သို့ဖြင့် ~

ကျွန်ုပ် သည် လူရူး ဖြစ် ၏။ ဤအဆို သည် မြေကြီး လက်ခတ် မလွဲ မှန်ပါ၏။ အဘယ် ကဲ့သို့ လူရူး ဖြစ်လာ ပါသနည်း ဆိုသည်ကိုမူ သင် သိလို လိမ့်မည် ထင်ပါသည်။ ရှင်းပါမည်။ ဖြစ်ပုံက ဤသို့ -

နတ်ဘုရား အမြောက် အများ၊ ပေါချင်း သောချင်း – ထွက် မလာကြခင် တစ်နေ့ က အစပြုသည်။ အတန်ကြာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် နေ ပြီး နောက် ကျွန်ုပ် နိုးထ လာ သည်။ ချက်ချင်း သိလိုက် မိသည် က – ကျွန်ုပ်၏ မျက်နှာဖုံးများ အားလုံး မရှိ တော့ ခြင်း ဖြစ် သည်။ ။ အဘယ် မှာမှ ရှာမရ။ အတန်ကြာ – အိပ်မှုန် စုံမွှားဖြင့်- အထိတ် တလန့် ဖြစ် နေမိသေး၏။ ပြီးမှ သူရို့- အခိုးခံ လိုက်ရ ခြင်း ဖြစ်ကြောင်း ဆင်ခြင် ၍ သိလိုက် သည်။

စင်စစ် ကျွန်ုပ် မျက်နှာဖုံး များ ကို ကျွန်ုပ် မြတ်နိုး ခဲ့ပါသည်။ သူတို့ အားလုံး ကို လည်း – ကိုယ်တိုင် ဒီဇိုင်း ဆွဲ- စိတ်တိုင်းကျ ဖန်တီး ထား ခဲ့ခြင်း ဖြစ် သည်။ နှစ်သက် စွာ လည်း ဝတ်ဆင် လာ ခဲ့ သည် မှာ ကြာပြီ။ အခု မရှိတော့ပြီ။ – လာခိုး သွား ကြသည်တဲ့ – ကျိန်ဆဲချင် စရာ ကောင်း လိုက် ပါဘိ။

စိုးရိမ် တကြီးဖြင့် အိမ်ပြင် ထွက်သည်။ လမ်းလယ်ခေါင် ရောက်သွား သည်။ – မျက်နှာဖုံး မပါသောကြောင့် မိမိ မျက်နှာက ပြောင်ပြောင် တင်းတင်း ။ သို့သော် ယင်း အဖြစ်ကို သတိမထားမိ။ -

“သူခိုးဗျို့ – သူခိုး – သူခိုး ! – အေပေး သူခိုးတွေ – ကျုပ် မျက်နှာဖုံးတွေ အကုန် ခိုးသွား သဗျို့” – စိတ်လိုလက်ရ ကုန်း အော်ပစ်လိုက်သည်။

လမ်းသွား လမ်းလာ ကျား၊ မ အများစု (ဝါ) အားလုံး က ကျွန်ုပ် ကို စိမ်းစိမ်း ကြည့် သည်။ စေ့စေ့ ကြည့် သည်။ ခိုးခိုးခစ်ခစ် ရယ်ကြသည်။ အချို့ဆိုလျှင် ကျွန်ုပ်၏ မျက်နှာ ကို ကြည့်၍ ကြောက်လန့် သွားကြ ဟန် တူ၏။ သူရို့ အိမ်ခန်း များ ထဲသို့ ပြေးဝင် ကုန်ကြ၏။ ကျွန်ုပ် လည်း ယင်း အချိန်က ပစ္စည်း မွှန် မွှန်နေ ပါသည်- အမှု မထား ခဲ့မိ။

Read more of this post

ဘာဝနာ သည်သာ ဘဝရှင်သန်မှု ပုံစံ

ဘာဝနာ ဟာ အခုခဏ အတွင်းပဲ ဖြစ်ပါတယ်။ အခုခဏမဆိုင်း – သိမှတ်ရင်း ရှင်သန် နေမှု မျှသာ ဖြစ်တယ်။ အခု ပစ္စုပ္ပန် ဒီခဏ ကလွဲလို့ အခြားမရှိ။ ဘယ်မှ မထွက်သွားဘူး။ ဘယ်ဆီမှ မသက်ရောက်ဘူး။ ဒီခဏအတွင်းမှာတင် အပြည့်အဝ အသိရှိနေခြင်း သက်သက် ကို ဆိုလိုပါတယ်။

တစ်ချိန်က ဗုဒ္ဓကို လူတစ်ယောက်က လျောက်ထား တယ်။
“ဘာဝနာ ဘယ်လို ပြုရပါမလဲ”
ဗုဒ္ဓက ပြန်ဖြေတယ်။

“ခင်ဗျား ဘယ်အရာကို လုပ်လုပ်၊ လုပ်တိုင်း မပြတ် မလပ် သိမှတ်နေမှုသာ ဖြစ်ပါတယ်။ အဲ့ဒါကို ဘာဝနာ လို့ ခေါ်ဆိုတယ်။ စင်္ကြန်လျောက်တဲ့ ခဏ ၊ သတိ ~ အသိ နဲ့ လျောက်တယ်။ အဲ့ခဏမှာ လျောက်ခြင်း အပြည့်အဝ ရှိတယ်။ စားသောက် တယ် ဆိုတဲ့ ခဏ၊ သတိ၊ အသိ နဲ့ စားတယ်။ အဲ့ခဏမှာ စားခြင်း အပြည့်အဝ ရှိတယ်။ အလားတူ ~ ထ၊ ထိုင်၊ ရပ်သွား အရာအားလုံးမှာ သိမှု သတိ သာ အစဉ်ကပ်လျက် ရှိ နေတယ်။ သင့်ရဲ့ စိတ်သန္တာန်ဟာ ဒီ ပစ္စုပ္ပန် တခဏ ကနေ တစ်နေရာ တစ်ပါး ကို ပြေးမသွားဘဲ၊ ခဏချင်းမှာ မြဲမြံနေတယ်။ ပြည့်ဝ ငြိမ်ဆိတ်နေတယ်။ ဒါကို ဘာဝနာလို့ ကျွန်ုပ် ခေါ်ဆို ပါတယ်”

စင်စစ် ဘာဝနာ ဟာ ကျနော်တို့ ဘဝ ဖြစ်စဉ် လုပ်ငန်းတွေ ထဲမှာ သီးခြား လုပ်မနေရတဲ့ အရာ ပါ။ သိမှု အသိ နဲ့ ရှင်သန်နေတဲ့ ဘဝ ~ ဒီ ဘဝ တစ်ခုလုံးရဲ့ အမည် ဟာ “ဘာဝနာ” ဖြစ်ပါတယ်။ ဒ့ါကြောင့် တစ်နေ့ တစ်နာရီလောက် ပြုတဲ့ ဘုရားစင်ရှေ့ တရား ထိုင်နေ ရုံမျှ လောက် နဲ့ ဘာဝနာ ကို မတင်းတိမ် စေဖို့ ပြောလိုပါတယ်။

တစ်နေ့ တစ်နာရီပဲ ဘာဝနာ ပြုမယ် ဆိုပါစို့။ အဲ့ဒါဟာ ~ နောက်နေ့ ဆက်တိုးပွား ချင်မှ တိုးပွား နိုင်မယ် ဆိုတဲ့ အကြောင်း သိထားဖို့ လိုပါလိမ့်မယ်။ စင်စစ် တစ်နေ့ တစ်နာရီလောက်သာ ဘာဝနာ ပြုဖို့ ကြံရွယ်သူဟာ – တစ်နေ့တာ ရရှိတဲ့ နှစ်ဆယ့် လေးနာရီ မှာ နှစ်ဆယ့် သုံးနာရီ ကို အချည်းနှီး ထားရှိပြီး – တစ်နာရီကို သာ အသုံးပြုနေ တာ ဖြစ်ပါတယ်။ ဆိုပါစို့ – ခင်ဗျား တစ်ရက်ကို တနာရီစာ ဘာဝနာ ပြု မယ်။ ကျန်တဲ့ နှစ်ဆယ့်သုံးနာရီမှာ နေချင်သလိုနေမယ်။ ဒါဆို- အဖိုးတန်တဲ့ ဘာဝနာပြုချိန် တစ်နာရီစာ လေးဟာ အမှတ်သတိ မရှိ – အချည်းနှီး ဖြစ်တဲ့ – နှစ်ဆယ့် သုံးနာရီ အောက် မှာ တိမ်မြုပ် ပျောက်ကွယ် သွားတယ်။ အလဟဿ ဖြစ်သွား ပါလိမ့် မယ်။ ဘာဝနာ ဆိတ်သုဉ်းနေတဲ့ အခါ ဝင်ရောက်လာ နေကျ သမားရိုးကျ အမှိုက် အညစ် တွေဟာ ~ ကြိုးစားပမ်းစား ရရှိတဲ့ တစ်နာရီစာ အလေ့ အလာ ဖြစ်တဲ့ ခင်ဗျား ရဲ့ အဖိုးတန် ဘာဝနာ အမှု ကို ဖုံးအုပ် မြှုပ်ပစ် လိုက် ကြမှာပဲ။

Read more of this post

ပညာ နှင့် အရွယ်: ပါရဂူ

ဃူမက္ကရ သျှတ္တရ
အခန်း (၃)

အိန္ဒိယ တစ်နိုင်ငံလုံး အိမ်ရာ စွန့်ခွာလျက် ခြေသလုံး အိမ်တိုင် ခရီးသည်များ ဖြစ်သွားလျှင်လည်း စိုးရိမ်စရာ မရှိပေ။ ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာခြင်း သည် ဂုဏ်ပြု လေးစားအပ်သော အမည်နာမ တစ်ခုလည်း ဖြစ်သည်။ အဆင့်အတန်း တစ်ခုလည်း ဖြစ်သည်။ အထူးအားဖြင့် ပထမ အဆင့် သြေလုံး အိမ်တိုင် ခရီးသည်များ ထဲတွင် သာမန် အရည်အချင်း ရှိသူများ မပါဝင် နိုင်ပေ။ ကျွန်ုပ်တို့၏ စာဖတ်သူ ပေါင်း များစွား တို့သည် ယခင်က ကျွန်ုပ်ရေးသား ခဲ့သော အခန်းကဏ္ဍ များကို ဖတ်လျက် ဝမ်းမြောက် ဝမ်းသာ ဖြစ်ကြပြီးလျှင် “ကောင်းတယ်၊ ပညာလည်း မသင်ရတော့ဘူး။ ဘာဆို ဘာမှ မလုပ်ရတော့ဘူး။ သွားမယ်။ ကမ္ဘာ တစ်ခွင် လှည့်လည် သွားလာရင် လမ်းတစ်လမ်းတော့ ပွင့်မလာဘဲ နေမှာ မဟုတ်ဘူး” ဟု အတွေးပေါ် လာကောင်း ပေါ်လာ ကြပေလိမ့်မည်။

ယင်းသို့ ခပ်ပေါ့ပေါ့ တွေးသူများ ခြေသလုံး အိမ်တိုင်ခရီးသွားခြင်း လမ်းပေါ် လျောက်သွားလျှင် အဆင့်မြင့် စံနမူနာ များကို လိုက်နာ ကျင့်သုံးနိုင်လိမ့်မည် မဟုတ်ပေ။ အဆင့်မြင့် ဂုဏ်သိက္ခာ ရှိဖို့ရန် အတွက် လိုက်နာ ကျင့်သုံးရန် တာဝန် ဝတ္တရား များ လိုအပ်သည်။

သူငယ်များ လည်း ခြေသလုံး အိမ်တိုင် ခရီးလမ်းမ ပေါ် လျောက်သွားနိုင်ခွင့် ရှိသည်ဟု ကျွန်ုပ် ပြောပြပြီးခဲ့ပြီ။ လုလင်ပျို၊ လုံမပျို များ အတွက်မှာမူ ပြောစရာ အထူး မလိုပေ။ သို့ရာတွင် လူငယ်တိုင်း၏ ယင်းကဲ့သို့ ကြိုးပမ်းမှုသည် အောင်မြင်မှု ရရှိလိမ့်မည်ဟု ဂရန်တီ မပေးနိုင်ပေ။

ခြေသလုံး အိမ်တိုင် ခရီးသည်သည် လူ့လောက အပေါ်တွင် ဝန်ပိမနေရပေ။ လူ့လောက နှင့် ကမ္ဘာလောက ရှိ ဒေသတိုင်းက လူများက သူ့ကို အကူအညီ ပေးကြ လိမ့်မည်ဟု ခြေသလုံး အိမ်တိုင် ခရီးသည် သည် မျှော်လင့်ချက် ထားပေလိမ့်မည်။ သို့သော်လည်း ခြေသလုံး အိမ်တိုင် ခရီးသည်သည် ကမ္ဘာလောကမှ ရရှိတာထက် အဆပေါင်း များစွာ ပိုပြီး ကမ္ဘာလောက အား ပေးရလိမ့်မည်။ ယင်းအမြင်ဖြင့် အိမ်ရာကို စွန့်ခွာ ထွက်သွားသူ သည်သာလျှင် အောင်မြင်သော၊ ထင်ပေါ်ကျော် ကြားသော ခြေသလုံး အိမ်တိုင် ခရီးသည် ဖြစ်လာနိုင်ပေသည်။

ခြေသလုံး အိမ်တိုင် ခရီးသည် မျိုးစေ့ကိုမူ မဆွကပင် စိုက်ပျိုး နိုင်သည်။ ဤစာအုပ်ကို ဖတ်သော၊ နားလည် သဘော ပေါက်သော သူငယ် သူငယ်မ တို့သည် အဖျင်းဆုံး ဆယ့်နှစ်နှစ် အရွယ်လောက်တော့ ရှိကြပေ လိမ့်မည်။ ကျွန်ုပ်တို့၏ ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ် အရွယ်ရှိ စာဖတ်သူ များသည် ဤစာအုပ်ကို ဂရုစိုက်၍ ဖတ်ကြ စေချင်သည်။ စိတ်ဓာတ် ခိုင်မာအောင် ထားကြစေချင်သည်။ သို့သော်လည်း ထိုအရွယ်၌ အိမ်က စွန့်ခွာ ထွက်သွား လိုသည့် ဆန္ဒကို ဖုံးဖုံး ဖိဖိ လုပ်ထားနိုင်လျှင် အလွန် ကောင်းပေ လိမ့် မည်။။ ယင်းသို့ ပြုလုပ်သည့် အတွက် အအကျိုးယုတ် စရာ အကြောင်း မရှိပေ။

ကျွန်ုပ် စာဖတ်သူ လူငယ် များသည် အထက်ပါ ကျွန်ုပ် ရေးသားသော စာကြောင်းများ ကို ဖတ်ပြီး ကျွန်ုပ် အပေါ် မယုံသင်္ကာ ဖြစ်ကြပြီးလျှင် ကျွန်ုပ်အား သူတို့ မိဘ များ ၏ သူလျှို ဟု ထင်လျက်သူတို့၏ လုံ့လ ဥဿဟ ကို ဖိနှိပ်ပြီး သူတို့ကို နောက်ပြန် ဆွဲ လိုသည်ဟု အပြစ်တင် ကြပေလိမ့်မည်။ ယင်းသို့ အပြစ်တင်ခြင်းသည် ကျွန်ုပ် နှင့် ပတ်သက်၍ မတရား ပြုမူ ရုံမျှသာ မက သူတို့အတွက်လည်း အကျိုး မရှိဟု ပြောရလိမ့်မည်။

ကျွန်ုပ် ပထမ ဆုံး အကြိမ် အိမ်က ထွက်ပြေး၍ ဗာရာဏသီ ရောက်သွားချိန် က ကျွန်ုပ်၏ အသက်သည် ကိုးနှစ် မကျော်သေးပေ။ ကျွန်ုပ်၏ ဦးလေးက ကျွန်ုပ်ကို လက် ဆွဲပြီး ဂင်္ဂါဖြစ် ဆိပ် ခေါ်သွားသည်။ ယင်းသို့ ပြုလုပ်ခြင်းသည် မိမိ ကို စော်ကားခြင်း ဖြစ်သည်ဟု ကျွန်ုပ် ထင်မှတ်သည်။ ကျွန်ုပ် ကိုယ့်ဘာသာကိုယ် လွတ်လွတ် လပ်လပ် တစ်ယောက် တည်း ဗာရာဏသီ အနှံ့သွားပြီး ကိုယ် လိုချင်သည့် စာအုပ် များကို ဝယ်ယူလိုသည်။

တစ်နေ့ ကျွန်ုပ် တိတ်တိတ် ကလေး ဦးလေး အိမ်က ထွက်ပြီး ဗာရာဏသီ မြို့တွင်း နှစ်မိုင် သုံးမိုင်လောက် လည်ပစ်လိုက်သည်။ ကိုးနှစ် အရွယ် သူငယ်တစ်ယောက် ရွာသိမ် ရွာငယ် ရွာတစ်ရွာက လာပြီး ဗာရာဏသီ မြို့ လမ်းကြို လမ်းကြားထဲ လမ်းလျောက်ခြင်း သည် အန္တရာယ် ရှိသည် ဆိုသည့် အချက်မှာ ယုံမှား သံသယ ဖြစ်ဖွယ် မရှိပေ။ သို့သော်လည်း ခြေသလုံး အိမ်တိုင် ခရီးသည်၏ အတွင်းငုပ် နေသော ဗီဇသည် ယင်းသို့ အားဖြင့် ပထမဦးစွာ ပြူထွက် လာသည် ဆိုသည်ကို ထို အချိန်က ကျွန်ုပ် မသိ နားမလည်ပေ။

နောက်တစ်ကြိမ် စွန့်စားခြင်းမှာ ကြီးကြီးကျယ်ကျယ် စွန့်စားခြင်း များထဲက ဆယ့်လေးနှစ် အရွယ်က ပြုလုပ်သော ပထမဆုံး စွန့်စားခြင်း ဖြစ်သည်။

သို့သော် လည်း အမှန်တကယ် ခြေသလုံး အိမ်တိုင် ခရီးသွားခြင်း ကျင့်စဉ်ကို ကျင့်သုံးခွင့် ရခြင်းမှာမူ ၁၆ နှစ် အရွယ်က ဖြစ်သည်။ မိမိ ၏ စာဖတ်သူများသည် ကျွန်ုပ်၏ အတု ကို ယူကြမည် ဆိုလျှင် ထိုစာဖတ်သူ များအား ကျွန်ုပ် မကန့်ကွက်။ မဟန့်တား လိုပေ။ သို့သော်လည်း စာဖတ်သူများ အား ကျွန်ုပ် ၏ အတွေ့အကြုံကို ပြောပြ လိုသည်။

တချို့ အကြောင်းအရာများကို ကြိုတင် သိထားလျှင် လူ့ဘဝ၏ ဆယ့်နှစ်နှစ် လုပ်ရမည့် အလုပ်ကို နှစ်နှစ်တည်းနှင့် လုပ်၍ ရသည်။ နှစ်နှစ် လုပ်ရမည့် အလုပ် အတွက် ဆယ့်နှစ်နှစ် လှည့်လည် သွားလာခြင်းသည် အချည်းနှီး အလဟဿ သာ ဖြစ်သည်ဟု ပြောဆိုခြင်း မဟုတ်ပေ။ တစ်ချို့သော ပုဂ္ဂိုလ် များအတွက် ဆယ့်နှစ်နှစ် လှည့်လည် သွားလာခြင်း သည်လည်း အလွန် တန်ဖိုး ရှိသော အလုပ် ဖြစ်သည်။

Read more of this post

အနှောင်အဖွဲ့ကို ဖြတ်တောက်ပစ်ပါ: ပါရဂူ

ဃူမက္ကရ သျှတ္တရ – အခန်း (၂)

တစ်ကမ္ဘာလုံး ရှိ ရသေ့၊ ရဟန်း သူတော်စင် များက ‘အိမ်ထောင်မှု သည် အနှောင်အဖွဲ့ ဖြစ်သည်’ ဟု ပြောပြီး အိမ်ထောင်မှု ကို ချိုးဖျက်လျက် အပြင်ဘက် ထွက်လာ ဖို့ ပြောပြ ကြသည်။ အကယ်၍ ခြေသလုံး အိမ်တိုင် ခရီးသွားများ လည်း အိမ်ထောင်သည် ဘဝကို ချိုးဖျက်ဖို့ လိုအပ်သည် ဆိုလျှင် ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာသူ များ၏ ရည်ရွယ်ချက် လည်း မိမိကိုယ်ကို တန်ဖိုး ထားခြင်း၊ သူတစ်ပါး အား အမှု မထားခြင်း ဟူ၍ မမှတ်သင့် ပေ။ ဃူမက္ကရ သျှတ္တရ ကျမ်း၌ ဖော်ပြထားသော ယင်း အချက်အလက် မှာ ပထမ တန်းစား ခရီးသည် များ အတွက် သို့မဟုတ် အဖြစ်နိုင်ဆုံး ဒုတိယ တန်းစား ခရီးသည်များ အတွက် ဖြစ်သည်။ ပထမ တန်းစား ခရီးသည် သို့မဟုတ် ဒုတိယ တန်းစား ခရီးသည် သည် မဖြစ်နိုင်သော ယင်း လမ်းမပေါ်၌ အခြေ မချသင့် ဟူသော အဓိပ္ပာယ် လည်း မဟုတ်ပေ။

ပထမတန်းစား ခရီးသည် တစ်ယောက် မွေးဖွား ပေါ်ပေါက် လာရန် အတွက် ဒုတိယ တန်းစား ခရီးသည် ထောင်ပေါင်း များစွာ ရှိဖို့ လိုအပ်လာ လိမ့်မည်။ ဒုတိယ တန်းစား ခရီးသည် တစ်ယောက် ဖြစ်လာဖို့ အတွက် လည်း တတိယ တန်းစား ခရီးသည် ထောင်ပေါင်း များစွာ လိုအပ်သည်။ ယင်းသို့ အားဖြင့် ခြေသလုံး အိမ်တိုင် ခရီးသည်၏ လမ်းမ၌ သိန်းပေါင်း များစွာသော လူများ ပျောက်သွား ကြမည် ဆိုလျှင် ယင်းတို့ အထဲက စံပြ ခြေသလုံး အိမ်တိုင် ခရီးသည် ပေါ်ထွက် လာဖို့ ခဲယဉ်း လိမ့်မည် မဟုတ်ပေ။

ခြေသလုံး အိမ်တိုင် ခရီး လှည့်လည် သွားလာရန် အတွက် အိမ်ထောင်မှုကို ချိုးဖျက်လျက် အပြင်ဘက် ထွက်လာခြင်း သည် ပထမ လိုအပ် ချက် ဖြစ်သည်။ မျက်စိပွင့် သည့် အချိန်မှ စ၍ ကမ္ဘာလောက တွင် လှည့်လည် သွားလာခြင်း မပြုလုပ် လိုသော လုလင် ဟူ၍ ဘယ်မှာ ရှိမည် နည်း။ အကြော များထဲတွင် သွေးပူ စီးဆင်း နေသော လူများထဲတွင် တစ်ချိန် ချိန်၌ အပြင်ဘက် ထွက်လိုသည့် အလိုဆန္ဒ မရှိသူ အရေ အတွက် အလွန် နည်းပေလိမ့်မည်။ ထို ပုဂ္ဂိုလ်များ၏ လမ်းမတွင် အဟန့်အတား များ ရှိမည်မှာ အမှန် ဖြစ်သည်။

အပြင်အပ ကမ္ဘာလောက၌ ဖြစ်ပေါ် နေသော အနှောင့်အယှက် အဟန့်အတား များထက် လူ၏ စိတ်နှလုံး ထဲတွင် ပေါ်လာသော အနှောင့်အယှက် အဟန့်အတား များက အရေအတွက် ပိုများသည်။ လုလင် များသည် မိမိ တို့၏ ရွာ၊ မိမိတို့၏ အရပ်ကို အောက်မေ့ တသပြီး ငိုကြသည်။ မိမိ သိကျွမ်းနေသော အိမ်များ၊ နံရံများ၊ လမ်းကြီး လမ်းငယ်များ၊ မြစ်များ၊ ချောင်းများ၊ ကန်များ၊ မိမိတို့၏ မျက်မှောက်က ဝေးကွာ သွားသည့် အခါ လွမ်းသလိုလို ဆွေး သလိုလို ဖြစ်ကြသည်။ ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာခြင်း သည် မိမိ၏ ဇာတိနယ်မြေအား တွယ်တာချစ်ခင် ခြင်း မပြုရ ဟူသော အဓိပ္ပာယ် မဟုတ်ပေ။

လူတို့သည် မိမိတို့၏ ဇာတိ နယ်မြေအား ထိုနယ်မြေ ဒေသနှင့် ဝေးကွာ သော နေရာသို့ ရောက်သွား မှ သာလျှင် အပြည့်အဝ ချစ်ခင် လေးစားမှု ပြုလုပ် နိုင်ပေသည်။ ထိုအချိန် ကျမှသာ မိမိ ဇာတိ နယ်မြေ ဒေသ၏ လှသော ရုပ်ပုံသည် နှလုံးသား တွင် ပေါ်ပေါက် လာသည်။ နှလုံးသား သည် ချိုမြသော အတွေးအခေါ် အမျိုးမျိုးဖြင့် ပြည့်လျှံလာ နိုင်သည်။

အနှောင့်အယှက် အဟန့်အတား ဖြစ်မှာ မစိုးရိမ်ရလျှင် ခြေသလုံး အိမ်တိုင် ခရီးသည် သည် ကိုးနှစ် ဆယ်နှစ် ကြာပြီးသည့်နောက် မိမိ ဇာတိ ဒေသကို ပြန်လာ၍ ကြည့်ရှုခြင်းသည် မိမိ၏ မိတ်ဟောင်း ဆွေဟောင်း များနှင့် တွေ့ဆုံခြင်းသည် မလိုလား အပ်သော အကြောင်း မဟုတ်ပေ။ သို့ရာတွင် ချစ်ခင်ခြင်း၏ အဓိပ္ပာယ်သည် ချစ်ခင်ခြင်းကို အထုံးအဖွဲ့ ဖြစ်အောင် လုပ်ထားခြင်း မဟုတ်ပေ။ ခြေသလုံး အိမ်တိုင် ခရီးသည်၏ဘဝ၌ လူသည် ခရီးဝေးရာသို့ ရောက်သွားလေလေ မိမိ၏ အကျိုးကို လိုလားသော မိတ်ဆွေ များ ၏ ဦးရေ ပေါများ လာလေ ဖြစ်သည်။ နေရာ အနှံ့အပြား၌ သံယောဇဉ် ကြိုးများသည် ထိုပုဂ္ဂိုလ် အား ဖွဲ့နှောင်ဖို့ အဆင်သင့် ဖြစ်နေကြသည်။ အကယ်၍ ယင်းကဲ့သို့သော ထောင်ချောက် ထဲတွင် ဖမ်းမိ လိုပါလျှင်ကား အားလုံး ၏ အလိုဆန္ဒကို မည်ကဲ့သို့ ဖြည့်ဆည်း၍ ရနိုင်မည်နည်း။

ကျွန်ုပ်ကို မွေးဖွားသော နယ်မြေဒေသ မြို့ရွာ များအား အကြိမ်တစ်ရာ ရှိခိုး ဦးခိုက် လိုက်ပါသည်။ နယ်မြေဒေသကို အောက်မေ့ တသခြင်းသည် ကျွန်ုပ်တို့ အတွက် ချစ်မြတ်နိုးဖွယ် အကောင်းဆုံးသော ရတနာ ရွှေအိုး ဖြစ်သည် ဆိုသည်မှာ သံသယ ဖြစ်ဖွယ် မလိုပေ။ သို့ရာတွင် အကယ်၍ ထိုနယ်မြေ ဒေသသည် ခြေထောက်ကို ဖမ်းဆွဲထားပြီး ဇင်္ဂမက ထာဝရ ဖြစ်အောင်၊ လှုပ်ရှားနေသူ အဖြစ်က ရပ်တန့်နေသူ ဖြစ်အောင် လုပ်မည် ဆိုလျှင်ကား ယင်းသို့ ပြုလုပ်ခြင်းသည် မလိုလား အပ်သော အကြောင်း ဖြစ်သည်။ လူတိုင်း လူတိုင်း မိမိတို့၏ ဇာတိ ဒေသနှင့် ပတ်သက်၍ တာဝန် ဝတ္တရား ရှိသည်။ ယင်းတာဝန် ဝတ္တရား သည် ကျေးဇူး ဥပကာရ တင်ရှိမှုကို အလုပ်လုပ်၍ ပြခြင်း မျှဖြင့် ကျေပွန် သွားနိုင်သည်။

မည်သည့် အရွယ်၌ ခြေသလုံး အိမ်တိုင် ခရီးသွားနိုင်ခြင်း အညွန့် အညှောင့် ပေါ်ပေါက်လာသည်၊ မည်သည့် အရွယ်၌ အပြည့်အဝ ဖြစ်ပေါ်လာသည်၊ မည်သည့် အချိန်၌ ခရီး စတင် ထွက်သင့်သည် ဆိုသည့် အကြောင်း အရာနှင့် ပတ်သက်၍ ရှေ့အပိုင်းများတွင် ပြောပြပါမည်။ သို့ရာတွင် အနှောင်အဖွဲ့ကို ဖြတ်တောက် ပစ်ရန် ပြောပြ ရင်း နှင့် အနာဂတ် ခြေသလုံး အိမ်တိုင် ခရီးသည် ၏ နုနယ်သော နှလုံးသား နှင့် ဦးနှောက်ကို နှောင်ဖွဲ့ထားရာ၌ မည်သည့် လက်ချက်က ပိုများသည် ဆိုသည်ကို မူ ပြောပြ ရမည်။ ရန်သူသည် လူကို တုပ်နှောင် မထားနိုင်ပေ။ မိမိ အား စိတ်ပါဝင်စား ခြင်း မရှိသူ ကလည်း အခြား လူတစ်ယောက်ကို တုပ်နှောင် မထားနိုင်ပေ။ အခိုင်မာဆုံး အတင်းကျပ်ဆုံး အနှောင် အဖွဲ့မှာ ချစ်ခင်ခြင်း အနှောင် အဖွဲ့ ဖြစ်သည်။ ချစ်ခင် ခြင်း၌ ပျော့ပျောင်းမှု ရှိသည် ဆိုလျှင် ထက်သန် အားကောင်းမှုလည်း ရှိသည် ဟု ဆိုရည်။ ခြေသလုံး အိမ်တိုင် ခရီးသည် များ၏ အတွေ့အကြုံ အရ သိရှိရသည်မှာ အကယ်၍ မိမိတို့ မိခင်၏ ချစ်ခြင်း နှင့် မျက်ရည်ကို ပူပန် ကြောင့်ကြ နေမည် ဆိုလျှင် ခြေသလုံး အိမ်တိုင် ခရီးသည် များထဲက တစ်ယောက်မျှ အိမ်အပြင် ဘက် ထွက်လာနိုင်မည် မဟုတ်ပေ။

ဆယ့်ငါး နှစ်၊ အနှစ် နှစ်ဆယ် အရွယ် လုလင် များ၏ ရှေ့တွင် “မင်း နှလုံးသားဟာ ဘယ်လောက် မာကျော သလဲ၊ မိခင်၏ နှလုံးသား ကို မကြည့်ဘူးလား။ မင်း အပေါ်မှာ မိခင်ရဲ့ မျှော်လင့်ချက် အားလုံး တည်ရှိနေတယ်။ ကိုးလလွယ် ဆယ်လ ဖွားခဲ့ရတဲ့ မိခင်ဟာ မင်း ထွက်သွားလို့ ရှိရင် ငိုရပါများတဲ့ အတွက် မျက်စိ ကန်း သွားလိမ့်မယ်။ မိခင် ရဲ့ အားကိုး အားထား ဟာ မင်းပဲ ဖြစ်တယ်” ဟူသော အကြောင်း ပြချက် များကို မိခင်များက ပြောပြ ကြပေလိမ့်မည်။ ယင်း အကြောင်း ပြချက် များနှင့် ဆုံးမ သွန်သင် ချက် များသည် ခြေသလုံး အိမ်တိုင် ခရီးသည် ၏ ဆုံးဖြတ်ချက်နှင့် လုံ့လဝီရိယ အပေါ်တွင် ရေအိုး အလုံး ထောင်ပေါင်း များစွာ သွန်ချ လိုက်သကဲ့သို့ မိခင် ၏ ယင်း အခြေအနေ သည် ခြေသလုံး အိမ်တိုင် ခရီးသည် ၏ စိတ်နှလုံးကို အားနည်း သွားအောင် လုပ်ပေ လိမ့်မည်။

မိခင် ၏ ချစ်ခင် ကြင်နာမှု သည် အလွန် အဖိုးထိုက် တန်သော အရာ ဖြစ်သည်။ အဖိုးတန်သည် ဟူသော စကား လောက်ဖြင့် လုံလောက် မည် မဟုတ်ပေ။ ယင်း ချစ်ခင် ကြင်နာမှု ထက် ချိုမြိန် လှသော ချစ်ခင် ကြင်နာမှုမျိုး တစ်ခြား မရှိနိုင်ပေ။ မိခင်၏ ကျေးဇူး ဥပကာရ သည် အမှန်တကယ်ပင် ဆပ်၍ မကုန် နိုင်သော ကျေးဇူး ဥပကာရ မျိုး ဖြစ်သည်။ မိခင်၏ ကျေးဇူး ဥပကာရ ကို တုံ့ပြန် ရန် အတွက် သားသည် မိမိ မိခင်၏ အမည်ကို ထွန်းလင်း တောက်ပ အောင် လုပ်ရမည်။ မိမိ ၏ ထွန်းလင်း တောက်ပ သော အပြုအမူများဖြင့် မိခင် ၏ အမည် နာမ ထင်ရှား ကျော်ကြား အောင် လုပ်ရပေမည်။ ခြေသလုံး အိမ်တိုင် ခရီးသည် ယင်းကဲ့ သို့ ပြုလုပ် နိုင်သည်။

မိခင်ပေါင်း များစွာသည် မိမိ တို့၏ ထင်ပေါ် ကျော်ကြား သော ခြေသလုံး အိမ်တိုင် ခရီးသည် သား များကြောင့် ထင်ပေါ် ကျော်ကြား သွားကြသည်။ သုဝဏ္ဏက္ခီ ၏ သား အဿဃောသ သည် ဇမ္ဗူဒိပ် အရှေ့ပိုင်းမှ ဂန္ဓာရ တိုင်း အထိ လှည့်လည် သွားလာပြီးလျှင် သူ၏ ကဗျာ၊ သူ၏ ပညာ ဖြင့် လူပေါင်း များစွာ တို့၏ စိတ်နှလုံးကို နှစ်သိမ့် စေပြီးလျှင် သာကေတ သူ မိခင် သုဝဏ္ဏက္ခီ ၏ အမည်နာမ ကို ထာဝရ တည်မြဲအောင် လုပ်ခဲ့သည်။ မိခင် များသည် မိမိတို့၏ လတ်တလော အကျိုး ကို ကြည့်လျက် မိမိ တို့၏ အနာဂတ် ခြေသလုံး အိမ်တိုင် ခရီးသည် သားကို နားလည် သဘောမပေါက် ကြပေ။ မိမိတို့၏ အိမ်ဂေဟာ၌ သာလျှင် တစ်သက်လုံး နေစေလိုကြသည်။ Read more of this post

အထတော ဃူမက္ကရ ဂျိဂယာဆာ :ပါရဂူ

ကျနော့ ဆရာရင်း ပါရဂူ ၏ “ဃူမက္ကရ သျှတ္တရ” မှ ပထမ အခန်းကို ရိုက်ယူ တင်ရှိ ပါသည်။ ဆရာပါ (ကျနော်တို့ ချစ်စနိုး ဆရာပါ ဟုသာ ခေါ်သည် ) က ရာဟုလာ သံကိစ္စည်း ၏ ကျမ်းကို ဘာသာပြန် ဆို ထားခြင်း ဖြစ်သည်။ အများအားဖြင့် ပစ်ပယ် ခံထားရသော စာအုပ်လည်း ဖြစ်သည် ဟု ကျနော် ပြောလိုသည်။ အဘယ်ကြောင့် ဆိုသော် အတွင်းပိုင်း စာသား အများစု ကို ယနေ့ လူကြီးမိဘ အပါ အဝင် ဆရာများ မနှစ်သက်ကြခြင်း ကြောင့် ဖြစ်သည်။ သို့သော် ဤစာအုပ်သည် ကျနော့် အပေါ် ကျေးဇူး များစွာ ရှိပါသည်။ မှတ်မှတ်ရရ – “သိဒ္ဓတ္ထ” နှင့် “ဃူမက္ကရ သျှတ္တရ” ။ ဆရာပါ ၏ ဤစာအုပ် နှစ်အုပ် သည် ကျနော့ဘဝကို အိပ်မက်မှ လက်တွေ့သို့ လှုပ်ကိုင် နှိုးကြသည့် စာအုပ် များ ဖြစ်သည်။ ယင်းသို့ လှုပ်နှိုး ခဲ့သည့် အတွက်လည်း ကနေ့ အချိန်တွင် အကောင်း အဆိုးများ ဒွန်တွဲ ရိုက်ခတ်လျက် ရှိ သည်။ အကောင်း အဆိုး မည်သည် လောက ဓမ္မတာ ဖြစ်၍ ယင်း တို့ လှိုင်းတံပိုး ကြားတွင် – ဘဝသည် စင်စစ် အသက်ဝင်လျက် ရှိသည်။ ဤသည်ပင်လျှင် အကျိုးကျေးဇူး ဖြစ် သည်။ ယင်း ကျေးဇူး တို့ကို ရည်သန်၍ ဤအွန်လိုင်း မျက်နှာစာ တို့တွင် ကြည့်မိသည်။ ဆရာပါ ၏ သိဒ္ဓတ္ထ မှ လွဲ၍ ဤ “ဃူမက္ကရ သျှတ္တရ” ကို ရှာ မတွေ့ ။ ထို့ကြောင့် (စကားဦး နိဒါန်း မပါ) အခန်းအားဖြင့် (၁၃) ခန်းသာ ရှိသော ဆရာ့ စာ ကို တစ်ခန်း ချင်း ရိုက်ယူ တင်ရှိရန် စိတ်ကူးပါသည်။ ဤသည် မှာ ပထမ အစဦး အခန်း ဖြစ်သည်။

ဇေယျ
……………………….
အပျိုး အတွက် ဆရာ၏ စကားဦးမှ အချို့ အပိုဒ်ကို အနည်းငယ် ထုတ်နုတ်လိုသည်။

“ဘာသာရပ် ပေါင်း များစွာ နှင့် ပတ်သက်ပြီး ရာဟုလာ ရေးသွားခဲ့သော တစ်ရာကျော် နှစ်ရာ နီးပါး ရှိ ကျမ်းစာအုပ် များထဲတွင် “ဃူမက္ကရ သျှတ္တရ” အမည်ရှိ ကျမ်း စာအုပ် တစ်အုပ် ရှိသည်။ ရာဟုလာသည် တစ်သက်လုံး သူကိုယ်တိုင်လည်း ခရီးသွားသည်။ သူ၏ ခရီးမှတ်တမ်း များကို ရေးသားသော စာအုပ်များစွာ လည်း ရှိသည်။ ကမ္ဘာ့ ခရီးသည် များကိုလည်း သူ၏ စာအုပ် များထဲတွင် တစ်ခမ်း တစ်နား နေရာပေးထားသည်။

“‘ဃူမက္ကရ သျှတ္တရ’ စာအုပ်မှာ ခရီးသွားခြင်း အလုပ်ကို ကျင့်စဉ် တစ်ရပ် အဖြစ် အမွှမ်း တင် ထားသော စာအုပ် ဖြစ်သည်။ သက္ကတ သျှတ္တရ ကျမ်းကြီး ကျမ်းခိုင်များကို ‘အထတော ဂျိဂယာဆာ’ ဟူ၍ အမြတ်တနိုး ဂုဏ်ပြု အမွှမ်းတင် ထားသည်။ အဓိပ္ပာယ် မှာ သျှတ္တရ ကျမ်းစာများကို စူးစမ်းလေ့လာမှု ပြုခြင်း သည် လူ့လောက အတွက် ကြီးစွာ အကျိုးပြုခြင်း ဖြစ်၏ ~ ဟူ၍။ ရာဟုလာက သူ၏ ဃူမက္ကရ (ခြေသလုံး အိမ်တိုင် ခရီးလှည့်လည်ခြင်း အကျင့်) ကို သျှတ္တရ ကျမ်းဂန် များနှင့် နှိုင်းယှဉ် လျက် “အထတော ဂျိဂယာဆာ” ခရီးသွားလာခြင်း ကျင့်စဉ် သည် ထောက်မီ၍ မရသော အလွန် နက်နဲသော ကျင့်စဉ်မြတ် ဖြစ်သည် ဟူ၍ ဂုဏ်ပြု အမွှမ်းတင်ပြီး ရေးသား ထားသည်။ ရာဟုလာသည် သူ၏ ဃူမက္ကရ သျှတ္တရ “ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာခြင်း” နှင့် ပတ်သက်သော စာအုပ်ကို ‘သျှတ္တရ ကျမ်းစာ’ ဟူ၍ ကျမ်း စာအုပ် အမည်ပေးထားသည် ကို ထောက်လျက် ခရီး လှည့်လည် သွားလာခြင်း ကျင့်စဉ်ကို မည်မျှ အလေးထားသည် ဆိုသည်ကို သိရှိ နိုင်သည်။

“ရာဟုလာသည် ခရီးလှည့်လည် သွားလာခြင်း ကျင့်စဉ်ကို သူ ကိုယ်တိုင်လည်း ကျင့်သုံးသည်။ ဤ ‘ဃူမက္ကရ သျှတ္တရ’ ကျမ်းစာအုပ်၌ ပြည်သူ အများကိုလည်း ခရီး လှည့်လည် သွားလာခြင်း ကျင့်စဉ် ကျင့်သုံး နိုင်ရန် အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များကို အကျယ်တဝင့် ရှင်းလင်း ပြောပြထားသည်။”

…………………………..

အထတော ဃူမက္ကရ ဂျိဂယာဆာ

“အထာတော ဃူမက္ကရ ဂျိဂယာဆာ” (ခြေသလုံး အိမ်တိုင် ခရီးကို စူးစမ်း ရှာမှီးခြင်း) ဟူသော သက္ကတ စာလုံးဖြင့် ကျမ်းစာအုပ် ကို အစပြုထားသည့် အတွက် စာဖတ်သူများ ဘဝင်မကျ ဖြစ်ပေလိမ့်မည်။ သို့သော် မဖြစ်သင့်။ အမှန်က ကျွန်ုပ်တို့သည် ကျမ်းစာ အုပ်ကို ရေးသား နေခြင်း ဖြစ်သည်။ သျှတ္တရ ကျမ်းဂန် များ၌ စူးစမ်း ရှာမှီးခြင်း ပြုလုပ် အပ်သည့် အရာမှာ ကောင်းမွန် မြင့်မြတ်သော လူ ပုဂ္ဂိုလ် တစ်ဦးချင်းနှင့် လူ့လောက အတွက် ကြီးစွာ အကျိုးပြု သော အရာ ဖြစ်၏ ဟု ဖွင့်ဆို ပြောပြ ထားသည်။ ဗျာသ သည် သူ၏ သျှတ္တရ ကျမ်းဂန် ၌ ဗြဟ္မ အား အမြင့်မြတ်ဆုံး ဟု ယူဆပြီးလျှင် ဗြဟ္မ ကို စူးစမ်း ရှာမှီးအပ်သည့် အရာ ဟူ၍ ပြုလုပ် ဖန်တီး ထားသည်။ ဗျာသ ၏ တပည့် ဇေမိနိသည် ဓမ္မကို အမြင့်မြတ်ဆုံး ဟု ထင်မှတ် ယူဆသည်။

ရှေးရှေး ရသေ့ကြီးများနှင့် အယူအဆ ကွဲပြားနေခြင်း သည် ကျွန်ုပ်တို့ အတွက် မကောင်းမှု ကျူးလွန်ခြင်း မဟုတ်ပေ။ သျှတ္တရ ကျမ်း ခြောက်ကျမ်းကို ရေးသား စီရင် ကြသော ရသေ့ကြီး ခြောက်ပါး ထဲတွင်လည်း တစ်ဝက်သည် ဗြဟ္မာကို အကောင်း မမြင်ကြပေ။ ကျွန်ုပ်၏ သဘော အရ ပြောပြရလျှင် ကမ္ဘာပေါ် ၌ အမြင့်မြတ် အကောင်း ဆုံး သော အရာမှာ ခြေသလုံး အိမ်တိုင် ခရီး လှည့်လည် သွားလာခြင်း ဖြစ်သည်။ ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာ သူထက် ပုဂ္ဂိုလ် တစ်ဦးချင်း အကျိုး နှင့် လူ့လောက အကျိုး သယ်ပိုး ဆောင်ရွက် နိုင်သူ မရှိပေ။

Read more of this post

ရေစုန် – ရေဆန် ကမ်းတို့ အလွန်

စိတ်ကို စိတ် အတိုင်း၊ ရုပ်ကို ရုပ်အတိုင်း ထားရစ် ခဲ့နိုင်ခြင်းသည်ပင်လျှင် သင်္ခါရတို့ရဲ့ အလွန်မှာ ဖြစ်တယ် – လို့ ဘာသာကျမ်းစာ သမားတွေ မကြာခဏ ပြောတတ်တယ်။ ဒါပေမယ့် အဲ့ဒီ စာပေသိ၊ တွေးခေါ် သိ ရှိရုံမျှနဲ့ ဘဝ ကို စင်စစ် လက်တွေ့ မရှင်သန်နိုင် မရောက်နိုင်ကြောင်း ဆရာ အများ သွန်သင်ကြ တယ်။ စိတ်ဆန္ဒ၊ လိုအင် ရမ္မက် တွေ ရဲ့ တိုက်တွန်းချက် ကြောင့် ဆင်းရဲ ဒုက္ခ အဖြစ်ကို အားထုတ် လုပ်မိနေ ဆဲ ရှိတယ်။ ဒါကို တွန်းလှန် နိုင်ဖို့ ဆိုတာ – အဦးဆုံး တန်ပြန် အားထုတ်မှု လိုအပ် နေ ပါသေးတယ်။ အဲ့ဒီ တန်ပြန် အားထုတ်မှု မှာ ဘာဝနာ ဟာ တံခါး ပေါက် ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော် ရေးမိသလောက်မှာ ဘာဝနာ ပြုဖို့ အသားပေး ရေးတယ်။

အကြောင်း အမျိုးမျိုး နဲ့ ပုံစံ အမျိုးမျိုး လှည့်ပတ် ဘယ်လိုပဲ ရေးနေပါစေ- မိမိရဲ့ အခုခဏ ထင်ရှားသမျှကို အတိအကျ သိမြင် နေ ထိုင် နေ ဖို့ သာ ပဓာန ဖြစ်ပါတယ်။ အဲ့သည်ရဲ့ အလွန်ဟာ တစ်နည်းအားဖြင့် ဘာဝနာနဲ့ မျက်မှောက် ပြုခြင်း လည်း ဖြစ်တယ် ။ အားထုတ်ခြင်း ၊ အားမထုတ်ခြင်း တို့ရဲ့ အလွန်လည်း ဖြစ်ပါတယ်။ အဲ့ဒီ အလွန်ကို ဆိုင်ရာ ဘာသာ သမား များက နှစ်သက် သလို ခေါ်ဆိုနိုင် တယ်။ – ကျနော့် အနေနဲ့ အဲ့ဒါဟာ ခံစားမှု မဟုတ်တဲ့ ချုပ်ငြိမ်းမှု သက်သက် ။ ဒါပေမယ့် စိတ် ဆန္ဒ ဇောတွေ ရဲ့ ကျွန် ဖြစ်နေ သရွေ့ – အားထုတ်မှု မပြုဘဲ အဲ့ဒီကို မရောက်နိုင်ဘူး ဆိုတာ အထင် အရှား ဖြစ်ပါတယ်။ အားထုတ်မှု ဆိုတာ အတိုင်း အတာ တစ် ခု အထိ လိုအပ် နေဦးမယ် ။ ဒီ အားထုတ်မှု ကို လည်း ဘာဝနာ က အပြည့် အဝ တာဝန်ယူ ပါတယ်။

တစ်ချို့က “သင်္ခါရ ကင်းရင်၊ ပြုပြင်စီရင်မှု ကင်းရင် ကိစ္စပြီးတယ်၊ ဒါ့ကြောင့် – ကုသိုလ်လည်း လုပ်စရာ မလို၊ အကုသိုလ် လည်း လုပ်စရာ မလို၊ စိတ် ကို စိတ်အတိုင်း ထား၊ ရုပ်ကို ရုပ်အတိုင်းထား၊ ဒါကပဲ သဘာဝတရား” – ဆိုတဲ့ အမြင် ရှိပါ တယ်။ အဲ့ဒီ အမြင်ဟာ အကြံအတွေး အားဖြင့်သာ လည်ပတ်နေတဲ့ အခါ လက်တွေ့မှာ အပျက်သက်သက်။ အမိုက် တွင်းဆုံး ရောက်ဖို့သာ ရှိပါတယ်။

ကျနော့ကိုလည်း ဒီအယူဝါဒ ဖြန့်နေတာ ဖြစ်တယ် လို့ ပြောတဲ့ သူ အများ ရှိတယ်။ ကျနော် ပြောခဲ့တဲ့ အထဲမှာ ဘာမှ မလုပ် ဖို့ ပြောနေ တာ မဟုတ်ဘူး။ အဲ့လိုတွေ တွေးပါ ကြံပါ၊ ဒါဆို ကိစ္စပြီးပါတယ်လို့လည်း မပါဝင်ဘူး။ လုပ်ချင်စိတ်၊ ကိုင်ချင်စိတ် ၊ စိတ်ဆန္ဒ တွေ ကို ဖယ်ချ ထားနိုင် ဖို့ ဖြစ်ပါတယ်။ အဲ့ဒီ အတွက် တစ်ကြောင်းတည်း သော လက်နက်က ဘာဝနာ ဖြစ်တယ်။ ဘာဝနာ နဲ့ အခုခဏ နေထိုင် ဖို့ပဲ လိုအပ် တယ်။ ။ အဲ့ဒါကို တစ်လုံးတည်း ပြောရင် ဘာဝနာနဲ့ နေထိုင်တယ်- လက်ရှိ ခဏ ပေါ် ကောင်းသည် ဆိုးသည် မဟူ အသိ တစ်လုံး တည်း နဲ့ ရှုမြင်ရင်း အပြည့်အဝ ကြည်လင်နေပါစေ၊ အဲ့အတိုင်း ရှင်သန် နေပါစေ။” ဒါကိုပဲ ဆိုလိုပါတယ်။

ဒီအကြောင်း ကို – ဗုဒ္ဓဘာသာ အတွင်း ထင်ရှားအောင် ဟောကြား ထားတဲ့ တရား စကား အချို့ – မဟာစည်ဆရာတော် ဘုရား ရဲ့ ဟောစဉ် စာအုပ် တစ်အုပ်က ကျနော် ထုတ်ယူ လို ပါတယ်။ ဆရာတော် ဟာ ကျနော် ရှိခိုးဦးတင် ရတဲ့ မွန်မြတ်တဲ့ ဆရာ တစ်ပါး လည်း ဖြစ်ပြီး၊ အဖေ၊ အမေ၊ မိုးကုတ်ဆရာတော် ဦးဝိမလ တို့ ပြီးရင် စတုတ္ထ မြောက် လက်ဦး ဆရာလည်း ဖြစ်ပါတယ်။ အားလုံး ကို ကျေးဇူး။

ဇေယျ

……………………..

အကုသိုလ်သည် ရေစုန်မျောသကဲ့သို့ ဖြစ်လွယ်၏

ကုသိုလ်တရား ဆိုတာ ထက်သန်တဲ့ သဒ္ဓါ၊ ဆန္ဒ၊ ဝီရိယနဲ့ တမင် ပြုလုပ်မှ ဖြစ်တယ်။ ရေဆန် သွားရတာနဲ့ တူပါတယ်။ အကုသိုလ် ဆိုတာ ကတော့ သူ့ အလိုလိုကို ဖြစ်ချင် နေတတ်တယ်။ ဘာဝနာ မပြုတဲ့ ပုဂ္ဂိုလ် အတွက် အကုသိုလ်ဟာ ရေစုန် မျှောသွားတာနဲ့ တူတယ် ။ လောက ဥပဒေ တွေ နဲ့ ပညာရှိ သူတော်ကောင်း တွေကို ငဲ့နေလို့၊ စောင့်ရှောက်နေကြလို့သာ အကုသိုလ် အဖြစ် သက်သာ နေတာ ဖြစ်ပါတယ်။

ပုထုဇဉ် ပုဂ္ဂိုလ်တွေမှာ ကြံစည်ပြုလုပ်တဲ့ စိတ်က ကုသိုလ် နဲ့ အကုသိုလ် ဒီ နှစ်မျိုးပဲ ရှိတယ်။ ကုသိုလ်ကို မပြုဘဲ နေရင် အကုသိုလ် စိတ်တွေချည်း မပြတ် ဖြစ်နေတော့မှာပဲ။ မိနစ် (၁၀၀) မှာ (၁၀) မိနစ်က ကုသိုလ်စိတ် ဖြစ်နေတယ် ဆိုရင် အကုသိုလ် စိတ်က မိနစ် (၉၀) ဖြစ်နေမယ်။ အဲ့ဒီ လူဟာ ကုသိုလ်ကို မပြုဘဲ လုံးလုံး စွန့်လွှတ်လိုက်ရင် မိနစ် (၁၀၀) လုံး အပြည့် အကုသိုလ် စိတ်တွေချည်း ဖြစ်ပါတယ်။

Read more of this post

ပါဝါ အာဏာ နိုင်ငံရေး သမား ရဲ့ ဝေဒနာ

  • The political man is a sick man, psychologically sick, spiritually sick. Physically he may be perfectly okay. Usually politicians are physically okay, their whole burden falls on their psyche. You can see that. Once a politician loses his power he starts losing his physical health. Strange… when he was in power, so burdened with so many anxieties and tensions, he was physically perfect.

နိုင်ငံရေးသမား ဟာ မကျန်းမမာဖြစ်နေတဲ့သူ၊ စိတ်ပိုင်းဆိုင်ရာ မကျန်းမာတဲ့သူ၊ ဝိညာဉ်ခန္ဓာမကျန်းမာတဲ့သူ ဖြစ်ပါတယ်။ သူဟာ ရုပ်ပိုင်းဆိုင်ရာ အရ ကောင်းမွန်နေတဲ့သူ ဖြစ်နိုင်တယ်။ အများအားဖြင့်လည်း နိုင်ငံရေးသမားတွေဟာ ရုပ်ခန္ဓာကျန်းမာတယ်။ သူတို့ရဲ့ ဝန်ထုပ်ဝန်ပိုးဟာ စိတ်ပိုင်း ဆိုင်ရာပေါ် မှာသာ တည်ရှိ တယ်။ ဒါကို ခင်ဗျားလည်းတွေ့နိုင်ပါလိမ့်မယ်။ တကယ်လို့ သာ နိုင်ငံရေးသမား တစ်ယောက်ဟာ တစ်ကြိမ်တစ်ခါ အာဏာပါဝါ ဆုံးရှုံးပြီ ဆိုတာနဲ့ ရုပ်ခန္ဓာ ကျန်းမာရေး စတင် ဆုတ်ယုတ် လာတော့တာပါပဲ။ ထူးဆန်းတာက တန်ခိုးအာဏာ ရှိနေချိန် မှာတော့ ရည်ရွယ်ချက်တွေ မျှော်မှန်းချက်တွေနဲ့ ရုပ်ခန္ဓာ ဟာ တစ်နင့် တစ်ပိုး ကျန်းမာနေနိုင်တယ်။

  • The moment power is gone, all the anxieties are also gone; now, they will be somebody else’s business. His psyche is unburdened, but in that unburdening all his sickness falls on his body. The politician suffers, as far as his physiology is concerned, only when he loses power; otherwise politicians tend to live long, physically well. Strange, but the reason is that their whole sickness is taken by their psyche, and when the psyche takes on the whole sickness, then the body can live unburdened. But if the psyche releases all its sickness, where is it going to go? Lower than the psychic is your physical existence – all sickness falls on the body. Politicians out of power die very soon. Politicians in power live very long. It is a known fact, but the cause is not well known.

ဒါပေမယ့် အာဏာ ဆုံးရှုံးပြီ ဆိုရင်တော့ ရည်ရွယ်ချက် ရည်မှန်းချက်တွေ အကုန်လုံးပျက်သုန်းသွားတော့တာပဲ။ အဲဒီအချိန်မှာ ဒီလူဟာ သူတစ်ပါးရဲ့ စီးပွားရေး အသုံးချခံဖြစ်သွားတယ်။ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာမှာ ချက်ချင်း လစ်ဟာ သွားတယ်။ အဲဒီလစ်ဟာသွားမှုကြောင့် သူ့ခန္ဓာ ဟာ စပြီး ဆုပ်ယုတ် လာတော့ တာပဲ။ သူ အာဏာ ဆုံးရှုံးတဲ့ အခါမှသာ အဲဒီဝေဒနာ ကို စတင် ခံစားလာရတယ်။ ဒီလိုမှ မဟုတ်ရင် နိုင်ငံရေးသမားတွေဟာ ရေရှည် တည်တံ့ဖို့ အမြဲမျှော်လင့် နေတတ် တယ်။ ကျန်းမာကြံ့ခိုင် နေဆဲပဲ ဖြစ်နေဦးမယ်။ ဒီအချက်ဟာ ထူးဆန်း ပါတယ်။ သူတို့ရဲ့ မကျန်းမာမှု တစ်ခုလုံး ဟာ စိတ်ပိုင်းဆိုင်ရာ ပေါ်မှာသာ တည်ရှိနေ တာ တွေ့ရတယ်။ စိတ်ပိုင်း တစ်ခုလုံးမှာ ဝန်ထုပ်ပိနေတဲ့အတွက် ခန္ဓာဟာ ကောင်းကောင်း ကျန်းမာနေတာ လည်း ဖြစ်နိုင် တယ်။ ဒါပေမယ့် စိတ်ခန္ဓာမှာ ဝန်ထုပ် မရှိတော့တဲ့နောက် ဘာဖြစ်သွားမလဲ။ စိတ်ကနေ ရုပ်ဆီကို လုံးဝ ကူးပြောင်းသွားပါတယ်။ စိတ်ရဲ့ မကျန်းမာမှုအားလုံးဟာ ရုပ်ခန္ဓာဆီ ရောက်သွားတယ်။ ဒါကြောင့် အာဏာ မဲ့သွား တဲ့ နိုင်ငံရေးသမား အများစု ဟာ သိပ်မကြာခင်မှာ ကွယ်လွန်သွား တတ်ကြတာ ဖြစ်ပါတယ်။ အာဏာ ရှိတဲ့ နိုင်ငံရေးသမားဟာ အသက်ရှည် တယ်။ ဒါဟာ မြင်သာနေတဲ့ အချက်အလက် တစ်ခုပါ။ ဒါပေမယ့် ဒီအချက်ရဲ့ အကြောင်းရင်းခံ ကိုတော့ လူအများ ကောင်းကောင်း မသိဘူး။ Read more of this post

မဟာပုရိသ ဘယ်ကစ

သည်ကနေ့ – အသိမိတ်ဆွေ တစ်ဦးက သူ့ကိုယ်သူ မဟာပုရိသ ဝါဒီ ( ယောင်္ကျားသာလျင် အမြတ်ဆုံး ) ဟူ၍ စကား ဆိုသည်။ ဤကဲ့သို့ စကားမျိုး တွေ့လျင် – မနေနိုင် မထိုင်နိုင် ပြောချင်ဆိုချင် ရှိတတ်သော ပါးစပ်ကို ခေတ္တ ပိတ်ထား လိုက်သည်။ သူ့ အရှိန်နှင့် သူ ရှိစေတော့။

http://zayya.blog.com/archives/282/ ယောင်္ကျား မိန်းမ ပြဿနာ ဟူသော အမည်ဖြင့် ရေးခဲ့ဖူးသေးသည်။ သို့သော် အတွေး တို့က ကျန်ရစ်သည်။ မဟာပုရိသ ဟူသော အယူအဆသည် မည်သို့ မည်ပုံ ကျနော် တို့မြန်မာကြား အမြစ်တွယ်လာခဲ့ပါသနည်း။ ယင်း မေးခွန်းဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်စ၍ ဤစာဖြင့် ရှင်းထုတ်ပါသည်။

မြန်မာတို့တွင် ယောင်္ကျား မိန်းမ – သူအသာ-ငါအနာ ခွဲခြား သတ်မှတ်သည့် စရိုက်များသည် အိန္ဒိယလောက် ထင်ထင်ရှားရှား မရှိ။ သိုသော် အတန်ငယ်တော့ ရှိသည်။ အဘယ်ကတည်းက စတင် ရှိခဲ့ကြပါသနည်း။ အထင် အရှား ရှိခဲ့သည့် မြစ်ဖျားခံရာ ဒေသ မှာ အိန္ဒိယ ဖြစ်သည်။ သို့သော် ယနေ့ ခေတ် အခါတွင် ယင်း အိန္ဒိယ ၌ ယောင်္ကျား မိန်းမ တို့ ရင်ဘောင်တန်း ၍ နားလည်မှု ရှိသင့်သလောက် ရှိနေကြပြီ ဖြစ်သည်။ အမျိုးဇာတ်နှင့် ဓလေ့တို့ကား မပျောက်ပျက် ကြသေး ။ ကျန်ရစ်နေဆဲ ရှိသည် ။

မြန်မာနိုင်ငံတွင် မဟာပုရိသ၊ မဟာဣိတ္ထိယ စသည် ခွဲခြား ခေါ်ဆိုမှု မရှိသလောက် နည်းပါးသည် ဟု ဆိုချင်သည်။ မြန်မာ အမျိုးသမီးများ အနေဖြင့် ရှေး အတီတေ ကတည်းက လွတ်လပ် ခဲ့ကြသည်။ ဆိုလိုသည်မှာ အိန္ဒိယနှင့် နှိုင်းယှဉ်လျှင် များစွာ လွတ်လပ်သည်။

ကျနော့် အနေဖြင့် – လွတ်လပ်ခြင်းသည် ဗရမ်းဗတာ နေထိုင်ခြင်း၊ ပျက်ဆီးခြင်း မဟုတ်။ ထိန်းကျောင်းမှု ၊ နားလည်မှု မရှိမှသာ ပျက်ဆီးခြင်း ဖြစ်သည်။ အနောက်နိုင်ငံများမှ အမျိုးသမီးများ၏ ( အချို့ ) အနေအထိုင်တို့ကို ကြည့်၍ လွတ်လပ်မှု ဟု အမည်တပ်လျှင် မြန်မာ အမျိုးသမီးတို့တွင် ထင်သလောက် မလွတ်လပ်သေးဟု ဆိုကြပေလိမ့်မည်။ အကယ်စင်စစ် ကျနော်တို့ မြန်မာများ အနေဖြင့် မိမိတို့ ယဉ်ကျေးမှုနှင့် အထိုက်အလျောက် ရှိပါသည်။ တကယ်တမ်း ယောင်္ကျားလျင်လည်း ယောင်္ကျား အလျောက်၊ မိန်းမသည်လည် မိန်းမ အလျောက် သိမြင်နားလည် လွတ်လပ်ခဲ့ကြသည် ချည်း ဖြစ်သည်။

စင်စစ် ယောင်္ကျားနှင့် မိန်းမတို့တွင် မည်သူမျှ သာ မနေသလို၊ မည်သူမျှလည်း နာမနေပေ။ ၎င်းတို့သည် မတူညီသော သဘာဝ နှစ်ရပ်မျှသာ ဖြစ်သည်။ ယင်းထက် မပို။ ယင်း မတူညီသော နှစ်ရပ်ကို ယှဉ်ပြိုင်ရန် မလို၊ နှိုင်းယှဉ်ရန် မလို။ – ယှဉ်ပြိုင်နှိုင်းယှဉ်၍ ဆိုပါကလည်း မိုက်မဲသော သူသာ ဖြစ်ပေလိမ့်မည်။

သို့သော် ယင်းကို နားမဝင်ကြသည့် သူများ ရှိပါသည်။ အဘယ်ကတည်းက ယင်းတို့ အခံ ဓာတ် စွဲမြဲခဲ့သည်ကို ကျနော် မသိ။ ဆရာပါရဂူ၏ စစ်တမ်းကို ကိုးကား၍ စစ်ထုတ်ကြည့်လိုသည်။

ဆရာပါရဂူ ဆိုခဲ့ဖူးသည့် စကား ရှိသည်။

“မြန်မာ့ လူ့အဖွဲ့အစည်း ၌ ရှိသော မြန်မာအမျိုးသမီးများနှင့် ပတ်သက်သည့် အမည်းစက် တစ်ခုမှာ မိန်းမနှင့် ယောင်္ကျား တန်းတူ မထားလိုသည့် အတွေးအခေါ် အယူအဆ ဖြစ်သည်။ ယင်း အတွေးအခေါ် အယူအဆသည် တွင်တွင် ကျယ်ကျယ် ခေါင်းထောင်ထနေခြင်းမျိုး မဟုတ်သော်လည်း အတွင်း ငုပ်နေသော အတွေးအခေါ် အယူအဆ တစ်ခု ဖြစ်သည်။ မိန်းမနှင့် ယောင်္ကျားသည် လူသားချင်း အတူတူ ဖြစ်သော်လည်း ယောင်္ကျားက မိန်းမထက် သာသည်ဟု ထင်မြင်ယူဆသူများ ရှိနေကြသည်။

“မီးနေခန်း အပြင်ဘက်က နားစွင့်နေသော ဖခင်ဖြစ်သူသည် ‘မိန်းကလေး’ ဟု သတင်းရလျှင် မျက်နှာရှုံ့မဲ့သွားပြီး ‘ယောင်္ကျားလေး’ ဟု ကြားလျှင်ကား မျက်နှာ လမင်းထက် သာဝင်းတတ်သေးသည်။ ယင်းဖခင်များသည် ‘မိန်းမလည်း လူ၊ ယောင်္ကျားလည်း လူ’ ဟူသော အမှန်သဘောကို အတွင်းနှိုက်၍ မဆင်ခြင်ကြသူများ ဖြစ်ကြသည် ဟုသာ ဆိုရမည်။”

Read more of this post

ဒုက္ခသည်

A: ဗုဒ္ဓက အဆိုးမြင်ဝါဒီပဲ ဖြစ်မယ်။ သူက- ဘဝကို ဘာလို့ ဒုက္ခလို့ ပြောရတာလဲ။

B: ခင်ဗျား တို့ ကျုပ်တို့ ဘဝဟာ တကယ့် ဒုက္ခ ဖြစ်နေတာမို့ ဒုက္ခလို့ ပြောရတာ ဖြစ်ပါတယ်။ အဲ့အတွက် သက်သေ လိုအပ်နေပါသလား။ ခင်ဗျား ဘဝကို ခင်ဗျား ပြန်မမြင် ထားဘူးလား။ ဒါမှ မဟုတ် မေ့နေသလား။ ဒုက္ခ မဟုတ်ဘူး – တကယ့် သုခပါလို့ မြင်ထားပါသလား။ မိမိ မြင်ထားတဲ့ ဘဝ ရှေ့မျှော်မှန်းချက် တစ်ခုခု နဲ့ မတူညီ၊ မကိုက်ညီ သွားလို့ များလား။ ဒါမှ မဟုတ် ခင်ဗျား ဖြစ်ချင် လိုချင်တဲ့ ဘဝနဲ့ ကန့်လန့်တိုက် ပြောလိုက်မိသလို ဖြစ်သွားသလား။ ဒါမှ မဟုတ်- ဒုက္ခလို့ ပြောရခြင်း အပေါ် မကျေမလည်များ ဖြစ်သွားပါသလား။ အနာပေါ် တုတ်ကျသွားတာလား။

တကယ်တမ်းလည်း – ဘဝဟာ ဒုက္ခပါလို့ စကားဆိုချိန်မှာ ခင်ဗျား မအီမသာ ဖြစ်သွားနိုင်ပါတယ်။ ခုခံ ကာကွယ် ချင်စိတ် ဖြစ်သွားမယ်။ မိမိ ဘဝကို ရှုတ်ချပြစ်တင် လိုက်တာ သက်သက်ပဲ လို့ ထင်လိုက်မိ နိုင်တယ်။

ကျနော် နားလည်ထားသလို ပြောရင် ဗုဒ္ဓဟာ ခင်ဗျား ဘဝကို အလဟဿ ပြစ်တင် ရှုတ်ချ ပစ်နေတာ မဟုတ်ဘူး။ ဗုဒ္ဓမှာ ပြစ်တင်ရှုတ်ချစရာ ဘာမှ မရှိဘူး။ ဗုဒ္ဓ၊ ခရစ်၊ လောက်ဇူ၊ မိုဟာမက် စသဖြင့် သူတို့တွေသာ သူတော်စင် စစ်စစ် တွေဆိုရင် ခင်ဗျားကို မဟုတ်တမ်းတရား ပြောနေစရာ ဘာမှ မရှိဘူး။ သူတို့ ရဲ့ သန္တာန်မှာ ချမ်းမြေ့မှု သက်သက်သာ ရှိနေကောင်း ရှိနေလိမ့်မယ်။ ခင်ဗျား ဘဝကို အကြောင်းမဲ့ သက်သက် မောင်းမဲ နှိမ်ချ၊ လာပြောနေမှာ မဟုတ်ဘူး။ သူတို့ရဲ့ ဆိုစကားမှာ ချဲ့ကား နေစရာ ၊ ရွှီးနေစရာ မလိုဘူးလို့ ပြောရပါလိမ့်မယ် ။ အထူးသဖြင့် ဗုဒ္ဓရဲ့ မိန့်မှာစကား အများစုဟာ အချက်အလက်ကို အချက်အလက် အတိုင်း ပြောဆိုထားတာမျှသာ ဖြစ်တယ်လို့ ကျနော် မြင်ပါတယ် ( မှားပါတယ် ဆိုရင် သည်းခံ )

ဗုဒ္ဓ အနေနဲ့ အမှန်ကို အမှန်အတိုင်း ပြောမှာပဲ။ ခင်ဗျား ကန်းနေရင် ကန်းနေတယ်လို့ ပြောမယ်။ ခင်ဗျား သေရင် သေတယ်လို့ ပြောမယ်။ ဒါဟာ ဘာအမှား ရှိပါသလဲ။ အချက်အလက် တစ်ခုကို အရင်း အတိုင်း ပြောပြနေ တာ ဖြစ်တဲ့ အပြင် – အခု စကား “ဒုက္ခ” ဆိုတာဟာ ခင်ဗျားတို့ ကျနော်တို့ အတွက် မေ့လျော့ထားတဲ့၊ ပေါ့တန်ထားတဲ့ အရာ တစ်ခု ကို သတိပေး၊ အသိပေး စကားလည်း ဖြစ်နေသေးတယ် မဟုတ်လား။ စင်စစ် ကျနော့အနေနဲ့ဆို – အဲ့ထက် အလွန် ကို လည်း ပြညွှန်းနေသေး တယ် လို့ မြင်ပါတယ်။

ဘဝဟာ ဒုက္ခ ဖြစ်နေတယ်၊ အခု ဘဝတွေဟာ ဒုက္ခသာ ဖြစ်တယ် လို့ ဗုဒ္ဓ အတန်တန် အထပ်ထပ် မှာကြားနေရခြင်းဟာ “ဘဝရဲ့ စင်စစ်ချမ်းသာ သုခ ရနိုင်ခြင်းအကြောင်း” ကို မြင်သိစေနိုင်ဖို့ လည်း ဖြစ်ပါတယ်။ ဒါပေတဲ့ ဒီ သုခစင်စစ် ကို မြင်နိုင်ဖို့ ခင်ဗျားရဲ့ လက်ရှိ ဒုက္ခ ကို ကောင်းကောင်း သိထားရ လိမ့်မယ်။ အင်ဂျင်တစ်လုံးကို စနစ်တကျ ဖြိုချ ပစ်နိုင်ဖို့ အင်ဂျင်အကြောင်းကို ခင်ဗျား ကောင်းကောင်း သိထားမှရမယ်။ အန္တရာယ် ကြီးတဲ့ ချိန်ကိုက်ဗုံး တစ်လုံးကို – အဲ့ဒီ ဗုံးအကြောင်း ကောင်းကောင်း သိထားမှ ဖြုတ်တပ် လုပ်နိုင်ပါတယ်။

ဆိုလိုတာက ဘဝ ရဲ့ ဒုက္ခကို ကောင်းကောင်း မသိရင် စင်စစ် ချမ်းမြေ့တဲ့ သုခ ( သန္တိ ) ကို ခင်ဗျား မရဘူး။ ရှင်သန်နေတဲ့ မိမိရဲ့ ဘဝ ဒုက္ခ အပေါ် နက်နက်ရှိုင်းရှိုင်း ( စိတ်နှလုံးထဲ အထိ ) မြင်သိလာ တဲ့ အခါ – ရှင်သန်နေခဲ့တဲ့ လမ်းဟောင်း အတိုင်း ခင်ဗျား တစက္ကန့်လေးတောင် နေလို့ မရတော့ဘူးရယ်။ ဥပမာ – ခင်ဗျားက အိမ်မှာ ရှိတယ်။ ခင်ဗျား အိမ်မီးလောင်နေတယ်။ မီးလောင်နေကြောင်းကို မသိဘူး။ ကောင်းကောင်း မွေ့နေမယ်။ တစ်ယောက်က – ခင်ဗျား အိမ်မီးလောင်နေတယ်လို့ လာပြောမယ်။ မိမိအိမ် အကြောင်း မိမိ မသိဘဲ – ငါ့လာနှောက်ယှက်ရကောင်းလား စွတ်ပြောရင် ဘယ်သူ လွန်မလဲ။ တကယ်တမ်းမှာ ခင်ဗျား အိမ် မီးလောင်နေပြီ ဆိုတာ ခင်ဗျား မြင်သွားရင် – စောနက မွေ့နေမိတာမျိုး မဆိုထားနဲ့ တစက္ကန့်လေးတောင် ခင်ဗျား နေနိုင် ပါ့မလား။ တစ်အိမ်လုံး ဟုန်းဟုန်းတောက်နေပြီ ဆိုတာ မြင်သိလိုက်မိတဲ့ ခဏ ၊ ခင်ဗျား ထွက်ပြေးဖို့ ပုဆိုးပုဝါတောင် နိုင်ပါတော့မလား။ “အေးဆေးပါကွာ” လို့ လေတစ်ချွန်ချွန်နဲ့ တစ်ရေးနှစ်ရေး နှပ်နေနိုင်သေးရဲ့လား။ ဖြစ်နိုင်တာက – အသက်ဘေးရယ်လို့ နီးနီး မြင်လိုက်ရတဲ့အခါ ခင်ဗျား ဇနီး၊ သားမယားတောင် မေ့ကောင်း မေ့သွား နိုင်သေးတယ် မဟုတ်လား။ စင်စစ် မိမိ အိမ် မီးလောင်နေကြောင်း သိမြင်လိုက်တာဟာ အဲ့ဒီ အိမ်က အလွတ်ရုန်းပြေးနိုင်ဖို့ အစ ဖြစ်ပါတယ်။ Read more of this post

Follow

Get every new post delivered to your Inbox.