Big Bang Religion !
December 19, 2011 Leave a comment
ဘာသာရေး ( Religion ) နဲ့ သိပ္ပံ ( Science ) နဲ့ ယှဉ်လာရင် -
ပထမဦးဆုံး သိထားရမှာက အနောက်တိုင်းမှာ ဘာသာရေးသမား တွေဟာ သိပ္ပံကို ဖျက်ဆီးဖို့ လုံးပန်းခဲ့တာ ( မှတ်စုမှတ်ရာ သဘော ဆိုရင် ) လွန်ခဲ့တဲ့ နှစ် သုံးရာကျော် လောက် ကတည်းက ဖြစ်ပါတယ်။ ဒါပေမယ့် မဖျက်ဆီး နိုင်ခဲ့တာ အထင်အရှားပဲ။ အကြောင်းက တကယ့် အမှန်သဘော ကို ဖျက်ဆီးလို့ မရတဲ့ အကြောင်း ကြောင့်ပါ။
ဒါဆို သိပ္ပံက ဘာသာရေး ထက် ပိုမှန်နေတာလား လို့ မေးစရာ ရှိတယ်။ စင်စစ် သိပ္ပံဟာ ပြင်ပ ကမ္ဘာလောကဓာတ် နဲ့ သက်ဆိုင် လာရင် ဘာသာရေး တွေမှာ ဖော်ပြထားတာ ထက် အမှန်စင်စစ် ဘက်ကို ပိုမိုညွှန်းဆို လက်တွေ့ ဖော်ဆောင် ထား ပါတယ်။ ဆိုလိုတာက ဘာသာရေး ဟာ သိပ္ပံ လို ပြင်ပ ကမ္ဘာ လောကဓာတ် ကို ပြောဆို ထောက်ပြစရာ ဘာအကြောင်းမှ မရှိဘူး ရယ်။
- သိပ္ပံဟာ ပြင်ပ အရာဝတ္ထု ( Object ) ကို ဦးတည်ထားပြီး စစ်ဆေးတယ်။ ဘာသာရေးက မိမိ အတွင်းသန္တာန်ကို သာ ဦးတည် ရှုမြင်တယ်။
- သိပ္ပံက ခွဲခြမ်း စိတ်ဖြာတယ်။ ဘာသာရေးက တစ်စုတည်း ထဲ သိမြင် နားလည် စေတယ်။
- သိပ္ပံက အများနားလည် ဖို့ လက်တွေ့ သက်သေ သာဓက ထောက်ပြတယ်။ ဘာသာရေးက မိမိ ကိုယ်ကိုယ် မိမိ သိမြင်မှုဆီသာ ညွှန်းဆို တယ်။
- သိပ္ပံဟာ ရုပ်ပိုင်းဆိုင်ရာ အချက်အလက်တွေ တွေးခေါ်တယ်။ ဘာသာရေးဟာ ခင်ဗျား စိတ်ရဲ့ အေးချမ်းရာကို လမ်းညွှန်တယ်။
- သိပ္ပံက နောက်ထပ် အချက်အလက်တွေ တင်ပြဖန်တီးမယ်။ ယုတ္တိဆင်ခြေ၊ သင်္ချာ ဖော်မြူလာတွေ အခိုင်အမာ တည်ဆောက် နိုင်မယ်။ ဘာသာရေး က
- အတွေးစဉ်တွေ ဖယ်သတ်ပြီး ခင်ဗျား သန္တာန်ကို ရှင်းလင်း တည်ငြိမ်သွားစေတယ်။
- သိပ္ပံဟာ Knowledge တွေကို ဦးတည် ရှာဖွေတယ်။ ဘာသာရေးက Knowing သိမှု သက်သက်ကို ချဉ်းကပ်တယ်။
ဒါကို – ကိုယ့်နေရာ ကိုယ် နားမလည်တဲ့ ဘာသာရေး သမား အုပ်စု တွေက – “ဘာသာရေးဟာ ရုပ်ကော နာမ်ရော အကုန်လုံး ခြုံငုံ မှန်ကန်တယ်၊ အဲ့အတွက် အားလုံး လက်ခံ ရမယ် လို့ တယူသန် မြင်ရင် မှားလိမ့်မယ်။ ( တစ်နည်း ) သိပ္ပံရဲ့ ရုပ်ပိုင်းအမြင် ကျယ်ပြန့်လာနိုင်မှု ကို ကြည့်ပြီး – မိမိတို့ ဘာသာရေး ထိခိုက်မှာကို စိုးရိမ် ကြောက်လန့် နေကြရင် မှားပါလိမ့်မယ်။
ဥပမာ – ခင်ဗျား နေမကောင်း ဖြစ်ရင် ဆရာဝန်ဆီ သွားမယ်။ ကဗျာသမား၊ စာသမား ဆီတော့ သွားမှာ မဟုတ်ဘူး။ ဘာလို့ဆို ကဗျာသမား ၊ စာသမားက ခင်ဗျား ရုပ်ခန္ဓာ ကျန်းမာရေးကို ကုစားပေးမှာ မဟုတ်ဘူး။ သူက ကြီးမြတ်တဲ့ ကဗျာ စာဆိုကြီး တစ်ယောက် ဖြစ်နေနိုင်တယ်။ ခင်ဗျား အတွက် စိတ်ကူး စိတ်သန်း၊ စိတ်ချမ်းသာမှု အဝဝ ပေးနိုင်ကောင်း ပေးနိုင်မယ်။ ဒါပေမယ့် ခင်ဗျား ရေချိုးခန်း ရေပိုက် ပျက်ရင် သူ့အကူအညီနဲ့ မဖြစ်ဘူး။ ရေပိုက်ပြင်တတ်တဲ့ ရေပိုက်ပြင် ဆရာ ကိုပဲ ခေါ်ရလိမ့်မယ်။ ခင်ဗျား ရေချိုးခန်းကို ပြင်ဖို့ အတွက် ရေပိုက်ပြင်ဆရာ ဟာ ကဗျာစာဆို ဖြစ်ဖို့ မလိုအပ်ဘူး။ ခင်ဗျား ရေချိုးခန်း အတွက် သူ့တာဝန်ပဲ အပြည့်အဝ ယူလိမ့်တယ်။ ဒီလိုပဲ- ခင်ဗျား အိမ်ဆောက်ဖို့ လိုရင် – အိုင်းစတိုင်းကို အကူအညီခေါ်လို့ မရနိုင်ဘူး။ အိုင်းစတိုင်း ဟာ ထိပ်သီး ရူပဗေဒ ပညာရှင် ဖြစ်နိုင်တယ်။ ဒါပေမယ့် ခင်ဗျား အိမ်ကို ရေချိန် ညီမညီ တိုင်းဖို့တောင် ဖို့ သူတတ်ချင်မှ တတ်မယ်။
ဒါကို အိုင်းစတိုင်း၊ စတီဗင်ဟောကင်းတို့က စကြာဝဠာအကြောင်း ရှင်းလင်းနိုင်ပြီး မြင်းမိုရ်တောင် မမြင်ရကောင်းလား မေးရင် ရူးလွန်း ပါတယ်။ ဆစ်ဂမန် ဖရွိုက် က စိတ်စေတသိတ် မခွဲတတ်ဘူးလား ငေါ့ပြောရင် ငေါ့ပြောတဲ့သူပဲ ပေါလွန်း သွားလိမ့်မယ်။ အလားတူ – အခု ခေတ်သိပ္ပံသမားတွေက ရတဲ့အချက်အလက်ကို အခိုင်အမာပြုပြီး – ဟိုးနှစ်ပေါင်း နှစ်ထောင်ကျော်က ကျမ်းစာတွေမှာ မပါရကောင်းလား – လှောင်ဟား မယ် ဆိုရင် – ဟားတဲ့သူပဲ မှားလိမ့်မယ်။
ဘာသာရေးနဲ့ သိပ္ပံ နယ်မှာ ဒီအချက်တွေ အရှင်းကြီး မြင်သာနေပါတယ်။
ဒါပေတဲ့ – ဘာသာရေး အုပ်စုရော၊ သိပ္ပံ အုပ်စုမှာရော အများစုက ဒီလို ခွဲခြားပြီး ရှင်းရှင်းလင်းလင်း မမြင်ဘူး။ မမြင်ရခြင်း အကြောင်းက ဆိုင်ရာ ရပ်တည်ထားတဲ့ ရည်ရွယ်ချက်တွေ မမြင်ဘဲ – “အမှန်တရား၊ ကမ္ဘာလောက၊ ရုပ်၊ နာမ်၊ စကြာဝဠာ၊ ဘုရားသခင်” ဆိုတဲ့ ဝေါဟာရတွေ နဲ့ စကားလုံးနေရာမှာတင် ရပ်တန့်ထားလို့။ နောက်ပြီး ကိုယ့်ရပ်တည်ချက်ပေါ် ကိုယ်မသိဘဲ ၊ ရှုပ်ရှုပ်ထွေးထွေး ရောထွေး တွေးခေါ် ထားလို့၊ တယူသန် ယုံကြည် လက်ခံ ထားကြလို့ပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် ပြင်ပ လောကဓာတ်ကို မသိရ ကောင်းလား ဆိုတဲ့ တစ်ချက်ထည်းနဲ့ ဘာသာရေးကို ပစ်ပယ်မယ် ဆိုရင် – ကျိန်းသေပါတယ် – ဘာသာရေး ဟာ အပစ်ပယ် ခံရမှာပဲ။ အကြောင်းက ဘာသာရေးဟာ ပြင်ပ လောကဓာတ်နဲ့ ဘယ်လိုမှ မသက်ဆိုင်ဘူး ရယ်။






