လူသည် ကြာငုံသာ ဖြစ်သေးသည်

လူသည် မျိုးစေ့ ဗီဇ အနေဖြင့်သာ မွေးဖွားလာခဲ့ သူ ဖြစ်သည်။ အပွင့်အခက် မရှိသေး ၊ မျိုးစေ့မျှသာ ရှိသေး သည်။ ကြီးထွား မလာသေး။ ငုံဖူး လျက်သာ ရှိသေးသည်။ ယင်း မျိုးစေ့၊ ယင်း အငုံအဖူး ဘဝ ကို မပျိုးထောင်လျှင် အပင် ကိုယ်ထည် သာ ကြီး၍ အပွင့် အသီး သီးပွင့် မည် မဟုတ်ပေ ။ ရှင်သန် နေသည့် မိမိမှာ ခန္ဓာသာ ထွားလာ၍ နွားနှင့်သာ တူနေပေလိမ့်မည်။ ခန္ဓာကိုယ် ကြီးထွား လာခြင်း သည် ဖွံ့ထွားလာခြင်း မဟုတ်။ အသက်ကြီးလာခြင်း သည် အသိကြီးလာခြင်း မဟုတ်။ ရုပ်ပိုင်း သည် စိတ်ပိုင်း ဆိုင်ရာ နှင့် လွတ်မြောက်မှု ပိုင်း ဆိုင်ရာ တို့ ကို များစွာ အထောက်အကူ မပြု။ အချိန်ပေါင်း များစွာ ဖြတ်သန်း နေထိုင် ပြီးသည့် တိုင် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု မရှိခဲ့ပါလျှင် အကြင်သူ ကို အချိန် အလဟဿ ဖြုန်းတီး ပစ်ခဲ့သူ ဟုသာ ဆိုရမည် ဖြစ်သည်။

လူသည် ဤကမ္ဘာမြေ ပြင်တွင် အသိဥာဏ် အလင်း ရနိုင်သော တစ်ဦးတည်းသော သတ္တဝါ ဖြစ်သည်။ ဆင်၊ ကျား၊ ခြေင်္သေ့ စသဖြင့် တို့ သည် အသိဥာဏ် အလင်း မရနိုင်ပေ။ လူသည်သာ အသိဥာဏ် အလင်း ရနိုင်စွမ်း ပြီး၊ ကုမုဒြာ ကြာ ၏ ပွင့်ချပ်ပေါင်း များစွာ စုငုံ ထားသော မျိုးစေ့ လည်း ဖြစ်သည်။ မပွင့်အာသေး – သို့သော် ပွင့်အာရန် အစွမ်းရှိသည်။ လူ၏ အသွင်သန္တာန် အတွင်း၌ သာ ဘုရား သခင် ၏ သင်းပျံ့သော ရနံ့ ကောင်းစွာ ကိန်းဝပ် နေနိုင်သည်။ မမွှေးပျံ့သေး – သို့သော် မွှေးပျံ့ရန် အလားအလာ ရှိသည်။

Read more of this post

ရူးသွပ်စွာ ရိုးသားခြင်း

Innocence ဆိုတဲ့ အင်္ဂလိပ် ဝေါဟာရကို မြန်မာ မှာ အမျိုးမျိုး ဖွင့်ဆိုကြတယ်။ အဓိပ္ပာယ် အတိမ်အနက် ပေါ် မူတည်ပြီး သုံးစွဲမှု ကွဲပါတယ်။ Innocence ကို အပြစ်ကင်းသည့် သဘော၊ ရိုးစင်းသည့် သဘော လို့ ပြန်ဆိုကြမယ်။ ကျနော် ဒီမှာ သုံးစွဲချင်တဲ့ Innocence ဆိုတာက ဖြူစင်မှု ကို ဆိုလိုပါတယ်။ အဲ့ဒီ ဖြူစင်မှု ထဲမှာ အပြစ်ကင်းခြင်း၊ ရိုးစင်းခြင်း၊ ရိုးသားခြင်း တွေပါ တစ်ပါတည်း ပါဝင်တယ်။

ကျနော်တို့ ပြောလေ့ ရှိကြတာက – ကလေးငယ်လေး တွေဟာ သိပ် အပြစ်ကင်း ကြတယ်။ ဖြူစင်ကြတယ်။ ရိုးရိုးသားသား ရှိကြတယ် လို့ ဆိုတယ်။ ဟုတ်ပါတယ်။ ကျနော်တို့ ကလေးငယ် ဘဝတွေမှာ ဘာကိုမှ ထိန်းချုပ် ထားတာ မရှိ ၊ ကြောက်လန့် ပူပန်စရာ များများစားစား မရှိ။ သိမှတ် ပိုင်ဆိုင်ချင်စရာ ပေါပေါ များများ မသိ၊ မရှိ။ ရိုးရှင်းစွာ ရှင်သန်ပြီး၊ ရိုးစင်းစွာပဲ နေ့ရက်တွေကို ဖြတ်သန်း ခဲ့ကြတယ်။ ပကတိ ဖြူစင် ခဲ့ကြပါတယ်။

ဒါပေမယ့် တကယ် ဖြူစင်မှု အမှန် ဟုတ်ပါသလား။ ဖြူစင်မှု ရှိကြတဲ့ အဲ့ဘဝ နေ့ရက် တွေကနေ အခု အချိန်အခါမှာ ဘာလို့ နောက်ကျိ သွားကြ ရတာလဲ။ ဘာလို့ ရိုးသားမှုတွေ ပျောက်ဆုံး ကုန်ကြ တာလဲ။ ရှင်းနေတဲ့ အဖြေကတော့ — ကလေးငယ် ဘဝရဲ့ ဖြူစင် ရိုးသားမှုဟာ ဖြူစင် ရိုးသားမှု အစစ်အမှန် မဟုတ် လို့ပဲ။ သူဟာ ဖြူစင် ရိုးသားနေတာ မဟုတ် ဘူး။ ဘာမှ မသိသေးတာ သက်သက် ဖြစ်ပါတယ်။ ဘာကိုမှ မတွေးနိုင်၊ မယူနိုင်သေးတာ သက်သက်။ သူ့မှာ ဘာမှ မသင်ကြား ရသေးခင် ရိုးသားနေတာ သက်သက်ပဲရယ်။

ဘယ်အမှိုက်၊ ဘယ်ဒိုက် တစ်စမှ မကျရသေးတဲ့ ကန်ရေ မျက်နှာပြင်လိုပဲ တည်ငြိမ် နေတယ်။ ကြည်လင် အပြစ်ကင်းနေပါတယ်။ ဒါပေမယ့် ဖုန်၊ အမှိုက်၊ ဒိုက်တွေ တစ်စစ ဝင်လာတဲ့နောက် ရှုပ်ထွေး နောက်ကျိကုန် ရတယ်။ ဒါ့ကြောင့် ကလေးငယ် တစ်ယောက် Innocent ၊ ရိုးသား ဖြူစင်နေမှု ဟာ သူ ဘာမှ မသိလို့ သက်သက်သာ ဖြစ်ပါတယ်။ အဓိကက သူ ဘာမှမသိဘူး ဆိုတာကို တောင် မသိဘူးရယ်။ အဲ့ဒီ အတွက် သူဟာ အခုမှ ရောက်ရှိ လာရတဲ့ ကမ္ဘာလောကမှာ သူ အာရုံကျရာ ကို စူးစမ်းတယ်၊ သိချင်တယ်၊ သင်ယူပါတယ်။

Read more of this post

ဝေါဟာရ/ အဓိပ္ပာယ်/ သိမှု/ ရှိမှု = ပြဿနာ

ဒီညမှာ အိန္ဒိယ ဒဿန ဆရာ အိုရှိုးရဲ့ စာတွေ လိုက်ဖတ် ဖြစ်တယ်။ ရှေးဟောင်းတရုတ် ဒဿနတွေထဲက တာအိုဝါဒအပေါ်မှာ အားပြုနေတာ တွေ့ရတယ်။ သူရဲ့ The Way of Tao ကို ကြိုက်တယ်။ မြန်မာပြန်ဆို ကြည့်ဖို့ စဉ်းစားလိုက်တော့ မကျေလည်တာ တစ်ခု တွေ့ရပါတယ်။ အဲ့ဒါက Tao ( တောက် ) ဆိုတဲ့ ဝေါဟာရ နေရာပါ။ ဆရာသက်လုံရဲ့ စေ့ထားသော တံခါးများ ( ပ+ဒု ) မှာတော့ Tao ကို ဓမ္မတရား၊ တောက် လို့ ပဲ ထည်လဲသုံး ဖွင့်ဆိုပြထားတယ်။

Tao ဟာ ( ကျနော် နားလည်သလောက် ပြောရင် ) ဓမ္မတရား ဟုတ်ပါသလား။ အဲ့ဒီ ဝေါဟာရနဲ့ ဖလှယ်သုံးလို့ ရပါ့မလား။ ဓမ္မ ဆိုတာ ဗုဒ္ဓဝါဒနဲ့ နွယ်ပြီး သိရတဲ့ ပါဠိစကား ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ ဓမ္မ ဆိုတာ လမ်း ဖြစ်ပါတယ်။ ဟုတ်တယ်ဟုတ်။

ဒီမှာ သုံးထားတဲ့ Tao ဟာ လမ်းလား။ လမ်း မဟုတ်ဘူးလို့ မြင်ပါတယ်။ အနောက်တိုင်း ဆရာတွေ သူတို့ဘာသာအလိုက် ပြန်ဆိုရာမှာ Tao ကို God နဲ့ ဖလှယ်သုံးနှုန်းထားတယ်။ အများအားဖြင့် တော့ Tao ကို Tao အတိုင်းပဲ ပြန်ဆိုကြတယ်။ ဘာလို့ဆို Tao ရဲ့ အနက်အဓိပ္ပာယ် ကိုယ်နှိုက်က ဖွင့်ဆိုရ ခက်ခဲနေလို့ပါပဲ။

တာအိုဝါဒရဲ့ ဆရာသခင် ဖြစ်တဲ့ Lao Tzu က သူရဲ့ Tao Teh Ching မှာ ရေးသားထားခဲ့တာ ရှိပါတယ်။ အပိုဒ်ရေ ( ၈၁ ) ပိုဒ် ရှိတဲ့ အနက် ပထမဆုံး အပိုဒ်မှာတင် ရှင်းထားတာက -

ရှင်းလင်းပြောပြနိုင်တဲ့ ဓမ္မ ( Tao ) ဟာ စစ်မှန်တဲ့ အသင်္ခါရ ဓမ္မ ( Tao ) မဟုတ်ဘူး။
ပညတ်သတ်မှတ်နိုင်တဲ့ အမည်သညာကလည်း စစ်မှန်တဲ့ အသင်္ခါရ အမည်သညာ မဟုတ်ဘူး။

- လို့ ဆိုထားပါတယ်။

ဆရာ အိုရှိုးက Lao Tzu ကို အတော်များများ အမွှမ်းတင်ထားတယ်။ စကားလုံးတွေ မပါဘဲ၊ ဖော်ပြချက်တွေ မရှိဘဲ ဘဝမှာ သမားရိုးကျ ရိုးရိုးလေး နေထိုင်သွားတတ်ကြသူတွေမှာ Lao Tzu ဟာ တစ်ယောက် အပါအဝင် ဖြစ်တယ်၊ လူတွေ သိနားလည်တဲ့ ဝေါဟာရတွေနဲ့ပဲ လူတွေ မသိကြသေးတဲ့ အရာတစ်ခုကို ဘယ်လိုရှင်းပြမလဲ ဆိုတဲ့ ပြဿနာ – အဲ့ပြဿနာကို ဖြေရှင်းရာမှာ Lao Tzu ဟာ ဆရာတစ်ဆူဖြစ်တယ်လို့ ဆိုပါတယ်။ Read more of this post

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်

ချမ်းငြိမ်းအောင် ရေးသည်။

“နှစ်လရာသီ ခါနာရီ ရွေ့ပေမယ့် အာဇာနည်နေ့ ကိုဖြင့် မမေ့သင့် ပါပေ။ ယနေ့ဖြင့် အသိတရား ထားဖို့ အခြေ အများ ပြည်သူတွေ အများ ပြည်သူတွေ အာဇာနည်နေ့ ကိုလေ တွေးရှု ကာပဲ အလေးပြု ပါတယ်လေ”

(၆၃) နှစ် မြောက်ခဲ့ပြီ ဖြစ်သော အာဇာနည်နေ့ သို့ ရောက်ပြီ။ သည်နေ့ သို့ ရောက်ပြီ။ သည့်နေ့သို့ ရောက်တိုင်း ကြားရလေ့ ရှိသော အဆိုတော်ကြီး ဒေါ်မေလှမြိုင် ၏ ကြေကွဲ လွမ်းဆွတ်ဖွယ် တေးသံ သည် အချိန်အခါ၊ နေရာဒေသ၊ အခြေအနေများ နှင့် လိုက်လျောညီထွေ စွာ ကြားရသူတိုင်း ၏ ရင်ကို လှုပ်ခါနိုင်စွမ်း ရှိလှသည်။ မှတ်မိ ပါသေးသည်။

(၁၉၆၅) ခုနှစ် ၀န်းကျင်၊ လွန်ခဲ့သော နှစ်ပေါင်း (၄၅) နှစ်ခန့် က နေရောင် မလင်း။ မိုးမင်းအုပ်ဆိုင်းလျက်ရှိသော သည်နေ့တွင် အထက်တန်း ကျောင်းသားဘ၀ ၌ ကျောင်းဆရာ၊ ဆရာမများ အစီအစဉ်ဖြင့် အာဇာနည် အထူးပြပွဲ ကို ကြည့်ခဲ့ရဖူးသည်။ ပြပွဲမှာ တပ်မတော် ခန်းမ ကို (ထိုစဉ်က အင်ဗွိုင်း ခန်းမ) မှာ ဖြစ်သည်။ ပြပွဲသို့ ရောက်ရန် မိုးက ဖွဲဖွဲ တွင် တန်းစီ ၀င်ရောက်ကြရသည်။ ပြပွဲသို့ ၀င်ရောက်ရန် စီထားသော တန်းမှာ လေးယောက်တွဲ စီထားသည် ကိုပင်လျှင် ဦးဝိစာရလမ်း နှင့် ရွှေတိဂုံ ဘုရားလမ်းဆုံ လောက်အထိ ရောက်သည်။ တန်းစီရကျိုး၊ စောင့်ရကျိုး နပ်လှသည်။ ကြည့်ရှုရသော ပြကွင်း ပြကွက်များကို ကြည့်၍ ခံစားရမှုကို မမေ့ခဲ့ပါ။ Read more of this post

ကြီးကျယ်ခမ်းနားသော အရေးအသားများ ပြီးဆုံးသွားရသည့်အကြောင်း

ဆရာမြင့်သန်း ရေးပါသည်။

ရေးနေတဲ့ဝတ္ထုနဲ့ ပတ်သက်လို့ ပြောချင်တာလေးတွေ ရှိလာတာနဲ့ ဘမြင့်ဆီ ထွက်လာခဲ့တယ်။ ဘမြင့်က လူတော်။ ဘယ်သူကမှ ပြောတာတော့ မဟုတ်ဘူး။ ကျွန်တော့်အမြင်အရ ပြောတာ။ ကျွန်တော့်အထင်အရ ကျွန်တော် လက်ခံထားတာ။ ဒီတော့လည်း ကျွန်တော့်ကိုယ်ပိုင် အမှန်တရားပဲလို့ ပြောချင်ရင် ပြောကြ။ ကိုယ်ပိုင် အမှန်တရား ဆိုတာကိုလာပြီး အကြောက်အကန် ငြင်းနေလို့ကဖြင့် နှစ်တစ်လက်မ ကောင်းကောင်းတစ်ချောင်းကိုင်ပြီး လက်တွေ့ နည်းလမ်း တကျ အမှန်တရား ဆိုတာကို ရှင်းပြလိုက်ရုံပဲ။

ဒီတော့ ခုကတည်းက ဘမြင့်ကို ဘာကြောင့် လူတော်ရယ်လို့ ကျွန်တော်က လက်ခံ ထားတယ် ဆိုတာကို ရှင်းပြ ထားချင်တယ်။ တကယ်တမ်း မှာတော့ ဘမြင့်ဟာ သူများတကာ ထက် ထူးခြားပြီး တော်တယ် လို့ ပြောလို့ ရလောက်တဲ့ အကြောင်း တစ်ခုမှ မရှိဘူး။ ကျွန်တော် လက်ခံထားတဲ့ သဘော တစ်ခုကို ပြောရရင် သူများ တကာ ထက် ထူးထူးခြားခြား ပိုပြီး မတော်လှဘူး ဆိုတဲ့ လူတိုင်းဟာ လူတော်ပဲ လို့ လက်ခံ ထားတာပဲ။ ဒီလို လက်မခံ လို့ကလည်း မဖြစ်ဘူး။ ကိုယ်လည်း လူတော် စာရင်းထဲတော့ ပါချင်သေး တာကိုး။

တကယ်တမ်းတော်မှ လူတော်လို့ သတ်မှတ်မယ် ဆိုရင်ဖြင့် လူတော် ဆိုတာတွေ သိပ်နည်း သွားလိမ့်မယ်။ လူတော် နည်းသွား တာက အကြောင်း မဟုတ်ဘူး။ လူတော် နည်းတဲ့ လူ့အဖွဲ့အစည်း ဟာ ခပ်ညံ့ညံ့ လူ့အဖွဲ့အစည်းပဲ လို့ လက်ခံ ထားကြလေတော့ ကိုယ် ပါဝင် ပတ်သက်နေရတဲ့ လူ့ အဖွဲ့အစည်းကြီး ကိုတော့ ခပ်ညံ့ညံ့ စာရင်းဝင် ဖြစ်မသွားစေချင်ဘူး။ ဒီတော့လည်း လူတော်တွေ ပေါများစေချင်တဲ့ စေတနာနဲ့လို့ ပြောရမှာပဲ။ လူ့ အဖွဲ့အစည်းကြီးကို ကောင်းစေချင်တာကိုး။

ရိုသေပြတယ်ဆိုတာ ... အရင်လူက နောက် လာတဲ့လူကို သူလုပ်ချင်တာ လုပ်လို့ ရအောင် ထွင် ထားခဲ့တာ။

တချို့ ကတော့ လူ့ အဖွဲ့အစည်းကြီး ကောင်းအောင် သစ်ပင်စိုက်တာတို့ ကြွပ်ကြွပ်အိတ် မသုံးဖို့တို့ လုပ်ကြတယ်။ ကမ္ဘာကြီးကောင်းလာအောင် ဂေဟစနစ်ဆိုလား၊ လုပ်ကြရမယ်လို့ ကြွေးကြော် ကြသေးတယ်။ တော်ပါသေးရဲ့ ဗာလစနစ်တို့ ဘာတို့ မထူထောင် ကြပေလို့ပဲ။ ဘာလစနစ်တို့ ဘာတို့သာ ရှိခဲ့ရင် ကျွန်တော့်လို အကောင်မျိုးတွေ အလုပ် အမှုဆောင် အဖွဲ့ဝင်တွေ ဘာတွေဖြစ်ပြီး အလုပ်များနေလို့ စာတောင် ကောင်းကောင်းရေးရမယ်တောင် မထင်တော့ဘူး။ ဒါပေတဲ့လည်း ကျွန်တော်ကတော့ အဲဒီလောက် အထိ မတွေးတတ်ဘူး။ နားလည်း မလည်ဘူး။ လူတော်တွေ များတဲ့ လူ့အဖွဲ့အစည်း ထဲက လူတော် ဆိုတော့လည်း အဲဒီလို အသေးအမွှားတွေ အထိ လိုက်သိနေဖို့ လည်း မလိုတော့ဘူး လို့ ထင်တယ်။

ကျွန်တော်က ဘမြင့်ကို သဘောကျတဲ့ အထဲမှာ အဲဒီ အချက်လည်း ပါတယ်။ သူကလည်း အဲဒါတွေကို စိတ်မ၀င်စားဘူး။ မြောက်ဝင်ရိုးစွန်းက ရေခဲတုံးတွေ အရည်ပျော် လာလို့ ကမ္ဘာကြီး ပိုမို ပူနွေးလာတယ်လို့ သူ့ရှေ့မှာ ပြောကြရင် ဒီလိုဖြင့် လာမယ့်ဆောင်းမှာ စောင်ထပ် ၀ယ်စရာ မလိုဘူးပေါ့ လို့ပဲ သူက ပြောလေ့ရှိတယ်။ နောက်တစ်ချက် သူ့ကို သဘောကျတာရှိသေးတယ်။ ဒီကောင်က စာအတော်ဖတ်တယ်။ တည့်တည့်ပြောရရင်တော့ အားရင် စာပဲဖတ်တယ်။ အားရင်ဆိုတဲ့ စကားလုံး ထည့်ပြော ရတာကတော့ ပြောရိုးပြောစဉ် ဖြစ်နေလို့ပါ။ ဒီကောင့်မှာက မအားစရာအကြောင်းမှ မရှိဘဲ။ ဘာအလုပ်မှ ရှိတာမှ မဟုတ်ဘဲ။ ဒီကောင်က မအားဘူးလို့ ပြောရင်တော့ စာဖတ်နေလို့ပဲ။

ကျွန်တော်တို့ ငယ်ငယ် ကျောင်းသား ဘ၀ကတည်းက သူက စာ အတော် ဖတ်တယ်။ သူ့ညီ ဘတင့် ကျတော့ သူ့လို မဟုတ်ဘူး။ သူတို့ နှစ်ယောက် က နှစ်နာရီ လောက်ပဲ ခြားတယ်။ အမွှာ။ သူ့ ကျတော့ ဘာ စာမှကို မဖတ် ချင်ဘူး။ ဖတ် လည်း မဖတ်ဘူး။ အ လိမ္မာ စာမှာ ရှိတယ် ဆိုတဲ့ စကားသာ မှန်ခဲ့ရင် ဘတင့် နဲ့ အလိမ္မာ ဆိုတာ ကြီးက အတော် ဝေးနေကြမှာ။ ဒါပေတဲ့ လည်း စီးပွားရေး သမား မဟုတ်လို့ ရှာရဖွေရကျပ်တဲ့ ကာလကြီးမှာ သင်းတို့က မကြောင့်မကြ နေနိုင်တယ်။ ဒါကတော့လည်း သင်းတို့တော်လို့ မဟုတ်ဘူး။ သင်းတို့ အဖေ သွားလေသူ ဦးဘ တော်ခဲ့ပေလို့ပဲ။

Read more of this post

ကိုဓ

လက်တစ်ဖက် ဆုံးရင် လက်တစ်ဖက် ချင်း၊ မျက်လုံး တစ်ဖက် ကန်းရင် မျက်လုံး တစ်ဖက် ချင်း ဆိုတဲ့ ဟမ္မူရာဘီရဲ့ ကိုဓ ဥပဒေက ကြီးစိုးလျက် ပဲလား။ လူတွေ ရင်ထဲမှာ ရန် အငုတ်၊ အငြှောင့်တွေနဲ့ ဆိုတာ ရှိနေတာပဲလား ။ အဲ့လို တွေးဖြစ်လာတဲ့ သတင်း ဖတ်မိတာ ပြောရင် -

Ameneh Bahrami

၁၆ ရက်နေ့ နေ့စွဲနဲ့ တင်ရှိလာတဲ့ လော့စ် အိန်ဂျလိ တိုင်းမ်မှာ ပြီးခဲ့တဲ့ ခုနှစ်နှစ်လောက် အချိန်က အီရန် အမျိုးသမီး တစ်ယောက် ကို အက်ဆစ်နဲ့ ပက်ခဲ့တဲ့သူ – အဲ့လူကို အခု ဘယ်လို ပြစ်ဒဏ် ချမလဲ ။ ခုံရုံးက အကြိတ်အနယ် စဉ်းစားနေရတယ်။ ရွှေ့ဆိုင်းလိုက်ရတယ် ၊ ဆိုင်းငံ့ထားရတယ်လို့ ကြားတယ်။

မာဂျစ် မိုဗာဟယ်ဒီ ဆိုတဲ့ ၂၁ နှစ်အရွယ် လူငယ်က သူ့ကို လက်ထပ်ဖို့အတွက် ငြင်းဆန်ရကောင်းလား ဆိုတဲ့အကြောင်း ပြချက်နဲ့ အမီနာ ဘာရာမီဆိုတဲ့ အမျိုးသမီးကို ဆာလဖျူရစ် အက်ဆစ် တစ်ဂါလံ ကျော်ကျော် လောင်းချခဲ့တယ် ဆိုပဲ။ အဲ့အချိန်က လွန်ခဲ့တဲ့ ခုနှစ်နှစ် ၊ ၂၀၀၄ ခုနှစ်က ။ အဲ့တုန်းက ဘာရာမီက တဲဟ်ရန်းမှာ နေတယ်။ အောင်လည်း အောင်မြင်နေတဲ့၊ ရည်ရွယ်ချက် ရည်မှန်းချက် လည်း ကြီးတဲ့ မိန်းကလေး အင်ဂျင်နီယာ တစ်ယောက် အဖြစ် ဘဝရပ်တည် နေခဲ့တာ။ အခုတော့ သူ့အတွက် ဆာဂျရီ ခွဲစိတ်မှု ပြုရာ စပိန်မှာ နေ နေပါတယ်။

ဒီလို ပြစ်ဒဏ်မျိုးကို အီရန်နိုင်ငံရဲ့ အစ္စလာမ် ပြစ်မှုဆိုင်ရာ ဥပဒေတွေမှာ ခွင့်ပြုပါတယ်။ qisas လို့ ခေါ်မယ်။ retributive justice တဲ့။ တရားခံရဲ့ ခန္ဓာကိုယ်ကို တူမျှတဲ့ ပြစ်ဒဏ် ချမှတ်ခြင်း တစ်မျိုး လို့ပဲ ဆိုရမယ်။

ဘိုင်ရု က အစ္စလမ်လေ့လာရေး ပညာရှင် အာမက် မူဆာလီ ရဲ့ အပြောအရတော့ ဒီ retributive justice ဆိုတာ ပုဂ္ဂိုလ်ရေး အချင်းချင်း ပြစ်မှု ဖြေရှင်းရာမှာ ဘုံသုံးလေ့ ရှိတဲ့ နည်းလမ်း တစ်ခုပဲတဲ့။ တရားရုံး တွေမှာ ပြစ်ဒဏ် ချမှတ်တာ ထက် အများအားဖြင့် မိသားစုဝင် အချင်းချင်း ကြားမှာပဲ ဖြေရှင်းလေ့ ရှိတဲ့ နည်းပဲ လို့ ဆိုပါတယ်။ Read more of this post

ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတာ

ကျနော့ဘလော့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်၍ ဆယ်ပုဒ်မြောက် ပို့စ် ဖြစ်ပါသည်။ နက္ခတ်ဗေဒင် ကိန်းခန်းတို့သည် ပညာရပ် တစ်ခု အနေဖြင့် ( ကျနော်တို့ ယုံကြည်သည် ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ) တည်ရှိနေသည်သာ ဖြစ်သည်။ သို့ အလျောက် – ယင်းတို့နှင့် နှီးနွယ်ပြီး စပ်ယှက်ထားသော ဗိုလ်ချုပ် ဇာတာခွင် ပို့စ်ကို မော်နီတာ ဂျာနယ်မှ ကူးယူတင်ရှိထားပါသည်။

ဂျာနယ်အဖြစ် ထွက်ရှိပြီးသားကို အဘယ်ကြောင့် ကူးယူ တင်ပါသနည်းဟု မေးကြသော မိတ်ဆွေ အပေါင်း တို့ကို ဤနေရာတွင် အနည်းငယ် ရှင်းပါမည်။

မေးခွန်း တစ်ခု မေးလိုပါသည်။

ယင်း ထွက်ရှိသော ဂျာနယ် သည်ရော ဘယ်နှစ်စောင် ထွက်ရှိ ပါသနည်း။ ထွက်ရှိသော ဂျာနယ် စောင်ရေ၏ နှုန်းသည် မြန်မာ စာဖတ်နိုင်သော ပြည်သူ ပရိသတ်နှင့် ယှဉ်လျှင် များစွာ နည်းပါး ပါသည်။ ယင်း ဂျာနယ် ပေါက်ရောက် နိုင်သော နေရာသည်ရော။ … ။ ရန်ကုန်မှ ထွက်သော ဂျာနယ်သည် အခြား အခြား မြို့ကြီးများသို့  အလျင်အမြန်နှင့် အလွယ် တကူ မရောက်နိုင်ပါ။ ရောက်နိုင် လျှင်လည်း နည်းနည်းသာ ဖြစ်သည်။ ဂျာနယ်မှ တဆင့် မဖတ်နိုင်သော မြန်မာ မိတ်ဆွေများ အတွက် မော်နီတာဂျာနယ်ကို Credit ထားရှိ၍ တင်ပါသည်။ ဤသည်မှာ ပထမ အကြောင်းတစ်ရပ် ဖြစ်သည်။

နောက်တစ်ကြောင်း မှာ အွန်လိုင်းတွင် တင်ရှိပြီးသော ဤသို့ ဘလော့၊ ဖိုရမ်၊ ဆိုရှယ် ရှဲရင်း တို့သည် အသိသညာ ဖလှယ်ကြခြင်း လည်း ဖြစ်သကဲ့သို့ မိမိအတွက် သိမ်းဆည်းရာလည်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဤဆောင်းပါးများ ၊ ( ဗိုလ်ချုပ်နှင့်ဆိုင်သည်များ ) ၊ ကျနော် နှစ်ခြိုက်သည်များ၊ ကျနော်ဘာသာ ရေးသားသည်များ၊ ကျနော့မှတ်တမ်းများကို စုပေါင်း၍ ဤဘလော့တွင် ကျနော် သိမ်းပါသည်။ ဤသည်မှာ နောက်အကြောင်း တစ်ရပ်ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။

ဇေယျ

……………………………………………………………………….

ဗိုလ်ချုပ်အောင်ဆန်း ဇာတာ – ရေးသားသူ လှမိုး ပညာရေး ( မော်နီတာ ဂျာနယ်မှ )

မြန်မာနိုင်ငံ၏ အတိတ် သမိုင်း ရာဇ၀င် ကို ပြန်လည် လေ့လာ သောအခါ ခေတ် အဆက်ဆက် တွင် အုပ်ချုပ်ခဲ့သော ဘုရင်များ၊ အစိုးရ နှင့် ပြည်သူပြည်သား များသည် လောက သဘာဝ လောကဓာတ် ပညာနှင့် ဆက်စပ်၍ အတိတ်၊ တဘောင်၊ နိမိတ်၊ ဗေဒင် တို့ကို ယုံကြည် လက်ခံကြ ခဲ့ပါသည်။ ရာနှုန်းပြည့် မဟုတ် သော်လည်း ရာခိုင်နှုန်း တစ်ဝက်ကျော် (၆၀) ရာခိုင်နှုန်း လောက် ယုံကြည် လက်ခံသည်မှာ သေချာ ပါသည်။ လောကီပညာ ဟု ခေါ်သော ဗေဒင်၊ နက္ခတ် လက္ခဏာ တို့သည် အားလုံး တိကျစွာ မမှန်နိုင် သော်လည်း ထိုက်သင့် သလောက်တော့ မှန်ပါသည်။ အစွဲအလန်း ထား မယုံကြည်သင့် သော်လည်း မှန်ကန်သော ပညာရှင်၏ ဟောပြောချက် ကိုတော့ အလေးထား သင့်ပါသည်။

U Aung San

ကျွန်ုပ် စာရေးသူ သည် ဗိုလ်ချုပ် အောင်ဆန်း၏ သမိုင်းကြောင်း နှင့် အဆိုအမိန့် များ၊ စာပေ လက်ရာများ ကို လေ့လာ သောအခါ နိုင်ငံကျော် ဗေဒင် ဆရာကြီး လျှပ်စစ် ဦးအုန်းသင် မှ ဗိုလ်ချုပ် အောင်ဆန်း ရှိစဉ်ကာလက သတင်းစာ ဂျာနယ်များ တွင် ဗိုလ်ချုပ်၏ ဟောစာတမ်း ကို ရေးသား ပေးပို့ခဲ့ကြောင်း သိရှိ ရပါသည်။ ဗိုလ်ချုပ် အောင်ဆန်း သည် လောကီပညာ နှင့် ပါတ်သက်၍ ယုံကြည်သင့် သလောက် ယုံကြည် ခဲ့သော်လည်း နိုင်ငံ လွတ်လပ်ရေး ရရှိရေး ကိုသာ အလေးထား ဦးစားပေး ဆောင်ရွက်နေရ၍ မိမိ၏ ဇာတာနှင့် ကံကြမ္မာကို အလေးမထား နိုင်ခဲ့ပေ။

ဗိုလ်ချုပ် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တွင်“ဖေဖော်ဝါရီ (၁၃) ရက် ဖွားမြင်သော ကျွန်ုပ်သည် ကိုင်ရို နည်းပညာအရ (၁၃) ဂဏန်း ပိုင်ရှင် သည် ထင်ပေါ် ကျော်ကြားသော ခေါင်းဆောင် ဖြစ်သည်” ဟု သူကိုယ်တိုင် ရေးသား ထားသော အချက် တစ်ချက်သာ တွေ့ရပါသည်။ ဗိုလ်ချုပ်ကို မီခဲ့သော အသက် (၈၀) ကျော် လွတ်လပ်ရေး မော်ကွန်းဝင် ဆရာကြီး တစ်ဦး မှ မန္တလေး ရှိ ဆရာတော် တစ်ပါး သည် ဗိုလ်ချုပ်၏ ဇာတာသည် ဘုန်းကြီး သော်လည်း အသက်မရှည် နိုင်သော ဇာတာ ဖြစ်ကြောင်း ဟောဆို ခဲ့ဖူးကြောင်း သို့သော် ဗိုလ်ချုပ် အနေနှင့် ဘာသာရေး ကိစ္စ လုပ်ဆောင်ရန် စိတ်ဆန္ဒ ရှိသော်လည်း တိုင်းပြည် အခြေအနေ အရ နိုင်ငံရေး ကိုသာ စိတ်ဝင်စား အာရုံစိုက် ခဲ့ကြောင်း ပြောဆိုခဲ့ဖူး ပါသည်။

ယခု စာရေးသူ အနေဖြင့်“ဗိုလ်ချုပ်၏ဇာတာ” အဟော မူရင်း အတိုင်း ရေးသား ဖော်ပြပေး လိုက်ပါသည်။

Read more of this post

ဦးအောင်ဆန်းတို့ အမေ

U Aung San and His Mother Daw Su

အာဇာနည် ခေါင်းဆောင်ကြီး များမှ အာဇာနည် ညီအစ်ကို (၂) ဦး ကို မွေးထုတ် ပေးခဲ့သူ မှာ အမျိုး သား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း နှင့် ဗိုလ်ချုပ် အောင်ဆန်း ၏ အစ်ကို ဦးဘ၀င်း တို့ကို မွေးထုတ် ပေးခဲ့သူ မှာ အာဇာနည် မိခင်ကြီး ဒေါ်စု ဖြစ်ပေသည်။ အာဇာနည် ခေါင်းဆောင် ညီအစ်ကို နှစ်ဦးကို မွေးထုတ်ခဲ့သည့် ဒေါ်စု၏ ဘ၀မှာ စိတ်ဝင်စား စရာ လောကံဓံများကို ကြံ့ကြံ့ခိုင် နိုင်သူ အဖြစ် မှတ်တမ်းတင် ရမည် ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း နှင့် ဦးဘ၀င်းတို့၏ မိခင်ကြီး ဒေါ်စုကို (၂၂၊ ၇၊ ၁၈၇၇) ရက်တွင် မကွေးခရိုင်၊ နတ်မောက်မြို့ ရှိ မင်းဝိုင်း နေအိမ် အဘ ဦးမြအေး၊ ဒေါ်သူဇာ တို့က မွေးဖွား ခဲ့သည်။ မွေးချင်း (၇) ဦး ရှိပြီး သမီး အကြီးဆုံး ဖြစ်သည်။ တနင်္ဂနွေ သမီး ဖြစ်ပေမဲ့ မိဘများ က နေ့သင့် နံသင့် မဟုတ်ဘဲ မစုဟု အမည်မှည့်ခေါ် ထားခဲ့ကြသည်။ ဒေါ်စု၏ ဦးလေးတော်သူ ပင်းမြို့၊ နတ်မောက်မြို့၊ ကျောက်ပန်းတောင်းမြို့ တို့၏ သုံးမြို့ဝန် ဦးမောင်က အစု ဟု ခေါ်ပေသည်။

ဒေါ်စု၏ အောက်တွင် မောင်များ ဖြစ်သည့် ဦးဖိုးသင်း၊ ဦးငွေနိုင်၊ ဦးငွေဆိုင်၊ ညီမဒေါ်ယု၊ ဒေါ်ပု၊ ဒေါ်ခင်မေတို့ ရှိပေသည်။ ဒေါ်စုမှာ အမေတူ သမီးဖြစ်၍ မျက်နှာ သေးသွယ်ကာ အသားညို၍ အရပ်မှာ မနိမ့်မမြင့် ဖြစ်သည်။ ကိုယ်ခန္ဓာ အနေအထားမှာ မပိန်လွန်း၊ မ၀လွန်းဘဲ ကြည့်၍ ကောင်းသည်။ ဒေါ်စုမှာ စကားနည်းသူ ဖြစ်ပြီး မျက်နှာမှာ ကျက်သရေ ရှိကာ ခံ့ညားလှသည်။ ဒေါ်စုသည် အစ်မအကြီးဆုံး ဖြစ်သည့် အပြင် သိက္ခာ သမာဓိနှင့် ပြည့်စုံကာ မွေးချင်းများ အားလုံးက အစ်မကြီးဟု ခေါ်ကြသဖြင့် အခြားသူများ ကလည်း အစ်မကြီး လိုက်ခေါ် ခဲ့ကြသည်။ ဒေါ်စုသည် ဗိုင်းကောင်း ကျောက်ဖိ အမျိုးသမီး ဖြစ်ကာ မိကောင်း ဖခင် သားသမီး ဖြစ်သည့် အတွက် မိဘများ၏ စကားကို ကောင်းစွာ နာယူ တတ်ခဲ့သည်။ သို့အတွက် ကြောင့်ပင် (၁၁) နှစ် သမီးအရွယ် ကပင် မြန်မာ အမျိုးသမီးတို့ တတ်အပ်သည့် ရက်ကန်းအတတ်ကို သူမတူ အောင် တတ်မြောက်ခဲ့သည်။ ဒေါ်စုသည် ရက်ကန်း အတတ် သာမက စက်ချုပ် အတတ်ကိုပါ သင်ကြား ခဲ့သေးသည်။

ဒေါ်စု အတွက် ကံဆိုးသည့် အချက်မှာ သူတို့ခေတ်က အမျိုးသမီးများ မှာ စာသင်ကြားမှု အလေ့အထ နည်းပါး သောကြောင့် စာရေး စာဖတ်ကိုပင် မတတ်မြောက် ခဲ့ရပေ။ စာပေ မသင်ကြားရ၍ စာမတတ် သော်လည်း ဒေါ်စု၏ မှတ်ဉာဏ်မှာ လူတကာ လက်ဖျား ခါခြင်း ခံရလောက်အောင် ကောင်းလှသည်။ ဒေါ်စု၏ မိဘများသည် ရှေးလူကြီးများ ပီပီ သမီးကညာ အခါမလင့်စေနှင့် ဆိုသည့်အတိုင်း ဒေါ်စု အသက်(၁၉)နှစ် တွင် နတ်မောက်မြို့ အနောက်ပိုင်းရှိ တောင်သူကြီး ဦးဒေကိုး နှင့် ဒေါ်ဆွဲလေး တို့၏ တစ်ဦး တည်းသော သား ဦးဖာနှင့် လက်ထပ် ထိမ်းမြား ပေးခဲ့သည်။ ဒေါ်စုမှာ မိဘနှစ်ပါး သဘောတူ၍သာ အကြောင်းပါ ရသော်လည်း လက်မထပ်မီ အချိန်က ဦးဖာကို တစ်ကြိမ် တစ်ခါမျှ မတွေ့မြင်ဖူး ခဲ့ချေ။ ထိမ်းမြား လက်ထပ်ပြီး၍ အကြောင်းပါသော အချိန်ကျမှသာ ဦးဖာမှ ကျောက်ပေါက်များ ပါသည်ကို သိရှိခဲ့ရခြင်း ဖြစ်သည်။ “မောင်ဖာမှာ ကျောက်ပေါက် ပါမှန်း အိမ်ထောင်ကျမှ သိရတယ်ကွယ်” ဟု ရယ်ရယ် မောမောဖြင့် တစ်ခါတရံ ရယ်စရာ မောစရာ အဖြစ် ပြောတတ်လေသည်။

ဒေါ်စုသည် ဦးဖာနှင့် အကြောင်းဆက်၍ ပေါင်းဖက်ပြီးနောက် ယောက္ခမ အိမ်တွင် လိုက်ပါ နေထိုင်စဉ် အတွင်း (၁၈၉၄) ခုနှစ်တွင် အကြီးဆုံး သမီး မခင်ညွန့်ကို ဖွားမြင်ခဲ့သည်။ (၁၈၉၅) ခုနှစ်တွင် ဒုတိယ သမီးဖြစ်သူ မ၀က်ကို ဖွားမြင်ခဲ့သည်။ (၁၁၊ ၆၊ ၁၉၀၁) ခုနှစ်တွင် မောင်ဘ၀င်း (အာဇာနည် ခေါင်းဆောင် ဦးဘ၀င်း) ကို ဖွားမြင်ခဲ့သည်။ မောင်ဘ၀င်း နောက် စတုတ္ထ ကလေး မရွှေမှန် ကို ဖွားမြင် ခဲ့သော်လည်း မရွှေမှန်မှာ (၁၃) နှစ် သမီးအရွယ် တွင် ကွယ်လွန် သွားခဲ့သည်။ ထိုအချိန်က ဒေါ်စုသည် ယောက္ခမများ အိမ်တွင်လည်း မနေ၊ မိဘများနှင့် လည်း မနေတော့ဘဲ ဒေါ်စုတို့၏ မင်းဝိုင်းကြီး အတွင်းမှာပင် အိမ်တစ်စောင် သီးသန့် ဆောက်ကာ နေထိုင်ခဲ့ လေသည်။ (၁၉၀၅) ခုနှစ် တွင် ပဉ္စမ မြောက် ကလေး မောင်နေအောင်ကို ဖွားမြင် လေသည်။ ထိုစဉ်က ဒေါ်စု၏ တိုက်တွန်းချက် အရ ဦးဖာသည် လယ်သမား ဘ၀ကို စွန့်၍ ပျော်ဘွယ်မြို့ တွင် ဥပဒေသင်တန်း သွားရောက် သင်ကြားခဲ့သည်။ ဦးဖာသည် ဥပဒေ သင်တန်း တက်ရောက် ပြီးနောက် တတိယတန်း အမိန့်တော်ရ စာမေးပွဲကို ၀င်ရောက်ဖြေဆိုရာ နှစ်ချင်းပေါက် အောင်မြင် ခဲ့လေသည်။ ထိုအချိန်မှစ၍ ဒေါ်စုသည် လယ်သမား မယားဘ၀မှ အမိန့်တော်ရ ရှေ့နေ ကတော် ဒေါ်စု ဘ၀သို့ မမျှော်လင့်ဘဲ ရောက်ရှိ ခဲ့ရတော့သည်။ ဦးဖာ ရှေ့နေ ဖြစ်ပြီး မကြာမီမှာပင် Read more of this post

ပိတောက် ဆိုနာတာ

ပိတောက်သည် ကျနော်တို့ကြောင့် ပွင့်လာခြင်း မဟုတ်ပေ။

မနက်ဖြန် ပိတောက်ပန်းများ ပွင့်ကြမည် ဟု တစ်စုံတစ်ယောက်က ကျနော့ကို ပြောသည်။ ပိတောက်ပန်း ပွင့်ခြင်းသည် ခိုင်လုံသော အကြောင်း တစ်ရပ် ဖြစ်ဖို့ ( တစ်နည်း ) ပိတောက်ပန်း ဟုတ်ဟုတ် မဟုတ်ဟုတ် ပန်းပွင့်ဖို့ ရာတွင် ထိုသူက ပြောပြခြင်းသည် အခြေအမြစ် ကျသော အကြောင်းတရား မဖြစ်နိုင်ချေ။ ပိတောက်ပန်း ပွင့်ရန် အတွက် လုံလောက်သော ရည်ညွှန်းချက် သူ့တွင် ရှိပါသည် ဆိုလျှင်လည်း သူသည် ပိတောက်ပန်း ပွင့်ရန် ဖန်ဆင်းသူ မဟုတ်ပေ။ ပိတောက်ပန်း ပွင့်ရန်အတွက် ခိုင်လုံသော အကြောင်းတရားသည် ပိတောက်ပန်းများ ပွင့်လာခြင်းသာ ဖြစ်သည်။ ထိုထက် ဘာမျှ မပိုပေ။

Read more of this post

Follow

Get every new post delivered to your Inbox.