Why?

ညက ကျနော် စာမဖတ်ဖြစ်ပါ။

အဆောင် ၀ရန်တာမှ ညကောင်းကင်အလှကို ငေးကြည့်နေမိခဲ့သည်။ ကောင်းကင်၏ မည်းမှောင်နေသော ကတ္တီပါသား ကြားမှ စိန်ပွင့်ကလေးများ တစ်လက်လက် ဖြစ်နေသည်မှာ တစ်မျိုးသောအားဖြင့် ချစ်စရာကောင်းလှသည် ထင်သည်။ အဖော်မဲ့သော ကျနော့အတွက် ဤ အလှတရားကို ဝေမျှ စရာ တစ်ဦးတစ်ယောက်မျှမရှိ။ ၀မ်းနည်းစရာ မဟုတ်သော်လည်း ဤအတွေးကြောင့် မည်သူမှန်းမသိသော တစ်ဦးတစ်ယောက်ကို အားနာမိသွားသည်။

အဲ့သည် ည က – ဂစ်တာမတီးတတ်သော ကျနော့အတွက် ဂစ်တာတစ်လက်တော့- ကျနော့ဘေးနားမှာ ရှိပါသည်။  သူ့နေရာတွင် သူ တစ်ကိုယ်တည်း ရပ်နေသည်။ ၎င်းဂီတာလေး သည် ကျနော့အတွက် အဖော်အဖြစ် ရှိနေလျင် ဘယ်လောက်များ ကောင်းလိုက်မည်နည်း ။ သို့ဖြင့် သူ့ကို ကျနော် အမြတ်တနိုး လှမ်းယူ ပွေ့ဖက်လိုက်မိသည်။  အသံစမ်းလိုက်သည်။ -ပုံမှန်လက်ခတ်သံ ဖြင့် ..Chord တွေလိုက်ခတ်ကြည့်သည်။ ..တေးသွားတစ်ပုဒ် ညည်းဆိုမိသည်။ အာရုံတွင်း၌ တေးသွားနှင့် သံစဉ်ကို သာ နှစ်ထားမိချင်သည်။ လက်တွေ့မှာ ထိုသို့မဟုတ်…။ ကြယ်တာရာအလှတို့၏ အကူအညီ ခေါ်ယူမည် ဆိုပြီး မျော်လင့်တကြီး မော့ကြည့်လိုက်မိသည်။ ကြယ်ပေါင်းများစွာ၏ နွေးထွေးမှုကို မြင်ရပြီးနောက်တော့ ….ကောင်းကင်ကတ္တီပါ ကြားက စိန်တစ်ပွင့် ဖြုတ်ကနဲ ကြွေသွားသည်ကို မြင်လိုက်ရသည်။

?????……………..

အခိုက်အတန့်လော……..တိုက်ဆိုင်မှုလော ….အကြောင်းကြောင့်လော………..

မဆီမဆိုင် – ငါ့ကြောင့် ဟူသော အတွေးမိပြီးနောက် …………..။

……………………………………………………………

လူတို့ မကြာခဏမေးလေ့ရှိသော မေးခွန်းရှိပါသည်။ ဘာကြောင့် -ဟူသော အမေးပင်ဖြစ်သည်။

ငယ်စဉ်က ကျောင်းနောက်ကျလျင် ဆရာမက မေးသည် ။ ဘာကြောင့် ကျောင်းနောက်ကျပါသလဲ ။………..မှန်ရာကို ဆိုမိသည့်အခါ ရှိသလို ထိုအမေးကြောင့်ပင် လိမ်မိသည်လည်း ရှိသည်။

လူပျိုဖော်ဝင်လာတော့ ကိုယ့်ဘ၀ကိုယ့်အကြောင်းသိချင်လာသည်။ ငါ ဘာကြောင့် ဒီဘ၀ကို ရောက်နေရပါသလဲ ။ ……….အမှန်ဆိုသည်ကို  လိုက်ဖမ်းကြည့်သော်လည်း အမှားများသာ ဆုပ်ကိုင်ထားမိသည်။

ချစ်သူရယ်လို့ ရှိခဲ့သော အခါတွင်လည်း ၎င်းက မေးသည်။ ငါ့ကို ဘာလို့  ချစ်တာလဲ။ …………..No Reason !! အမှန်က ထိုသို့သာ ပြောလိုက်ချင်ခဲ့ပါသည်။သို့သော် မပြောဖြစ်ခဲ့။

လုပ်ငန်းခွင် ၀င်သော အခါ တွင်လည်း အလုပ်ရှင်က မေးသည်။ ဘာလို့ ဒီအလုပ်လာလုပ်ပါသလဲ။ …………..မသိသားဆိုးဝါးစွာ ဖြေရလျင် စားဖို့သောက်ဖို့ ကြီးပွားဖို့..ဒါပဲဖြစ်သည် ။ သို့သော်..အလုပ်ကိုစိတ်ဝင်စားခြင်း၊ ၀ါသနာပါခြင်း ၊တိုးတက်စေလိုခြင်း စသည် ဖြီးဖြန်းခဲ့ရဖူးသည်။ မေးသူ ၎င်းကိုယ်တိုင်လည်း နားလည်ပါလိမ့်မည်။

ယခုတော့ ယင်းအရာတို့နှင့် မသက်ဆိုင်ပါ။ အသန့်ရှင်းဆုံး အကြောင်းအရာလေးတစ်ခုကို သိချင်ပါသည်။

ကျနော် ဂစ်တာတီးမိသည်။ သီချင်းတစ်ပုဒ်ညည်းမိသည်။ ကြယ်လေးတစ်ပွင့်ကြွေကျသွားသည်။ ဘာကြောင့်ပါနည်း။

လူတို့သည် အဘယ်ကြောင့် အကြောင်းတရားကို သိချင်ကြပါသနည်း ။

ဂစ်တာကို ပိုက်လျက် တောင်တော် အီအီ တွေးရင်း – ဖတ်ခဲ့ ဖူးသည် တစ်ခုကို သတိရမိသည်။ နစ်ရှေး၏ စကားဖြစ်သည်။

လူတို့သည် ကိစ္စတစ်ခု၏ အကြောင်းရင်းကို ကိုယ့်အကျိုးရှိသည်ဖြစ်စေ ၊မရှိသည်ဖြစ်စေ – သိလိုက်ရသည်တွင်မှ စားဝင်အိပ်ပျော်-ကျေနပ်မှုရကြသည် ဟူ၏။

Why? ဘာကြောင့်နည်း ဆိုသည် အတွက် ကျနော် မသိချင်တော့ပါ။ လောက၏ ကိစ္စရပ်တိုင်းတွင် အကြောင်းတရားများ ကိုယ်စီ ရှိကြမည်သာ ဖြစ်သည်။ ဘာရှိနေသည်ကို လိုက်ကြည့်ခြင်းထက် ..ယင်း ဘာ ဆိုသည့်အရာတစ်ခုခု -ရှိနေကြောင်းမျှသာ လက်ခံခြင်းက မိမိတို့ ဘ၀အတွက် လုံလောက်မည်ဟု ထင်ပါသည်။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: