စာတစ်တန် ခံနေဆဲ
February 5, 2012 1 Comment
နိမိတ်ပုံစံ ထားရှိ တဲ့ ဇာတ်လမ်း လေးတစ်ပုဒ် ပြောကြည့် ပါမယ်။ ဆွာမိ ရာမ်တိယာ့ဿ် ပြောခဲ့တဲ့ ဇာတ်လမ်းတိုလေး ဖြစ်ပါတယ်။ ဇာတ်လမ်း ဆိုတာထက် အနက်ပုံဆောင် ဇာတ်သွားလေး သက်သက်လို့ ပြောနိုင်တယ်။။
သိပ်ချစ်ကြတဲ့ ချစ်သူ နှစ်ဦး ရှိတယ်။ တစ်နေ့တော့ – ယောက်ျားလေး ဖြစ်သူ ဟာ ချစ်သူ မိန်းကလေးကို ထားရစ်ပြီး တပြည် အဝေးကို ထွက်သွား တယ်။ ထွက်သွားပြီး ကတည်းက တစ်ခေါက်မှ ပြန်မလာ တော့ဘူး လို့ ဆိုပါတယ် ။ သူ့ရဲ့ ချစ်သူ မိန်းကလေး ဟာ ကောင်လေး ထွက်သွား တဲ့ လမ်း ကို နေ့တိုင်း မျှော်ကြည့်တယ်။ တစ်နေ့လာနိုး၊ တစ်နေ့ လာနိုး မျှော်လင့် နေခဲ့၊ စောင့်စား နေ ခဲ့တယ်။ တစ်ရက် ပြီး တစ်ရက် စောင့်ဆိုင်းရင်း မောဟိုက် လာတဲ့- တစ်နေ့ တော့ ကောင်လေး ဆီက စာတစ်စောင် ရောက်လာပါတယ်။ စာထဲမှာ သူ ဘယ်နေ့ ပြန်လာပါမယ် ဆိုတဲ့ အကြောင်း၊ ဘယ်လောက်ထိ လွမ်းဆွေး နေမိပါတယ် ဆိုတဲ့ အကြောင်း – ချစ်ကြောင်းတွေ ဖွဲ့သီ ထားတယ်။
ကောင်မလေး က ဝမ်းပန်းတသာ နဲ့ အဲ့ဒီ နေ့ရက်ကို ထပ်စောင့်တယ်။ ချစ်သူ ချိန်းဆိုတဲ့ ရက်မှာ ပြန်ရောက်လာပါစေ အကြိမ်ကြိမ် ဆုတောင်း ရင်း ဖြီးလိမ်းပြင်ဆင် ထားတယ်။ ဒါပေမယ့် တကယ်တမ်း ကောင်လေးက ပြန်မလာနိုင် ခဲ့ဘူးရယ်။ နောက်ထပ် ရက်တွေ သာ ကြာသွား တယ်။ ကောင်မလေး က မျှော်နေရဆဲပဲ။ နောက်ထပ် စာတစ်စောင် ရောက်လာပြန်တယ်။ ပထမ စာအတိုင်းပဲ ဘယ်နေ့ ဘယ်ရက် ပြန်လာပါမယ် ဆိုတဲ့ အကြောင်း ပါတယ်။ တစ်စောင် ရောက်တိုင်း တစ်ခါ မျှော်နေရင်းနဲ့ – ချစ်သူရဲ့ စာတွေ တစ်စောင်ပြီး တစ်စောင်သာ ဖတ်ရင်း၊ စောင့်ရင်း နေ့ရက်တွေ ကုန်လွန်သွားခဲ့တယ်။ ဒါပေတဲ့ ကောင်လေးကိုတော့ အရိပ်အရောင် တောင် မတွေ့ရဘူးလို့ ဆိုပါတယ်။

ဆက်ပြီး သည်းမခံနိုင် မစောင့်နိုင် တော့တဲ့ တစ်နေ့ – ကောင်မလေး က ချစ်သူ ရှိရာ အဝေးမြို့ ဆီကို ခရီး ထွက်လာခဲ့တော့တယ်။ လမ်းခရီး မှာ ဟိုမေး သည်စမ်း နဲ့ လာခဲ့တာ – ချစ်သူ နေထိုင်ရာ မြို့ကို ရောက်တယ်။ ချစ်သူရှိရာ ရပ်ကွက် လမ်း ကို ရောက် တယ်။ နောက်ဆုံး ချစ်သူ ရဲ့ အိမ် တံခါးဝ ကို ရောက်သွား တယ်။ ချစ်သူရဲ့ အိမ်တံခါး ဟာ ဟင်းလင်း ဖွင့်ထားရက်သားလေး ပဲ ။ အချိန်က လည်း ညနေစောင်း ပြီ။ နေညိုပြီ ဆိုပါတော့။
ကောင်မလေး ဟာ တံခါးဝမှာ ရပ်ရင်း အိမ်တွင်း ထဲကို လှမ်းကြည့်တယ်။ နှစ်ပေါင်း လပေါင်း များစွာ မတွေ့ခဲ့ရတဲ့ သူ့ ချစ်သူ ကောင်လေး ဟာ အိမ်ထဲမှာ ရှိနေတယ်။ အိမ်အတွင်းခန်း၊ သူ့ရဲ့ ရှေ့တည့်တည့် မှာ ထိုင်နေလျက် ရှိနေတယ်။ ဒါပေမယ့် ကောင်လေးက သူ့ကို မမြင်ဘူး။ စာတစ်စောင်ကို အားကျိုးမာန်တက် ရေးနေတယ်။ အဲ့ဒီ စာထဲမှာ သူက အာရုံ အပြည့် နှစ်ထား တဲ့ ပုံ ရှိတယ်။ သူ အာရုံနှစ်၊ ဈာန်ဝင်နေတဲ့ စာဟာ ချစ်သူ ဒီ ကောင်မလေးဆီ ကို ပေးပို့ဖို့ စာဖြစ်ပါတယ်။ သူဟာ စူးစိုက်မှု အပြည့်နဲ့ ရေးနေတယ် လို့ ကောင်မလေး က သိလိုက်တယ်။ ဒါ့ကြောင့် အနှစ်နှစ်အလလ ကွဲကွာ နေခဲ့တဲ့ အတူတူ တော့- ဒီတခဏလေးကို စောင့်ဆိုင်းနေလိုက်တော့မယ် လို့ ကောင်မလေးက တွေးတယ်။ ချစ်သူကို လှမ်းမခေါ်ရက်၊ မနှောင့်ယှက် ရက်ဘူးရယ်။ အသံမပေး၊ စကား မဆိုဘဲ – အသာလေး ကြည့်နေလိုက်တယ်။
ကောင်လေးကတော့ စာအပေါ်မှာ ခံစားချက် အပြည့် နဲ့ပေါ့။ သူ့မျက်ဝန်းအိမ် က မျက်ရည်တွေတောင် အတွေသား တလှိမ့်လှိမ့် ကျလာ နေသေးတယ်။ သူ့အတွေးစဉ် ထဲမှာ ချစ်သူအပေါ် လွမ်းဆွတ်မှု ဒဏ်ကို အပြည့်အဝ ခံစားနေရတယ်။ သိပ်ချစ်ကြတဲ့ သူတို့ နှစ်ဦး – ဝေးကွာနေတာ ဘယ်လောက်ကြာပြီလဲ။ အချိန်တွေတင် မက၊ နေရာ ဒေသတွေကပါ ဝေးကွာနေခဲ့တယ် မဟုတ်လား။ အဲ့ဒီ အပေါ် လွမ်းဆွတ်တဲ့ စိတ်ဟာ ကောင်လေးရဲ့ ရင်ထဲမှာ ဒဏ်ရာ တစ်ခုလို ကိုက်ခဲနေတယ်။ ချစ်သူအပေါ် လွမ်းဆွတ်စိတ်က လာတဲ့ ဒဏ်ကြောင့် ကောင်လေး မျက်နှာသွင်ပြင် ဟာ ညှိုးငယ် နေတယ်။ ပိုးပိုးပေါက်ပေါက် ကျနေတဲ့ မျက်ရည်တွေ ကြားထဲက – စာတွေ တစ်လုံးပြီး တစ်လုံး စီကာပတ်ကုံး ရေးတယ်။ ဆက်ကာ ဆက်ကာ ရေးရင်း – အချိန်ဟာ တစ်နာရီ မက- နှစ်နာရီ ကျော် သုံးနာရီ – ကြာလင့် သွား ခဲ့တော့တယ်။ ကောင်မလေးကတော့ သူ့ရှေ့မှာ စုံရပ်ရင်း – ချစ်သူကို ငေးမော – စောင့်ဆိုင်းနေလျက်ပဲ။







