ထူးမိပါသလား ရတနာပုံ

ကျနော် ဒီကိုရောက်တာ တစ်ပါတ်ကျော် ရှိပေါ့။ ရတနာပုံ ဆိုတဲ့ တောင်မြို့လေး ..( တစ်ချို့ကလည်း ပြင်စာ ရွာတဲ့ ) ..။ အေးချမ်းပါတယ်။ ငြိမ်သက်နေတဲ့ တောင်တန်းနောက်ခံမှာ…တစ်နိုင်ငံ တစ်ကမ္ဘာလွှားပြီး ကွန်ယက်ဖြန့်မယ့် ဒီနေရာ..။

ဒီအလုပ်ထဲရောက်တော့….နွေးထွေးမှုလား ….တစ်ချို့တစ်ဝက်ရှိကြပါတယ်။

http://www.yatanarpon.com.mm ဆိုပြီး Web Portal လေး လုပ်ကြတဲ့ နေရာဋ္ဌာနလေး ဆိုတော့ နည်းပညာပိုင်းတွေထုံမွှန်းနေမယ့် ပညာတတ်လေးတွေလည်း ရှိမယ်။ ရင်းနှီး ဖော်ရွေမှုလေးတွေ ရှိကြမယ် ။ ကျနော် ဒီလိုထင်ခဲ့ပါတယ် ။

သိပ်မကြာလှသေးတဲ့ အတိတ်က အပူတွေကို …တိတ်တဆိတ် သယ်လာမိတဲ့ ကျနော့အတွက် …အေးချမ်းရာလေးလား…။ ပျော်ပိုက်မိပါတယ် …။ နို့ပေမယ့် ဒီလူတွေနဲ့ ကျနော်….ရောထွေးလျက်တင် မနေဖြစ်ဘူး ။ မနေချင်လို့ မဟုတ်ဘူး ..။ ကိုယ့်ဘာသာ ကိုယ့်အတွေးနဲ့ ကို ကိုယ်သီးသန့်ဖြစ်နေမိတာ။  အလုပ်ချိန်ဆိုလာရင်….ပုံမှန်သွားတယ်။ စားချိန် သောက်ချိန်လည်း ပုံမှန်ပေါ့…။ ဒါပေမယ့် ဒီမှာ ယောင်္ကျားလေး မိန်းကလေးတွေက ..အားလုံး ရုံး ရုံး ရုံး ရုံးနဲ့ ရှိနေကြတယ် ..။ကျနော်သာ  ၀င်မရောမိတာ…..။ အပူတွေနဲ့ ပြည့်နေတဲ့ ကျနော့ရင်ဘတ်က …သူတို့ ပျော်ရွှင်နေပုံနဲ့ ပျော်ရွှင်နေသံကို ကြားတော့ အပြင်အပလူတစ်ယောက်လို…အထူးအဆန်း ၊ တအံ့တဩ ဖြစ်နေမိလို့…။ ပြီးတော့….ကျနော့အမတစ်ယောက် ပြောသလို…ကိုယ့်ကိုယ်ကို စည်းအပြင်ဘက်က လူတစ်ယောက်လို ခံစားမိလို့…။ ဒါတွေကြောင့် ကျနော် သူတို့လေးတွေနဲ့ ဒွေးရောလျက်တင် မနေမိဘူး။  ကျနော် ဟန်မဆောင်နိုင်လောက်အောင် ကို …မနေမိတာပါ ။

ကျနော့အလုပ်လား..။ အင်း…….ဘာလုပ်ရသလဲတော့ မမေးပါနဲ့…။ Moderator ဆိုတဲ့ ဟာပါ ။ စာစီစာရိုက်သမားထက်မပိုပါဘူး …။ အွန်လိုင်းအထိ အတွေ့ ရှိနေတယ် ..။ သတင်းနဲ့ နည်းပညာ မပြတ် ကြားသိနေနိုင်တယ်..။ အဲ့တစ်ခုသာ ထူးခြားပါတယ်။

အလုပ်-စ တော့ – အောင့်သည်းအောင့်သက်နဲ့ ရယ်မိတာတွေလဲ ကြုံရတယ်..။ ဥပမာ ဆိုပါစို့ဗျာ..။

ကျနော် အရင်လုပ်ခဲ့တာက….အင်တာနက်ဆိုင်မှာ ။ နှစ်နှစ် သုံးနှစ်နီးပါး ထိုင်ကလိလို့…၊ကိုယ့်ဝါသနာ Journalism လေးနဲ့ထည့်ပေါင်းပြီး ..Blogger ပိုးလေး ၀င်၊ Blog တွေ ဖွဲ့ခဲ့တာ..။ ကွန်ပျူတာကို  Hardware  တွေ ၊ Software တွေ နားမလည်ပေမယ့် Online ၊ Web ၊ Blog တွေ ကို ပလိသီး ချောက်ချက် ကနေ….ဒုတ်ထိုးအိုးပေါက် ကိုင်လာခဲ့တာပါ…။

ဒီရောက်တော့ အထက် Senior သမားက မေးတဲ့ပုံကို လည်း ကြည့်ဦး ။ Zip ဖိုင် ချုံ့တတ်လားတဲ့ ..။ Mediafire သုံးတတ်လားတဲ့…။အဟက်……။ ဖြစ်သင့်ပါတယ်လေ လို့ အတွေးနဲ့ – “ဟုတ်ကဲ့ ၊ ကျနော် သုံးဖူးပါတယ်။ သုံးတတ်ပါတယ် ခင်ဗျာ ” ဆိုတာတောင် “သင်ပေးမယ် လာခဲ့ “..ဆိုကိုး။

နောက်တစ်ခုရှိတာ ပြောရရင်- ခင်ဗျားတို့ ကျနော်တို့ ကိုယ့်ကွန်ပျူတာလေးမှာကိုယ် သုံးပြီးရင်…ကိုယ့် Password လေးနဲ့ ကိုယ့် Data တွေကို ကိုယ်ထိန်းသိမ်းလေ့ရှိကြတယ်..။အခြား User ရှိတယ်ဆိုလဲ သူတို့အတွက် သီးခြား ထားပြီး ကိုယ့်အကောင့်ကို ကိုယ်တော့ သိမ်းခဲ့ကြတာချည်း များပါတယ်။ ဟုတ်တယ်ဟုတ်..။ ……..

အဲ့နေ့ကပေါ့ ….( အဲ….အဲ့ဒါ မပြောခင် …ကျနော် ဒီကို ရောက်တော့…ကွန်ပျူတာတွေက သူ့ဟာနဲ့ သူ။ သူ့လူနဲ့ သူ ပြည့်နေတာဗျ..။ စစချင်းတွေမှာ….သူတို့ ကိုင်လို့ ၀မှ…။ ဒါတောင် စောစောက ပြောသလို သီးခြားသုံးသူ တွေ -ကျနော်တို့တွေအတွက် ဖွင့်ပေးထားခဲ့မှ ကိုယ်တွေ သုံးရတယ်။ ဒါ အဲ့ ..စစရောက်ချင်းကို ပြောတာပါ…အခုတော့ ကိုယ့် စက်ရယ်လို့  သီးသန့်ကိုင်လို့ ရနေပါပြီ ) အဲ့တုန်းက …စက်ကလေး နှစ်လုံးအားတာတွေ့တော့….ကျနော်ရယ်….ကျနော်နဲ့ ကုတင်ချင်းကပ် သူငယ်ချင်းသစ် တစ်ယောက် ရယ် …ထိုင်လိုက်တယ်…။ စက်တွေက ပိတ်ထားရက်သားလေးတွေဆိုတော့….Personal Account နဲ့ Password တွေ ပဲ လုပ်မထားပါစေနဲ့ ပေါ့…။ ဘုရားတရင်း စက်ကို ဖွင့်ရတယ်..။ ကံကောင်းပါတယ်…နှစ်လုံးစလုံးမှာ All users နဲ့ သုံးလို့ရနေတော့…..ကျနော် တစ်လုံး ။သူတစ်လုံး ၀င်ထိုင်လိုက်ကြတယ်..။ အဲ့မှာ…ကျနော့စက်က ပုံမှန်.။ ဟိုတစ်ယောက် စက်မှာတော့….Desktop ပေါ်မှာ ဘာမှမရှိဘဲ ရှင်းရှင်းကြီးဖြစ်နေတာတွေ့ရတယ်..။ ဒီစက်ပိုင်ရှင်က ….သူ့အကောင့်ကလွဲပြီး ကျန်သုံးတဲ့သူတွေကို …Application တွေ ဖျောက်ထားခဲ့တယ်ပေါ့..။ နားလည်သလို ကြည့်ကျက်သုံးပြီး…ကျနော့အဖော်လည်း ထသွားရော…။ ကျနော်လည်း ဒီဘက်စက်မှာ ပုံမှန်သုံးနေရာကနေပြီး….ဒေါင်းထားတာလေးတွေရှိလို့…လစ်သွားတဲ့ သူ့စက်နေရာ ထိုင်လိုက်တယ်ဗျာ…။ ပြီးတော့ ဟိုကလိ ဒီကလိပေါ့..။ အဲ့မှာ စတာပါပဲ…။ စက်ပိုင်ရှင်ရောက်လာတယ်…။ ကျနော်က..ဩော် ရောက်လာတယ်လား …ဖယ်ပေးပါတယ်ပေါ့..။ ချက်ချင်း ဖယ်ပြီး ကိုယ့်နေရာ ကိုယ်ပြန်နေလိုက်တယ်ဗျာ…။ ကိုယ့်နေရာဆိုတာက သူ့ဘေးလေးတင်ရယ်..။ကိုယ့် လုပ်စရာ ရှိတာ ကိုယ်ဆက်လုပ်တာပေါ့ဗျာ..။ အထူးတစ်ထွေ အာရုံမထားမိပါဘူး ။

အဲ့မှာ စက်ရှင်..မိန်းကလေးလည်း ထိုင်တဲ့ပြီး…သူ့စက်ကို ကြည့်တယ်..။ ပြီးတော့ ထအော်တော့တာပဲ..။ သူ့ စက် Desktop မှာ သိမ်းထားတာတွေ ဘယ်ရောက်သွားလဲမသိဘူးတဲ့..။ ဘယ်လိုကလိသွားသလဲ ဆိုတဲ့အပြောမျိုးနဲ့. ..သူ့အနီး အနားက အဖော်မိန်းကလေးတွေကို လှမ်းအော်တာ ကြားလိုက်ရတယ်..။ ပြီးတော့…ကျနော့ကို တစ်ချက်ကြည့်တယ်..။ အဟက်…ဒါမထူးဆန်းပါဘူး….သူ့စိတ်ကြိုက်လေး သိမ်းထားတဲ့ဟာ…ကျနော်ထိုင်ကလိနေတာကို မြင်ပြီး မတွေ့ရတော့တဲ့နောက်….ကျနော့ကို အနည်းအကျဉ်းစိတ် ထွက်မှာ…သဘာဝကျပါတယ်….။ အဲ…..တစ်ခုထပ်ထွက်လာတဲ့ စကားကျတော့.ထူးသွားပြီ ။ ဟီးး .အစဦးဆုံးကြီး နည်းနည်း အောင့်သက်သက်ဖြစ်သွားတယ်..။ ပြီးတော့ တွေးရင်း ရယ်ချင်သွားတယ်။ သူပြောတယ်….သူ့အဖော်မိန်းကလေးကို  ..။ မကြားတကြား ပြောတယ် ပေါ့..။ ကိုယ့်စက်မဟုတ်ဘဲ ၊ နားလည်းမလည်ဘဲ…စက်တွေလျောက်ကိုင်သွားတယ်တဲ့ ..အဲ့လိုမျိုး…စကားပဲ..။သူ့အဖော်မိန်းကလေးလည်း ….သူ့စက်ကိုကြည့်ပြီး..Virus ကိုက်တာနေမယ် ဘာဖြစ်တယ် ညာဖြစ်တယ် နဲ့ ဟိုဟို ဒီဒီ လိုက်လုပ်ကြည့်ရှာပါတယ်…။

ကျနော်လည်း သူပြောတာ စိတ်ထဲ ထည့်မထားနေတော့ဘူး..အဲ့အချိန်က။ သူ့ဖိုင်လေးတွေ မတွေ့ရလို့ သူစိတ်ပူနေတာကိုပဲ သနားသွားတယ်.။  ”  ကိုယ့်စက်ကို ကိုယ် Restart ပြန်လုပ်ချင် လုပ် ။ ဒါမှမဟုတ် ကိုယ့်ကိုယ်ပိုင် User ကို  switch လိုက်ပါလားဗျာ ။ ကိုယ့် အကောင့်နဲ့ ကိုယ် ၀င်ကြည့် ကြည့်ပါ..။ ဒါ ကျနော်တို့ အပြင်အကောင့် All Users နဲ့ သုံးထားတာ…။  ” ဆိုတော့ မကျေမနပ်အကြည့်တစ်ချက်နဲ့ လုပ်ကြည့်တယ်..။ ကျနော်လည်း  ဘလော့တစ်ခု ဖတ်နေတဲ့အချိန်ဆိုတော့ ပြောသာ ပြောပြီး  သူ့ဆီ အာရုံမရောက်မိတော့ဘူး ..သူ့ဆီ။ တော်တော်ကြီးကြာတော့မှ …ဒီကောင်မလေးဘက်ကို သတိရပြီး…မေးကြည့်မိတယ်.။ ရပြီလား လို့…။ အဲ့လိုဆိုတော့….မလုံမလဲ မပွင့်တပွင့်နဲ့  သူက…ရပြီတဲ့..။ ရှက်ကိုး ရှက်ကန်းလေးနဲ့ ….အဟက်၊

ထားတော့..။

နောက်တစ်ခုကြုံလာနိုင်သေးတာ တစ်ခု ရှိသေးတယ်.။ အဲ့ဒါ ကျနော့ကို ဒီက အကြီးတစ်ယောက် ပေးထားတဲ့ Assignment   ..။ ဒီ Web Portal ရဲ့ အားနည်းချက် အားသာချက်. ရှာထားဖို့တဲ့ ..။ .ကျနော်တို့ မျက်ချည်မပြတ် ရှိနေဖို့..။ ကျနော် အဲ့ဒါကို တော့ ကြိုက်တယ်..။ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုမှာ ဘယ်ဟာ အားနည်းနေမယ် ဆိုတာကို တကုပ်ကုပ် ရှာပြီး ပြင်ဆင်လုပ်ကိုင် နေတာ ကောင်းတယ်..။ ဒီ Portal မှာလည်း ဘာတွေ အားနည်းနေသလဲ…။ ပြီးတော့ ဘာလေးတွေ ဖြည့်ပေးရင်ကောင်းမလဲ ..။ ဒါ ဒီမှာ လုပ်နေတဲ့ သူအားလုံး စိတ်ထဲမှာ ရှိနေရမယ့် အသိ၊ အလုပ်ဖြစ်ပါတယ်..။ ဒါကို ကျနော်လည်း ကြိုးစားကြည့်နေတယ်ဗျာ..။

ကျနော်တို့ Blog တစ်ခု ဖန်တီးသလို..။ Social Network တစ်ခု ဖန်တီးသလိုပေါ့..။ ကိုယ့် ဘလော့ ၊ ကိုယ့် နက်ခ်ဝေါ့ခ်လေး..အောင်မြင်ဖို့ ဘာတွေလုပ်ရမလဲ .။

Web Portal တစ်ခုဆိုတာ…သတင်း ၊နည်းပညာ ၊ Social Network ၊ Blog ဒါတွေနဲ့ ၀န်ဆောင်မှု ပေါင်းစပ်ထားတဲ့ ကွန်ရက်ဖြစ်ပါတယ်။ အဲ့အတွက် ကျနော်တို့ ဘာကို ကောင်းအောင် လုပ်ပြီး ဘာတွေထပ်ဖြည့်ရမလဲ…။ အမြဲစမ်းသပ် နေရမယ် ၊ ကြည့်နေရပါမယ်၊ အဲ..အဲ့ဒါကို ကျနော် စိတ်ဝင်စားတယ်..။ ဒီမှာ ရှိတဲ့ လူငယ်တွေ ….24 hour သတင်းတွေ စောင့်ကြည့်လို့…နည်းပညာတွေ ရှာဖွေလို့..၊ တအုံးအုံး ကြိုးစားကြရင်…မှန်းသလောက်တောင်မကြာဘူးလို့…ကျနော်ထင်တယ်။ ဒါတွေ ထားဦး …..အခုလက်ရှိရဲ့ အားသာ ချက်ကလေး ၊ အားနည်းချက်ကလေးတွေ ဘာရှိလဲ ရှာဦး မယ် ပြောဦးမယ် စဉ်းစားတော့….တစ်ဘက်မှာ ..စောနက အဖြစ်တွေမျိုးကို … ပြန်တွေးမိတယ်..။ခုလည်း ဒီအတိုင်းပါပဲ..။ ကိုယ်နားလည်မိတာလေးတွေ ရှိမယ် ဆိုပြန်တော့ – ရှေ့ပို့စ်မှာ ကျနော်ပြောသလို ..ဟိုစပ်စပ် ဒီစပ်စပ် တတ်ရောင်ကား လုပ်ထားတဲ့ အတိုင်း …အခု ကျနော် ..တတ်သရောင်ရောင်နဲ့ …..ကား နေမယ် ။

ငါ ..အ-ကလေးတစ်ယောက်လို….ဘာမှမသိတဲ့အဖြစ်လေးနဲ့ ရှိနေခဲ့ရင် ကောင်းမယ်လို့..တွေးမိလာပါတယ် ။

စောင်းဆရာကြီး စောင်းသင်တပည့်နှစ်ယောက် ကို လက်ခံတဲ့ ပုံ မတူသလိုမျိုးပေါ့။ နည်းနည်းတတ်တယ် ဆိုတဲ့ ကောင်က သင်ကြားခ ပိုက်ဆံပိုပေးရတယ်ဆိုတာ။ ပြေးသတိရမိတယ်….။ ငါ ..ဒီနေရာကို ငါနဲ့မတန်ဘူး လို့ ထင်နေတာလား ..။ မဟုတ်သေးဘူး ..။ ဒီနေရာကို ရောက်ရှိလာဖို့ ကျနော့ကို ဘယ်သူမှ ရိုက်လွှတ်လိုက်တာ မဟုတ်ပါဘူး ။ ကိုယ့်ဘာသာကိုယ် ရွေးချယ်လာခဲ့တာ ။ Moral , Ethics ပိုင်းက ကြည့်ရင်….ပြီးခဲ့တဲ့ အချိန်က ရှိခဲ့တဲ့ ကျနော့ရဲ့ အကြောင်းအရာတွေနဲ့.( မိုက်ပြစ်တွေနဲ့ )..ဒီနေရာကို ကျနော် ရောက်လာခဲ့တာ တန်ပါတယ်။  ဒါကို ငါ – ဘာေ-ာက်တလွဲ မာနတွေ တက်နေတာလဲလို့..ပြန်မေးမိတယ်…။ ဒီလိုနဲ့ပဲ ဒီအတွေးတွေနဲ့ ပဲ …ဒီက ညီအကို မောင်နှမတွေနဲ့ ကျနော် ….လူချင်းနီးပြီး စိတ်ချင်း ဝေးနေခဲ့ပါတယ်..။ မကြာခင် ရက်ပိုင်းမှာ….ပြန်ရမှာပါ…။ ဒါပေမယ့် ဒီက ညီအကိုမောင်နှမတွေကို. စကားတစ်ခွန်းမှ မဆိုပေမယ့်  ကျနော် ခင်မင်နေမိတယ် ။

သူတို့လေးတွေ မှာ ပုံမှန်လည်ပတ်နေတဲ့ မာန်တွေရှိတယ် ။ မာနလေးတွေရှိတယ် ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလေးတွေ ရှိတယ် ။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုလေးတွေ ရှိတယ် ။ ရေသာခိုမှု ရှိတယ် ။ကြိုးစားအားထုတ်မှု ရှိတယ် ။ သူတို့ကြားမှာ ရယ်သံတွေ ရှိတယ် ။မလိုတမာ သံတွေ ရှိတယ်။ ဒါပေမယ့် အားလုံးမှာ မျော်လင့်ချက် ကိုယ်စီ ရှိတယ်..။ အားလုံးက သာမာန်  ဘာမှ မထူးခြားတဲ့ ၊ ရိုးစင်း နေတဲ့…ပုံအရိုင်းလေးတွေ ချည်းပါပဲ..။ ကျနော် သာ……………………..

………………………………………………………………………………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: