အနှောင်အဖွဲ့ကို ဖြတ်တောက်ပစ်ပါ: ပါရဂူ

ဃူမက္ကရ သျှတ္တရ – အခန်း (၂)

တစ်ကမ္ဘာလုံး ရှိ ရသေ့၊ ရဟန်း သူတော်စင် များက ‘အိမ်ထောင်မှု သည် အနှောင်အဖွဲ့ ဖြစ်သည်’ ဟု ပြောပြီး အိမ်ထောင်မှု ကို ချိုးဖျက်လျက် အပြင်ဘက် ထွက်လာ ဖို့ ပြောပြ ကြသည်။ အကယ်၍ ခြေသလုံး အိမ်တိုင် ခရီးသွားများ လည်း အိမ်ထောင်သည် ဘဝကို ချိုးဖျက်ဖို့ လိုအပ်သည် ဆိုလျှင် ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာသူ များ၏ ရည်ရွယ်ချက် လည်း မိမိကိုယ်ကို တန်ဖိုး ထားခြင်း၊ သူတစ်ပါး အား အမှု မထားခြင်း ဟူ၍ မမှတ်သင့် ပေ။ ဃူမက္ကရ သျှတ္တရ ကျမ်း၌ ဖော်ပြထားသော ယင်း အချက်အလက် မှာ ပထမ တန်းစား ခရီးသည် များ အတွက် သို့မဟုတ် အဖြစ်နိုင်ဆုံး ဒုတိယ တန်းစား ခရီးသည်များ အတွက် ဖြစ်သည်။ ပထမ တန်းစား ခရီးသည် သို့မဟုတ် ဒုတိယ တန်းစား ခရီးသည် သည် မဖြစ်နိုင်သော ယင်း လမ်းမပေါ်၌ အခြေ မချသင့် ဟူသော အဓိပ္ပာယ် လည်း မဟုတ်ပေ။

ပထမတန်းစား ခရီးသည် တစ်ယောက် မွေးဖွား ပေါ်ပေါက် လာရန် အတွက် ဒုတိယ တန်းစား ခရီးသည် ထောင်ပေါင်း များစွာ ရှိဖို့ လိုအပ်လာ လိမ့်မည်။ ဒုတိယ တန်းစား ခရီးသည် တစ်ယောက် ဖြစ်လာဖို့ အတွက် လည်း တတိယ တန်းစား ခရီးသည် ထောင်ပေါင်း များစွာ လိုအပ်သည်။ ယင်းသို့ အားဖြင့် ခြေသလုံး အိမ်တိုင် ခရီးသည်၏ လမ်းမ၌ သိန်းပေါင်း များစွာသော လူများ ပျောက်သွား ကြမည် ဆိုလျှင် ယင်းတို့ အထဲက စံပြ ခြေသလုံး အိမ်တိုင် ခရီးသည် ပေါ်ထွက် လာဖို့ ခဲယဉ်း လိမ့်မည် မဟုတ်ပေ။

ခြေသလုံး အိမ်တိုင် ခရီး လှည့်လည် သွားလာရန် အတွက် အိမ်ထောင်မှုကို ချိုးဖျက်လျက် အပြင်ဘက် ထွက်လာခြင်း သည် ပထမ လိုအပ် ချက် ဖြစ်သည်။ မျက်စိပွင့် သည့် အချိန်မှ စ၍ ကမ္ဘာလောက တွင် လှည့်လည် သွားလာခြင်း မပြုလုပ် လိုသော လုလင် ဟူ၍ ဘယ်မှာ ရှိမည် နည်း။ အကြော များထဲတွင် သွေးပူ စီးဆင်း နေသော လူများထဲတွင် တစ်ချိန် ချိန်၌ အပြင်ဘက် ထွက်လိုသည့် အလိုဆန္ဒ မရှိသူ အရေ အတွက် အလွန် နည်းပေလိမ့်မည်။ ထို ပုဂ္ဂိုလ်များ၏ လမ်းမတွင် အဟန့်အတား များ ရှိမည်မှာ အမှန် ဖြစ်သည်။

အပြင်အပ ကမ္ဘာလောက၌ ဖြစ်ပေါ် နေသော အနှောင့်အယှက် အဟန့်အတား များထက် လူ၏ စိတ်နှလုံး ထဲတွင် ပေါ်လာသော အနှောင့်အယှက် အဟန့်အတား များက အရေအတွက် ပိုများသည်။ လုလင် များသည် မိမိ တို့၏ ရွာ၊ မိမိတို့၏ အရပ်ကို အောက်မေ့ တသပြီး ငိုကြသည်။ မိမိ သိကျွမ်းနေသော အိမ်များ၊ နံရံများ၊ လမ်းကြီး လမ်းငယ်များ၊ မြစ်များ၊ ချောင်းများ၊ ကန်များ၊ မိမိတို့၏ မျက်မှောက်က ဝေးကွာ သွားသည့် အခါ လွမ်းသလိုလို ဆွေး သလိုလို ဖြစ်ကြသည်။ ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာခြင်း သည် မိမိ၏ ဇာတိနယ်မြေအား တွယ်တာချစ်ခင် ခြင်း မပြုရ ဟူသော အဓိပ္ပာယ် မဟုတ်ပေ။

လူတို့သည် မိမိတို့၏ ဇာတိ နယ်မြေအား ထိုနယ်မြေ ဒေသနှင့် ဝေးကွာ သော နေရာသို့ ရောက်သွား မှ သာလျှင် အပြည့်အဝ ချစ်ခင် လေးစားမှု ပြုလုပ် နိုင်ပေသည်။ ထိုအချိန် ကျမှသာ မိမိ ဇာတိ နယ်မြေ ဒေသ၏ လှသော ရုပ်ပုံသည် နှလုံးသား တွင် ပေါ်ပေါက် လာသည်။ နှလုံးသား သည် ချိုမြသော အတွေးအခေါ် အမျိုးမျိုးဖြင့် ပြည့်လျှံလာ နိုင်သည်။

အနှောင့်အယှက် အဟန့်အတား ဖြစ်မှာ မစိုးရိမ်ရလျှင် ခြေသလုံး အိမ်တိုင် ခရီးသည် သည် ကိုးနှစ် ဆယ်နှစ် ကြာပြီးသည့်နောက် မိမိ ဇာတိ ဒေသကို ပြန်လာ၍ ကြည့်ရှုခြင်းသည် မိမိ၏ မိတ်ဟောင်း ဆွေဟောင်း များနှင့် တွေ့ဆုံခြင်းသည် မလိုလား အပ်သော အကြောင်း မဟုတ်ပေ။ သို့ရာတွင် ချစ်ခင်ခြင်း၏ အဓိပ္ပာယ်သည် ချစ်ခင်ခြင်းကို အထုံးအဖွဲ့ ဖြစ်အောင် လုပ်ထားခြင်း မဟုတ်ပေ။ ခြေသလုံး အိမ်တိုင် ခရီးသည်၏ဘဝ၌ လူသည် ခရီးဝေးရာသို့ ရောက်သွားလေလေ မိမိ၏ အကျိုးကို လိုလားသော မိတ်ဆွေ များ ၏ ဦးရေ ပေါများ လာလေ ဖြစ်သည်။ နေရာ အနှံ့အပြား၌ သံယောဇဉ် ကြိုးများသည် ထိုပုဂ္ဂိုလ် အား ဖွဲ့နှောင်ဖို့ အဆင်သင့် ဖြစ်နေကြသည်။ အကယ်၍ ယင်းကဲ့သို့သော ထောင်ချောက် ထဲတွင် ဖမ်းမိ လိုပါလျှင်ကား အားလုံး ၏ အလိုဆန္ဒကို မည်ကဲ့သို့ ဖြည့်ဆည်း၍ ရနိုင်မည်နည်း။

ကျွန်ုပ်ကို မွေးဖွားသော နယ်မြေဒေသ မြို့ရွာ များအား အကြိမ်တစ်ရာ ရှိခိုး ဦးခိုက် လိုက်ပါသည်။ နယ်မြေဒေသကို အောက်မေ့ တသခြင်းသည် ကျွန်ုပ်တို့ အတွက် ချစ်မြတ်နိုးဖွယ် အကောင်းဆုံးသော ရတနာ ရွှေအိုး ဖြစ်သည် ဆိုသည်မှာ သံသယ ဖြစ်ဖွယ် မလိုပေ။ သို့ရာတွင် အကယ်၍ ထိုနယ်မြေ ဒေသသည် ခြေထောက်ကို ဖမ်းဆွဲထားပြီး ဇင်္ဂမက ထာဝရ ဖြစ်အောင်၊ လှုပ်ရှားနေသူ အဖြစ်က ရပ်တန့်နေသူ ဖြစ်အောင် လုပ်မည် ဆိုလျှင်ကား ယင်းသို့ ပြုလုပ်ခြင်းသည် မလိုလား အပ်သော အကြောင်း ဖြစ်သည်။ လူတိုင်း လူတိုင်း မိမိတို့၏ ဇာတိ ဒေသနှင့် ပတ်သက်၍ တာဝန် ဝတ္တရား ရှိသည်။ ယင်းတာဝန် ဝတ္တရား သည် ကျေးဇူး ဥပကာရ တင်ရှိမှုကို အလုပ်လုပ်၍ ပြခြင်း မျှဖြင့် ကျေပွန် သွားနိုင်သည်။

မည်သည့် အရွယ်၌ ခြေသလုံး အိမ်တိုင် ခရီးသွားနိုင်ခြင်း အညွန့် အညှောင့် ပေါ်ပေါက်လာသည်၊ မည်သည့် အရွယ်၌ အပြည့်အဝ ဖြစ်ပေါ်လာသည်၊ မည်သည့် အချိန်၌ ခရီး စတင် ထွက်သင့်သည် ဆိုသည့် အကြောင်း အရာနှင့် ပတ်သက်၍ ရှေ့အပိုင်းများတွင် ပြောပြပါမည်။ သို့ရာတွင် အနှောင်အဖွဲ့ကို ဖြတ်တောက် ပစ်ရန် ပြောပြ ရင်း နှင့် အနာဂတ် ခြေသလုံး အိမ်တိုင် ခရီးသည် ၏ နုနယ်သော နှလုံးသား နှင့် ဦးနှောက်ကို နှောင်ဖွဲ့ထားရာ၌ မည်သည့် လက်ချက်က ပိုများသည် ဆိုသည်ကို မူ ပြောပြ ရမည်။ ရန်သူသည် လူကို တုပ်နှောင် မထားနိုင်ပေ။ မိမိ အား စိတ်ပါဝင်စား ခြင်း မရှိသူ ကလည်း အခြား လူတစ်ယောက်ကို တုပ်နှောင် မထားနိုင်ပေ။ အခိုင်မာဆုံး အတင်းကျပ်ဆုံး အနှောင် အဖွဲ့မှာ ချစ်ခင်ခြင်း အနှောင် အဖွဲ့ ဖြစ်သည်။ ချစ်ခင် ခြင်း၌ ပျော့ပျောင်းမှု ရှိသည် ဆိုလျှင် ထက်သန် အားကောင်းမှုလည်း ရှိသည် ဟု ဆိုရည်။ ခြေသလုံး အိမ်တိုင် ခရီးသည် များ၏ အတွေ့အကြုံ အရ သိရှိရသည်မှာ အကယ်၍ မိမိတို့ မိခင်၏ ချစ်ခြင်း နှင့် မျက်ရည်ကို ပူပန် ကြောင့်ကြ နေမည် ဆိုလျှင် ခြေသလုံး အိမ်တိုင် ခရီးသည် များထဲက တစ်ယောက်မျှ အိမ်အပြင် ဘက် ထွက်လာနိုင်မည် မဟုတ်ပေ။

ဆယ့်ငါး နှစ်၊ အနှစ် နှစ်ဆယ် အရွယ် လုလင် များ၏ ရှေ့တွင် “မင်း နှလုံးသားဟာ ဘယ်လောက် မာကျော သလဲ၊ မိခင်၏ နှလုံးသား ကို မကြည့်ဘူးလား။ မင်း အပေါ်မှာ မိခင်ရဲ့ မျှော်လင့်ချက် အားလုံး တည်ရှိနေတယ်။ ကိုးလလွယ် ဆယ်လ ဖွားခဲ့ရတဲ့ မိခင်ဟာ မင်း ထွက်သွားလို့ ရှိရင် ငိုရပါများတဲ့ အတွက် မျက်စိ ကန်း သွားလိမ့်မယ်။ မိခင် ရဲ့ အားကိုး အားထား ဟာ မင်းပဲ ဖြစ်တယ်” ဟူသော အကြောင်း ပြချက် များကို မိခင်များက ပြောပြ ကြပေလိမ့်မည်။ ယင်း အကြောင်း ပြချက် များနှင့် ဆုံးမ သွန်သင် ချက် များသည် ခြေသလုံး အိမ်တိုင် ခရီးသည် ၏ ဆုံးဖြတ်ချက်နှင့် လုံ့လဝီရိယ အပေါ်တွင် ရေအိုး အလုံး ထောင်ပေါင်း များစွာ သွန်ချ လိုက်သကဲ့သို့ မိခင် ၏ ယင်း အခြေအနေ သည် ခြေသလုံး အိမ်တိုင် ခရီးသည် ၏ စိတ်နှလုံးကို အားနည်း သွားအောင် လုပ်ပေ လိမ့်မည်။

မိခင် ၏ ချစ်ခင် ကြင်နာမှု သည် အလွန် အဖိုးထိုက် တန်သော အရာ ဖြစ်သည်။ အဖိုးတန်သည် ဟူသော စကား လောက်ဖြင့် လုံလောက် မည် မဟုတ်ပေ။ ယင်း ချစ်ခင် ကြင်နာမှု ထက် ချိုမြိန် လှသော ချစ်ခင် ကြင်နာမှုမျိုး တစ်ခြား မရှိနိုင်ပေ။ မိခင်၏ ကျေးဇူး ဥပကာရ သည် အမှန်တကယ်ပင် ဆပ်၍ မကုန် နိုင်သော ကျေးဇူး ဥပကာရ မျိုး ဖြစ်သည်။ မိခင်၏ ကျေးဇူး ဥပကာရ ကို တုံ့ပြန် ရန် အတွက် သားသည် မိမိ မိခင်၏ အမည်ကို ထွန်းလင်း တောက်ပ အောင် လုပ်ရမည်။ မိမိ ၏ ထွန်းလင်း တောက်ပ သော အပြုအမူများဖြင့် မိခင် ၏ အမည် နာမ ထင်ရှား ကျော်ကြား အောင် လုပ်ရပေမည်။ ခြေသလုံး အိမ်တိုင် ခရီးသည် ယင်းကဲ့ သို့ ပြုလုပ် နိုင်သည်။

မိခင်ပေါင်း များစွာသည် မိမိ တို့၏ ထင်ပေါ် ကျော်ကြား သော ခြေသလုံး အိမ်တိုင် ခရီးသည် သား များကြောင့် ထင်ပေါ် ကျော်ကြား သွားကြသည်။ သုဝဏ္ဏက္ခီ ၏ သား အဿဃောသ သည် ဇမ္ဗူဒိပ် အရှေ့ပိုင်းမှ ဂန္ဓာရ တိုင်း အထိ လှည့်လည် သွားလာပြီးလျှင် သူ၏ ကဗျာ၊ သူ၏ ပညာ ဖြင့် လူပေါင်း များစွာ တို့၏ စိတ်နှလုံးကို နှစ်သိမ့် စေပြီးလျှင် သာကေတ သူ မိခင် သုဝဏ္ဏက္ခီ ၏ အမည်နာမ ကို ထာဝရ တည်မြဲအောင် လုပ်ခဲ့သည်။ မိခင် များသည် မိမိတို့၏ လတ်တလော အကျိုး ကို ကြည့်လျက် မိမိ တို့၏ အနာဂတ် ခြေသလုံး အိမ်တိုင် ခရီးသည် သားကို နားလည် သဘောမပေါက် ကြပေ။ မိမိတို့၏ အိမ်ဂေဟာ၌ သာလျှင် တစ်သက်လုံး နေစေလိုကြသည်။ Read more of this post

ဇေယျ ဖြစ်မဖြစ်

ဒီကိစ္စက ထင်သလောက် မလွယ်ဘူး။ တစ်ယောက်သောသူ က “ခင်ဗျား ဘယ်သူလဲ” လို့ မေးရင် ~ ကျွန်တော်က “ကျွန်တော် ဇေယျ ပါ” လို့ ဖြေမယ်။ အဲ့ဒီမှာ မေးသူက မယုံရင် အခြား ပုဂ္ဂိုလ်တွေကို လိုက် မေးမယ်။ ကျွန်တော်ကို လက်ညှိုး ထိုးပြီး ပြောမယ်။ “သူ ဘယ်သူလဲ”။ သူတို့က လည်း ကျွန်တော် ဟာ “ဇေယျ ပါ” လို့ပဲ ပြောကြမှာပဲ။

အချို့က သည့်ထက် ပိုပြီး ကျွန်တော် “ဇေယျ ဟုတ်သလား” ဆိုတာကို သိချင် တော့ မှတ်ပုံတင် ကတ်ပြား တောင်းကြည့် မယ်။ မှတ်ပုံတင် ကတ်ပြား ထဲမှာ ကျွန်တော် ငယ်စဉ်က ရိုက်ထားတဲ့ ပုံ ပါတယ်။ ကျွန်တော်ဟာ “ဇေယျ” ဖြစ်တယ် လို့လည်း ဆိုမယ်။ ဒါ့ကြောင့် ကျွန်တော်ဟာ “ဇေယျ” ဖြစ်ကြောင်း အားလုံး လိုလို က လက်ခံ သွားကြ တယ်။

ကျွန်တော့် အတွက် ပြဿနာ တစ်ခု ရှင်းသွားတာပေါ့။ အဲ့ဒီလို စိတ်ပေါ့ပေါ့ ပါးပါး ဖြစ်နေတဲ့ အချိန်မှာ လူတစ်ယောက် က လာပြီး ကျွန်တော် ဟာ “ဇေယျ” မဟုတ် ပါဘူး လို့ ပြောပြန် တယ်။ ဒီတော့ ရှင်းနေ တဲ့ ပြဿနာက ပြန်ရှုပ်သွားရတယ်။ ဒါပေမယ့် ကိစ္စ မရှိဘူး။ ကျွန်တော့် ကို ထောက်ခံ မယ့် သူတွေ ကလည်း အများသား။

သူတို့ အားလုံးကပဲ စုဝေး လာကြပြီး၊ ကျွန်တော် ဟာ ဇေယျ ဖြစ်ကြောင်း ထောက်ခံ ပြောကြ တယ်။ လူ တစ်ယောက် က ဆိုရင် ကျွန်တော့် မှတ်ပုံတင် ကို ကိုင်ပြီး “ဒီလူ ဟာ ဇေယျ မဟုတ်ရင် ဘယ်သူ ဖြစ်မှာလဲ” လို့ ဒေါသ တကြီး ပြော တယ်။ တစ်ယောက် ကတော့ “မှတ်ပုံတင် မပြနဲ့။ မှတ်ပုံတင်က ရုပ်ငယ်တယ်။ အခု ရုပ်က ကြီးတယ်။ ဒါပေမယ့် အများက “ေဇယ်” ဆို “ေဇယ်” လိုက်ပေါ့” လို့ ပြောတယ်။

အဲ့အခါ ကျွန်တော့ကို ဇေယျ မဟုတ်ဘူး လို့ ပြောတဲ့သူ က မေးခွန်း တစ်ခု မေး ပါတယ်။ “ဒီရွာမှာ ပညာ အရှိဆုံးသူ က ဘယ်သူလဲ” တဲ့။ အဲ့အခါ အများက “ဒီရွာမှာ ပညာအရှိဆုံး သူဟာ ရွာ ဦးကျောင်း ဆရာတော်ကြီး ဖြစ်တယ်” လို့ ပြောကြ တယ်။

အဲ့ အခါ ကျွန်တော့ ကို ဇေယျ မဟုတ်ဘူးလို့ ပြောတဲ့ သူက – “ကျွန်တော်တို့ အားလုံး ရွာဦးကျောင်း ကို သွားပြီး ဆရာတော့် အဆုံးအဖြတ်ကို ခံယူမယ်” လို့ ပြောတယ်။

ဒီ အဆိုပြုချက် ကိုတော့ ဘယ်သူမှ မငြင်းရဲဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ အားလုံး ရွာဦးကျောင်း ကို သွားကြတယ်။ အဲ့ဒီလို သွားတတယ် ဆိုပေတဲ့- ကျွန်တော်တို့ အားလုံး ရိုးရိုး တန်းတန်း သွား တာတော့ မဟုတ်ဘူး။ သူတို့က ကျွန်တော့် ကို သေသေ ချာချာ ရေမိုးချိုး ပေးတယ်။ ပိုးပုဆိုး ကို ဝတ်၊ ကတ္တီပါ ဖိနပ် စီးခိုင်းတယ်။ ခေါင်းကိုလည်း ကျကျနန ဆီလိမ်း တယ်။ သပ်သပ် ရပ်ရပ် ဖြီး သင်တယ်။

အဲ့တော့ ကျွန်တော်တို့ အုပ်စု ထဲမှာ ပါတဲ့ ကောင်မလေး တစ်ယောက် က “ကိုဇေယျကြီး ဒီလို ဆို တော်တော် ချောတာ ပဲ” လို့ ပြောတယ်။ ဒီလို ပြောလိုက် လို့ – ကျနော့ကြောင့် နဲ့ပဲ – သူတို့ ရည်းစား ချင်း ရန်ဖြစ်ကြသေးတယ်။ ကောင်မလေးက – “ချောတယ် ပြောတာ က ကြိုက် တယ် ပြောတာ မှ မဟုတ်တာ။ ဒါလောက် သဘောထား မသေးနဲ့” လို့ သူ့ကောင်လေး ကို ပြော တယ်။

ကောင်လေးက “ငါကလွဲရင် မင်းအဖို့ ဘယ်ယောင်္ကျား မှ မရှိ ရဘူး။ ငါက မင်းရဲ့ တစ်ယောက် တည်း သော ယောင်္ကျားပဲ” လို့ ဆိုတယ်။ ဒါပေမယ့် ကောင်မလေး က အာဂ ကောင်မလေး။ “ရှင့် အပြင် ကျွန်မ အဖေက ယောင်္ကျား မဟုတ် ရတော့ ဘူးလား။ ကျွန်မက မိုးပေါ်က ကျလာရမှာလား” လို့ မေးတယ်။ အဲ့ဒီ မှာတင် မနေသာ တော့တဲ့ ကောင်မလေး အမေက ~ “စကားမများ ကြနဲ့။ အခုက -”ဇေယျ ဟာ ဇေယျ ဟုတ်သလား” ဆိုတဲ့ ပြဿနာ ဖြစ်နေတာ။ ငါ့သမီး အဖေ ~ ငါ့ယောင်္ကျား ဟာ “ယောင်္ကျား ဟုတ် သလား” ဆိုတဲ့ ပြဿနာ ဖြစ်နေတာ မဟုတ် ဘူး။ ငါ့သမီး အဖေ ဟာ ယောင်္ကျား ဖြစ် မဖြစ် ဆရာတော်ကြီး ကို သွား လျောက်ထား ဖို့ မလိုဘူး။ ငါ့သမီး အဖေ ဟာ ယောင်္ကျား ဆို တာ ငါ အသိဆုံး၊ ငါ့ထက် သိတဲ့သူ ဘယ်သူမှ မရှိဘူး။ ငါ့ထက် သိတဲ့ လူရှိရင် လည်း အဲ့ဒီ ကောင်မတော့ သေရော့ပဲ” လို့ ပြောတယ်။ အဲ့မှာ တင် ယောင်္ကျား မိန်းမ ပြဿနာ အဆုံးသတ် သွားတယ်။ Read more of this post

မဟောင်းတဲ့ အမြင်သစ်

ကျနော် မြတ်နိုးတဲ့ ဆရာတစ်ပါး – ဒဿနိက ဗေဒ ပါမောက္ခ ဆရာဒေါက်တာ ခင်မောင်ဝင်း ရဲ့ ဆောင်းပါး စာတိုလေး တစ်ပုဒ် ဖြစ်ပါ တယ်။ မူရင်း ဆောင်းပါး အမည် ကလည်း “မဟောင်းနိုင်သော အတွေးအမြင်သစ် တစ်ရပ်” လို့ ပေးထား တယ်။ “အနောက်တိုင်း ဒဿနဗေဒ ကို မြန်မာ့ မျက်စိဖြင့် ကြည့်ခြင်း” အတွဲ (၂) ရဲ့ အစမှာ ပါရှိပါ တယ်။

ဆရာ့ အမြင်က ရိုးတယ်။ မေးခွန်း အချက်တွေက ရှင်းတယ်။ ကျနော့ အမြင် အရ – ဆရာ့ မေးခွန်းတွေဟာ အစွမ်း သတ္တိ ရှိနေပါတယ်။ ။ အဲ့ဒီ ရိုးရှင်းတဲ့ စကား အပေါ်မှာ ထင်ဟပ်နေတဲ့ သူ့အမြင် ၊ သူ့မေးခွန်း တွေ ကို ကျနော် ကြိုက် တယ်။ ပို စိတ်ဝင် စားတာက ဆရာ မေး တဲ့ မေးခွန်း တွေ ဖြစ်ပါတယ်။ ဒီ ဆောင်းပါးရဲ့ အဆုံးသတ်နား လောက် မှာ အဲ့ မေးခွန်း တွေ ပါဝင်တယ်။ ဆရာ့စကားကို ဆက် စဉ်းစား တာ မစဉ်းစားတာ ကျနော် မပြောလိုပါဘူး။ – မြင်အောင် မကြည့်သင့်ဘူးလား လို့ အတွေး ရောက်လို့ တင်ပါတယ်။ အားလုံးကို – ကျေးဇူး တင် တယ်။

ဇေယျ

……………..

မဟောင်းနိုင်သော အတွေးအမြင်သစ် – ဒေါက်တာ ခင်မောင်ဝင်း (ဒဿန)

ဥရောပ တိုက်မှာ စက်မှုတော်လှန်ရေး ဖြစ်တယ်။ လူတွေက လူသုံးကုန် ပစ္စည်းတွေ တော်တော်များများ ထုတ်လုပ် လာနိုင်တယ်။ အဲ့အခါ လူတွေ ရဲ့ မျှော်လင့်ချက်လည်း မြင့်မား လာတယ်။ စက်မှု တော်လှန်ရေး ခေတ် မတိုင်မီက လူတွေ ထင်ကြတာက လူတွေ အချင်းချင်း စစ်ဖြစ်ကြတာဟာ လူသုံးကုန် ပစ္စည်း ဖူဖူ လုံလုံ မရှိလို့ဘဲ လို့ ထင်ကြတယ်။

အခု စက်မှု တော်လှန်ရေး ဖြစ်ပြီးပြီ။ လူသုံးကုန် ပစ္စည်းတွေလည်း ဖူဖူလုံလုံ ထုတ်လာပြီ။ ဖြစ်လာတဲ့ ပြဿနာတွေက ပစ္စည်း မဖူလုံ တဲ့ ပြဿနာ မဟုတ်တော့ဘူး။ ပစ္စည်းတွေကို လိုတာထက် ပိုထုတ်နိုင်တဲ့ နိုင်ငံတွေက သူတို့ရဲ့ ပိုလျှံတဲ့ ပစ္စည်းတွေ အတွက် ဈေးကွက် ရှာကြ တဲ့ ပြဿနာ ဖြစ်လာတယ်။ ဒီ ဈေးကွက် ရှာတဲ့ ပြဿနာက ပစ္စည်း ဖူလုံမှု မရှိတဲ့ ပြဿနာထက် ပိုကြီးမား လာတာ ကို တွေ့ရ တယ် ။ ဒီတော့ ဘာဖြစ်လာသလဲ။ ပိုလျံနေတဲ့ ပစ္စည်း အများကို ပိုင်ကြတဲ့ နိုင်ငံ အချင်းချင်း ရန်ဖြစ်ကြတယ်။ ဒါနဲ့ပဲ “ပထမ ကမ္ဘာ စစ်ကြီး” ဆို တဲ့ စစ်ကြီး ဖြစ်လာပါတယ်။ ဒီ “ပထမ ကမ္ဘာစစ်ကြီး” ကို “ကမ္ဘာစစ်ကြီး” ဆိုပေမယ့်လည်း တကယ်ကတော့ “ကမ္ဘာ စစ်ကြီး” မဟုတ်သေး ပါဘူး။ ဥပမာ – ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ပထမကမ္ဘာစစ်ကြီး တုန်းက စစ်ဒဏ်ကို မခံခဲ့ရဘူး။

ဒုတိယကမ္ဘာစစ်ကြီး ကမှ ပိုမို ကျယ်ပြန့်တဲ့ စစ်ကြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ လည်း ပါလာတယ်။ စစ်တလင်း ဖြစ်ခဲ့ ရတယ်။ နိုင်ငံကြီး တွေဟာ တစ်ဖက်နဲ့ တစ်ဖက် မျက်နှာ ချိုသွေးတယ်။ ဝါဒ ဖြန့်ခဲ့ကြတယ် ။ ဒါပေမယ့် သူတို့ရဲ့ အရင်းခံ ရည်မှန်းချက် ကတော့ မိမိ တို့ရဲ့ ဈေးကွက်ကို ပိုမို တိုးချဲ့ရေး ပဲ ဖြစ်တယ်။ Read more of this post

ကန့်လန့်တိုက်၏

သည်ကနေ့ ပုဂ္ဂိုလ်တစ်ဦး က စကားဆိုသည်။ ကျနော်၏ ပြောစကား ၊ စာများ သည် စာရှုသူ အပေါ် စေတနာထားသော စာများ မဟုတ်။ နှစ်သိမ့် ကြည်နူးစေ သော စာများ မဟုတ်။ နှောင့်ယှက်သော စာများ ၊ ကန့်လန့် တိုက်နေသော စာများ ဖြစ်သည် ဟူ၏။ ၎င်းပြဆိုသော သာဓက များမှာ ~ ဘုရားသခင် မရှိ ~ ဆိုခြင်းမျိုး ၊ နိုင်ငံရေး သမား ပြဿနာ မျိုး၊ ပုရိသ ဝါဒ ပြဿနာနှင့် သိပ္ပံ အချို့၊ ကျနော် ခပ်နာနာ ပြောသော ဆိုစကား အချို့ ဖြစ်သည်။

၎င်း၏ ဆိုစကားကို ကြည့်၍ ၎င်း၏ တိုက်တွန်းသမှုဖြင့် ဖြေကြည့်ပါမည်။

မှန်၏ ~ ကျနော် ကန့်လန့်တိုက်ပါသည်။ အဘယ်ကြောင့် ဆိုသော် ထို ကန့်လန့်တိုက်ရခြင်း အမှု ကို ကျနော် ချစ်သော ကြောင့် ဖြစ် သည်။ ကန့်လန့် တိုက်ခြင်း သည် စင်စစ် လိုအပ်သော အရာတစ်ခု ဟု ကျနော် မြင်သည် ။ လိုက်လျောခြင်း၊ နှစ်သိမ့်ခြင်း၊ ဖြေသိမ့်ခြင်း၊ အလိုက်အထိုက် ရှိခြင်း၊ Negotiate လုပ်ခြင်း စသည်တို့မှာ လူပေါင်းများစွာ သည် နှစ်ပေါင်းများစွာ ပြုခဲ့ကြပြီးသော အရာများ သာ ဖြစ် ၏။ သမိုင်းတလျောက်တွင် ယင်းတို့ကို အသုံးချ၍ အဘယ်လူသားသည် ဘဝပြဿနာများကို အဖြေရခဲ့ ပါသနည်း။ အောင်မြင်မှု အစား ~ အုပ်စုဖွဲ့ စရိုက် လက္ခဏာ များဖြင့် ဆိုးကျိုးများသာ ရရှိခဲ့သည်များ အတိုင်းသား ရှိ၏ ။

အချည်းနှီး ဖြစ်ကြသည့် “အလိုက်အထိုက် ရှိခြင်း၊ ကန့်လန့် မတိုက် ~ အလိုက်တသင့် ခေါင်းညိမ့်ခြင်း” တို့ကြောင့် လူတို့အကြားတွင် လက်တွေ့မပါ ~ အိပ်မက်ပေါင်း များစွာသာ မက်စွမ်းခဲ့ကြသည်။ စင်စစ် အိပ်မက် ဟူသည် ယင်းနှစ်သိမ့်မှု ၊ လှိမ့်လုံး ပတ်လုံး များမှသာ အများအားဖြင့် ပေါ်ပေါက်ကြောင်း သိခဲ့ဖို့ ကောင်းပါသည်။

ထို့ကြောင့် တစ်ဖက်တွင် ~ နှစ်သိမ့် လိုက်လျော ပေးခြင်း အမှုကို ကျနော် မုန်းသည်။ နှစ်သိမ့် ပေးခြင်း ဆိုသည်မှာ အများစု ယူဆသလို “တစ်ဖက်သူ၏ ဝေဒနာ ကို ဖြေဖျောက်ပေးခြင်း” မဟုတ်ပေ။ တစ်ဖက်သူ၏ အခက်အခဲ အတွက် အဖြေ စစ်စစ် ကို ရှာဖွေ လမ်းပြ ပေးခြင်း မဟုတ်ပေ။ နှစ်သိမ့် စကား ဆိုခြင်း တို့ကြောင့် – တစ်ဖက်သူ ၏ ဝေဒနာ သည် ဧကန် ပြေပျောက် မသွားပေ။ ငုပ်လျိုး သွားခြင်းသာ ဖြစ်သည်။ တစ်ဖက်သူ၏ ပစ္စက္ခ အခြေအနေ ကို ယောင်ယမ်း မအော်ဟစ် မိစေရန် ဘိန်းကျွေး လိုက်ခြင်း သာ ဖြစ် သည်။

Read more of this post

မိစ္ဆာ ( Devil )

Questioner: တစ်ချို့လူတွေ ပြောကြတယ် ~ “ပြေးလွှား လျောက်သွား နေကြတဲ့ မိစ္ဆာကောင်တွေ ရှိတယ်။ သူတို့ဟာ ကျနော်တို့ရဲ့ အထင်အမြင်၊ စိတ်နှလုံး အတိုင်းသာ ဖြစ်ပါတယ်” တဲ့ ။ အဲ့စကားကို မှန်တယ်လို့ ထင်ပါသလား။

Answer: မိစ္ဆာကောင် ( Devil ) ဆိုတာ မရှိဘူးဗျ။ ဘာလို့ဆို ဘုရားသခင် ဆိုတာ မရှိလို့ပဲ၊ ဘုရားသခင် မရှိတဲ့ အတွက် မိစ္ဆာကောင် ဆိုတာ လည်း မရှိဘူး။ ဒီကောင်တွေဟာ ~ ခင်ဗျား သတ်မှတ်ထားတဲ့ ဘုရားသခင် ( God ) ဆိုတာရဲ့ အရိပ်မှန်ထိုးတွေသာ ဖြစ်ပါတယ်။ သူတို့ဟာ ဘုရားသခင် ( God ) မရှိဘဲ မရပ်တည်နိုင်၊ မရှိနိုင်ဘူး။

ကောင်းကင်ဘုံ ၊ မြင့်မြတ်ခြင်း ( Divine ) နဲ့ မိစ္ဆာကောင် ( Devil ) ~ ဒီစကားလုံး နှစ်လုံးရဲ့ ရင်းမြစ်ဟာ အတူတူပဲ ဆိုရင် ခင်ဗျား အံ့ဩသွား မလား။ စင်စစ် ဒီ ဝေါဟာရ နှစ်ခုစလုံး ဟာ သဿင်္ကရိုက် မှာ အခြေခံတယ်။ ကောင်းကင်ဘုံ၊ မြင့်မြတ်မှု ကို ဒီဘာသာမှာ ~ ဒေဝ ( Deva ) လို့ ခေါ်ပါတယ်။ ဒီ “ဒေဝ ( Deva )” ကနေ “Divine” နဲ့ “Devil” ဆင်းသက်လာတယ်။ ဒါ့ကြောင့် မိစ္ဆာကောင် ( Devil ) နဲ့ ဘုရားသခင် ( God ) ဟာ ဒင်္ဂါးပြား တစ်ပြားတည်း ရဲ့ ခေါင်းနဲ့ပန်းသာ ဖြစ်ပါတယ်။

စင်စစ် God လည်း မရှိဘူး။ Devil လည်း မရှိဘူး။ ခင်ဗျား သာ ဒီနေရာမှာ ရှိနေတယ်။ အိပ်ပျော်နေမလား ~ နိုးနေမလား ဒါပဲကွာတယ်။ ခင်ဗျား အိပ်ပျော်နေရင် ခင်ဗျား ဘဝဟာ ဒုက္ခ တွေ ၊ နာကျင် ကိုက်ခဲနေရတာတွေနဲ့ အဓိပ္ပာယ်မဲ့ ဖြစ်နေရမယ်။ ခင်ဗျား နိုးနေရင်တော့ အဲ့ဒီ ကပ် ရောဂါ မှန်သမျှ ပျောက်ကွယ် သွားပါတယ်။ အဲ့ဒီ ခဏမှာ ခင်ဗျား ဘေးပတ်ပတ်လည် နဲ့ ခင်ဗျား ကိုယ်တိုင်ဟာ ချမ်းမြေ့မှု အတိ ရှိနေကြောင်း၊ တိတ်ဆိတ် အေးချမ်းနေ ကြောင်း၊ လေးနက် ကြည်လင် နေ ကြောင်း ပထမဆုံး အကြိမ် သိလိုက်ရပါလိမ့်မယ်။

ဒါကို ခင်ဗျား ထိတွေ့ကြည့်ချင်တယ် သိချင်တယ် ဆိုရင် ~ လုပ်ဖို့ လိုတာတွေက အများကြီး မဟုတ်ဘူးရယ်။ ခင်ဗျားရဲ့ အနုမာန မှန်းဆချက်တွေကို ဘေးဖယ်ချ ပစ်လိုက်ဖို့ပဲ။ ခင်ဗျား အနေနဲ့ ဘုရားသခင် ကိုးကွယ်ရာ ဝါဒီ တစ်ခုခု၊ အဖွဲ့ဝင် ဖြစ်နေဖို့ မလိုအပ်နေဘူး။ ကွန်မြူနစ် ဝါဒီ ဖြစ်နေဖို့လည်း မလိုအပ် နေဘူး။ အဲ့ဒီ ဝါဒီ၊ ဝါဒ ၊ အယူအစွဲ အနုမာနတွေ ကို ဘေးခဏ ဖယ်ထားကြည့် ဖို့ပဲ လိုအပ်တယ် ။ ဒီခဏလေးပါပဲ။ ကျနော် ပြောတာ အမြဲ ဖယ်ချနေရမယ် လို့ ပြောတာ မဟုတ်ဘူး။ ဒီခဏလေးပဲ ရယ်။

Read more of this post

သစ်ခြောက်ပင်

ဒုက္ခ၏ အနက်အဓိပ္ပာယ် သည် မရှိသည့် အရာကို ရှာဖွေခြင်း ဖြစ်သည်။ အခြား တစ်နည်း ဖြင့် ဆိုလျှင် ဒုက္ခ၏ အနက်အဓိပ္ပာယ်သည် သဲထဲက ဆီထုတ်ယူရန် ကြိုးစားခြင်း ဖြစ်သည်။ မရှိသော ကောင်းကင်ပန်းကို ခူးဆွတ်ဖို့ ကြိုးစားခြင်းလည်း မည်သည်။ ယုန်သတ္တဝါ၌ မရှိသော ဦးချိုကို ရှာခြင်း ဖြစ်သည်။ ထို့ကြောင့် ဒုက္ခ၏ အနက် အဓိပ္ပာယ်သည် မဖြစ်နိုင်သည့် အရာကို လိုလားတောင့်တ ခြင်း ဖြစ်သည်။

လေးဖက် လေးတန်၌ မအောင်မြင်မှုများ စုပုံနေလိမ့်မည်။ ယင်း အစုအပုံသည် သင်၏ သင်္ချိုင်းဂူ သာ ဖြစ်ပါလိမ့်မည်။ ကာမဂုဏ် အာရုံ၌ အရသာ တွေ့နေသရွေ့ စည်းစိမ်ချမ်းသာ ရှိနေသည် ဟူ၍သာလျှင် ထင်မြင်နေပေလိမ့်မည်။ မိမိ ၏ မျက်လုံး အတွင်း သန္တာန်ထဲ ရောက် မသွား မချင်း ချမ်းသာ သုခသည် မိမိ၏ အတွင်း သန္တာန်၌ ရှိသည် ဆိုသည့် အကြောင်းကို သိမြင်လိမ့်မည် မဟုတ်ပေ။ ယင်း အခြေအနေမျိုး ရောက်မလာမချင်း ဣနြေ္ဒများသည် ထိန်းချုပ်၍ မရနိုင် ဖြစ်တတ်သည်။ မိမိ၏ အမြင်သည် လွဲမှားသော အမြင် ဖြစ်နေ ပါက ဣနြေ္ဒ ထိန်းချုပ်မှု သည် ဖြစ်မလာနိုင်ပေ။

စင်စစ် ဣနြေ္ဒကြီးရင့်မှု ဟူသည် တစ်ဖက်စောင်းနင်း မဖြစ်သော တည့်မတ်ဖြူစင်သည့် အမြင်၏ အကျိုးဆက် ဖြစ်သည်။ စာဆန်ဆန် ဆိုရလျှင် ဣန္ဒြိယ သံဝရသည် သမ္မာဒိဋ္ဌိ၏ အကျိုးဆက် ဖြစ်၏။ “သမ္မာ” ၏ အနက်အဓိပ္ပာယ်သည် ရှိသည့် အရာကို ရှိသည့် အတိုင်း မြင်ခြင်း ဖြစ် သည်။ မရှိသည့် အရာကို မရှိသည့် အတိုင်း မြင်ခြင်း ဖြစ်သည်။ ဘဝ၌ သုခပန်း ပွင့်လျှင် စိတ်ရွှင်လန်း ချမ်းမြေ့မှု ဖြစ်ပေါ်မလာဘဲ နေမည် မဟုတ်ပေ။

ဓမ္မပဒ၌ ~

“ကာမဂုဏ် အာရုံ အရသာ၌ အကောင်းကို ကြည့်နေသော ဣနြေ္ဒများကို ထိန်းချုပ်ခြင်း မရှိသော၊ ခဲဘွယ် ဘောဇဉ် စားသုံးရာ၌ အတိုင်းအရှည် ပမာဏ မသိသော၊ ပျင်းရိသော၊ လုံလဝီရိယ ကင်းမဲ့သော သူကို ‘မာရ’ သည် လေမုန်တိုင်းက သစ်ပင်ခြောက်ကို လဲကျသွားအောင် ပြုလုပ်သကဲ့သို့ လဲကျသွားအောင် ပြုလုပ်လိမ့်မည်”

Read more of this post

နွယ်

ရှင်းသန့်သော စိတ်သည် မာန်မာနမရှိ။

ဒီ စကား ဟာ လေးနက်တဲ့ စကား ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အမှီအခို ၊ မှီတွယ်မှု စရိုက် ( Psychological Dependence ) ပြဿနာ အတွင်းပိုင်းထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက် ထားတယ်။ ခင်ဗျား ရဲ့ စိတ်ကို ငုံလျှိုး တိုးဝင်ကြည့်ရင် တွေ့ရမှာက – ကျနော်တို့ အားလုံး နီးပါးဟာ ကြောက်လန့် စရာ ကောင်းလောက်အောင် တစ်ကိုယ်တည်း အထီးတည်း တွေ့ရမယ်။ ဟုတ်တယ်ဟုတ် ? တကယ်လည်း ကျနော်တို့ အများစုဟာ အတွင်းပိုင်း ဗလာ၊ အနှစ်သား မရှိ ဖြစ်နေတယ်။ စိတ်အစဉ် သက်သက် က ပြတ်တောက် နေပါတယ်။

ချစ်ခြင်း မေတ္တာ ကို တကယ် စင်စစ် နားလည် တဲ့သူ ရှား တယ်။ မိမိ အဇ္ဈတ္တ မှာ အထီးကျန် ဖြစ်နေတယ် ဆိုတဲ့ အသိ၊ မိမိ တစ်ကိုယ်တည်း မလုံလောက်၊ မပြည့်စုံဘူးလို့ နားလည်မိတဲ့ အသိ၊ ဘဝရဲ့ အရင်းခံမှာ တွယ်ရာမဲ့နေတယ် ဆိုတဲ့ အသိတွေကြောင့် ကျနော်တို့ ရရာတစ်စုံတစ်ခုကို ဆွဲငင်တယ်။ တွယ်ချိတ်တယ်။ တွယ်တာတယ်။ ဒါဟာ မိသားစု တစ်စုရဲ့ ဘဝကို သာယာအောင် ပုံဖော်တဲ့ နောက်ကွယ် အကြောင်း တစ်ရပ် ဖြစ်ပါတယ်။ မိသားစု သိုက်မြုံကို ကျနော်တို့ မှီခိုတယ်။ စင်စစ် ဇနီးမယား (ဝါ) လင်ယောင်္ကျား ဆိုတဲ့ အဖြစ်ဟာ ကျနော်တို့ဘဝ အရင်းခံကို အဝေးပို့ပစ်ပါတယ်။

အိမ်ထောင်ရဲ့ အရင်းခံပြဿနာ ဟာ ဣဿာ၊ မစ္ဆရိယ လို့ ခေါ်ရမယ်။ စင်စစ် သိမ်းပိုက်မှု ဆိုတာဟာ အခြားသူတစ်ဦး ဆီများ ခွဲထွက် ပိုင်ဆိုင် သွားလေ မလား ဆိုတဲ့ အဲ့ဒီ ဣဿာ၊ မစ္ဆရိယ စိတ်ရဲ့ သရုပ်သကန် မဟုတ်လား။ ဒါ့ကြောင့် ဒီအရာဟာ ချစ်ခြင်း မေတ္တာ မဟုတ်ဘူး။ လူ့အသိုင်းအဝိုင်း က သိမှတ်ပြုထားတဲ့ မိသားစုတစ်စုရဲ့ မေတ္တာ ရပ်ဝန်း ဟာ လေးစားစရာ ကောင်းတယ် မဟုတ်လား။ – ဟုတ်ပါတယ်။ လေးစား မြတ်နိုးဖွယ် ရှိရခြင်းကြောင့် လည်း ဒီကနေ့ လူသားတွေ ထွန်းကား လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေတဲ့ တစ်ဖက်မှာ ဆင်ခြင်စရာ တွေ ရှိနေတယ်။ အိမ်ထောင်မှု ပြုခြင်း ရဲ့ တစ်ဘက်ခြမ်း မှာ လွတ်မြောက် ချမ်းမြေ့ခြင်း ကို ပုံဖော်ပေး တယ် ဆိုပေတဲ့ ၊ အခြား တစ်ဘက်ခြမ်းမှာ တုပ်နှောင်မှု၊ တွယ်တာမှု က ရှိ နေပြန်တယ်။ စင်စစ် နှောင်တွယ် တယ် ဆိုတာဟာ တကယ် ဖြစ်ရှိနေတဲ့ အထီးတည်း ဖြစ်နေရခြင်း၊ မိမိ ရင်တွင်း မိမိ ပြန်မကြည့်လိုခြင်း၊ အကြောက်အကန် ငြင်းဆန်ခြင်း သရုပ်ပဲ လို့ ကျနော် ဆိုချင်ပါတယ်။ အဲ့ဒီ အဖြစ်တွေ ကို မိမိ သန္တာန်မှာ လက်မခံ နိုင်တာ တစ်မျိုး လို့လည်း ဆိုနိုင်တယ် ။ ဒီအကြောင်းကြောင့် ~ တကယ် စင်စစ် ရောက်ရှိလာတဲ့ “မိမိ အဖြစ်” ကို လက်မခံနိုင်ခြင်း ပုံစံ – ဘယ်ပုံစံ မဆို – မှီတွယ်နေခြင်း၊ မှီခိုလိုခြင်း ( Dependence ) အဖြစ်ကို အထောက်အပံ့ အားပြုပါတယ်။ ဒီလိုပဲ ပြောရမယ် ။ ဟုတ်တယ်ဟုတ် ? ။ အဲ့ဒါနဲ့ တစ်ပြိုင်နက်တည်း – “မှီတွယ်တဲ့ စိတ်ဟာ ဘယ်လိုမှ မလွတ်မြောက်နိုင်ဘူး” ဆိုတာကိုလည်း နားလည်သွား နိုင်ပါလိမ့်မယ်။

လွတ်မြောက်တဲ့ စိတ် ဟာ မာန်မာန မရှိကြောင်း သိဖို့ ဆိုရင် ခင်ဗျား ရဲ့ စိတ် ကလည်း လွတ်လပ် နေဖို့ လိုပါတယ်။ ဒီလွတ်လပ် တဲ့ စိတ်၊ ဒီလို မာန်မာန ကင်းဆိတ်တဲ့ သန္တာန်ကသာ အခုအခံ ကင်းမဲ့ခြင်း အဖြစ် ကို ကောင်းကောင်း သိနိုင်တယ်။ အခုအခံ ကင်းဆိတ်နေမှ လည်း – အရာရာကို သင်ယူနိုင်တယ်။

Read more of this post

စာတစ်တန် ခံနေဆဲ

နိမိတ်ပုံစံ ထားရှိ တဲ့ ဇာတ်လမ်း လေးတစ်ပုဒ် ပြောကြည့် ပါမယ်။ ဆွာမိ ရာမ်တိယာ့ဿ် ပြောခဲ့တဲ့ ဇာတ်လမ်းတိုလေး ဖြစ်ပါတယ်။ ဇာတ်လမ်း ဆိုတာထက် အနက်ပုံဆောင် ဇာတ်သွားလေး သက်သက်လို့ ပြောနိုင်တယ်။။

သိပ်ချစ်ကြတဲ့ ချစ်သူ နှစ်ဦး ရှိတယ်။ တစ်နေ့တော့ – ယောက်ျားလေး ဖြစ်သူ ဟာ ချစ်သူ မိန်းကလေးကို ထားရစ်ပြီး တပြည် အဝေးကို ထွက်သွား တယ်။ ထွက်သွားပြီး ကတည်းက တစ်ခေါက်မှ ပြန်မလာ တော့ဘူး လို့ ဆိုပါတယ် ။ သူ့ရဲ့ ချစ်သူ မိန်းကလေး ဟာ ကောင်လေး ထွက်သွား တဲ့ လမ်း ကို နေ့တိုင်း မျှော်ကြည့်တယ်။ တစ်နေ့လာနိုး၊ တစ်နေ့ လာနိုး မျှော်လင့် နေခဲ့၊ စောင့်စား နေ ခဲ့တယ်။ တစ်ရက် ပြီး တစ်ရက် စောင့်ဆိုင်းရင်း မောဟိုက် လာတဲ့- တစ်နေ့ တော့ ကောင်လေး ဆီက စာတစ်စောင် ရောက်လာပါတယ်။ စာထဲမှာ သူ ဘယ်နေ့ ပြန်လာပါမယ် ဆိုတဲ့ အကြောင်း၊ ဘယ်လောက်ထိ လွမ်းဆွေး နေမိပါတယ် ဆိုတဲ့ အကြောင်း – ချစ်ကြောင်းတွေ ဖွဲ့သီ ထားတယ်။

ကောင်မလေး က ဝမ်းပန်းတသာ နဲ့ အဲ့ဒီ နေ့ရက်ကို ထပ်စောင့်တယ်။ ချစ်သူ ချိန်းဆိုတဲ့ ရက်မှာ ပြန်ရောက်လာပါစေ အကြိမ်ကြိမ် ဆုတောင်း ရင်း ဖြီးလိမ်းပြင်ဆင် ထားတယ်။ ဒါပေမယ့် တကယ်တမ်း ကောင်လေးက ပြန်မလာနိုင် ခဲ့ဘူးရယ်။ နောက်ထပ် ရက်တွေ သာ ကြာသွား တယ်။ ကောင်မလေး က မျှော်နေရဆဲပဲ။ နောက်ထပ် စာတစ်စောင် ရောက်လာပြန်တယ်။ ပထမ စာအတိုင်းပဲ ဘယ်နေ့ ဘယ်ရက် ပြန်လာပါမယ် ဆိုတဲ့ အကြောင်း ပါတယ်။ တစ်စောင် ရောက်တိုင်း တစ်ခါ မျှော်နေရင်းနဲ့ – ချစ်သူရဲ့ စာတွေ တစ်စောင်ပြီး တစ်စောင်သာ ဖတ်ရင်း၊ စောင့်ရင်း နေ့ရက်တွေ ကုန်လွန်သွားခဲ့တယ်။ ဒါပေတဲ့ ကောင်လေးကိုတော့ အရိပ်အရောင် တောင် မတွေ့ရဘူးလို့ ဆိုပါတယ်။

ဆက်ပြီး သည်းမခံနိုင် မစောင့်နိုင် တော့တဲ့ တစ်နေ့ – ကောင်မလေး က ချစ်သူ ရှိရာ အဝေးမြို့ ဆီကို ခရီး ထွက်လာခဲ့တော့တယ်။ လမ်းခရီး မှာ ဟိုမေး သည်စမ်း နဲ့ လာခဲ့တာ – ချစ်သူ နေထိုင်ရာ မြို့ကို ရောက်တယ်။ ချစ်သူရှိရာ ရပ်ကွက် လမ်း ကို ရောက် တယ်။ နောက်ဆုံး ချစ်သူ ရဲ့ အိမ် တံခါးဝ ကို ရောက်သွား တယ်။ ချစ်သူရဲ့ အိမ်တံခါး ဟာ ဟင်းလင်း ဖွင့်ထားရက်သားလေး ပဲ ။ အချိန်က လည်း ညနေစောင်း ပြီ။ နေညိုပြီ ဆိုပါတော့။

ကောင်မလေး ဟာ တံခါးဝမှာ ရပ်ရင်း အိမ်တွင်း ထဲကို လှမ်းကြည့်တယ်။ နှစ်ပေါင်း လပေါင်း များစွာ မတွေ့ခဲ့ရတဲ့ သူ့ ချစ်သူ ကောင်လေး ဟာ အိမ်ထဲမှာ ရှိနေတယ်။ အိမ်အတွင်းခန်း၊ သူ့ရဲ့ ရှေ့တည့်တည့် မှာ ထိုင်နေလျက် ရှိနေတယ်။ ဒါပေမယ့် ကောင်လေးက သူ့ကို မမြင်ဘူး။ စာတစ်စောင်ကို အားကျိုးမာန်တက် ရေးနေတယ်။ အဲ့ဒီ စာထဲမှာ သူက အာရုံ အပြည့် နှစ်ထား တဲ့ ပုံ ရှိတယ်။ သူ အာရုံနှစ်၊ ဈာန်ဝင်နေတဲ့ စာဟာ ချစ်သူ ဒီ ကောင်မလေးဆီ ကို ပေးပို့ဖို့ စာဖြစ်ပါတယ်။ သူဟာ စူးစိုက်မှု အပြည့်နဲ့ ရေးနေတယ် လို့ ကောင်မလေး က သိလိုက်တယ်။ ဒါ့ကြောင့် အနှစ်နှစ်အလလ ကွဲကွာ နေခဲ့တဲ့ အတူတူ တော့- ဒီတခဏလေးကို စောင့်ဆိုင်းနေလိုက်တော့မယ် လို့ ကောင်မလေးက တွေးတယ်။ ချစ်သူကို လှမ်းမခေါ်ရက်၊ မနှောင့်ယှက် ရက်ဘူးရယ်။ အသံမပေး၊ စကား မဆိုဘဲ – အသာလေး ကြည့်နေလိုက်တယ်။

ကောင်လေးကတော့ စာအပေါ်မှာ ခံစားချက် အပြည့် နဲ့ပေါ့။ သူ့မျက်ဝန်းအိမ် က မျက်ရည်တွေတောင် အတွေသား တလှိမ့်လှိမ့် ကျလာ နေသေးတယ်။ သူ့အတွေးစဉ် ထဲမှာ ချစ်သူအပေါ် လွမ်းဆွတ်မှု ဒဏ်ကို အပြည့်အဝ ခံစားနေရတယ်။ သိပ်ချစ်ကြတဲ့ သူတို့ နှစ်ဦး – ဝေးကွာနေတာ ဘယ်လောက်ကြာပြီလဲ။ အချိန်တွေတင် မက၊ နေရာ ဒေသတွေကပါ ဝေးကွာနေခဲ့တယ် မဟုတ်လား။ အဲ့ဒီ အပေါ် လွမ်းဆွတ်တဲ့ စိတ်ဟာ ကောင်လေးရဲ့ ရင်ထဲမှာ ဒဏ်ရာ တစ်ခုလို ကိုက်ခဲနေတယ်။ ချစ်သူအပေါ် လွမ်းဆွတ်စိတ်က လာတဲ့ ဒဏ်ကြောင့် ကောင်လေး မျက်နှာသွင်ပြင် ဟာ ညှိုးငယ် နေတယ်။ ပိုးပိုးပေါက်ပေါက် ကျနေတဲ့ မျက်ရည်တွေ ကြားထဲက – စာတွေ တစ်လုံးပြီး တစ်လုံး စီကာပတ်ကုံး ရေးတယ်။ ဆက်ကာ ဆက်ကာ ရေးရင်း – အချိန်ဟာ တစ်နာရီ မက- နှစ်နာရီ ကျော် သုံးနာရီ – ကြာလင့် သွား ခဲ့တော့တယ်။ ကောင်မလေးကတော့ သူ့ရှေ့မှာ စုံရပ်ရင်း – ချစ်သူကို ငေးမော – စောင့်ဆိုင်းနေလျက်ပဲ။

Read more of this post

ကြားကား ကြား၏ ~ မသိ

မိတ်ဆွေတို့ တိတ်ဆိတ်ငြိမ်သက်ပြီး နေကြည့်ဖူး ပါသလား ။ အဲ့ဒီအချိန်မှာ ဘယ်အရာပေါ်ကိုမှ အာရုံစိုက်မနေဘဲ၊ ဘယ်အရာကိုမှ စူးစိုက်မနေဘဲ၊ တိတ်ဆိတ်မှု သက်သက် နဲ့ ငြိမ်သက် တိတ်ဆိတ် နေဖူး သလား။ စင်စစ် အဲ့ဒီ အချိန်မှာ ခင်ဗျား ပတ်ပတ်လည်က အသံအားလုံးကို ကြားနေရမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ဟိုးအဝေးက အသံ၊ အနီးအပါးလေးက အသံ၊ နောက်ဆုံး – ခင်ဗျား ကိုယ်တွင်းက အသံ – ဒီ အသံတွေ အားလုံးကို တစ်ရံမလပ် ကြားနေရမယ်။

အဲ့ဒီ အချိန်မှာ ကျနော်တို့ စိတ်ကို တစ်နေရာ၊ တစ်စုံတစ်ခု ထဲ စူးဝင်နေတယ်၊ စူးစိုက်နေတယ်လို့ ပြောဖို့ ခက်ပါတယ်။ ခင်ဗျား သက်တောင့် သက်သာ ရှိနေတယ်။ ထူးခြား ဆန်းကြယ်တဲ့ ပြောင်းလဲမှု တစ်ခု ခင်ဗျား အတွင်းသန္တာန်မှာ အဆက်မပြတ် ဖြစ်ပေါ်နေမယ်။ ပတ်ဝန်းကျင် ဘာဖြစ်နေနေ၊ ကိုယ်တိုင်ကလည်း အနှောင့်အယှက် ကင်းကင်း တည်ရှိ နေနိုင်တယ်။ အဲ့ဒီ အချိန် အတွက် ခင်ဗျား မှာ မေးခွန်းတွေ မရှိဘူး။ တစ်ခုခုကို စူးစမ်း မေးမြန်း မနေဘူး။ ဖြစ်တည်သမျှ အပြည့်အဝ လှပနေတယ်။ နက်ရှိုင်းတဲ့ အသိတစ်ခု အတွင်းမှာ ခင်ဗျား စိတ်လိုလက်ရ နစ်မြုပ်ဝင် သွားတယ်။ ဒါဟာ အပြည့်အဝ နားထောင်တတ်တဲ့ အခါမှာ ရရှိတဲ့ အနှစ်သာရ ဖြစ်ပါတယ်။

ဒါပေတဲ့ မေးကြည့် ချင်ပါတယ်။ အခု – ကျနော်တို့ နားထောင်တယ် လို့ ဆိုတဲ့ အခါ – ဘယ်လို နားထောင်ပါသလဲ ။ တစ်ခုခုကို ကြိုတင်တွေးတော ပြီး နားထောင် သလား။ စိတ် အတွေး ထဲက သိရှိပြီး တစ်ခုခုနဲ့ ယှဉ်ထိုး ဆုံးဖြတ်ရင်း နားထောင်သလား။ ကိုယ် လိုလားရာ တစ်စုံတစ်ခု ကို ပုံဖော်ပြီး နားထောင်သလား။ ဒါမှ မဟုတ် ကြောက်ရွံ့မှု နဲ့ နားထောင် သလား။ တစ်ချို့တွေက – ကိုယ်ကြားချင်တဲ့ စကားကို မြောင်းပေးပြီး နားထောင်လေ့ ရှိတယ်။ စိတ် ကျေနပ်မှု တစ်ခုကို မျှော်လင့် ပြီး နားထောင် တာလဲ ရှိတယ်။ တစ်စုံတစ်ခု ကျေးဇူးပြုဖို့၊ သက်တောင့်သက်သာ ဖြေလျော့ နိုင်ဖို့၊ စသဖြင့် ရည်ရွယ်ချက် တစ်ခုခုနဲ့ နားစိုက် ထောင်တာလည်း ရှိတယ်။ အတိုချုံးပြီး ပြောရင် – “တစ်စုံတစ်ခု” ဆိုတဲ့ လိုအင်ဆန္ဒ နဲ့ ကိန်းဝပ်ပြီး နားထောင်နေလေ့ ရှိပါတယ်။

စင်စစ် ကျနော် တို့ အတွင်းသန္တာန်မှာ ကိန်းနေတဲ့ အဲ့သလို -“လိုဘဆန္ဒ” အခံနဲ့သာ – နားထောင်နေမယ် ဆိုရင် – ကျနော်တို့ ကြားနေရတဲ့ အသံဟာ တစ်ဖက်သူ ရဲ့ အသံ မဟုတ်ပါဘူး။ ကျနော်တို့ ကိုယ်ပိုင် အသံတွေပဲ ဖြစ်ပါတယ်။ သူ့ကို နားထောင်ပေးတာ မဟုတ်ဘူး။ ကိုယ့်ဘာသာ ကိုယ် နားထောင် နေတယ်။ သူ့ကို မကြား ဘူး – ကိုယ့်ဟာ ကိုယ်ပဲ ကြားနေရတယ်။

Read more of this post

Follow

Get every new post delivered to your Inbox.