
စိတ် ဟူသည်မှာ အင်မတန် လျှင်မြန်သည် ဟု ပြောကြသည်။ မည်မျှ လျှင်မြန်သနည်း ။
နောက်တစ်ခု စိတ်ကို ကိုယ်မှ ခွာ၍ ထားနိုင်သည်ဟု ဆိုကြသည်။ မည်သို့ ခွာထားကြသနည်း။
ယင်းသို့ စိတ်အကြောင်းကို စဉ်းစားသည့် အခါ – စိတ်ကို စိတ်က ပြန်ကြည့်ရသောကြောင့်လား မပြောတတ်။ ပတ်လည် ချာလည် ရိုက်နေပါသည်။ မျက်လုံးသည် မိမိ ကိုယ်ကိုယ် မိမိ ပြန်မမြင်သကဲ့သို့ စိတ်ကလည်း စိတ်ကို ပြန်မမြင်ခြင်းလား ။ တွေးမိသည်။ ကိုယ် ဥာဏ်မမှီ၍ ဖြစ်ပါလိမ့်မည်။ ကမ္မဋ္ဌာန်းတိုက် ၊ တရားစခန်း သွားရောက် ကြားနာ၊ ကျင့်ကြံ ကြသူများကတော့ ပြောတတ်ကြသည်။ စိတ် က စိတ်ကို ပြန်ကြည့်ရသည်မှာ အပြောလွယ်သလောက် ခက်သည် ဟု ဆိုသည်။ တကယ် ခက်သည်လား ကျနော် ကြိုးစားကြည့်ခဲ့ဖူးသည်။ ထားတော့ ။ ဤသည်က ကျနော် ပြောချင်သော အကြောင်း မဟုတ်။
စိတ်သည် တကယ် ရှိမရှိ။ စိတ်သည် ရုပ်မှ ဖြစ်သလား။ စိတ်ကြောင့် ရုပ်ဖြစ်သလား- ဟူသော အကြောင်းကိုသာ ပြောလိုသည်။ စိတ် သည် ကျနော်တို့ ခန္ဓာကိုယ်မှ သီးခြားဖြစ် ပါသလား။ ကျနော်တို့ ဗုဒ္ဓဘာသာတွင် “ဖဿ ပစ္စယာ ဝေဒနာ” ဟု ဆိုထားသောကြောင့် ထိတွေ့မှု ရှိ၍ ခံစားသိရှိရမှု ဝေဒနာ ရှိသည်ဟု နားလည်ထား သိထားရသည်။ ( တနည်း ) “ကြားဖူးနားဝ” ရှိထားရသည်။ သို့သော် အဘိဓမ္မာအရ ဝေဒနာသည် စိတ်မဟုတ်သေး။ ကျနော် ဤနေရာတွင် ပြောသော စိတ်ဟူသည် “ဝိညာဏ ပစ္စယာ နာမရူပံ” ဟူသော ပုဒ်မှ ရုပ်နှင့် နာမ် ဟု ခွဲခြားရာတွင် ပါရှိသည့် နာမ် သဘောကို ဆိုလိုခြင်း ဖြစ်ပါသည်။
ရုပ်နှင့် နာမ် ပြဿနာသည် ရှေးအတီတေ ကာလကတည်းက စ၍ ယနေ့အထိ အရှေ့တိုင်းတွင်ရော အနောက်တိုင်း တွင်ပါ တော်တော် ဂြိုလ်မွှေသော ပြဿနာ ဖြစ်သည်။ သင်္ချာနည်း အရ အကြမ်းဖျဉ်း ခွဲခြား ထားရှိသော အခါ အပိုင်း သုံးပိုင်း ရရှိသည်။ ယင်း အပိုင်းများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။ ( အကြမ်းဖျဉ်းဟု ဆိုထားပါသည်။ မပြည့်စုံပါ။ လိုနေပါမည်။ )
၁။ “လောကတွင် ရုပ်ချည်းသာ ရှိသည်။”
ဤအယူသည် နာမ်ကို ၊ စိတ်ကို ပစ်ပယ်ခြင်း မဟုတ်ပေ။ ထိုအယူရှိသူများကို စိတ်ရှိသလား ဟုမေးလျှင် ရှိသည်ဟုသာ ဖြေပေးကြလိမ့်မည်။ သို့သော် စိတ်ဟူသည် ရုပ်မှ ကင်း၍ မရှိ။ ရုပ်မှ ပေါက်ဖွားလာသော မီးညွန့်မီးပေါက်မျိုး သာ ဖြစ်သည် ဟု ဆိုသည်။ အများအားဖြင့် ကနေ့ခေတ် သိပ္ပံတွင် အာရုံကြော ဆိုင်ရာ သိပ္ပံသမားများသည် ယင်းအယူကို အခြေခံထား၍ လေ့လာကြသည်။
၂။ “လောကတွင် နာမ်ချည်းသာ ရှိသည်။”
ဤအယူသည်လည်း ရုပ်ကို ပစ်ပယ်ခြင်း မဟုတ်ပေ။ ရုပ်ပိုင်းသဘာဝ မှန်သမျှကို သိမြင်ကြသည်မှာ နာမ်သာ ဖြစ်၍ ယင်း စိတ်သည်/နာမ်သည်သာ အစစ်အမှန် ဖြစ်ကြောင်း ပြဆိုလိုရင်း ဖြစ်သည်။ ဤ သိနိုင်သော စိတ်မှ မရှိလျှင် အဘယ်ရုပ်များ အဘယ်သို့ ရှိနေပါစေ- မသိနိုင်၊ မမြင်နိုင်၊ ထို့ပြင် အသိပညာ အစုအပေါင်းဖြင့် လက်ရှိ စမ်းသပ်နိုင်သော ရုပ် နယ်ပယ်ကို လွန်၍ စိတ်သည် ဖြန့်ကျက်နိုင်သည် ဟု ယူဆကြသည်။ ပလေတို ဝါဒတွင် Idea သည် မြင့်မြတ်သော ဘုံဌာန အဖြစ်ကို မှတ်ယူထားသည် ရှိပါသည်။ နောက်ပိုင်း ယင်းအယူကဲ့သို့ရှိသည်က ဥပမာအားဖြင့် ဆိုလျှင် ဂျော့ ဘာကလေ ဖြစ်သည်။
၃။ “လောကတွင် ရုပ်နှင့် နာမ် ပူးတွဲ တည်ရှိသည်။”
ဤအယူတွင်မူ အများ လက်ခံကြသည်။ ထိုသို့ အများ လက်ခံသည့် အလျောက်လည်း အယူကွဲများ အများအပြား ရှိသည်။ အနောက်တိုင်း ဒဿနိက ဖခင်ကြီးဟု သမုတ်ကြသော ဒေးကား ( Descarte ) က ရုပ်နှင့် နာမ်တို့သည် တွဲလျက်တည်ရှိသည် ဟု ဆိုကောင်းဆိုထားသော်လည်း အဘယ်ကဲ့သို့ တွဲလျက် ရှိသနည်း ဟူသော မေးခွန်းအတွက်မူ ဖြေကြားထားပုံမှာ ဤသို့ ဖြစ်သည်။
ရုပ်နှင့် နာမ်တို့သည် အလွန် အချိန်မှန်သော နာရီ နှစ်လုံး ကဲ့သို့ ဖြစ်သည်။ တစ်လုံးနှင့် တစ်လုံး တစ်သီး တခြားစီ ဖြစ်သော်လည်း တူမျှသော အချိန်ကို ပြနေသကဲ့သို့ ရုပ်နှင့် နာမ်တို့သည် အမျိုးအစား မတူ တကွဲတပြား စီ ဖြစ်သော်လည်း အတူတကွ အလုပ်လုပ်ကြသည် ဆို၏။
ထိုရုပ်နှင့် နာမ်တို့ မည်သို့ ဖြစ်ပေါ်လာကြောင်း အမေးရှိသော နောက်ဆုံးတွင် “ဘုရားသခင် ဖန်ဆင်းခြင်း ဖြစ်သည်” ဆိုသော အယူသို့ ရောက်တော့သည်။ Read more of this post