အဆိုးမြင်ဝါဒီ နေတဲ့ မြို့
April 12, 2012 1 Comment
ဒီကနေ့ ရန်ကုန်ရဲ့ ကောင်းကင်က အရှင်းသားပဲ။ — ကျယ်တယ်။ ပြာညို့နေတယ်။ တစ်ခွင် တစ်ပြင်လုံး ဘယ်တိမ်မှ ရှိမနေဘူးရယ်။ ဟိုတစ်နေ့က နေရောင်မျိုး အရိပ်ထိုးနေဆဲ ရှိတယ်။ ဒါပေတဲ့ ဒီရန်ကုန်ဟာ ဟိုနေ့က ရန်ကုန် မဟုတ်သလို၊ ဒီနေရောင်ကလည်း ဟိုနေ့က နေရောင် မဟုတ်ဘူး ပဲ။
တကယ်လို့ ဒီရန်ကုန်ဟာ တောင်တန်းပြာတွေ ပေါ်မှာ ၊အင်းလေးကန်ရဲ့ ကမ်းပါး မှာ ခိုနားရင်း ရှိနေခဲ့ရင်~ အခုလို ဟုတ်ပါ့မလား ။ ကျနော် ခဏ ပျောက် သွားခဲ့တယ်။
အဲ့အချိန် ဟာ ဒီလို အချိန်ပေါ့။ ရန်ကုန်ရဲ့ ကောင်းကင်မှာ – ငှက်တစ်ချို့ကို မြင်ကောင်း မြင်နိုင် မယ် ။ ဒီ ကောင်းကင် ပြာပြာ ကို နောက်ခံ ထား ရင်း သူရို့ ပျော်ပျော် ပါးပါး ပျံဝဲ နေမယ်။ ရန်ကုန် ရဲ့ မြေမျက်နှာပြင် – ဟိုနား ဒီနားက လမ်းစ တစ်ချို့မှာ သူတို့ အရိပ်တွေ ထင်ဟပ် နေလိမ့်မယ်။ တစ်ခါ တစ်လေ – ခပ်လှမ်းလှမ်း တောင်ပြာ တန်း ဆီက လေအေးအေး တစ်ချက် လွတ်ထွက် လာနိုင် တယ်။ ရန်ကုန် မြေ ကို သာသာလေး ခိုးနမ်း သွားလိမ့်မယ်။ ကန်ရေပြင်ကို တိုက်ခတ်၊ ရှမ်းပဲပုတ်နံ့ ရနိုင်သေး တယ်။ ရာသီ အပြောင်း အလဲ မှာ ဝါလွင်ဖို့ အားခဲ ထားတဲ့ ပင်အို ပင်ကျ တွေ ရှိမယ်။ ခင်ဗျား သူတို့ကို တွေ့ရနိုင် တယ်။ ရှော့ပင် မထွက်ဘဲ အိမ်တိုင် ရာရောက် တွေ့ ရနိုင် တာတွေ လည်း ရှိတယ် ~ အဲ့ဒါတွေ က – ရေငွေ့ ပါမယ့် လေ ရယ် ၊ ကမ္ဘာပေါ် မှာ အရှားပါးဆုံး အပြုံးအစစ်ရယ် ၊ နောက်ပြီး ~ ခင်ဗျားအတွက် ဘဝ အသစ်ရယ်။
ဒါပေမယ့် ~ ကံဆိုးချင်တယ် ပြောမလား၊ ကံကောင်းတယ်ပဲ ဆိုမလား ~
အခု စင်စစ် ရန်ကုန် ဟာ တောင်တန်းတွေ ပေါ်မှာ မဟုတ်ဘူး။ အင်းလေး မှာလည်း မရှိဘူး။ ရန်ကုန်ဟာ ရန်ကုန်မှာပဲ ရှိနေတယ်။
ပညာရှင်များ တိုင်းထွာချက် အရ -ပင်လယ် ရေပြင် အထက် ဘယ်လောက် ဘယ်ရွေ့။ ကိန်းဂဏန်း အချို့ ပါးပါး လျားလျား လေထွားနေ တဲ့ ဒီ မြေ ဒီရေ …။ ဒါဟာ ရန်ကုန် ဖြစ်ပါတယ်။ အခြားမြို့တွေထက် -ဝတ်လစ်စလစ် ဆန်တယ်။ ကလူကျီစယ် လဲလျောင်း နေ တာ တွေ့ရ လိမ့်မယ်။


