မာန သုံးပါး

ပုရာဘေဒသုတ် မှာ – မာန နဲ့ပတ်သက်လို့ သုံးမျိုး ဆိုပါတယ်။

လောကေ – လောက၌၊ အတ္တာနံ – မိမိ ကိုယ်ကို -
၁။ – သမေ – သူတစ်ပါးနှင့် တူညီသည် ဟူ၍လည်း၊ န မညတေ- မထင်မှတ်အပ်။
၂။ – န ဝိသေသိ – သူတစ်ပါးထက် ထူးမြတ်သည် ဟူ၍လည်း၊ န မညတေ – မထင်မှတ်အပ်။
၃။ – န နီစေယျော – သူတစ်ပါးထက် နိမ့်ကျသည် ဟူ၍လည်း၊ န မညတေ – မထင်မှတ်အပ်။
————————


စင်စစ် ကြည့်ရင် – မာန် (ဝါ) မာန ဟာ – သူတစ်ပါးနဲ့ နှိုင်းယှဉ်တဲ့ အခါတွေမှာ ပေါ်ပေါက် တာ ဖြစ်ပါ တယ်။ မိမိ တစ်ဦးတည်း အထီးတည်း အဖြစ်ကို လက်မခံနိုင်ခြင်း သဘော ကိုပဲ မာန်၊ မာန လို့ ခေါ်ဆို တယ်။ ရှေးဆရာ တို့ အလို အားဖြင့် သူ့မှာ- ဥဏ္ဏာတိ လက္ခဏာ ၊ “တက်ကြွတဲ့ သဘော” ရှိတယ် လို့ ဆိုပါတယ်။

ဒီ သုံးမျိုး မှာ – မိမိ ကိုယ်ကို ၁။ အခြား သူတစ်ပါး နဲ့ နှိုင်းတုခြင်း၊ ၂။ သူတစ်ပါး ထက် ထူးမြတ် တယ် လို့ မှတ်ယူခြင်း – ဒီ နှစ်ချက်ဟာ တက်ကြွ၊ထောင်လွှား တဲ့ သဘော ဖြစ် တယ် လို့ လူ အများ သိမြင် ရ လွယ်ကူ တယ်။ တတိယ အမျိုး အစား “န နီစေယျော” – သူတစ်ပါး ထက် နိမ့်ကျတယ် လို့ မှတ်ယူ တဲ့ မာန ကို တော့ တက်ကြွ တဲ့ သဘော အနေ နဲ့ သိမြင် ခဲ တယ်။ အများ အားဖြင့် မှာ လည်း – အဲ့ မာန ဝင်ရင်း — ငါ့မှာ မာန်မာန မရှိဘဲ- လို့ ထင်မြင် နေ စရာ ရှိပါ တယ်။ ဒါပေမယ့် – စင်စစ် – မိမိ ကိုယ် ကို အနိမ့် မှာ ထားရင်း ရှိနေ တဲ့ ဒီ မာန ဟာ မိမိကိုယ်ကို နိမ့်ချတယ် ဆိုတဲ့ နိဝါတ မဟုတ်ဘူး။ ယုတ်နိမ့်တဲ့ အဆင့် အတန်း တစ်ခု အနေ နဲ့ မိမိ ကိုယ်ကိုယ် ဂုဏ်ယူ တဲ့ သဘော သာ ဖြစ်ပါတယ်။

“ငါ – ဘယ်သူတွေ ထက် မိုက်တယ်။ ငါဟာ သူတို့တွေထက် ပိုခံစားရတယ်။ ငါ ဟာ သူတို့တွေ ထက် ပိုနာကျင် ခဲ့ရတယ်။ ငါသာ အတ္တအနည်းဆုံး၊ ငါ့မှာ ဘာမှ ငဲ့ကွက်စရာ မရှိဘူး။ မလိုဘူး။ ငါ့မှာ ဘာ ဂုဏ်မှ တက်စရာ မရှိဘူး။” — စသဖြင့် မိမိရဲ့ အတွေးသန္တာန် မှာ အောက်ကျ တဲ့ အခြေအနေ ကို အခြေပြု ကုပ်ယူပြီး- ဂုဏ်ယူတာ တစ်မျိုး ပဲ။

ကျေးကျွန် အဖြစ်နဲ့လည်း – “ငါဟာ အိမ်ပေါက်ကျွန် ဖြစ်တယ်၊ ကျွန်ရင်း ဖြစ်တယ်” လို့ ကျွန်တွင်း နက် တယ်။ ဒါကိုပဲ ဂုဏ်ယူ နေ တတ်တယ်။ အောက်ကျ တဲ့ အဖြစ်၊ နိမ့် တဲ့ အဖြစ် ကနေ အခြား တစ်ပါး နဲ့ နှိုင်းယှဉ် တယ်။ ဒါကိုက တက်ကြွတဲ့ စိတ်သဘောက ရှိနေ တာ ဖြစ်ပါတယ်။

Read more of this post

ဒုက္ခသည်

A: ဗုဒ္ဓက အဆိုးမြင်ဝါဒီပဲ ဖြစ်မယ်။ သူက- ဘဝကို ဘာလို့ ဒုက္ခလို့ ပြောရတာလဲ။

B: ခင်ဗျား တို့ ကျုပ်တို့ ဘဝဟာ တကယ့် ဒုက္ခ ဖြစ်နေတာမို့ ဒုက္ခလို့ ပြောရတာ ဖြစ်ပါတယ်။ အဲ့အတွက် သက်သေ လိုအပ်နေပါသလား။ ခင်ဗျား ဘဝကို ခင်ဗျား ပြန်မမြင် ထားဘူးလား။ ဒါမှ မဟုတ် မေ့နေသလား။ ဒုက္ခ မဟုတ်ဘူး – တကယ့် သုခပါလို့ မြင်ထားပါသလား။ မိမိ မြင်ထားတဲ့ ဘဝ ရှေ့မျှော်မှန်းချက် တစ်ခုခု နဲ့ မတူညီ၊ မကိုက်ညီ သွားလို့ များလား။ ဒါမှ မဟုတ် ခင်ဗျား ဖြစ်ချင် လိုချင်တဲ့ ဘဝနဲ့ ကန့်လန့်တိုက် ပြောလိုက်မိသလို ဖြစ်သွားသလား။ ဒါမှ မဟုတ်- ဒုက္ခလို့ ပြောရခြင်း အပေါ် မကျေမလည်များ ဖြစ်သွားပါသလား။ အနာပေါ် တုတ်ကျသွားတာလား။

တကယ်တမ်းလည်း – ဘဝဟာ ဒုက္ခပါလို့ စကားဆိုချိန်မှာ ခင်ဗျား မအီမသာ ဖြစ်သွားနိုင်ပါတယ်။ ခုခံ ကာကွယ် ချင်စိတ် ဖြစ်သွားမယ်။ မိမိ ဘဝကို ရှုတ်ချပြစ်တင် လိုက်တာ သက်သက်ပဲ လို့ ထင်လိုက်မိ နိုင်တယ်။

ကျနော် နားလည်ထားသလို ပြောရင် ဗုဒ္ဓဟာ ခင်ဗျား ဘဝကို အလဟဿ ပြစ်တင် ရှုတ်ချ ပစ်နေတာ မဟုတ်ဘူး။ ဗုဒ္ဓမှာ ပြစ်တင်ရှုတ်ချစရာ ဘာမှ မရှိဘူး။ ဗုဒ္ဓ၊ ခရစ်၊ လောက်ဇူ၊ မိုဟာမက် စသဖြင့် သူတို့တွေသာ သူတော်စင် စစ်စစ် တွေဆိုရင် ခင်ဗျားကို မဟုတ်တမ်းတရား ပြောနေစရာ ဘာမှ မရှိဘူး။ သူတို့ ရဲ့ သန္တာန်မှာ ချမ်းမြေ့မှု သက်သက်သာ ရှိနေကောင်း ရှိနေလိမ့်မယ်။ ခင်ဗျား ဘဝကို အကြောင်းမဲ့ သက်သက် မောင်းမဲ နှိမ်ချ၊ လာပြောနေမှာ မဟုတ်ဘူး။ သူတို့ရဲ့ ဆိုစကားမှာ ချဲ့ကား နေစရာ ၊ ရွှီးနေစရာ မလိုဘူးလို့ ပြောရပါလိမ့်မယ် ။ အထူးသဖြင့် ဗုဒ္ဓရဲ့ မိန့်မှာစကား အများစုဟာ အချက်အလက်ကို အချက်အလက် အတိုင်း ပြောဆိုထားတာမျှသာ ဖြစ်တယ်လို့ ကျနော် မြင်ပါတယ် ( မှားပါတယ် ဆိုရင် သည်းခံ )

ဗုဒ္ဓ အနေနဲ့ အမှန်ကို အမှန်အတိုင်း ပြောမှာပဲ။ ခင်ဗျား ကန်းနေရင် ကန်းနေတယ်လို့ ပြောမယ်။ ခင်ဗျား သေရင် သေတယ်လို့ ပြောမယ်။ ဒါဟာ ဘာအမှား ရှိပါသလဲ။ အချက်အလက် တစ်ခုကို အရင်း အတိုင်း ပြောပြနေ တာ ဖြစ်တဲ့ အပြင် – အခု စကား “ဒုက္ခ” ဆိုတာဟာ ခင်ဗျားတို့ ကျနော်တို့ အတွက် မေ့လျော့ထားတဲ့၊ ပေါ့တန်ထားတဲ့ အရာ တစ်ခု ကို သတိပေး၊ အသိပေး စကားလည်း ဖြစ်နေသေးတယ် မဟုတ်လား။ စင်စစ် ကျနော့အနေနဲ့ဆို – အဲ့ထက် အလွန် ကို လည်း ပြညွှန်းနေသေး တယ် လို့ မြင်ပါတယ်။

ဘဝဟာ ဒုက္ခ ဖြစ်နေတယ်၊ အခု ဘဝတွေဟာ ဒုက္ခသာ ဖြစ်တယ် လို့ ဗုဒ္ဓ အတန်တန် အထပ်ထပ် မှာကြားနေရခြင်းဟာ “ဘဝရဲ့ စင်စစ်ချမ်းသာ သုခ ရနိုင်ခြင်းအကြောင်း” ကို မြင်သိစေနိုင်ဖို့ လည်း ဖြစ်ပါတယ်။ ဒါပေတဲ့ ဒီ သုခစင်စစ် ကို မြင်နိုင်ဖို့ ခင်ဗျားရဲ့ လက်ရှိ ဒုက္ခ ကို ကောင်းကောင်း သိထားရ လိမ့်မယ်။ အင်ဂျင်တစ်လုံးကို စနစ်တကျ ဖြိုချ ပစ်နိုင်ဖို့ အင်ဂျင်အကြောင်းကို ခင်ဗျား ကောင်းကောင်း သိထားမှရမယ်။ အန္တရာယ် ကြီးတဲ့ ချိန်ကိုက်ဗုံး တစ်လုံးကို – အဲ့ဒီ ဗုံးအကြောင်း ကောင်းကောင်း သိထားမှ ဖြုတ်တပ် လုပ်နိုင်ပါတယ်။

ဆိုလိုတာက ဘဝ ရဲ့ ဒုက္ခကို ကောင်းကောင်း မသိရင် စင်စစ် ချမ်းမြေ့တဲ့ သုခ ( သန္တိ ) ကို ခင်ဗျား မရဘူး။ ရှင်သန်နေတဲ့ မိမိရဲ့ ဘဝ ဒုက္ခ အပေါ် နက်နက်ရှိုင်းရှိုင်း ( စိတ်နှလုံးထဲ အထိ ) မြင်သိလာ တဲ့ အခါ – ရှင်သန်နေခဲ့တဲ့ လမ်းဟောင်း အတိုင်း ခင်ဗျား တစက္ကန့်လေးတောင် နေလို့ မရတော့ဘူးရယ်။ ဥပမာ – ခင်ဗျားက အိမ်မှာ ရှိတယ်။ ခင်ဗျား အိမ်မီးလောင်နေတယ်။ မီးလောင်နေကြောင်းကို မသိဘူး။ ကောင်းကောင်း မွေ့နေမယ်။ တစ်ယောက်က – ခင်ဗျား အိမ်မီးလောင်နေတယ်လို့ လာပြောမယ်။ မိမိအိမ် အကြောင်း မိမိ မသိဘဲ – ငါ့လာနှောက်ယှက်ရကောင်းလား စွတ်ပြောရင် ဘယ်သူ လွန်မလဲ။ တကယ်တမ်းမှာ ခင်ဗျား အိမ် မီးလောင်နေပြီ ဆိုတာ ခင်ဗျား မြင်သွားရင် – စောနက မွေ့နေမိတာမျိုး မဆိုထားနဲ့ တစက္ကန့်လေးတောင် ခင်ဗျား နေနိုင် ပါ့မလား။ တစ်အိမ်လုံး ဟုန်းဟုန်းတောက်နေပြီ ဆိုတာ မြင်သိလိုက်မိတဲ့ ခဏ ၊ ခင်ဗျား ထွက်ပြေးဖို့ ပုဆိုးပုဝါတောင် နိုင်ပါတော့မလား။ “အေးဆေးပါကွာ” လို့ လေတစ်ချွန်ချွန်နဲ့ တစ်ရေးနှစ်ရေး နှပ်နေနိုင်သေးရဲ့လား။ ဖြစ်နိုင်တာက – အသက်ဘေးရယ်လို့ နီးနီး မြင်လိုက်ရတဲ့အခါ ခင်ဗျား ဇနီး၊ သားမယားတောင် မေ့ကောင်း မေ့သွား နိုင်သေးတယ် မဟုတ်လား။ စင်စစ် မိမိ အိမ် မီးလောင်နေကြောင်း သိမြင်လိုက်တာဟာ အဲ့ဒီ အိမ်က အလွတ်ရုန်းပြေးနိုင်ဖို့ အစ ဖြစ်ပါတယ်။ Read more of this post

ဆာတိုရီ ( Satori )

ဇင် နဲ့ ပတ်သက်လို့ အမေး အများဆုံးက ဆာတိုရီ ( Satori ) ပဲ ဖြစ်ပါတယ်။ ဆာတိုရီ ကို – “အသိဥာဏ် အမြင် နိုးထမှု ခဏ” လို့ အဓိပ္ပာယ် ဖွင့်ဆိုလေ့ ရှိတယ်။ ဇင်နဲ့ ဆက်နွယ်တဲ့ ဒဏ္ဍာရီ၊ ပုံပြင် သမိုင်းတွေမှာ ဆာတိုရီ ဆိုတဲ့ ဝေါဟာရ မကြာခဏ ပါလေ့ ရှိတယ်။ ဆာတိုရီ ဘယ်လို ရရှိသလဲ။ ဆာတိုရီ ကို အချိန်ကြာမြင့် အောင် ကြိုးပမ်း ပြီးမှ ရနိုင်တာလား။ တစ်ဆင့်ပြီး တစ်ဆင့် ကြိုးစား အားထုတ်မှ ရတာမျိုးလား။ သေချာတာက- လိုချင် စိတ်ဇောတွေနဲ့ လုပ်နေတဲ့ အချိန်တွေ ထိ မရသေးဘူး။ ဘယ် အားထုတ်မှု ကိုမှ မလုပ်ပြုတော့တဲ့ ခဏ- အားလုံးဖြေလျော့ချ လိုက်တဲ့ ခဏလေး မှာ ဆာတိုရီ ရရှိပါတယ်။

ဆိုပါစို့။ လူတစ်ယောက် အိပ်ငိုက်နေတယ်။ သူ့ကိုယ်သူ ဘာမှန်းတောင် မသိလောက် အောင် အိပ်ချင်မူးတူး ဖြစ်နေတယ်။ အိပ်ပျော် သွားတယ်။ သိမှတ်မှု မရှိဘဲ၊ ဘာမှ မသိတော့ဘဲ အိပ်ပျော် သွားတယ်။ အိပ်မက်တွေ အရှည်ကြီး မက်နေတယ် ဆိုပါစို့။ အဲ့အချိန်မှာ လူတစ်ယောက် ရောက်လာတယ်။“ဟေ့ကောင်၊ ဒီမှာဘာလာလုပ်နေတာလဲ၊ ထ” ဆိုပြီး အော်တယ်။ ဖြတ်ခနဲ သူလန့်နိုး သွားတယ်။ မျက်လုံးပွင့်လာတယ်။ သူ အိပ်ပျော် သွားမိပါလား ဆိုတာ အဲ့ခဏမှာ သိလိုက်တယ်။ အဲ့ဒီ ခဏ ကလေးပဲ။

ဒီလို မနိုးလာခင်က သူ အိပ်မက်တွေ တစ်ထောင့် တစ်ည တမေ့တမော၊ ရှည်ရှည်လျားလျား မက်နေမယ်။ အိပ်မက် ရှည်ကြီးတွေ ထဲမှာ အိပ်မက်ဆိုးတွေ မက်နေဦးမယ်။ ဘာပဲ ပြောပြော – အိပ်မက်ထဲ စီးမျော နေမယ်။ ဦးတည်ချက် အမျိုးမျိုး သွားလာ လှုပ်ရှား နေမယ်။ အိပ်မက် ထဲမှာ မဖြစ်နိုင်တဲ့ အရာတွေပါ ဖြစ်နေနိုင် ပါသေးတယ်။ – ဒါပေမယ့် ရုတ်တရက် ခေါ်သံ “ထတော့” ဆိုတဲ့ ခဏမှာ သူ ဖြတ်ခနဲ နိုးသွား တယ်။ သူ အိပ်မက်တွေ မက်နေ မိတာ ဖြစ်ကြောင်း ချက်ချင်း သိလိုက်ရတယ်။ ဒီဥပမာဟာ ဆာတိုရီ ( Satori ) နဲ့ အတိအကျ တူညီ ပါတယ်။

Read more of this post

ငန်းဖြူ

Zen မှာ မေးတတ်တဲ့ မေးခွန်း ပဟေဠိ တစ်ခုရှိတယ်။ “ငန်း အပြင်ရောက်အောင် ဘယ်လိုထုတ်မလဲ” ဆိုတဲ့ ပြဿနာ ဖြစ်ပါတယ်။ တကယ်က ငန်းဟာ ဘယ်တုန်းကမှ အထဲမှာ မရှိခဲ့ဘူး။ သူက အမြဲတမ်း အပြင်မှာပဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီ ပဟေဠိပုစ္ဆာဟာ – ဇင် ကိုအန် တစ်ပုဒ် အဖြစ်နဲ့ နာမည်ကြီး ခဲ့တယ်။ ဆိုပါစို့- အဲ့ဒီအကြောင်း ကို မပြောခင် ဇင် က ဘာလဲ – ကိုအန် ပဟေဠိ ဆိုတာ ဘာလဲ အရင် နားလည်ထားရင် ပိုအဆင်ပြေပါလိမ့်မယ်။

ဇင်ကို အများစုက ဇင်ဗုဒ္ဓဘာသာလို့ ခေါ်ကြတယ်။ ဘာသာ လို့ အမည်တပ် ရုံနဲ့တင် လွဲမှား နေနိုင်ပါတယ်။ ဒါတင် မကသေးဘူး – ဇင်ဗုဒ္ဓဘာသာ ဆိုတဲ့ တံဆိပ် နဲ့ – ဇင် + ဗုဒ္ဓဘာသာ ( Zen Buddhism ) ဆိုပြီး တပ်စွဲ သမုတ် ထားပြန်သေးတယ်။ အဲ့ဒီ အတွက် အခု လက်ရှိ အမျိုးမျိုး ကွဲပြားနေတဲ့ – ဗုဒ္ဓဘာသာ ရဲ့ ဂိုဏ်းကွဲ တစ်ခု၊ ဘာသာရေး တစ်ခု လို့ အထင် ရှိနေတတ် ကြပါတယ်။ ဒါပေမယ့် အတွင်းကျကျ ဝင်ကြည့်ရင် – ဇင် ဟာ ကိုးကွယ်ရာ ဘာသာရေး တစ်ခု မဟုတ်ပါဘူး။ နည်းလမ်း တစ်ခု ၊ ပန်းတိုင်တစ်ခုထားထားတဲ့ ကျင့်စဉ် တစ်ခု လည်း မဟုတ်ဘူး။ ဇင် မှာ ဘာတောင်းဆိုမှုမှ မရှိသလို၊ ဘယ်ဆုတောင်း ဂါထာမှ မရှိဘူး။ ဘယ်အရာ ကိုမှ မညွှန်းထားဘူး။

နောက်ဆုံး – ဇင်မှာ အထွတ်အမြတ် ထားတဲ့ ဘယ်ကျမ်းဂန် စာပေရယ် မှ မရှိပါဘူး။ ဒါကိုပဲ အချို့က ဇင်ဝါဒ လို့ ခေါ်ကြ ပြန်ပါသေးတယ်။ တကယ်တမ်း ဇင်ဟာ ဝါဒ တစ်ခုလည်း မဟုတ်ဘူး။ ဒဿနိက စနစ် ၊ အယူအဆ မဟုတ်ဘူး။ ဇင်ဟာ – ခင်ဗျားအတွက် အရာ အားလုံးကို ခင်ဗျား အခု ဖြစ်ရှိနေတဲ့ အတိုင်း အပြည့်အဝ ချဉ်းကပ်စေရုံ သက်သက်သာ ရှိပါတယ်။ ဆိုလိုတာက ဇင်ဟာ – ခင်ဗျား အခု ဖြစ်ရှိ နေတဲ့ အတိုင်း ခင်ဗျား အပြည့်အဝ သိမြင်သွားစေ တယ် ။ အဲ့ဒါလေး သက်သက်ပါ။ အခု အချိန် – အခု နေရာ မှာ – ရှိနေတဲ့ ခင်ဗျား ဖြစ်တည်မှု သန္တာန်ရဲ့ ဘယ်အရာကိုမှ ခြွင်းချန် မထားခဲ့ဘူး။

ဇင် အတိုင်း နေတဲ့သူ ကို ဇင်ဝါဒီလို့ ခေါ်ကြမယ် ဆိုပါစို့။ ( ကျနော့ သဘော အနေနဲ့ဆို – အဲ့လို အမည်မတပ် လိုပါဘူး ။ ) ဇင်ဝါဒီ တစ်ယောက်ရဲ့ ပန်းတိုင်ဟာ အခြား မှာ မရှိဘူး။ အခု ဒီနေရာ မှာပဲ ရှိတယ်။ ဇင် ဝါဒီတစ်ယောက်ရဲ့ ပန်းတိုင် ရောက်ရှိရေး ဟာ နောင် တစ်ချိန်ချိန်မှာ ဖြစ်လာ ဖို့ မဟုတ်ဘူး။ အခု ဖြစ်ရှိနေတဲ့ လက်ငင်း ပစ္စုပ္ပန် အချိန်မှာသာ ဖြစ်ပါတယ်။ အဲ့အတွက် မနေ့က ဆိုတာ၊ မနက်ဖြန် ဆိုတာ မရှိ။ ဒီ အခု-ခဏ သာလျင် အစစ်အမှန် ဖြစ်ရှိ နေပါတယ်။ ဒါ့ကြောင့် ဇင်မှာ နည်းလမ်း နဲ့ ပန်းတိုင် ကွဲပြား မနေဘူး ၊ ခွဲခြား စရာ မလိုအပ်ဘူး – အခု ဒီအချိန်နဲ့ – အခု ဒီနေရာမှာ- ပန်းတိုင်ရော နည်းလမ်းပါ တစ်ပါတည်း ပေါင်းဆုံ နေပါတယ်။ သူ့ အတွက် ဘယ်ခြားနားမှု ကို မှ မလုပ်ဘူး လို့ ဆိုလိုတယ်။

ကမ္ဘာမှာ ပေါ်ပေါက်ခဲ့သမျှ ဒဿနိက စနစ်တွေ၊ ဘာသာတရား တွေမှာ – ဒွိသဘာဝတွေ ခွဲခြား ညွှန်ပြ ထားပြီး ဖြစ်ပါတယ်။ ၎င်းတို့ အသီးသီးရဲ့ နည်းနာ အတိုင်းသာ ကျင့်ကြံ နေထိုင်သွားရင် တစ်ချိန်ချိန်မှာ မကွဲမပြား တသားတည်း ငြိမ်းချမ်းမှု၊ သုခ အဖြစ်ကို ရရှိနိုင်မယ်လို့ ဟောပြော ညွှန်ကြားတယ်။ လူတွေရဲ့ သန္တာန် ကို ဒါ ကောင်းတယ်၊ ဟိုဟာ မကောင်းဘူး- ဒါက အမှန်- ဟိုဟာ က အမှား- ခွဲခြား ပိုင်းဖြတ် ပေးတယ်။ ဘုရားသခင် နဲ့ စေတန် ပိုင်းခြားပေး တယ်။ အလှအပနဲ့ အကျည်းတန်မှု ကွဲပြား ရှုမြင် စေတယ်။ ကြောင်းကျိုး ဆင်ခြင်ဥာဏ် တွေ ချပေးတယ်။ ဆင်ခြင်တုံတရား လို့ နံမည် တံဆိပ်၊ ဝေါဟာရတွေ ကြွယ်ဝ လာစေတယ်။

Read more of this post

ထူးမခြားနား ဇင်ပုံပြင်

ချောင်းငယ်လေး

ကိုယ်တော် နှစ်ပါးဖြစ်တဲ့ တန်စန်နဲ့ အဲခိဒို တို့ ဟာ ခရီး အတူ ထွက်လာခဲ့ကြတယ်။ လမ်းခုလတ် တစ်နေရာရောက်တော့ မိုးတွေက သည်းသည်း မည်းမည်း ရွာချလာတယ်။ အဲ့တော့ အချို့လမ်းနေရာတွေမှာ ရွှံ့တွေ ဗွက်တွေ ထကုန်တယ်။ ချောင်းငယ်လေး တစ်ခုနားကို ရောက်တော့ ကီမိုနို ပိုးစလေး ဝတ်ထားတဲ့ မိန်းမလှလေး တစ်ယောက်နဲ့ ဆုံတယ်။ အဲ့မိန်းကလေးက ဒီချောင်းလေးကို ဖြတ်ကူး ခရီးဆက်ဖို့ အခက်ကြုံနေတာ ဖြစ်ပါတယ်။

တန်စင် ကိုယ်တော်လေးက ချက်ချင်းပဲ – “လာ သူငယ်မ” ဆိုပြီး လက်မောင်းနဲ့ ပွေ့ချီ၊ အဲ့ချောင်းကို ဖြတ်ကူးပေး လိုက်တယ်။ အဲခိဒို ကိုယ်တော် ကတော့ ဘာမှမပြောဘဲ နှုတ်ဆိတ် နေတယ်။ အဲ့လိုနဲ့ ကိုယ်တော် နှစ်ပါး ခရီးဆက်လာရင်း ဘုရားကျောင်း တစ်ကျောင်းကို ရောက်တော့ မိုးလည်းချုပ်ပြီမို့ နားလိုက်ကြတယ်။ အဲ့အခါမှာ အဲခိဒို ကိုယ်တော်လေးက မနေနိုင်တော့ဘူး။ သူ့မိတ်ဆွေ တန်စင် ကိုယ်တော် လေးကို မေးတယ်။

“ကိုယ်တော် ။ ကျုပ်တို့ ဘိက္ခုတွေဟာ အမျိုးသမီးတွေနဲ့ ဝေးဝေးနေသင့်တယ် မဟုတ်လား။ အထူးသဖြင့် ငယ်ရွယ်ချောမောတဲ့ မိန်းကလေး တွေနဲ့ ဆို ပိုပြီးတောင် ဂရုပြုရသေးတယ် မဟုတ်လား။ ဒီလို အပြစ် ၊ အန္တရာယ်ကြီးလှတဲ့ ကိစ္စကို ကိုယ်တော် ဘာလို့ လုပ်ခဲ့တာလဲ”

တန်စင်ကိုယ်တော်လေးက ပြန်ဖြေတယ်။

“ကိုယ်တော်၊ ကျုပ် ဟိုမိန်းကလေးကို အဲ့မှာတင် ထားထားပြီးခဲ့ပြီ။ ကိုယ်တော်က ဘာလို့ ဒီအထိ သယ်လာရတာလဲ”

……………………………………………….

လက်ဘက်ရည်တစ်ခွက်

ဂျပန်နိုင်ငံမှာ မီဂျီခေတ် ( ၁၈၆၈ – ၁၉၁၂ ) အတွင်းက ဇင်ဆရာ တစ်ပါးရှိခဲ့တယ်။ သူ့အမည်က နန်းအင် တဲ့။ သူ့ဆီကို တက္ကသိုလ် ပါမောက္ခ တစ်ယောက်က ဇင်ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ မေးမြန်းချင်ပါတယ် ဆိုပြီး လာတယ်။

ဆရာ နန်းအင်ဟာ လက်ဘက်ရည်နဲ့ တည်ခင်းဧည့်ခံတယ်။ ဧည့်သည် ပါမောက္ခ အတွက် လက်ဘက်ရည် ငှဲ့ပေးတယ်။ ငှဲ့တာမှ ပြည့်လျံနေလဲ မရပ်သေးဘဲ ဆက်ငှဲ့ နေတယ် ။ ပါမောက္ခကြီးက အဲ့ဒါကို တွေ့တော့ ပထမ ငေးကြည့်နေသေးတယ်။ ဆရာ နန်းအင် ကတော့ ဆက်ငှဲ့နေတုန်းပဲ။ နောက်တော့ ပါမောက္ခကြီးလည်း မနေနိုင်ဘဲ ပြောရတော့တယ်။

“ခွက်က ပြည့်နေပြီ မလား ဆရာသခင် ၊ ဆက်ထည့်နေရင် ဒီလိုပဲ လျံကျနေမှာပါ”

အဲ့တော့ ဆရာက-

“ဒီခွက်လိုပါပဲ။ မိတ်ဆွေကြီးဆီမှာ အသိ အကြံဥာဏ် တွေးဆချက်တွေ ပြည့်နေတယ်။ အဲ့ဒါတွေကို ခါကျင်း၊သွန် မပစ်နိုင်ဘဲ ကျုပ်က ဇင်တရားကို ဘယ်လိုပြရမလဲ”

…………………………………

နာခံတတ်မှု

ဆရာသခင် ဘန်ခဲအိ ရဲ့ တရားပွဲကို ဇင်ကိုယ်တော်တွေသာ မကဘူး၊ အလွှာ အနိမ့် အမြင့် အမျိုးမျိုးက လူပုဂ္ဂိုလ်တွေပါ တက်ရောက် နားထောင် တတ်ကြတယ်။ သူ ဟောကြားတဲ့ တရားတွေဟာ ဘယ်ကျမ်းစာ၊ ဘယ်ဋီကာထဲကမှ မဟုတ်ဘူး။ ဘယ် ဆိုစကားကိုမှ မကိုးကားဘူး။ အညွှန်း မရှိဘူး။ သူပြောတဲ့ စကားလုံးတိုင်းဟာ သူ့ရင်ထဲကပဲ တိုက်ရိုက် ထွက်ပေါ်လာတယ်။ သူ့ရင်ထဲက ထွက်ပေါ်လာတဲ့ အဲ့စကားလုံး တစ်လုံးချင်စီကို နားထောင်သူတို့ ရင်ထဲတိုက်ရိုက် ရောက်နိုင်အောင်သာ ပြောပါတယ်။

Read more of this post

ကာလာမသုတ်တော် နှင့် ဝေဖန်ရေး

အောက်ပါစာကို Facebook ရှိ note စာမျက်နှာ တစ်ခုမှ ရယူထားပါတယ်။ မူရင်းရေးသားသူက ဘုန်းတော်ကြီးတစ်ပါးထင်ပါတယ်။ Mahar Manapim လို့ အမည်ပေးထားတာ တွေ့ရပြီး၊ ဤစာနဲ့ မှတ်တမ်းတင်အပ်ပါတယ် ဗျ။ ( မူရင်းတွေ့ရသည့်အတိုင်း စာလုံးပေါင်းသတ်ပုံ၊ အဖြတ်၊ အရပ်ပါ မချန်၊ ယင်းအတိုင်း ကူးယူထားပါတယ်။ )

………………………………………………………………………………

ကာလာမသုတ်တော် နှင့် ဝေဘန်ရေး

ဗုဒ္ဓဘုရားရှင်အပေါ်ကို စော်ကားပြောဆိုထားတဲ့ ၀က်ဘ်ဆိုက်တစ်ခုကို အင်တာနက်မှာဖတ်မိပြီး ဒီဆောင်းပါးလေး ရေးချင်စိတ်ဖြစ်သွားတာနဲ့ ရေးဖြစ်သွားတယ်။ ပြန်လည်ပြီးတိုက်ခိုက်ပြောဆိုဖို့ရာ မဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ စွတ်စွဲပြောဆိုသူရဲ့ စကားလုံးတွေက ကြမ်းတမ်းပြီးတော့ တစ်ခုမှလည်း မမှန်ကန်လို့ပါ။ ဗုဒ္ဓဘာသာတွေဘက်ကလည်း ပြန်လည်တိုက်ခိုက်ပြောဆိုတာတွေ ရှိပါတယ်။ အဲဒီလိုတွေ အပြန်အလှန် ပြောဆိုနေကြရင်ဖြင့် ဘယ်တော့မှလည်း အဖြေမှန်ကို ရမှာမဟုတ်ပါဘူး။ အဓိက ငြင်းခုန်နေကြတာကတော့ ငရဲ ရှိမရှိဆိုတာနဲ့ နိဗ္ဗာန်ရှိမရှိဆိုတာတွေပါပဲ။ ငရဲဆိုတာ ဗုဒ္ဓဘာသာတွေရဲ့ မရောက်ချင်ဆုံးသော နေရာတစ်နေရာ ဖြစ်သလို ထို့အတူပဲ နိဗ္ဗာန်ဆိုတာဟာလည်း ဗုဒ္ဓဘာသာတိုင်းရဲ့ ပန်းတိုင်ပါပဲ။ လူတစ်ဦးတစ်ယောက်ရဲ့ အသက်လောက်ယုံထားတဲ့ ယုံကြည်ချက်ကို တစ်ခြားတစ်ယောက်ကပုတ်ခတ်ပြောဆိုခွင့် မရှိပါဘူး။ ဒါဟာ ဘယ်ဘာသာရယ်မှ မဟုတ်ဘဲ ဘာသာအားလုံးရဲ့ ဥပဒေသပါ။ လောကမှာ မြတ်စွာဘုရား ပွင့်တော်မူလာတာဟာ ရည်ရွယ်ချက်သုံးပါး ရှိပါတယ်။ ဗုဒ္ဓဘာသာတွေ သိပြီးသားဖြစ်ပေမယ့် နားမလည်သေးတဲ့ သူတွေ အတွက် ရှင်းပြချင်ပါတယ်။ ဒီရည်ရွယ်ချက်တွေနဲ့ ဆက်စပ်ဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေကို စာရေးသူလည်း ဟိုတုန်းက သိပ်နားမလည် မရှင်းလင်းခဲ့ပါဘူး။ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဟောကြားရှင်းလင်းပြသည့် တရားတော်ကို နာကြားပြီးကတည်းက သဘောတော်တော်ကျသွားပါတယ်၊ ဘုရားအပေါ်ကို ယုံကြည် ကြည်ညိုတဲ့စိတ်လည်း ပိုပိုပြီး ဖြစ်ပေါ်လာခဲ့ပါတယ်။ ရည်ရွယ်ချက်သုံးပါးက (၁) အတ္တ (၂) ဟိတ (၃) သုခ တို့ပါပဲ၊ အတ္တ ဆိုတာ အကျိုးများဖို့ ဟိတ ဆိုတာ အစည်းအပွားဖြစ်ထွန်းဖို့နဲ့ သုခဆိုတာ ချမ်းသာဖို့လို့ အဓိပ္ပါယ်ရပါတယ်။ လူတွေရဲ့ အကျိုးစည်းပွားအတွက်ဆိုတာ လူများစုအတွက်ပါ၊ ပါဠိလိုတော့ ဗဟုဇနဟိတ ဗဟုဇနသုခလို့ပါပါတယ်။ အကုန်လုံးတော့လည်း မတတ်နိုင်ပါဘူး။ ဒီနေရာမှာ ဘုရားရှင်ပွင့်လာတာနဲ့ လူတွေစည်းပွားဖြစ်သွားပါပြီလား လူတွေချမ်းသာသွားပါပြီလား မေးစရာရှိလာပါတယ်၊ မေးလည်းမေးပါ။ ဗုဒ္ဓ၀ါဒကိုက ၀ိဘဇ္ဇ၀ါဒ ဝေဘန်စီစစ်ခံတဲ့ဝါဒဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ လူအများစု ဘာလို့ဆင်းရဲသလဲ၊ မေးပါ-မေးလည်းမေးနေကြပါတယ်။ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ထိုမေးခွန်းတွေရဲ့ အဖြေအတွက် ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ကုသမှုမှာအင်မတန် ကျွမ်းကျင်တော်မူတဲ့ ဆေးပါရဂူတစ်ယောက်နဲ့ ဥပမာပေးတော်မူခဲ့ပါတယ်။ ဆေးပါရဂူတစ်ယောက်ဟာ သူ့ထံကို လူနာလာမကုချင်ရင်ဖြင့်လည်း နေပါ။ နေလို့ရပါတယ်၊ လာကုလှည့်ပါလို့ မပြောပါဘူး။ သူ့ကို ယုံလို့ လာပြီးဆေးကုတဲ့ လူတွေကတော့ဖြင့် သူ့စကားကို သေသေချာချာ နားထောင်ရပါမယ်။ ဒီအစားအစာကို မစားနဲ့လို့ သူကပြောရင် မစားဘဲ နေရမှာပါ။ ဒီနေ့မှ ရေချိုးဆိုရင် ထိုနေ့ကျမှ ရေချိုးရပါမယ်။ စသည်စသည်ဖြင့် သူ့စကားကို သေချာနားထောင် ရမှာပါ။ နားထောင်ရဲ့သားနဲ့မှ ရောဂါမပျောက်ရင်ဖြင့် ဆေးဆရာရဲ့ တာဝန်ပါပဲ။ ကိုယ်ကတော့ဖြင့် ဆေးဆရာရဲ့ စကားကို နားထောင်ချင်တဲ့ စကားကိုကြ နားထောင်လိုက်မယ်-ကိုယ်မကင်းနိုင်တဲ့ အရာကိုတော့ နားမထောင်ဘဲနေမယ်ဆိုရင်တော့ ရောဂါမပျောက်ခဲ့ရင် ဆေးဆရာနဲ့ မဆိုင်တော့ပါဘူး။

ဆိုတော့ဖြင့် ဗုဒ္ဓဘာသာအများစုကကော ဆေးဆရာနဲ့တူတဲ့ မြတ်စွာဘုရားရှင်ရဲ့စကားကို သေချာနားထောင်နေပါရဲ့လား၊ Read more of this post

TCB ( ရှေးတရုတ်တို့ဝါဒ-အကြမ်းမျဉ်း )

ဟိန္ဒူဘာသာရေးတွင် “ဘုရားသခင်နှင့် ၎င်း၏နာမတော်သည် ဧက၊ တစ်သဘောတည်း၊ တစ်ခုတည်း” ဟု ဆိုသည်။ တာအိုဘာသာတွင်မူ “သတ်မှတ်ခေါ်ဝေါ်နိုင်သော အမည်နာမသည် အမည်နာမ စစ်စစ် မဟုတ်” ဟု ဆိုပြန်သည်။ အဘယ်ဟာ မှန်ပါသနည်း။

ဒဏ္ဍာရီ အရ ဖူရှီ ( Fu Shi ) သည် တရုတ် မဟာအင်ပါယာ ဘုရင်ကြီး (ဝါ) ဧကရာဇ် သုံးပါးတွင် ပထမဆုံး သမိုင်းဝင် ဧကရာဇ် ဖြစ်သည်။ ( ကျနော့စိတ်ထင် – ကျနော်တို့ မြန်မာအများ ကြားသိဖူးကြသော မဟာသမ္မတမင်းတို့က ၎င်းထက် ပိုစောမည်။ ဟုတ်မဟုတ်တော့ မသိ။ ) ခရစ်တော်မပေါ်မီ နှစ်သုံးထောင် အစောပိုင်းက တရုတ်ပြည်လုံးကို စိုးမိုး အုပ်စိုးခဲ့သူ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဖူရှီသည် တရုတ်ရှေးဟောင်းကျမ်းတစ်ဆူ ဖြစ်သော I-Ching ယီကျင်း ( သင်္ခါရကျမ်း/ပြောင်းလဲခြင်း သဘောတရား ကျမ်း ) ပါ တြိမူဟ ရှစ်ခုတို့ကို ဖော်ထုတ်ရှင်းလင်းခဲ့သူလည်း ဖြစ်သည်။ အချို့က ယင်းတို့သည် တရုတ်တို့၏ အရုပ်ဆန်သော လက်ရေးစကားလုံးတို့၏ အခြေခံလည်း ဖြစ်သည်ဟု ဆိုကြပါသည်။

လက်ရှိ တရုတ်တို့၏ ပင်မ ဒဿန ရေစီးကြောင်း နှစ်ခုမှာ တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒ တို့ ဖြစ်ပြီး ၎င်းဝါဒတို့သည် ဖူရှီ ၏ အစဉ်အလာမှ ဆင်းသက်လာကြခြင်းသာ ဖြစ်သည်ဟု အယူရှိကြသည်။ ခရစ်တော် မပေါ်မီ ခြောက်ရာစုမှ စတင်၍ ၎င်းဝါဒနှစ်ဆူ ကွဲပြားသွားခဲ့ပြီး တာအိုဝါဒ၏ ဖခင် – လောက်ဇူ ( BC 604-531 ) ၊ ကွန်ဖြူးရှပ် ဝါဒ – ဖခင် ကွန်ဖြူးရှပ် ( BC 551-479 ) ဟူ၍ အမှတ်အသားရှိသည်။

တရုတ်တို့၏ ဘာသာရေး အတွင်းမှ တတိယ ရေစီးကြောင်းမှာ ဗုဒ္ဓဘာသာ ဖြစ်ပြီး အစဉ်အလာ အိန္ဒိယမှ ဆင်းသက်သည်။ အိန္ဒိယ ဗုဒ္ဓဘာသာ မထေရ်များ A.D ပထမ ရာစုတွင် တရုတ်ပြည်သို့ စတင်ဝင်ရောက် သာသနာပြုသည်။ ယင်း အိန္ဒိယ ဘုန်းတော်ကြီးများ၏ ကြွင်းကျန်ရစ်သော ပြောစကားများ အရ တရုတ်လူမျိုးတို့သည် အစောပိုင်း ကာလ ကတည်းက အိန္ဒိယသို့ ဘုရားဖူးအဖြစ်၊ ( သို့မဟုတ် ) ကုန်သည်အဖြစ် ရောက်ရှိလာကြပြီး ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကို တရုတ်ပြည်သို့ သယ်ဆောင်သွားကြသည်ဟု ဆိုသည်။ ထိုကာလမှစ၍ တရုတ်ပြည်တွင် ပင်မ ဘာသာရေး ကြီး သုံးခု ဖြစ်လာခဲ့သည်။ ခေတ်နှင့် အညီ ဆီလျော်အောင် ပေါင်းစပ်၍ ကျင့်သုံး လက်ခံကြသည်ကိုလည်း တွေ့မြင်ကြရသည်။

စင်စစ် အမျိုးအမည် မတူညီသော ဘာသာတို့ကို ပေါင်းစပ်ရန်မှာ မလွယ်ကူပေ။ ဘာသာတစ်ခုမှ ကွဲပြားသွားဖို့ရာသာ လွယ်ကူသည်။ သို့သော် တရုတ်တို့ ၏ ဘာသာကြီး သုံးခု ဖြစ်သော တာအိုဝါဒ၊ ကွန်ဖြူးရှပ်ဝါဒ၊ ဗုဒ္ဓဝါဒတို့သည် တခုနှင့် တစ်ခု ကူးလူးယှက်နွယ်နေကြသည်။ အနီးစပ်ဆုံးမှာ တာအိုဝါဒနှင့် ကွန်ဖြူးရှပ် ဝါဒတို့ ဖြစ်ပြီး Read more of this post

စိတ်နှင့် ရုပ် ပြဿနာ အကြောင်း

စိတ် ဟူသည်မှာ အင်မတန် လျှင်မြန်သည် ဟု ပြောကြသည်။ မည်မျှ လျှင်မြန်သနည်း ။
နောက်တစ်ခု စိတ်ကို ကိုယ်မှ ခွာ၍ ထားနိုင်သည်ဟု ဆိုကြသည်။ မည်သို့ ခွာထားကြသနည်း။

ယင်းသို့ စိတ်အကြောင်းကို စဉ်းစားသည့် အခါ – စိတ်ကို စိတ်က ပြန်ကြည့်ရသောကြောင့်လား မပြောတတ်။ ပတ်လည် ချာလည် ရိုက်နေပါသည်။ မျက်လုံးသည် မိမိ ကိုယ်ကိုယ် မိမိ ပြန်မမြင်သကဲ့သို့ စိတ်ကလည်း စိတ်ကို ပြန်မမြင်ခြင်းလား ။ တွေးမိသည်။ ကိုယ် ဥာဏ်မမှီ၍ ဖြစ်ပါလိမ့်မည်။ ကမ္မဋ္ဌာန်းတိုက် ၊ တရားစခန်း သွားရောက် ကြားနာ၊ ကျင့်ကြံ ကြသူများကတော့ ပြောတတ်ကြသည်။ စိတ် က စိတ်ကို ပြန်ကြည့်ရသည်မှာ အပြောလွယ်သလောက် ခက်သည် ဟု ဆိုသည်။ တကယ် ခက်သည်လား ကျနော် ကြိုးစားကြည့်ခဲ့ဖူးသည်။ ထားတော့ ။ ဤသည်က ကျနော် ပြောချင်သော အကြောင်း မဟုတ်။

စိတ်သည် တကယ် ရှိမရှိ။ စိတ်သည် ရုပ်မှ ဖြစ်သလား။ စိတ်ကြောင့် ရုပ်ဖြစ်သလား- ဟူသော အကြောင်းကိုသာ ပြောလိုသည်။ စိတ် သည် ကျနော်တို့ ခန္ဓာကိုယ်မှ သီးခြားဖြစ် ပါသလား။ ကျနော်တို့ ဗုဒ္ဓဘာသာတွင် “ဖဿ ပစ္စယာ ဝေဒနာ” ဟု ဆိုထားသောကြောင့် ထိတွေ့မှု ရှိ၍ ခံစားသိရှိရမှု ဝေဒနာ ရှိသည်ဟု နားလည်ထား သိထားရသည်။ ( တနည်း ) “ကြားဖူးနားဝ” ရှိထားရသည်။ သို့သော် အဘိဓမ္မာအရ ဝေဒနာသည် စိတ်မဟုတ်သေး။ ကျနော် ဤနေရာတွင် ပြောသော စိတ်ဟူသည် “ဝိညာဏ ပစ္စယာ နာမရူပံ” ဟူသော ပုဒ်မှ ရုပ်နှင့် နာမ် ဟု ခွဲခြားရာတွင် ပါရှိသည့် နာမ် သဘောကို ဆိုလိုခြင်း ဖြစ်ပါသည်။

ရုပ်နှင့် နာမ် ပြဿနာသည် ရှေးအတီတေ ကာလကတည်းက စ၍ ယနေ့အထိ အရှေ့တိုင်းတွင်ရော အနောက်တိုင်း တွင်ပါ တော်တော် ဂြိုလ်မွှေသော ပြဿနာ ဖြစ်သည်။ သင်္ချာနည်း အရ အကြမ်းဖျဉ်း ခွဲခြား ထားရှိသော အခါ အပိုင်း သုံးပိုင်း ရရှိသည်။ ယင်း အပိုင်းများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။ ( အကြမ်းဖျဉ်းဟု ဆိုထားပါသည်။ မပြည့်စုံပါ။ လိုနေပါမည်။ )

၁။ “လောကတွင် ရုပ်ချည်းသာ ရှိသည်။”

ဤအယူသည် နာမ်ကို ၊ စိတ်ကို ပစ်ပယ်ခြင်း မဟုတ်ပေ။ ထိုအယူရှိသူများကို စိတ်ရှိသလား ဟုမေးလျှင် ရှိသည်ဟုသာ ဖြေပေးကြလိမ့်မည်။ သို့သော် စိတ်ဟူသည် ရုပ်မှ ကင်း၍ မရှိ။ ရုပ်မှ ပေါက်ဖွားလာသော မီးညွန့်မီးပေါက်မျိုး သာ ဖြစ်သည် ဟု ဆိုသည်။ အများအားဖြင့် ကနေ့ခေတ် သိပ္ပံတွင် အာရုံကြော ဆိုင်ရာ သိပ္ပံသမားများသည် ယင်းအယူကို အခြေခံထား၍ လေ့လာကြသည်။

၂။ “လောကတွင် နာမ်ချည်းသာ ရှိသည်။”

ဤအယူသည်လည်း ရုပ်ကို ပစ်ပယ်ခြင်း မဟုတ်ပေ။ ရုပ်ပိုင်းသဘာဝ မှန်သမျှကို သိမြင်ကြသည်မှာ နာမ်သာ ဖြစ်၍ ယင်း စိတ်သည်/နာမ်သည်သာ အစစ်အမှန် ဖြစ်ကြောင်း ပြဆိုလိုရင်း ဖြစ်သည်။ ဤ သိနိုင်သော စိတ်မှ မရှိလျှင် အဘယ်ရုပ်များ အဘယ်သို့ ရှိနေပါစေ- မသိနိုင်၊ မမြင်နိုင်၊ ထို့ပြင် အသိပညာ အစုအပေါင်းဖြင့် လက်ရှိ စမ်းသပ်နိုင်သော ရုပ် နယ်ပယ်ကို လွန်၍ စိတ်သည် ဖြန့်ကျက်နိုင်သည် ဟု ယူဆကြသည်။ ပလေတို ဝါဒတွင် Idea သည် မြင့်မြတ်သော ဘုံဌာန အဖြစ်ကို မှတ်ယူထားသည် ရှိပါသည်။ နောက်ပိုင်း ယင်းအယူကဲ့သို့ရှိသည်က ဥပမာအားဖြင့် ဆိုလျှင် ဂျော့ ဘာကလေ ဖြစ်သည်။

၃။ “လောကတွင် ရုပ်နှင့် နာမ် ပူးတွဲ တည်ရှိသည်။”

ဤအယူတွင်မူ အများ လက်ခံကြသည်။ ထိုသို့ အများ လက်ခံသည့် အလျောက်လည်း အယူကွဲများ အများအပြား ရှိသည်။ အနောက်တိုင်း ဒဿနိက ဖခင်ကြီးဟု သမုတ်ကြသော ဒေးကား ( Descarte ) က ရုပ်နှင့် နာမ်တို့သည် တွဲလျက်တည်ရှိသည် ဟု ဆိုကောင်းဆိုထားသော်လည်း အဘယ်ကဲ့သို့ တွဲလျက် ရှိသနည်း ဟူသော မေးခွန်းအတွက်မူ ဖြေကြားထားပုံမှာ ဤသို့ ဖြစ်သည်။

ရုပ်နှင့် နာမ်တို့သည် အလွန် အချိန်မှန်သော နာရီ နှစ်လုံး ကဲ့သို့ ဖြစ်သည်။ တစ်လုံးနှင့် တစ်လုံး တစ်သီး တခြားစီ ဖြစ်သော်လည်း တူမျှသော အချိန်ကို ပြနေသကဲ့သို့ ရုပ်နှင့် နာမ်တို့သည် အမျိုးအစား မတူ တကွဲတပြား စီ ဖြစ်သော်လည်း အတူတကွ အလုပ်လုပ်ကြသည် ဆို၏။

ထိုရုပ်နှင့် နာမ်တို့ မည်သို့ ဖြစ်ပေါ်လာကြောင်း အမေးရှိသော နောက်ဆုံးတွင် “ဘုရားသခင် ဖန်ဆင်းခြင်း ဖြစ်သည်” ဆိုသော အယူသို့ ရောက်တော့သည်။ Read more of this post

ထိုထိုသော နေ့များ

ဒီကနေ့ က အမ တစ်ယောက်ရဲ့ မွေးနေ့။ အမ ဆိုပေတဲ့ အရင်းတော့ မဟုတ်ဘူး။ အမ မရှိတဲ့ ကျနော့ အတွက် တော်တော် ချစ်ရတဲ့ အမ တစ်ယောက်ပဲ ဆိုပါတော့။ ဒါပေတဲ့ ထူးထူးခြားခြား မို့၊ မွေးနေ့ မို့ ဆိုပြီးလဲ ဘာမှ လုပ်ပေးဘူး။ ဘာလို့ ဆို ကျန်တဲ့ နေ့တွေကပဲ မထူးခြား သလိုလို၊ အရေး မပါ သလိုလို။ ( အဓိပ္ပာယ် သက်နေမယ် လို့ ထင်မိတဲ့ စိတ်ကြောင့်ပါပဲ )။

တစ်ယောက်ကတော့ ပြောပါတယ်။ ဒါဟာ အဲ့လူတစ်ယောက် အတွက် သတိတရ ၊ အသိအမှတ် ပြုပေးတယ် ဆိုတာဟာ- ဝမ်းသာ မှု ၊ ပီတိ တစ်ခုခု ကို ဖြစ်စေတာပါပဲ တဲ့။ သူ့စကား အတိအကျတော့ ဟုတ်ပါဘူး။ အဲ့သဘောမျိုး ပြောတယ်။

ဟုတ်ပါလိမ့်မယ်။ “ဝမ်းသာမှု၊ ပီတိ၊” ဆိုတဲ့ စကား။ တွေးမိတာက – အဲ့ဒါ ဖြည့်စွမ်းပေးနိုင်ဖို့ အတွက် – ဒါမှလား။ ဒီမွေးနေ့မှလား။ အခြား တစ်ခုခု လုပ်လို့ မရတော့ဘူးလား။

ပြည်ပရောက်နေတဲ့ အမတစ်ယောက်က လှမ်းပြောတယ်။ ကျနော့အမ အတွက် တစ်ခုခုလေး ဖြစ်အောင်တဲ့။ ဆိုပါစို့၊ အရုပ်လေး တစ်ရုပ် ဝယ်ဖို့ပေါ့။ သူကလည်း အတင်းအကျပ် ဝယ်ပေးစေဖို့ ပြောနေတာ မဟုတ်ပါဘူး။ ကျနော့ အမ အကြောင်း သိသလောက်မှာ – ကျနော့အမကလည်း ( ဆိုပါစို့ – မဂျူး ပေါ့ ) မဂျူးကလည်း “ဒီနေ့ဟာ ငါ့မွေးနေ့လေးပါ၊ ငါ့ကို ဒါလုပ်ပေးပါ” လို့ တောင်းဆိုနေတာ မျိုး မဟုတ်ပါဘူး။ မဂျူးမှာ ဒီလို စိတ်မျိုးလည်း မရှိဘူး။ ဒါပေတဲ့ စောနက ပြောသလို “ပီတိ” အကြောင်းတွေ၊ ပြည်ပက အမ မှာနေတာတွေ ၊ အဲ့ဒါတွေကို – စိတ်ကူး စဉ်းစားပြီး အပြင်ထွက် လာလိုက်တယ်။ အရုပ်ကလေးဝယ်၊ “Happy Birthday,My Sis” လို့ လုပ်၊ သူလည်း ကြည်နူးသွား၊ ကိုယ်လဲ ပျော် သွား။ ထုံးစံက အဲ့ဂလို။

အရင်က မွေးနေ့ ဆိုတာတွေနဲ့ ပတ်သက်လို့ ကိုယ် မျက်မြင် ကြုံတွေ့ ရဖူးတာတွေ အကြောင်း စဉ်းစား မိလာတယ်။ မွေးနေ့ ( ဒါမှမဟုတ် ) တစ်ခု ရောက်လို့ ကိုယ့်ရင်းနှီးရာ လူတွေ မြင်ရင် Facebook တက်မယ်။ ဒါမှမဟုတ် Ning.com ရှိရင် အဲ့ Social Sites ကို တက်မယ်။ Happy Birthday လုပ်မယ်။ စာရေးမယ်။ ပြီးတော့လဲ မေ့သွားမယ်။ ကျနော် ကိုယ့်ဘာသာကိုယ် မေးကြည့်မိပါတယ်။ ငါတို့ တကယ် သတိရသင့်တဲ့ မွေးနေ့တွေက ဘယ်နေ့တွေလဲ။

တကယ် က အနီးစပ်ဆုံး ကျနော့မွေးအဖေ ရဲ့ မွေးနေ့၊ မွေးအမေရဲ့ မွေးနေ့။ ကျနော် မသိပါဘူး။ အဆုံးစွန်ဆုံး ကျနော့ မွေးနေ့လည်း မှတ် မထား မိဘူး။ ( နည်းနည်း လွန်တယ် လို့ ပြောရင် ဆောရီးပါပဲ။ တကယ်ကို မေ့ပါတယ် ။ ဟိုးတုန်းက လူရွှင်တော်ကြီးများ ပြောတာ သတိရတယ်။ မင်း ဘယ်နေ့က မွေးတာလဲ ပြောတော့ ဘေးဘက် ဒေါ်ပုမကြီး – အိမ်မှာ – ဘဲ ပျောက်တဲ့ နေ့က – လို့ ပြန်ဖြေကြသလိုမျိုး ၊ ကျနော်လည်း အဲ့ဂလိုမျိုးပဲ မှတ်ထားခဲ့မိတာ။ )

နိဒါန်း အပျိုးမှာ တင် တော်တော် ရှည်နေပါမယ်။ Gtalk မှာ အသိတစ်ယောက်နဲ့ စကားပြောထားတာကို တင်ပါမယ်။ ဒီ မွေးနေ့ ဆိုတဲ့ အကြောင်းပါပဲ။ ပထမအပိုင်းမှာ ချော် ချော်ပြီး – ဒဿနိက ဆန်ဆန် ပြောကြရင်း ဘေးရောက် သွားတာ ရှိပါမယ်။
အောက်ပါ စာပိုဒ်တွေမှာ me – က ကျနော် ဖြစ်ပြီး AA: – က ကျနော့ အချစ်ဆုံး သူငယ်ချင်း တစ်ယောက် ဖြစ်ပါတယ်။

ပြောသံ ဆိုသံ လေသံ မကြိုက်လို့ ဘဝင်မကျ ခဲ့ပါရင် စိတ်ကြိုက်သာ ပြောခဲ့နိုင်ပါကြောင်း။

ဇေယျ။
……………………………………………………..
me: မွေးနေ့ ဆိုတာနဲ့ ပတ်သက်လို့ ကျနော့ စိတ်ထဲ ရှိတာကို ရှင်းပြရရင် -
အထင်ကရ လူပုဂ္ဂိုလ် ဘာကြီး ဖြစ်နေပါစေ..။ မွေးနေ့ တစ်နေ့က ကိုယ်သေဖို့ တစ်ရက် နီးကပ် လာကြောင်းကိုသာ ဆိုလိုတာ။
အနီးအနားက လူတစ်ယောက်ကို ဂရုစိုက်ပြတဲ့ ရှိုး၊ ပြကွက် ထုံးစံတွေက … အနောက်တိုင်းက လာတာတွေ။
Happy Birthday ပါလို့ .. အပြန်အလှန် နှုတ်ခွန်းဆက်ကြရာကနေ. ဝမ်းသာပီတိကို ဖလှယ်ကြတယ်ပေါ့ – ခင်ဗျား စောနက ပြောသလို ဟုတ်ကောင်း ဟုတ်မယ်။
ဒါပေမယ့် ဒီလူတွေကရော တကယ် သတိတရ ရှိနေရမယ့် လူတွေကို – ( သူ့အချိန်အခါ ) ရောက်ကြတဲ့ အခါ သတိရကြရဲ့လား။

Read more of this post

Follow

Get every new post delivered to your Inbox.