးဆွသည်။ မြေသားက အနည်းငယ် ပွသဖြင့် အားသိပ် စိုက် စရာ မလိုဘဲ ~ မြေကျင်း နက်နက် တူး၍ ရပါသည်။ သူ စိမ်ပြေနပြေ တူးသည်။ မြေသား အောက်မှ မြေသားများ ထွက်လာနေဆဲ ရှိ၏ ။ ဤမြေသား များ အောက်တွင် မြေသား များ တည်ရှိ သည် ။ ဤအချက်ကို သူ သင်ယူ ထား ဖူး ပါသည်။ သိထားပြီးလည်း ဖြစ်သည်။ သို့သော် သူ မျှော်လင့် သော အရာမှာ ( အပျင်းပြေ မျှော် လင့် ထားသော အရာမှာ ) ဘုရားသခင် သာ ဖြစ် သည်။ မြေသား အောက်၌ မြေသားများ ရှိသည် ~ ဆိုခြင်း မှာ သူ့ အတွက် သိပ်မထူးဆန်း ။ ငယ်စဉ် ကတည်းက မြေသားတွေကို မြင်တွေ့ဖူးသည်။ နှစ် အတန်ကြာ ဖြတ်သန်း ၍ အဖန်ဖန်အထပ်ထပ် သင်ကြား ခဲ့ရဖူးသည်။ စာအုပ် စာတမ်း အများ အပြားကလည်း ညွှန်းဆို သည်ကို တွေ့ဖူးသည်။ အွန်လိုင်း ပေါ်တွင်လည်း မြေသား အကြောင်း Ebook အမျိုးမျိုး တွေ့နိုင် ပါလိမ့်မည်။ ဘလော့ဂါ အများကလည်း မြေသား အကြောင်းကို အရေးများကြ၏။ ထားတော့ ။ ယခု သူ့ အတွက် သူ လိုချင်သည်မှာ – ဘုရား သခင် သည်သာ ရတနာ ဖြစ်သည်။ ဤထက် နက်နက် ပိုတူး ခဲ့လျှင် တွေ့ကို တွေ့ရ ပါလိမ့်မည်။

သို့သော် ~ အပျင်းပြေ ~ ။

…………………

Feb 12nd 2012 at 10:30 PM

………………..

http://zayya.blog.com/

https://zayya.wordpress.com/

http://zayyablogger.blogspot.com/

………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a comment