မနေ့၊ မနက်၊ မနက်ဖြန် တို့၏ ပစ္စုပ္ပန်

အချိန်နဲ့ ပတ်သက်ပြီး တိတိပပ ရေးခဲ့လေ့ မရှိပေမယ့် – ရေးမိခဲ့သမျှ ရှေ့အပုဒ် ပို့စ် တော်တော်များများ ဟာ အချိန် နဲ့ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် သက်ဆိုင် ပါ တယ်။ ဒီနေရာမှာ – ဒါနဲ့ ပတ်သက်လို့ – ဟိုတစ်နေ့က အကို တစ်ယောက် ရဲ့ အမေးစကား ရှိတယ်။ သူက ဘာဝနာ နဲ့ ဆက်နွယ်ပြီး မေးခွန်းပြုတဲ့ စကား ဖြစ်နေတဲ့ အတွက် – ကျနော်လည်း ပြန်ဖြေခဲ့တယ်။ အဲ့ အမေး၊ အဖြေ နှစ်ခုစလုံး ကို ဒီမှာ ပူးတွဲ တင်ရှိ ပါတယ်။ အဲ့ဒါ အပြင် – ဖြည့်စွက် အနေနဲ့ – နောက်ဆက် ထပ်ရေးတယ်။

(ေဇယ်)

…………….

Question: ပစ္စုပ္ပန် ရဲ့ အချိန် အပိုင်းအခြား က ဘယ်လောက် ရှိသလဲ မသိဘူးဗျ။ နောက်ပြီး – အနာဂတ် အကြောင်း (သိပ်) မစဉ်းစား ပဲ လုံးလုံး – ပစ္စုပ္ပန် တည့်တည့် မှာ နေတယ် ဆိုတာကော ဖြစ်နိုင် ပါ့ မလား ဗျာ။ သိချင်လို့ပါ။

Answer: ‎(ကျနော့ကို by name တပ် ထားတဲ့ အတွက်- ကျနော့ အနေနဲ့ ပြောရင်) ပစ္စုပ္ပန် တည့်တည့် ဟာ အချိန် မဟုတ်ဘူး အကို။ ဒါ့ကြောင့် အချိန် အပိုင်းအခြား လို့ ပြော စရာ ကို ရှိမနေပါဘူး။

ဘာလို့ ဆိုတဲ့ အကြောင်း ကို ကြည့်ကြည့်ပါမယ် ။ ကျနော်တို့ အချိန်လို့ ပြောတဲ့ အရာတွေ ( ပစ္စုပ္ပန် ဖယ်ပြီး အတိတ်နဲ့ အနာဂတ် – အချိန်ဆိုတာတွေဟာ ) ကျနော်တို့ စိတ်ကူး ထည်တွေ၊ အချက်အလက် တွေသာ ဖြစ်နေ တာ တွေ့ရပါ လိမ့်မယ်။

ဆိုပါစို့ – အတိတ် ။ ဒီ အတိတ် ဆိုတာ- ကျနော်တို့ အခုအချိန် မှာ ယခင်ဖြစ်ပြီးသားကို ပြန်လှန် တွေးတဲ့ စိတ်ကူး ထည် (ဒါမှမဟုတ်) စာအုပ် တွင်း ပါ၊ ဖြစ်ရပ် မှတ်သားချက် ၊ အချက်အလက်တွေသာ ဖြစ်ပါတယ်။

အလားတူ – အနာဂတ် ။ သူကလည်း – ကျနော်တို့ အခု အချိန်မှာ – မျှော်တွေးတဲ့ စိတ်ကူး ထည်၊ အလို ဆန္ဒ၊ (ဝါ) အနုမာန၊ စီမံ ချက်၊ မှန်းဆ ချက် တွေ သာ ဖြစ် ပါ တယ်။

ပစ္စုပ္ပန် တည့်တည့် မှာ နေလို့ ဖြစ်နိုင်ပါ့မလား ဆိုရင် — နေကြည့်ပါလို့ပဲ ကျနော် ပြောရ ပါလိမ့်မယ် အကို။ ဘာလို့ဆို – တွေးကြည့်လို့ မရဘဲ- နေကြည့်လို့ သာ – ရနေ လို့ ဖြစ်ပါတယ်။

ကျနော် တို့ စိတ်နဲ့ တွေးကြည့်ရင်သာ — မနေနိုင်ဘူး လို့ ထင်မြင်ရတယ်။– ဒါပေတဲ့ – ကျနော် တို့ (စိတ်၊နာမ် မဟုတ်တဲ့) ရုပ်ခန္ဓာ နဲ့ သဘာဝ အားလုံး ဟာ ပစ္စုပ္ပန် တည့်တည့် မှာ သာ တကယ် ရှိနေ တာ ဖြစ်ပါတယ်။

ကျနော် တစ်နေရာမှာ ပြောခဲ့ သလို၊ ပစ္စုပ္ပန်မှာ နေကြည့်ဖို့ – တွေးမယ် ဆိုရင် — ဘယ်လိုမှ မဖြစ်နိုင် ပါဘူး အကို။ ပစ္စုပ္ပန်မှာ နေကြည့်ဖို့ က –တကယ် သတိနဲ့ “နေကြည့် ဖို့” တစ်ခု တည်း သာ ဖြစ် ပါတယ်။ အဲ့အချိန်မှာ – အတွေး မဝင်နိုင်ကြောင်း ကောင်းကောင်း တွေ့နိုင် ပါတယ်။

အဲ့ဒါကို အကို သိနိုင်ဖို့ က – အချိန် လည်း သိပ်ကြာကြာ မလိုပါ ဘူး။ အခု ဒီစာဖတ်နေရင်း တစ်ခဏ ဒီ စာလုံးတွေ အပေါ်၊ ဒါမှ မဟုတ် အကို့သန္တာန် အခု – ထင်ရှားရာ အပေါ် သတိပြု ကြည့်ရင် — အကိုတွေးလို့ မရတော့ကြောင်း – အခု တွေ့ရပါလိမ့်မယ်။ Read more of this post

အဿဒ္ဓေါ ~

“ယော – အကြင်ပုဂ္ဂိုလ်သည်၊ အဿဒ္ဓေါ -ယုံကြည်မှု သဒ္ဓါ တရား မရှိ၊
သ သော ဝေ၊ စင်စစ် ထိုပုဂ္ဂိုလ်သည်၊ ဥတ္တမ ပေါရိသော – ယောင်္ကျားမြတ်(ဝါ) ပုဂ္ဂိုလ်မြတ် ဖြစ်၏။”

ဒီ ပါဠိနဲ့ အနက်ကို ကြည့်ရင် — ဘာမှ မယုံတဲ့သူက ယောင်္ကျားမြတ် ပုဂ္ဂိုလ်မြတ် ဖြစ်တယ်လို့ ဆိုလိုဟန် ပေါက် တယ်။ စင်စစ် အဲ့ အဓိပ္ပာယ် မဟုတ် ဘူး။ – ဘာကိုမှ မယုံဘူးကွာ ဆိုတဲ့သူ ဟာ ယုံကြည်တဲ့ အဖြစ် ကို ငြင်းဆန် နေတဲ့ သူ (တနည်း) ယုံကြည်မှု ၊ မယုံကြည် မှု အဖြစ် ကို မိမိ ဘဝ အတွင်း ထည့်သွင်း ထားသေး သူ ဖြစ်ပါတယ်။ အဲ့ဒီ အမြင်နဲ့ ဒီဂါထာ ကို နားလည်မယ် ဆိုရင် – လိုရင်း မရောက် ဘဲ လွဲ ပါလိမ့်မယ်။ သူ့ရဲ့ ဆိုလိုရင်း က အဲ့အတိုင်း မဟုတ်ဘူး။

နောက်တစ်ပိုဒ် ရှိသေးတယ်။

“ပဋိဘာန ဥာဏ်ထင်ပြီးနောက် -
နသဒ္ဓေါ နဝိရဇ္ဇတိ၊
သဒ္ဓေါ၊ ယုံကြည်သည့် သဒ္ဓါတရားသည်လည်း၊ နဟောတိ၊ မရှိတော့။ “

ဒါဆို ဒီဂါထာ အရ- ဘာကိုမှ မယုံကြည်ရဘူး လို့ မိန့်ဆို ထား တာလား မေးစရာ ရှိပါတယ်။ အဲ့အတိုင်းဆို ဘာ ကိုမှ မယုံကြည် ရဘူးလား။ အိုခေ- ဒါဆို ဘာကို မှ မယုံတော့ပါဘူး ဆိုတဲ့အခါ- အများအားဖြင့် – အဲ့ဒီလူရဲ့ သန္တာန် မှာ – အရာရာ ကို စတင် ငြင်းပယ် တော့ တယ်။ အဲ့ဒါ ကလည်း သူပြောငါပြော၊ စာပြောတွေလည်း ယုံမယ် ဆိုတဲ့ အစွန်းတစ်ဘက်ရဲ့ – အခြား အစွန်းတစ်ဘက် ဖြစ်ပါတယ်။ — သူ့ရဲ့ သဘော က – ဘာဆို ဘာမှ လက်မခံဘူး – အရာရာကို အငြင်း မျက်လုံးနဲ့သာ ကြည့်မယ်။ သူ့ရဲ့ အတွင်းစိတ်မှာ – အငြင်းစကား သာ ရှိနေတယ်။ အဲ့ဒီ အဖြစ်ကလည်း လွဲမှား တယ်လို့ ဆိုလိုပါတယ် ။ ဒီဂါထာရဲ့ ဆိုလိုရင်းက အဲ့အတိုင်း မဟုတ်ဘူး။

ဘာကို မှ မယုံဘူး ဆိုတာ – ငွေစက္ကူ တစ်ချပ်ရဲ့ တစ်ဘက် စာမျက်နှာပဲ ရှိတယ်။ ဘာမှ မယုံ တဲ့ အဖြစ်ကြောင့် – မယုံရုံတင် ရပ်နေရင် – နောက် တစ်ဘက် စာမျက်နှာ လိုအပ်တယ်။ အများအားဖြင့် – ဘာမှ မယုံဘူး ဆိုတဲ့ သူဟာ — အရာရာ ကို ငြင်းပယ်တယ်။ အဲ့ မျက်နှာ စာ တစ်ဘက် နဲ့ သာ ထင်ကျန် ကျေ နပ် နေ တယ်။ နောက် တစ်ဘက် ကို မဖြည့်ဆည်းဘူး။ အဲ့အခါ – ခေါင်း သာ ရှိပြီး၊ ပန်းမပါတဲ့ ဒင်္ဂါးပြား လို ဘာမှ အသုံး မဝင်တဲ့ အရာ သာ ဖြစ် ပါတယ်။ ကျောဘက် သာ ရှိပြီး ရင်ဘက် မပါတဲ့ ငွေစက္ကူ တစ်ချပ်လို့ – အသုံး မဝင်ဘူး။ အခြား တစ်ဘက် စာမျက်နှာ လစ်ဟာ နေတယ်။ အကျိုး မရှိဘူး။

စင်စစ် အထက်ပါ ဂါထာ တို့ရဲ့ အနက် ဟာ ရည်ရွယ်ရင်း မသိဘဲ တိုက်ရိုက်ပြန် တဲ့ အနက်သာ ဖြစ်တယ် လို့ မဟာစည် ဆရာတော် က ဆိုတယ်။ စင်စစ် သူ့ရဲ့ အနက်က – “တစ်ပါးသူကို ယုံကြည်ခြင်း မယုံကြည်ခြင်း ထည့်သွင်း မဆိုဘူး၊ ပြောမနေဘူး၊” သူ့ရဲ့ အခြား တစ်ဘက် – “ကိုယ်တိုင် တွေ့ပြီး သိတဲ့ ဥာဏ်နဲ့ ပြည့် စုံအောင် ဆောက်တည်တယ်” လို့ သာ အဓိပ္ပာယ် ထွက်တယ်။

Read more of this post

မာန သုံးပါး

ပုရာဘေဒသုတ် မှာ – မာန နဲ့ပတ်သက်လို့ သုံးမျိုး ဆိုပါတယ်။

လောကေ – လောက၌၊ အတ္တာနံ – မိမိ ကိုယ်ကို -
၁။ – သမေ – သူတစ်ပါးနှင့် တူညီသည် ဟူ၍လည်း၊ န မညတေ- မထင်မှတ်အပ်။
၂။ – န ဝိသေသိ – သူတစ်ပါးထက် ထူးမြတ်သည် ဟူ၍လည်း၊ န မညတေ – မထင်မှတ်အပ်။
၃။ – န နီစေယျော – သူတစ်ပါးထက် နိမ့်ကျသည် ဟူ၍လည်း၊ န မညတေ – မထင်မှတ်အပ်။
————————


စင်စစ် ကြည့်ရင် – မာန် (ဝါ) မာန ဟာ – သူတစ်ပါးနဲ့ နှိုင်းယှဉ်တဲ့ အခါတွေမှာ ပေါ်ပေါက် တာ ဖြစ်ပါ တယ်။ မိမိ တစ်ဦးတည်း အထီးတည်း အဖြစ်ကို လက်မခံနိုင်ခြင်း သဘော ကိုပဲ မာန်၊ မာန လို့ ခေါ်ဆို တယ်။ ရှေးဆရာ တို့ အလို အားဖြင့် သူ့မှာ- ဥဏ္ဏာတိ လက္ခဏာ ၊ “တက်ကြွတဲ့ သဘော” ရှိတယ် လို့ ဆိုပါတယ်။

ဒီ သုံးမျိုး မှာ – မိမိ ကိုယ်ကို ၁။ အခြား သူတစ်ပါး နဲ့ နှိုင်းတုခြင်း၊ ၂။ သူတစ်ပါး ထက် ထူးမြတ် တယ် လို့ မှတ်ယူခြင်း – ဒီ နှစ်ချက်ဟာ တက်ကြွ၊ထောင်လွှား တဲ့ သဘော ဖြစ် တယ် လို့ လူ အများ သိမြင် ရ လွယ်ကူ တယ်။ တတိယ အမျိုး အစား “န နီစေယျော” – သူတစ်ပါး ထက် နိမ့်ကျတယ် လို့ မှတ်ယူ တဲ့ မာန ကို တော့ တက်ကြွ တဲ့ သဘော အနေ နဲ့ သိမြင် ခဲ တယ်။ အများ အားဖြင့် မှာ လည်း – အဲ့ မာန ဝင်ရင်း — ငါ့မှာ မာန်မာန မရှိဘဲ- လို့ ထင်မြင် နေ စရာ ရှိပါ တယ်။ ဒါပေမယ့် – စင်စစ် – မိမိ ကိုယ် ကို အနိမ့် မှာ ထားရင်း ရှိနေ တဲ့ ဒီ မာန ဟာ မိမိကိုယ်ကို နိမ့်ချတယ် ဆိုတဲ့ နိဝါတ မဟုတ်ဘူး။ ယုတ်နိမ့်တဲ့ အဆင့် အတန်း တစ်ခု အနေ နဲ့ မိမိ ကိုယ်ကိုယ် ဂုဏ်ယူ တဲ့ သဘော သာ ဖြစ်ပါတယ်။

“ငါ – ဘယ်သူတွေ ထက် မိုက်တယ်။ ငါဟာ သူတို့တွေထက် ပိုခံစားရတယ်။ ငါ ဟာ သူတို့တွေ ထက် ပိုနာကျင် ခဲ့ရတယ်။ ငါသာ အတ္တအနည်းဆုံး၊ ငါ့မှာ ဘာမှ ငဲ့ကွက်စရာ မရှိဘူး။ မလိုဘူး။ ငါ့မှာ ဘာ ဂုဏ်မှ တက်စရာ မရှိဘူး။” — စသဖြင့် မိမိရဲ့ အတွေးသန္တာန် မှာ အောက်ကျ တဲ့ အခြေအနေ ကို အခြေပြု ကုပ်ယူပြီး- ဂုဏ်ယူတာ တစ်မျိုး ပဲ။

ကျေးကျွန် အဖြစ်နဲ့လည်း – “ငါဟာ အိမ်ပေါက်ကျွန် ဖြစ်တယ်၊ ကျွန်ရင်း ဖြစ်တယ်” လို့ ကျွန်တွင်း နက် တယ်။ ဒါကိုပဲ ဂုဏ်ယူ နေ တတ်တယ်။ အောက်ကျ တဲ့ အဖြစ်၊ နိမ့် တဲ့ အဖြစ် ကနေ အခြား တစ်ပါး နဲ့ နှိုင်းယှဉ် တယ်။ ဒါကိုက တက်ကြွတဲ့ စိတ်သဘောက ရှိနေ တာ ဖြစ်ပါတယ်။

Read more of this post

ဟိုတိ

ဇင်ဆရာ ဟိုတိ ဆိုတာ ရှိတယ်။ သူက တစ်ရွာဝင် တစ်ရွာထွက် သွားနေတတ်တယ်။ သူ့ကိုယ်ပေါ် မှာ လွယ်အိတ် အကြီးကြီး တစ်လုံး လွယ်ထားပြီး၊ အထဲမှာ အရုပ်တွေ၊ သကြားလုံးတွေ၊ မုန့်တွေ ထည့်ထား တတ်တယ်။ လမ်းမှာတွေ့ရင် တွေ့တဲ့ ကလေးသူငယ်တိုင်းကို လိုက်ဝေ ပေးတယ်။ အဲ့လို နှစ်ပေါင်း များစွာ တွေ့ လာရတော့ – တစ်နေ့မှာ လူတစ်ယောက် က မေး တယ်-

“ဟိုတိ၊ ခင်ဗျားကို ဒီလို လှည့်ပတ် လျောက်သွားနေ တာပဲ မြင်နေ ရတယ်။ ကျုပ်တို့ ကြားသိ တာတော့ – ခင်ဗျားဟာ ဇင်ဆရာ လို့ ပြောတယ်။ ဒါနဲ့များ – ဒီလို လှည့်လည် ရင်း ဟိုလျောက် သွား ဒီလျောက်သွား ဘာလို့ လုပ်နေရသလဲ။ ကလေးတွေကြား မုန့်ပဲ သရေ စာ ဝေခြမ်း ပျော်မွေ့ နေ တယ်။ အခြား ဘာများ လုပ်သေး သလဲ။ ခင်ဗျား ရဲ့ ဇင်ဓမ္မ ဆိုတာ ဘာလဲ။ ဒီလို အိတ်ကြီး တ ကားကား သွားလာနေတာ ခင်ဗျား ရဲ့ ဓမ္မ လား။ ဇင်ဆိုတဲ့ ဓမ္မ အကြောင်း ဟောပြော ကျင့်ကြံဖို့များ မလုပ် ဘူးလား။ အခု ကျုပ်တို့ကို ပြောစမ်းပါ။ ဇင် ဆိုတာ ဘာလဲ”

အဲ့အခါ ဟိုတိက သူ့အိတ်ကြီးကို ဗုန်းကနဲ ပစ်ချလိုက်တယ်။ ဘာမှ မပြောဘဲ ငြိမ်ငြိမ်သက်သက် ကြည်ကြည် ရွှင်ရွှင် ပဲ ထိုင်နေ ပါတယ်။ အဲ့အခါ မေးတဲ့သူက ဘာပြော ရမှန်း မသိတာနဲ့ – တစ်အောင့် အချိန် စောင့်ပြီး ဆက်မေးတယ်။ “ဇင်ဆိုတာ ဘာလဲ။”

ဟိုတိက – “ဒါ အကုန်ပါပဲ။ အခု ထမ်းထားတဲ့ ဝန်ကို ပစ်ချ လိုက်တယ် မဟုတ်လား။ အဲ့ဒါ အကုန်ပဲ”

မေးသူက တအံ့ တဩ ဖြစ်သွားတဲ့ အပြင် ထပ်သိချင်သွားတယ်။ “ဟုတ်ပြီ။ ဝန်ထုပ်ကြီး ပစ်ချလိုက်ပြီ။ အဲ့ဒီ နောက် – နောက်ထပ် တစ်ဆင့်ကရော –”

အဲ့ အခါ ဟိုတိ လည်း စကားတစ်ခွန်း မှ မဆိုတော့ဘဲ – Read more of this post

မျှော်လင့်ချက် တကယ် မဲ့ သလား

A: ကျုပ် နှစ်နဲ့ ချီပြီး ကြိုးစားခဲ့ ~ အားထုတ်ခဲ့ ~ လုံးပန်း ခဲ့တယ်။ အခုထိ အရာ မထင် ဖြစ်နေ တာတွေ ချည်းပဲ။ ဒါကို ကြည့်ပြီး ရှက်တယ်။ ရှေ့လျောက်ပြီး လည်း ဘာမှ မဖြစ်နိုင်တော့ ဘူးလို့ မြင်နေပါတယ်။ အခု ကျနော့ဘဝ ကြီး ဟာ မျှော်လင့် ချက် မဲ့နေ တယ်ဗျာ ။ ဘာလုပ်သင့် သလဲ။

B: ကျနော် နှစ်သိမ့်ပြီး ဖြေပြော မယ် ထင်ရင် အကို လူမှားပြီး လာမေး တာ ဖြစ်ပါ တယ်။ အခု အွန်လိုင်း မှာ ရှိတဲ့ နူးနူး ညံ့ညံ့ နှစ်သိမ့် တတ်ကြသူ ဆရာ့ ဆရာ များဆီ သွားမေးတာ ပိုကောင်း လိမ့် မယ်။ အကို မေးတဲ့ “ကျနော့ဘဝ ကြီးဟာ မျှော်လင့် ချက် မဲ့နေ တယ်ဗျာ” ဆိုတာ ကို – ကျနော့ အနေနဲ့ ပြောရင် – ခင်ဗျား ကောင်းကောင်း – မျှော်လင့်ချက် မ “မဲ့”သေးလို့ ဖြစ်ပါတယ်။ အခု မျှော်လင့် ချက် မဲ့ တာ နည်းနေ ပါသေးတယ်။ အပြည့်အဝ မျှော်လင့်ချက် မဲ့ သွား ဖို့ လိုပါတယ်။ အခု ရှိနေတာ ထက် ပိုပြီး မျှော်လင့်ချက် မဲ့ သွားအောင် လုပ်လိုက် ပါ လို့ ကျနော် တိုက်တွန်း လို ပါတယ်။ နောက်ဆုံးမှာ ဘာကိုမှ “ဘာမှ” မမျှော်လင့် တော့၊ မတွေးတော့တဲ့ အထိ ~ မိမိသန္တာန် ကို မိမိ ကြည့်ကြည့် စေချင် တယ်။

အခု ပြောနေ တဲ့ “မျော်လင့်ချက် မဲ့နေ တယ်ဗျာ” ဆိုတဲ့ စကားဟာ အတွင်းကို နှိုက် ကြည့်ရင် “ဆက်မျှော်လင့်” နေသေး တယ် လို့ ဆိုလို ကြောင်း မြင်ရပါလိမ့်မယ်။ အဲ့ဒီ မျှော်လင့်ချက် မဲ့မှု ကို ကဗျာ ဆန်ဆန်၊ စာဆန်ဆန် နဲ့ အကို့ဘဝကို အဓိပ္ပာယ် မဲ့တယ် လို့ ဘာလို့ သတ်မှတ် ပစ်ရတာလဲ။ ဖတ်ဖူး မှတ်ဖူး သမျှ ကဗျာဂျိုး စာဂျိုး တွေ နဲ့ ကိုယ့်ကိုယ် ကိုယ် မလှည့်ပတ် ပါနဲ့။ ခင်ဗျား မျှော်လင့် ချက် မဲ့နေတာ မဟုတ်ပါဘူး။ အခုဖြစ်လာ သမျှ လက်မခံချင် တဲ့ စိတ် အကို့ဆီမှာ ရှိနေတယ်။ အဲ့ဒါကို က မျှော်လင့်နေ ပါသေး တယ်။ ဒါပေမယ့် ဒါကို မမြင်ရင်- “ကျွန်တော် – မျှော်လင့်ချက် မဲ့နေတယ်ဗျာ” ဆိုတာရဲ့ အခြားတစ်ဘက်မှာ – ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားနိုင်ပါ တယ်။ အဲ့ဒါကလည်း အကို့ရဲ့ မပျောက်ပျက်တဲ့ မျှော်လင့်စိတ် ကြောင့် ပဲ။

ဘာလို့ ဆို – “ဒီနေရာကနေ ထွက်ခွာ သွား ရင် အရာ အားလုံး ပြေလည် သွားမှာပဲ ~ ဒီနေရာ မှာ ငါ ရှိနေဖို့ မလိုအပ်ဘူး ~ ငါနေလို့ မရဘူး ~ ဒီနေရာက လွဲလို့ အခြား ဘယ်နေရာ ရောက်ရောက် ငါ့ အတွက် အိုကေ တယ်~ ဒီလောကကြီးမှာ ဘယ်မှာမှ ငါနဲ့ အံမဝင်ဘူး~ ငါ ဖြတ်ခနဲ ပျောက် သွားရင် ဘယ်လောက် ကောင်းမလဲ” ~ စသဖြင့် အဲ့ဒါတွေ ဟာလည်း ခင်ဗျား ရဲ့ မျှော်လင့်ချက်တွေ သာ ဖြစ် ပါတယ်။ “မျှော်လင့်ချက်” ဆိုတာ – ခင်ဗျားရဲ့ ဆန္ဒ၊ တမ်းတချက်၊ ရည်ရွယ်ချက် တွေ အားလုံးကို အမည်ပြောင်း ထားတဲ့ အမည် သက်သက် ပါ။

ခင်ဗျားရဲ့ ဆန္ဒ တွေ ဖြစ်မလာတော့ဘူး ဆိုတဲ့ အခါ၊
ခင်ဗျား တမ်းတချက်တွေ တကယ် မဖြစ်လာတဲ့ အခါ၊
ခင်ဗျား ရည်ရွယ်ချက်တွေ ပျက်သုဉ်း သွားတဲ့ အခါ – ခင်ဗျား သန္တာန် မှာ မျှော်လင့်ချက် မဲ့တယ်~ ဘဝကြီးကို အဓိပ္ပာယ် မဲ့သွားပြီ လို့ သတ်မှတ် လိုက်တယ်။

ဒါပေမယ့် – အကို့ အခု ဘဝ ကို ~ “အခုတည့်တည့်”- ကြည့်ကြည့်။ ~ နိုင်ငံရေး သမားတွေ ပြောပြောနေ တဲ့ ~ “ရှေ့ကို ကျနော်တို့/ ကျမတို့ ကြိုးပမ်း နေတယ်၊ ကျနော်တို့/ ကျမ တို့ မျှော်မှန်းတဲ့ ပန်းတိုင် အတွက် ရှေ့ ဆက်ကြမယ်” ဆိုတဲ့ စကားတွေ ကို ဖယ်ပါ။

အကို့ဘဝဟာ အခု ကြည့်- အခု ရှင်သန်နေတာ ဖြစ်ပါတယ်။ အကို သေသွားရင်တော့ လည်း ဒါတွေ ကျနော် ပြောစရာ မလိုဘူးပဲ။ ဒါ့ကြောင့် အဝေးကို ၊ အနီးဆုံး ရှေ့ တစ်နာရီ ကိုတောင် မကျိန်းသေ မရေရာ၊ ကြုံရာတွေ ပြည့်နှက်နေတဲ့ – ကျနော် တို့ ဘဝ မှာ – ရှင်သန်နေ တဲ့ ပန်းတိုင် တိုင်း ဟာ အခြား မဟုတ်ဘူး ။ “အခုတည့်တည့်” သာ ဖြစ်ပါတယ် ~ အခု ကြည့်ကြည့် ရင် သိတယ်။ ပြီးခဲ့တဲ့ အချိန်က ချမှတ် ထားခဲ့တဲ့ လိုချင်ခဲ့တဲ့ ဆန္ဒ တွေ မရှိတဲ့ အခါ၊ မျှော်လင့် ချက် တွေ မရှိ၊ ရည်ရွယ် ချက်တွေ ရှိ မနေ တဲ့ အခါမှာ လည်း – အကို့ဘဝ ဘယ်ရောက် သွားလို့ လဲ။ Read more of this post

အနှောင်အဖွဲ့ကို ဖြတ်တောက်ပစ်ပါ: ပါရဂူ

ဃူမက္ကရ သျှတ္တရ – အခန်း (၂)

တစ်ကမ္ဘာလုံး ရှိ ရသေ့၊ ရဟန်း သူတော်စင် များက ‘အိမ်ထောင်မှု သည် အနှောင်အဖွဲ့ ဖြစ်သည်’ ဟု ပြောပြီး အိမ်ထောင်မှု ကို ချိုးဖျက်လျက် အပြင်ဘက် ထွက်လာ ဖို့ ပြောပြ ကြသည်။ အကယ်၍ ခြေသလုံး အိမ်တိုင် ခရီးသွားများ လည်း အိမ်ထောင်သည် ဘဝကို ချိုးဖျက်ဖို့ လိုအပ်သည် ဆိုလျှင် ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာသူ များ၏ ရည်ရွယ်ချက် လည်း မိမိကိုယ်ကို တန်ဖိုး ထားခြင်း၊ သူတစ်ပါး အား အမှု မထားခြင်း ဟူ၍ မမှတ်သင့် ပေ။ ဃူမက္ကရ သျှတ္တရ ကျမ်း၌ ဖော်ပြထားသော ယင်း အချက်အလက် မှာ ပထမ တန်းစား ခရီးသည် များ အတွက် သို့မဟုတ် အဖြစ်နိုင်ဆုံး ဒုတိယ တန်းစား ခရီးသည်များ အတွက် ဖြစ်သည်။ ပထမ တန်းစား ခရီးသည် သို့မဟုတ် ဒုတိယ တန်းစား ခရီးသည် သည် မဖြစ်နိုင်သော ယင်း လမ်းမပေါ်၌ အခြေ မချသင့် ဟူသော အဓိပ္ပာယ် လည်း မဟုတ်ပေ။

ပထမတန်းစား ခရီးသည် တစ်ယောက် မွေးဖွား ပေါ်ပေါက် လာရန် အတွက် ဒုတိယ တန်းစား ခရီးသည် ထောင်ပေါင်း များစွာ ရှိဖို့ လိုအပ်လာ လိမ့်မည်။ ဒုတိယ တန်းစား ခရီးသည် တစ်ယောက် ဖြစ်လာဖို့ အတွက် လည်း တတိယ တန်းစား ခရီးသည် ထောင်ပေါင်း များစွာ လိုအပ်သည်။ ယင်းသို့ အားဖြင့် ခြေသလုံး အိမ်တိုင် ခရီးသည်၏ လမ်းမ၌ သိန်းပေါင်း များစွာသော လူများ ပျောက်သွား ကြမည် ဆိုလျှင် ယင်းတို့ အထဲက စံပြ ခြေသလုံး အိမ်တိုင် ခရီးသည် ပေါ်ထွက် လာဖို့ ခဲယဉ်း လိမ့်မည် မဟုတ်ပေ။

ခြေသလုံး အိမ်တိုင် ခရီး လှည့်လည် သွားလာရန် အတွက် အိမ်ထောင်မှုကို ချိုးဖျက်လျက် အပြင်ဘက် ထွက်လာခြင်း သည် ပထမ လိုအပ် ချက် ဖြစ်သည်။ မျက်စိပွင့် သည့် အချိန်မှ စ၍ ကမ္ဘာလောက တွင် လှည့်လည် သွားလာခြင်း မပြုလုပ် လိုသော လုလင် ဟူ၍ ဘယ်မှာ ရှိမည် နည်း။ အကြော များထဲတွင် သွေးပူ စီးဆင်း နေသော လူများထဲတွင် တစ်ချိန် ချိန်၌ အပြင်ဘက် ထွက်လိုသည့် အလိုဆန္ဒ မရှိသူ အရေ အတွက် အလွန် နည်းပေလိမ့်မည်။ ထို ပုဂ္ဂိုလ်များ၏ လမ်းမတွင် အဟန့်အတား များ ရှိမည်မှာ အမှန် ဖြစ်သည်။

အပြင်အပ ကမ္ဘာလောက၌ ဖြစ်ပေါ် နေသော အနှောင့်အယှက် အဟန့်အတား များထက် လူ၏ စိတ်နှလုံး ထဲတွင် ပေါ်လာသော အနှောင့်အယှက် အဟန့်အတား များက အရေအတွက် ပိုများသည်။ လုလင် များသည် မိမိ တို့၏ ရွာ၊ မိမိတို့၏ အရပ်ကို အောက်မေ့ တသပြီး ငိုကြသည်။ မိမိ သိကျွမ်းနေသော အိမ်များ၊ နံရံများ၊ လမ်းကြီး လမ်းငယ်များ၊ မြစ်များ၊ ချောင်းများ၊ ကန်များ၊ မိမိတို့၏ မျက်မှောက်က ဝေးကွာ သွားသည့် အခါ လွမ်းသလိုလို ဆွေး သလိုလို ဖြစ်ကြသည်။ ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာခြင်း သည် မိမိ၏ ဇာတိနယ်မြေအား တွယ်တာချစ်ခင် ခြင်း မပြုရ ဟူသော အဓိပ္ပာယ် မဟုတ်ပေ။

လူတို့သည် မိမိတို့၏ ဇာတိ နယ်မြေအား ထိုနယ်မြေ ဒေသနှင့် ဝေးကွာ သော နေရာသို့ ရောက်သွား မှ သာလျှင် အပြည့်အဝ ချစ်ခင် လေးစားမှု ပြုလုပ် နိုင်ပေသည်။ ထိုအချိန် ကျမှသာ မိမိ ဇာတိ နယ်မြေ ဒေသ၏ လှသော ရုပ်ပုံသည် နှလုံးသား တွင် ပေါ်ပေါက် လာသည်။ နှလုံးသား သည် ချိုမြသော အတွေးအခေါ် အမျိုးမျိုးဖြင့် ပြည့်လျှံလာ နိုင်သည်။

အနှောင့်အယှက် အဟန့်အတား ဖြစ်မှာ မစိုးရိမ်ရလျှင် ခြေသလုံး အိမ်တိုင် ခရီးသည် သည် ကိုးနှစ် ဆယ်နှစ် ကြာပြီးသည့်နောက် မိမိ ဇာတိ ဒေသကို ပြန်လာ၍ ကြည့်ရှုခြင်းသည် မိမိ၏ မိတ်ဟောင်း ဆွေဟောင်း များနှင့် တွေ့ဆုံခြင်းသည် မလိုလား အပ်သော အကြောင်း မဟုတ်ပေ။ သို့ရာတွင် ချစ်ခင်ခြင်း၏ အဓိပ္ပာယ်သည် ချစ်ခင်ခြင်းကို အထုံးအဖွဲ့ ဖြစ်အောင် လုပ်ထားခြင်း မဟုတ်ပေ။ ခြေသလုံး အိမ်တိုင် ခရီးသည်၏ဘဝ၌ လူသည် ခရီးဝေးရာသို့ ရောက်သွားလေလေ မိမိ၏ အကျိုးကို လိုလားသော မိတ်ဆွေ များ ၏ ဦးရေ ပေါများ လာလေ ဖြစ်သည်။ နေရာ အနှံ့အပြား၌ သံယောဇဉ် ကြိုးများသည် ထိုပုဂ္ဂိုလ် အား ဖွဲ့နှောင်ဖို့ အဆင်သင့် ဖြစ်နေကြသည်။ အကယ်၍ ယင်းကဲ့သို့သော ထောင်ချောက် ထဲတွင် ဖမ်းမိ လိုပါလျှင်ကား အားလုံး ၏ အလိုဆန္ဒကို မည်ကဲ့သို့ ဖြည့်ဆည်း၍ ရနိုင်မည်နည်း။

ကျွန်ုပ်ကို မွေးဖွားသော နယ်မြေဒေသ မြို့ရွာ များအား အကြိမ်တစ်ရာ ရှိခိုး ဦးခိုက် လိုက်ပါသည်။ နယ်မြေဒေသကို အောက်မေ့ တသခြင်းသည် ကျွန်ုပ်တို့ အတွက် ချစ်မြတ်နိုးဖွယ် အကောင်းဆုံးသော ရတနာ ရွှေအိုး ဖြစ်သည် ဆိုသည်မှာ သံသယ ဖြစ်ဖွယ် မလိုပေ။ သို့ရာတွင် အကယ်၍ ထိုနယ်မြေ ဒေသသည် ခြေထောက်ကို ဖမ်းဆွဲထားပြီး ဇင်္ဂမက ထာဝရ ဖြစ်အောင်၊ လှုပ်ရှားနေသူ အဖြစ်က ရပ်တန့်နေသူ ဖြစ်အောင် လုပ်မည် ဆိုလျှင်ကား ယင်းသို့ ပြုလုပ်ခြင်းသည် မလိုလား အပ်သော အကြောင်း ဖြစ်သည်။ လူတိုင်း လူတိုင်း မိမိတို့၏ ဇာတိ ဒေသနှင့် ပတ်သက်၍ တာဝန် ဝတ္တရား ရှိသည်။ ယင်းတာဝန် ဝတ္တရား သည် ကျေးဇူး ဥပကာရ တင်ရှိမှုကို အလုပ်လုပ်၍ ပြခြင်း မျှဖြင့် ကျေပွန် သွားနိုင်သည်။

မည်သည့် အရွယ်၌ ခြေသလုံး အိမ်တိုင် ခရီးသွားနိုင်ခြင်း အညွန့် အညှောင့် ပေါ်ပေါက်လာသည်၊ မည်သည့် အရွယ်၌ အပြည့်အဝ ဖြစ်ပေါ်လာသည်၊ မည်သည့် အချိန်၌ ခရီး စတင် ထွက်သင့်သည် ဆိုသည့် အကြောင်း အရာနှင့် ပတ်သက်၍ ရှေ့အပိုင်းများတွင် ပြောပြပါမည်။ သို့ရာတွင် အနှောင်အဖွဲ့ကို ဖြတ်တောက် ပစ်ရန် ပြောပြ ရင်း နှင့် အနာဂတ် ခြေသလုံး အိမ်တိုင် ခရီးသည် ၏ နုနယ်သော နှလုံးသား နှင့် ဦးနှောက်ကို နှောင်ဖွဲ့ထားရာ၌ မည်သည့် လက်ချက်က ပိုများသည် ဆိုသည်ကို မူ ပြောပြ ရမည်။ ရန်သူသည် လူကို တုပ်နှောင် မထားနိုင်ပေ။ မိမိ အား စိတ်ပါဝင်စား ခြင်း မရှိသူ ကလည်း အခြား လူတစ်ယောက်ကို တုပ်နှောင် မထားနိုင်ပေ။ အခိုင်မာဆုံး အတင်းကျပ်ဆုံး အနှောင် အဖွဲ့မှာ ချစ်ခင်ခြင်း အနှောင် အဖွဲ့ ဖြစ်သည်။ ချစ်ခင် ခြင်း၌ ပျော့ပျောင်းမှု ရှိသည် ဆိုလျှင် ထက်သန် အားကောင်းမှုလည်း ရှိသည် ဟု ဆိုရည်။ ခြေသလုံး အိမ်တိုင် ခရီးသည် များ၏ အတွေ့အကြုံ အရ သိရှိရသည်မှာ အကယ်၍ မိမိတို့ မိခင်၏ ချစ်ခြင်း နှင့် မျက်ရည်ကို ပူပန် ကြောင့်ကြ နေမည် ဆိုလျှင် ခြေသလုံး အိမ်တိုင် ခရီးသည် များထဲက တစ်ယောက်မျှ အိမ်အပြင် ဘက် ထွက်လာနိုင်မည် မဟုတ်ပေ။

ဆယ့်ငါး နှစ်၊ အနှစ် နှစ်ဆယ် အရွယ် လုလင် များ၏ ရှေ့တွင် “မင်း နှလုံးသားဟာ ဘယ်လောက် မာကျော သလဲ၊ မိခင်၏ နှလုံးသား ကို မကြည့်ဘူးလား။ မင်း အပေါ်မှာ မိခင်ရဲ့ မျှော်လင့်ချက် အားလုံး တည်ရှိနေတယ်။ ကိုးလလွယ် ဆယ်လ ဖွားခဲ့ရတဲ့ မိခင်ဟာ မင်း ထွက်သွားလို့ ရှိရင် ငိုရပါများတဲ့ အတွက် မျက်စိ ကန်း သွားလိမ့်မယ်။ မိခင် ရဲ့ အားကိုး အားထား ဟာ မင်းပဲ ဖြစ်တယ်” ဟူသော အကြောင်း ပြချက် များကို မိခင်များက ပြောပြ ကြပေလိမ့်မည်။ ယင်း အကြောင်း ပြချက် များနှင့် ဆုံးမ သွန်သင် ချက် များသည် ခြေသလုံး အိမ်တိုင် ခရီးသည် ၏ ဆုံးဖြတ်ချက်နှင့် လုံ့လဝီရိယ အပေါ်တွင် ရေအိုး အလုံး ထောင်ပေါင်း များစွာ သွန်ချ လိုက်သကဲ့သို့ မိခင် ၏ ယင်း အခြေအနေ သည် ခြေသလုံး အိမ်တိုင် ခရီးသည် ၏ စိတ်နှလုံးကို အားနည်း သွားအောင် လုပ်ပေ လိမ့်မည်။

မိခင် ၏ ချစ်ခင် ကြင်နာမှု သည် အလွန် အဖိုးထိုက် တန်သော အရာ ဖြစ်သည်။ အဖိုးတန်သည် ဟူသော စကား လောက်ဖြင့် လုံလောက် မည် မဟုတ်ပေ။ ယင်း ချစ်ခင် ကြင်နာမှု ထက် ချိုမြိန် လှသော ချစ်ခင် ကြင်နာမှုမျိုး တစ်ခြား မရှိနိုင်ပေ။ မိခင်၏ ကျေးဇူး ဥပကာရ သည် အမှန်တကယ်ပင် ဆပ်၍ မကုန် နိုင်သော ကျေးဇူး ဥပကာရ မျိုး ဖြစ်သည်။ မိခင်၏ ကျေးဇူး ဥပကာရ ကို တုံ့ပြန် ရန် အတွက် သားသည် မိမိ မိခင်၏ အမည်ကို ထွန်းလင်း တောက်ပ အောင် လုပ်ရမည်။ မိမိ ၏ ထွန်းလင်း တောက်ပ သော အပြုအမူများဖြင့် မိခင် ၏ အမည် နာမ ထင်ရှား ကျော်ကြား အောင် လုပ်ရပေမည်။ ခြေသလုံး အိမ်တိုင် ခရီးသည် ယင်းကဲ့ သို့ ပြုလုပ် နိုင်သည်။

မိခင်ပေါင်း များစွာသည် မိမိ တို့၏ ထင်ပေါ် ကျော်ကြား သော ခြေသလုံး အိမ်တိုင် ခရီးသည် သား များကြောင့် ထင်ပေါ် ကျော်ကြား သွားကြသည်။ သုဝဏ္ဏက္ခီ ၏ သား အဿဃောသ သည် ဇမ္ဗူဒိပ် အရှေ့ပိုင်းမှ ဂန္ဓာရ တိုင်း အထိ လှည့်လည် သွားလာပြီးလျှင် သူ၏ ကဗျာ၊ သူ၏ ပညာ ဖြင့် လူပေါင်း များစွာ တို့၏ စိတ်နှလုံးကို နှစ်သိမ့် စေပြီးလျှင် သာကေတ သူ မိခင် သုဝဏ္ဏက္ခီ ၏ အမည်နာမ ကို ထာဝရ တည်မြဲအောင် လုပ်ခဲ့သည်။ မိခင် များသည် မိမိတို့၏ လတ်တလော အကျိုး ကို ကြည့်လျက် မိမိ တို့၏ အနာဂတ် ခြေသလုံး အိမ်တိုင် ခရီးသည် သားကို နားလည် သဘောမပေါက် ကြပေ။ မိမိတို့၏ အိမ်ဂေဟာ၌ သာလျှင် တစ်သက်လုံး နေစေလိုကြသည်။ Read more of this post

အထတော ဃူမက္ကရ ဂျိဂယာဆာ :ပါရဂူ

ကျနော့ ဆရာရင်း ပါရဂူ ၏ “ဃူမက္ကရ သျှတ္တရ” မှ ပထမ အခန်းကို ရိုက်ယူ တင်ရှိ ပါသည်။ ဆရာပါ (ကျနော်တို့ ချစ်စနိုး ဆရာပါ ဟုသာ ခေါ်သည် ) က ရာဟုလာ သံကိစ္စည်း ၏ ကျမ်းကို ဘာသာပြန် ဆို ထားခြင်း ဖြစ်သည်။ အများအားဖြင့် ပစ်ပယ် ခံထားရသော စာအုပ်လည်း ဖြစ်သည် ဟု ကျနော် ပြောလိုသည်။ အဘယ်ကြောင့် ဆိုသော် အတွင်းပိုင်း စာသား အများစု ကို ယနေ့ လူကြီးမိဘ အပါ အဝင် ဆရာများ မနှစ်သက်ကြခြင်း ကြောင့် ဖြစ်သည်။ သို့သော် ဤစာအုပ်သည် ကျနော့် အပေါ် ကျေးဇူး များစွာ ရှိပါသည်။ မှတ်မှတ်ရရ – “သိဒ္ဓတ္ထ” နှင့် “ဃူမက္ကရ သျှတ္တရ” ။ ဆရာပါ ၏ ဤစာအုပ် နှစ်အုပ် သည် ကျနော့ဘဝကို အိပ်မက်မှ လက်တွေ့သို့ လှုပ်ကိုင် နှိုးကြသည့် စာအုပ် များ ဖြစ်သည်။ ယင်းသို့ လှုပ်နှိုး ခဲ့သည့် အတွက်လည်း ကနေ့ အချိန်တွင် အကောင်း အဆိုးများ ဒွန်တွဲ ရိုက်ခတ်လျက် ရှိ သည်။ အကောင်း အဆိုး မည်သည် လောက ဓမ္မတာ ဖြစ်၍ ယင်း တို့ လှိုင်းတံပိုး ကြားတွင် – ဘဝသည် စင်စစ် အသက်ဝင်လျက် ရှိသည်။ ဤသည်ပင်လျှင် အကျိုးကျေးဇူး ဖြစ် သည်။ ယင်း ကျေးဇူး တို့ကို ရည်သန်၍ ဤအွန်လိုင်း မျက်နှာစာ တို့တွင် ကြည့်မိသည်။ ဆရာပါ ၏ သိဒ္ဓတ္ထ မှ လွဲ၍ ဤ “ဃူမက္ကရ သျှတ္တရ” ကို ရှာ မတွေ့ ။ ထို့ကြောင့် (စကားဦး နိဒါန်း မပါ) အခန်းအားဖြင့် (၁၃) ခန်းသာ ရှိသော ဆရာ့ စာ ကို တစ်ခန်း ချင်း ရိုက်ယူ တင်ရှိရန် စိတ်ကူးပါသည်။ ဤသည် မှာ ပထမ အစဦး အခန်း ဖြစ်သည်။

ဇေယျ
……………………….
အပျိုး အတွက် ဆရာ၏ စကားဦးမှ အချို့ အပိုဒ်ကို အနည်းငယ် ထုတ်နုတ်လိုသည်။

“ဘာသာရပ် ပေါင်း များစွာ နှင့် ပတ်သက်ပြီး ရာဟုလာ ရေးသွားခဲ့သော တစ်ရာကျော် နှစ်ရာ နီးပါး ရှိ ကျမ်းစာအုပ် များထဲတွင် “ဃူမက္ကရ သျှတ္တရ” အမည်ရှိ ကျမ်း စာအုပ် တစ်အုပ် ရှိသည်။ ရာဟုလာသည် တစ်သက်လုံး သူကိုယ်တိုင်လည်း ခရီးသွားသည်။ သူ၏ ခရီးမှတ်တမ်း များကို ရေးသားသော စာအုပ်များစွာ လည်း ရှိသည်။ ကမ္ဘာ့ ခရီးသည် များကိုလည်း သူ၏ စာအုပ် များထဲတွင် တစ်ခမ်း တစ်နား နေရာပေးထားသည်။

“‘ဃူမက္ကရ သျှတ္တရ’ စာအုပ်မှာ ခရီးသွားခြင်း အလုပ်ကို ကျင့်စဉ် တစ်ရပ် အဖြစ် အမွှမ်း တင် ထားသော စာအုပ် ဖြစ်သည်။ သက္ကတ သျှတ္တရ ကျမ်းကြီး ကျမ်းခိုင်များကို ‘အထတော ဂျိဂယာဆာ’ ဟူ၍ အမြတ်တနိုး ဂုဏ်ပြု အမွှမ်းတင် ထားသည်။ အဓိပ္ပာယ် မှာ သျှတ္တရ ကျမ်းစာများကို စူးစမ်းလေ့လာမှု ပြုခြင်း သည် လူ့လောက အတွက် ကြီးစွာ အကျိုးပြုခြင်း ဖြစ်၏ ~ ဟူ၍။ ရာဟုလာက သူ၏ ဃူမက္ကရ (ခြေသလုံး အိမ်တိုင် ခရီးလှည့်လည်ခြင်း အကျင့်) ကို သျှတ္တရ ကျမ်းဂန် များနှင့် နှိုင်းယှဉ် လျက် “အထတော ဂျိဂယာဆာ” ခရီးသွားလာခြင်း ကျင့်စဉ် သည် ထောက်မီ၍ မရသော အလွန် နက်နဲသော ကျင့်စဉ်မြတ် ဖြစ်သည် ဟူ၍ ဂုဏ်ပြု အမွှမ်းတင်ပြီး ရေးသား ထားသည်။ ရာဟုလာသည် သူ၏ ဃူမက္ကရ သျှတ္တရ “ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာခြင်း” နှင့် ပတ်သက်သော စာအုပ်ကို ‘သျှတ္တရ ကျမ်းစာ’ ဟူ၍ ကျမ်း စာအုပ် အမည်ပေးထားသည် ကို ထောက်လျက် ခရီး လှည့်လည် သွားလာခြင်း ကျင့်စဉ်ကို မည်မျှ အလေးထားသည် ဆိုသည်ကို သိရှိ နိုင်သည်။

“ရာဟုလာသည် ခရီးလှည့်လည် သွားလာခြင်း ကျင့်စဉ်ကို သူ ကိုယ်တိုင်လည်း ကျင့်သုံးသည်။ ဤ ‘ဃူမက္ကရ သျှတ္တရ’ ကျမ်းစာအုပ်၌ ပြည်သူ အများကိုလည်း ခရီး လှည့်လည် သွားလာခြင်း ကျင့်စဉ် ကျင့်သုံး နိုင်ရန် အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များကို အကျယ်တဝင့် ရှင်းလင်း ပြောပြထားသည်။”

…………………………..

အထတော ဃူမက္ကရ ဂျိဂယာဆာ

“အထာတော ဃူမက္ကရ ဂျိဂယာဆာ” (ခြေသလုံး အိမ်တိုင် ခရီးကို စူးစမ်း ရှာမှီးခြင်း) ဟူသော သက္ကတ စာလုံးဖြင့် ကျမ်းစာအုပ် ကို အစပြုထားသည့် အတွက် စာဖတ်သူများ ဘဝင်မကျ ဖြစ်ပေလိမ့်မည်။ သို့သော် မဖြစ်သင့်။ အမှန်က ကျွန်ုပ်တို့သည် ကျမ်းစာ အုပ်ကို ရေးသား နေခြင်း ဖြစ်သည်။ သျှတ္တရ ကျမ်းဂန် များ၌ စူးစမ်း ရှာမှီးခြင်း ပြုလုပ် အပ်သည့် အရာမှာ ကောင်းမွန် မြင့်မြတ်သော လူ ပုဂ္ဂိုလ် တစ်ဦးချင်းနှင့် လူ့လောက အတွက် ကြီးစွာ အကျိုးပြု သော အရာ ဖြစ်၏ ဟု ဖွင့်ဆို ပြောပြ ထားသည်။ ဗျာသ သည် သူ၏ သျှတ္တရ ကျမ်းဂန် ၌ ဗြဟ္မ အား အမြင့်မြတ်ဆုံး ဟု ယူဆပြီးလျှင် ဗြဟ္မ ကို စူးစမ်း ရှာမှီးအပ်သည့် အရာ ဟူ၍ ပြုလုပ် ဖန်တီး ထားသည်။ ဗျာသ ၏ တပည့် ဇေမိနိသည် ဓမ္မကို အမြင့်မြတ်ဆုံး ဟု ထင်မှတ် ယူဆသည်။

ရှေးရှေး ရသေ့ကြီးများနှင့် အယူအဆ ကွဲပြားနေခြင်း သည် ကျွန်ုပ်တို့ အတွက် မကောင်းမှု ကျူးလွန်ခြင်း မဟုတ်ပေ။ သျှတ္တရ ကျမ်း ခြောက်ကျမ်းကို ရေးသား စီရင် ကြသော ရသေ့ကြီး ခြောက်ပါး ထဲတွင်လည်း တစ်ဝက်သည် ဗြဟ္မာကို အကောင်း မမြင်ကြပေ။ ကျွန်ုပ်၏ သဘော အရ ပြောပြရလျှင် ကမ္ဘာပေါ် ၌ အမြင့်မြတ် အကောင်း ဆုံး သော အရာမှာ ခြေသလုံး အိမ်တိုင် ခရီး လှည့်လည် သွားလာခြင်း ဖြစ်သည်။ ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာ သူထက် ပုဂ္ဂိုလ် တစ်ဦးချင်း အကျိုး နှင့် လူ့လောက အကျိုး သယ်ပိုး ဆောင်ရွက် နိုင်သူ မရှိပေ။

Read more of this post

နှလုံးမှသာ ဖြတ်စီး၍

ခင်ဗျား က သိပ် ချိုချို သာသာ ပြောတတ် တယ် – စကား သိပ်တတ်တယ် ဆိုပါတော့ ။ ဒါပေမယ့် ခင်ဗျား ရင်ထဲမှာ အေးငြိမ်းမှု ၊ ငြိမ်ဝပ် နေမှု အတိ အကျ မရှိဘူး – ဒါဆိုရင် – အဲ့ဒီ ချိုသာ စကား တတ်မှု ဟာ အလကား ပဲ ဖြစ်ပါတယ် ။ စကားလုံး ဝေါဟာရ တွေဟာ အသက်ဝင် နေဖို့ ဆိုရင် – တိတ်ဆိတ် တဲ့ ခင်ဗျား အတွင်းသန္တာန် က ထွက်လာမှ ရတယ်။ တိတ်ဆိတ်တဲ့ နှလုံးက မထွက် လာနိုင်ရင် သူတို့ ဟာ အမြဲတမ်း အချည်းနှီး၊ အလဟဿ အနှစ်မဲ့ ဖြစ်နေမှာပဲ။

တစ်စုံတစ်ခုကို သိမြင်တဲ့ အခါ ၊ တစ်စုံတစ်ခုကို အရှင်းဆုံး ဗြုန်းခနဲ မြင်သိသွားတဲ့ ခင်ဗျား ကိုယ်ပိုင် အတွေ့အကြုံ တစ်ခုခု အပေါ် ကြည့်ကြည့် ပါ။ အဲ့ ခဏမှာ အဲ့ဒီ အတွေ့အကြုံကို ပြောပြဖို့ ခင်ဗျား မှာ စကားလုံး မရှိဘူး ဆိုတာ တွေ့ရပါလိမ့်မယ် ။ ဒါပေမယ့် အသိ သက်သက် မှာ ငြိမ်ဝပ် နေတဲ့ သန္တာန် ရှိတယ် ။ အဲ့ အတွေ့အကြုံကို ခင်ဗျား တစ်ဦးတည်း ကောင်းကောင်း သိတယ် ။ ပြောပြ နိုင် ဖို့ရာတော့ – ရင်တွင်း မှာ တိတ်ဆိတ် နေမယ်။ ဗလာသက်သက် သာ ခင်ဗျား သန္တာန်မှာ ဖြစ်တယ်။

အဲ့အချိန် မှာသာ ပြုမူ ပြောဆိုသမှု တစ်ခုခု ရှိ ခဲ့မယ် ဆိုရင် – အဲ့ဒီ ပြုမူ ပြောဆို သမျှ ဟာ ခင်ဗျားရဲ့ ပြည့်ဝမှု ၊ ခင်ဗျား ရဲ့ အတွေ့အကြုံ ကို ကောင်းကောင်း ထင်ဟပ် နေ ပါလိမ့် မယ်။ ဒါကို သိမြင်နေရတဲ့ ဒုတိယ လူကလည်း အကြောင်းရင်းကို ပြောမပြနိုင်သည့် တိုင် အနည်း အကျဉ်းတော့ သိရှိ တယ်။ ငြိမ်းအေး တဲ့ နှလုံးက ထွက်ရှိလာတဲ့ ခင်ဗျားရဲ့ စကားတွေ ဟာ သူတို့ အတွက် တိတ်ဆိတ် အေးငြိမ်း တဲ့ ရသ တွေ ကိုပဲ လိမ်းကျံ ထား လိမ့်မယ်။

ဒါ့ကြောင့် – ငြိမ်ဝပ် တဲ့ စိတ်နှလုံး နဲ့ အစဉ်တစိုက် ပြုမူပြောဆိုကြည့်ပါ လို့ ကျနော် တိုက်တွန်း လိုပါတယ် ။ ဒီအလုပ်မှာ သတိ တစ်ခုသာ ခင်ဗျား လိုအပ် တယ်။ ခင်ဗျား သန္တာန်ရဲ့ ခဏတိုင်း အပေါ် ငြိမ်ဝပ် တိတ်ဆိတ် နေပါလိမ့်မယ် ။ ဒါဆို ခင်ဗျားရဲ့ ပတ်ဝန်းကျင် မှာ ဂီတသံ တွေ မြိုင်နေမှာပဲ။ ခင်ဗျား ရဲ့ စကားတွေ ဟာလည်း စီကုံး သီဖွဲ့မယ်လို့ မရည်ရွယ် သည့်တိုင် ကဗျာ ၊လင်္ကာတွေ ဖြစ်နေမှာပဲ။

မိမိ စိတ်နှလုံး ကို တိတ်ဆိတ်အောင် မနေနိုင်ပါဘဲ – ခင်ဗျား စကားတစ်ခုခုကို မပြောမဖြစ် ပြောရပြီ ဆိုတဲ့ အခါ မိမိ စကားတွေကို မိမိ သတိပြုကြည့် ပါ။ အဲ့အချိန်မှာ ခင်ဗျား စကားတွေဟာ အဓိပ္ပာယ် ရှိမနေဘူး ရယ်။ အနှစ်သာရ မရှိ၊ “ရသ” ရှိမနေဘူးပဲ။

ယေရှု ခရစ်ဟာ ခင်ဗျား ပြောတတ်တဲ့ စကားမျိုးကို ပြောတယ် ။ နောက်ထပ် – ဗုဒ္ဓ ။ ဗုဒ္ဓ ဟောကြားတဲ့ စကားတွေဟာလည်း ခင်ဗျား ကြိမ်ဖန် များစွာ အသုံးပြုနေနိုင်တဲ့ ဝေါဟာရမျိုး၊ စကားမျိုးပဲ ။ ဟုတ်တယ် မဟုတ်လား။ ဒါပေမယ့် ဘာတွေ ကွာခြားခဲ့ပါသလဲ ။ သတိပြု မိပါသလား ။ Read more of this post

ဇေယျ ဖြစ်မဖြစ်

ဒီကိစ္စက ထင်သလောက် မလွယ်ဘူး။ တစ်ယောက်သောသူ က “ခင်ဗျား ဘယ်သူလဲ” လို့ မေးရင် ~ ကျွန်တော်က “ကျွန်တော် ဇေယျ ပါ” လို့ ဖြေမယ်။ အဲ့ဒီမှာ မေးသူက မယုံရင် အခြား ပုဂ္ဂိုလ်တွေကို လိုက် မေးမယ်။ ကျွန်တော်ကို လက်ညှိုး ထိုးပြီး ပြောမယ်။ “သူ ဘယ်သူလဲ”။ သူတို့က လည်း ကျွန်တော် ဟာ “ဇေယျ ပါ” လို့ပဲ ပြောကြမှာပဲ။

အချို့က သည့်ထက် ပိုပြီး ကျွန်တော် “ဇေယျ ဟုတ်သလား” ဆိုတာကို သိချင် တော့ မှတ်ပုံတင် ကတ်ပြား တောင်းကြည့် မယ်။ မှတ်ပုံတင် ကတ်ပြား ထဲမှာ ကျွန်တော် ငယ်စဉ်က ရိုက်ထားတဲ့ ပုံ ပါတယ်။ ကျွန်တော်ဟာ “ဇေယျ” ဖြစ်တယ် လို့လည်း ဆိုမယ်။ ဒါ့ကြောင့် ကျွန်တော်ဟာ “ဇေယျ” ဖြစ်ကြောင်း အားလုံး လိုလို က လက်ခံ သွားကြ တယ်။

ကျွန်တော့် အတွက် ပြဿနာ တစ်ခု ရှင်းသွားတာပေါ့။ အဲ့ဒီလို စိတ်ပေါ့ပေါ့ ပါးပါး ဖြစ်နေတဲ့ အချိန်မှာ လူတစ်ယောက် က လာပြီး ကျွန်တော် ဟာ “ဇေယျ” မဟုတ် ပါဘူး လို့ ပြောပြန် တယ်။ ဒီတော့ ရှင်းနေ တဲ့ ပြဿနာက ပြန်ရှုပ်သွားရတယ်။ ဒါပေမယ့် ကိစ္စ မရှိဘူး။ ကျွန်တော့် ကို ထောက်ခံ မယ့် သူတွေ ကလည်း အများသား။

သူတို့ အားလုံးကပဲ စုဝေး လာကြပြီး၊ ကျွန်တော် ဟာ ဇေယျ ဖြစ်ကြောင်း ထောက်ခံ ပြောကြ တယ်။ လူ တစ်ယောက် က ဆိုရင် ကျွန်တော့် မှတ်ပုံတင် ကို ကိုင်ပြီး “ဒီလူ ဟာ ဇေယျ မဟုတ်ရင် ဘယ်သူ ဖြစ်မှာလဲ” လို့ ဒေါသ တကြီး ပြော တယ်။ တစ်ယောက် ကတော့ “မှတ်ပုံတင် မပြနဲ့။ မှတ်ပုံတင်က ရုပ်ငယ်တယ်။ အခု ရုပ်က ကြီးတယ်။ ဒါပေမယ့် အများက “ေဇယ်” ဆို “ေဇယ်” လိုက်ပေါ့” လို့ ပြောတယ်။

အဲ့အခါ ကျွန်တော့ကို ဇေယျ မဟုတ်ဘူး လို့ ပြောတဲ့သူ က မေးခွန်း တစ်ခု မေး ပါတယ်။ “ဒီရွာမှာ ပညာ အရှိဆုံးသူ က ဘယ်သူလဲ” တဲ့။ အဲ့အခါ အများက “ဒီရွာမှာ ပညာအရှိဆုံး သူဟာ ရွာ ဦးကျောင်း ဆရာတော်ကြီး ဖြစ်တယ်” လို့ ပြောကြ တယ်။

အဲ့ အခါ ကျွန်တော့ ကို ဇေယျ မဟုတ်ဘူးလို့ ပြောတဲ့ သူက – “ကျွန်တော်တို့ အားလုံး ရွာဦးကျောင်း ကို သွားပြီး ဆရာတော့် အဆုံးအဖြတ်ကို ခံယူမယ်” လို့ ပြောတယ်။

ဒီ အဆိုပြုချက် ကိုတော့ ဘယ်သူမှ မငြင်းရဲဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ အားလုံး ရွာဦးကျောင်း ကို သွားကြတယ်။ အဲ့ဒီလို သွားတတယ် ဆိုပေတဲ့- ကျွန်တော်တို့ အားလုံး ရိုးရိုး တန်းတန်း သွား တာတော့ မဟုတ်ဘူး။ သူတို့က ကျွန်တော့် ကို သေသေ ချာချာ ရေမိုးချိုး ပေးတယ်။ ပိုးပုဆိုး ကို ဝတ်၊ ကတ္တီပါ ဖိနပ် စီးခိုင်းတယ်။ ခေါင်းကိုလည်း ကျကျနန ဆီလိမ်း တယ်။ သပ်သပ် ရပ်ရပ် ဖြီး သင်တယ်။

အဲ့တော့ ကျွန်တော်တို့ အုပ်စု ထဲမှာ ပါတဲ့ ကောင်မလေး တစ်ယောက် က “ကိုဇေယျကြီး ဒီလို ဆို တော်တော် ချောတာ ပဲ” လို့ ပြောတယ်။ ဒီလို ပြောလိုက် လို့ – ကျနော့ကြောင့် နဲ့ပဲ – သူတို့ ရည်းစား ချင်း ရန်ဖြစ်ကြသေးတယ်။ ကောင်မလေးက – “ချောတယ် ပြောတာ က ကြိုက် တယ် ပြောတာ မှ မဟုတ်တာ။ ဒါလောက် သဘောထား မသေးနဲ့” လို့ သူ့ကောင်လေး ကို ပြော တယ်။

ကောင်လေးက “ငါကလွဲရင် မင်းအဖို့ ဘယ်ယောင်္ကျား မှ မရှိ ရဘူး။ ငါက မင်းရဲ့ တစ်ယောက် တည်း သော ယောင်္ကျားပဲ” လို့ ဆိုတယ်။ ဒါပေမယ့် ကောင်မလေး က အာဂ ကောင်မလေး။ “ရှင့် အပြင် ကျွန်မ အဖေက ယောင်္ကျား မဟုတ် ရတော့ ဘူးလား။ ကျွန်မက မိုးပေါ်က ကျလာရမှာလား” လို့ မေးတယ်။ အဲ့ဒီ မှာတင် မနေသာ တော့တဲ့ ကောင်မလေး အမေက ~ “စကားမများ ကြနဲ့။ အခုက -”ဇေယျ ဟာ ဇေယျ ဟုတ်သလား” ဆိုတဲ့ ပြဿနာ ဖြစ်နေတာ။ ငါ့သမီး အဖေ ~ ငါ့ယောင်္ကျား ဟာ “ယောင်္ကျား ဟုတ် သလား” ဆိုတဲ့ ပြဿနာ ဖြစ်နေတာ မဟုတ် ဘူး။ ငါ့သမီး အဖေ ဟာ ယောင်္ကျား ဖြစ် မဖြစ် ဆရာတော်ကြီး ကို သွား လျောက်ထား ဖို့ မလိုဘူး။ ငါ့သမီး အဖေ ဟာ ယောင်္ကျား ဆို တာ ငါ အသိဆုံး၊ ငါ့ထက် သိတဲ့သူ ဘယ်သူမှ မရှိဘူး။ ငါ့ထက် သိတဲ့ လူရှိရင် လည်း အဲ့ဒီ ကောင်မတော့ သေရော့ပဲ” လို့ ပြောတယ်။ အဲ့မှာ တင် ယောင်္ကျား မိန်းမ ပြဿနာ အဆုံးသတ် သွားတယ်။ Read more of this post

Follow

Get every new post delivered to your Inbox.