Freedom
October 16, 2011 1 Comment
လွတ်လပ်ရေး ဆိုတာဘာလဲ
ဒဿနဆရာ အများစုက လွတ်လပ်ရေး၊ လွတ်လပ်မှုနဲ့ ပတ်သက်ပြီး ရေးသားပြောကြားနေကြတယ်။ ကျနော် တို့လည်း လွတ်လပ်မှု အကြောင်း ပြောကြတယ် ။ ဘယ်လို လွတ်လပ်မှုလဲ။ မိမိ စိတ်ကြိုက်လုပ်ပိုင်ခွင့်၊ မိမိ နှစ်သက်ရာ ကိုင်တွယ်ခွင့်၊ မိန်းမတစ်ယောက်ကို /ယောင်္ကျား တစ်ယောက်ကို လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့်၊ မိမိနှစ်သက်ရာ ဖတ်ရှုခွင့်၊ မိမိ မနှစ်သက်ရာ ပစ်ပယ်ခွင့် စသည်။ ကျနော် တို့ ကိုယ်ကိုယ် ကျနော်တို့ လွတ်လပ်တယ်လို့ ဆိုတာနဲ့ မေးစရာ ရှိလာတဲ့ တစ်ခုက – အဲ့လွတ်လပ်မှုနဲ့ ကျနော်တို့ ဘာလုပ်ကြသလဲ ဆိုတာပါ။ ကျနော်တို့ ကိုယ် ကျနော်တို့ ဖော်ကျူးပြနိုင်ဖို့ လွတ်လပ်မှုကို သုံးတယ်။ ကျနော်တို့ စိတ်ကြိုက်လုပ်နိုင်ဖို့ လွတ်လပ်မှု ကို သုံးတယ်။ အဲ့လို ဘဝကို လွတ်လပ်ခွင့်တွေ ပေးလာရင်း ပေးလာရင်း နောက်ဆုံး ဘာဖြစ်လာမလဲ ပြည်သူအလယ်မှာ၊ ပန်းခြံထဲမှာ မိတ်လိုက်ကြ၊ သံဝါသ ပြုလာကြတော့တယ်။
ကျနော်တို့မှာ လွတ်လပ်မှု ပုံစံအမျိုးမျိုး ရှိနေပါတယ်။ အဲ့အတိုင်းလည်း လုပ်ကိုင်နေကြတယ်။ ကျနော်တို့ ထင်ကြတာက ရွေးချယ်စရာ ကိစ္စတစ်ခုခု ပေါ်ပေါက်လာပြီဆိုရင် လွတ်လပ်မှု ဆိုတာ ဝင်လာတာပဲ ။ အဲ့လိုမဟုတ်လား။ ခင်ဗျား ပြင်ဦးလွင်သွားမလား၊ ရန်ကုန်မှာ နေမလား။ ဒီအလုပ်ဆက်လုပ်မှာလား ၊ အလုပ်ထွက်မှာလား ။ ဆိုလိုတာက ဒါတွေဟာ ရွေးချယ်မှု သက်သက်ပါ။ ရွေးချယ်မှုက လွတ်လပ်မှုကို ပေးတာ ဟုတ်ပါသလား။ ခင်ဗျားရဲ့ အမြင်၊ ခင်ဗျားရဲ့ အတွေးတွေကသာ ရှင်းလင်း နေရင် ပြတ်သားနေရင် ရွေးချယ်မှု ဆိုတာ ပေါ်ပေါက်လာစရာ မရှိပါဘူး။ အဲ့ဒီ ပြတ်သားတဲ့ အမြင်ကနေသာ မှန်ကန်တဲ့ လုပ်ရပ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ သံသယတွေ ၊ မကျိန်းသေ မသေချာမှုတွေ ရှိလာတဲ့ အခါမှသာ ကျနော်တို့ ရွေးချယ်တဲ့ လုပ်ငန်းကို စကြတယ်။ ဒါကြောင့် ပြောလို့ ရမယ်ဆို ပြောချင်ပါတယ် – ရွေးချယ်ခိုင်းတာဟာ လွတ်လပ်မှုကို ပိတ်ပင်တာ တစ်မျိုးပါပဲ။




