ဖော်မဲ့ အက်ဆေး

မျက်ခွံတစ်ခုလုံး လေးလံနေသည်။ တိတ်ဆိတ်နေသည့် အသံမှလွဲ၍ ဘာမှ မကြားရသောကြောင့် မိုးလင်းဦးမည် မဟုတ်ကြောင်းတော့ အသိဝင်လာပါသည်။ ညဥ့်ဦးကတည်းက အိပ်ပျော်သွားခဲ့သည် ဖြစ်၍ အခုဆိုလျင် သန်းခေါင်တိုင်တော့ ရောက်နေလိမ့်မည်။  နာရီထကြည့်ချင်သော်လည်း မျက်လုံးက ဖွင့်မရသောကြောင့် စိတ်ပျက် လက်ပျက်နှင့် ဆက်မှိန်းနေလိုက်သည်။

ရုတ်တရက် –      ချွတ်နင်းသံတစ်ချက်  ကြားလိုက်ရသည်။ ကျနော့ မှတ်ဥာဏ်သာ ကောင်းသေးသည် ဆိုလျင်  ဤအခန်းကို ကျနော်မအိပ်ခင် ကတည်းက ဂျက်ချထားခဲ့ပါသည်။ ကျနော်မှ လွဲ၍ ဘယ်သူမှမရှိ။ တစ်ဦးတစ်ယောက်တည်း နေရသည်ကို ကြိုက်သောကြောင့် ဤ အခန်းကို မောင်ပိုင်စီးထားခဲ့သည် ဖြစ်သောကြောင့်လည်း တစ်စုံတစ်ဦးမှ ဒီအခန်းထဲ ၀င်လာစရာ အကြောင်းမရှိ။ သို့နှင့် တစ်ချက် နားပြန်စွင့်ကြည့်လိုက်သည်။ တိတ်ဆိတ်သော အသံမှ လွဲ၍ ဘာမှ မကြားရ။ စိတ်ထင်၍ ဖြစ်မည်။

အာရုံက-ဟိုး ပြီးခဲ့သည့်နေ့.တစ်နေ့က ..ညနေခင်းဆီသို့ ရောက်သွားသည်။ အဲ့တုန်းက ကျနော် အခန်းကျယ်တစ်ခုအတွင်းမှာ ထိုင်နေသည်။ ကျနော်နှင့်အတူ ထိုင်နေသော သူများလည်း ရှိသည်။ အားလုံးရဲ့ မျက်နှာမှာ တစ်ခုခုကို စိုးရွံ့ထိတ်လန့်နေသလိုမျိုး ..။ ကျနော်ပါ ထိုကဲ့သို့  ရှိနေလား ကိုယ့်ကိုယ်ကိုယ်တော့ မသိ။ ငြိမ်သက်စွာ ထိုင်နေတုန်း ယူနီဖောင်းဝတ် လူလေးယောက်ရောက်လာသည်။ သူတို့လမ်းလျောက်လာပုံက လမ်းလျောက်လာသည်နှင့်မတူ..။ ခြေထောက်တွေ မရွေ့ပဲ အလိုလို ရွေ့လျား လာ သလိုမျိုးကြီး။ တအံ့တဩတော့ မဖြစ်မိပါ ။ကိုယ် စိတ်ထင်၍ ပဲ ဖြစ်မည်။

အခန်းအလယ်မှာ စားပွဲတစ်လုံးရှိသည်။ နေအလင်းရောင်မပျောက်သေးသော်လည်း ၎င်းအလယ်တည့်တည့် အပေါ်မျက်နှာကြက်တွင် ဖန်ချောင်းဖြူဖြူ ထွန်းထားသည်။ ထိုလေးယောက်အနက် နှစ်ယောက်က ယင်းနေရာရှိ ထိုင်ခုံနှစ်လုံးတွင် ထိုင်လိုက်သည်။ ယင်းတို့က အရာရှိတွေဖြစ်မည် ထင်သည်။ ကျန်နှစ်ယောက်က ကျနော့်ဘေး သုံးယောက်ကျော်လောက်က လူတစ်ယောက်ကို လာခေါ်သည်။ ထိုလူက ကုတ်ကုတ်ကလေးနှင့် လိုက်သွားပြီး အရာရှိနှစ်ယောက်ရှေ့တွင် မတ်တပ်ရပ်လျက်–။

အရာရှိတစ်ယောက်က သူ့ကို လှမ်းမေးသည်။ ” မင်းနာမည် ?”

“စိုးနိုင်ပါ ဆရာ”

ကျန်တစ်ယောက်က စာရွက်ထဲတွင် ရေးခြစ်လိုက်သည်။ သို့သော် တော်တော်နှင့် မပြီး ။ ဒီနာမည်လေး နှစ်လုံးကို ရေးနေတာမှ ဟုတ်ပါလေစ။ တော်တော်ကြာကြာနှင့် ငြိမ်သက်နေသောကြောင့် မတ်တတ်ရပ်လျက် လူက ပင်  စကားဆက်ဆိုသည်။

“ကျနော့်အကိုတစ်ယောက်က *^*&^*& ပါ ..။ သူ အခုလောလောဆယ်တော့ ဒီမှာ မရှိသေးဘူး ခင်ဗျ။ သူသိပါတယ် ကျနော် ရိုးရိုးသားသားပါ ဆရာ။ ဘာမှမလုပ်ခဲ့ပါဘူး ။ ကျနော်..”

အရာရှိနှစ်ယောက်က မော်၍ ပင် မကြည့်ပါ..။ တစ်ယောက်က မပြီးနိုင်သေးသော နာမည်နှစ်လုံးကို ရေးလျက်။ ကျန်တစ်ယောက်က စာရွက်ပိုင်းတွေကို လှန်လှောလျက်။

” ကျနော် ………………………………………………………………………………………….” ဆက်မပြောလိုက်ရပါ ..။ ဖြောင်းကနဲ အသံနှင့် ဆွဲခေါ်သွားသံကိုတော့ ကျနော်ကြားလိုက်မိသည်။ အဲ့အချိန်က ကျနော် နည်းနည်း အိပ်ငိုက်နေပါသည်။မည်မျှကြာအောင် ငိုက်မျဉ်းမိသည်မသိလိုက် ။ ကျနော့ပခုံးပေါ်သို့ ခပ်ကြမ်းကြမ်း အထိအတွေ့ ရောက်လာသော အခါမှ အသိဝင်လာမိသည်။

“ဟေ့ကောင် ..။ ထ..”

ငါဘယ်နေရာကို ရောက်နေပါသလဲ။ – သိပ်မကြာသောအချိန်အတွင်း အာရုံကို ပြန်စုစည်းလိုက်နိုင်သည်။ စိတ်လှုပ်ရှားမှုတော့ သိပ်မရှိ။ ဘာအာရုံနောက်စရာရှိသနည်း ။ အရာရှိနှစ်ယောက်ရှေ့ကို လျောက်သွားလိုက်သည်။

“မင်းနာမည် – ဇေယျ -နော် ”

“ဟုတ်”

“မင်းအဆောင်ခန်းထဲမှာ သေတ္တာ ဘယ်နှစ်လုံးထားလဲ ”

“တစ်လုံးမှ မရှိဘူးဗျ”

တကယ်လဲ သေတ္တာ ဟူ၍ ကျနော့အခန်းတွင် တစ်လုံးမှ မရှိပါ။ ကျနော့အခန်းထဲမှာ အိပ်ရာခင်းတစ်ခု၊ စောင်တစ်ထည် ၊ဖက်လုံးတစ်ခု၊ ခေါင်းအုံးတစ်လုံး ၊ အ၀တ်အိပ်တစ်လုံးနှင့် အတွင်းတွင် အ၀တ် လေး၊ငါးစုံ၊။ ယင်းတို့မှ လွဲ၍ ကျန်ရှိသည်တို့မှာ  စာအုပ်များသာ ဖြစ်သည်။ အသေးစိတ် ထပ်ဖြည့်၍ ပြောရလျင် – ဆေးလိပ်ခွက်တစ်ခု၊ ဆေးတံတစ်ချောင်း၊ ဆေးဗူးနှစ်ဗူး ( တစ်ဗူးက ကုန်နေပါသည် )၊မီးခြစ်လေးလုံး ၊ဖယောင်းတိုင်တို နှစ်တိုင်၊ စီးကရက်ဗူးခွံ ငါးခု၊ စီးကရက် ဆယ်လိပ်ကျော်ကျန်သေးသော Red Ruby တစ်ဗူး၊အရှေ့အဆောင်မှ ငှားထားသော အင်္ကျီချိတ် နှစ်ချောင်း ၊ ပိုက်ဆံအကြွေအနည်းငယ်ပါသော ပိုက်ဆံအိတ်တစ်အိတ် ၊ ဖိနပ်တစ်ရံ၊ လုံးကြေနေသော စက္ကူစများနှင့် ဖုန်များသာရှိသည်။ ထိုလူပြောသော သေတ္တာနှင့် တူသည် ဆို၍ ဘာတစ်ခုမှ မရှိ။

သို့သော် ထိုလူက ဆက်ပြောသည်။

” မင်း – သူရိန်ဆိုတဲ့သူကို သိလား ”

သူရိန်ဆိုတာ မြန်မာလို နေမင်းကို ခေါ်တာဖြစ်မည်။ ကိုနေမင်းကိုတော့ ကျနော် သိပါသည်။ ကျနော် ငယ်စဉ်ကတည်းက ကျနော်ဆိုးသမျှ ဒိုင်ခံဖြေရှင်းပေးတတ်သော အကိုတစ်ယောက် ။ သို့သော်အခု သူ လူ့ပြည်တွင် ရှိမနေတော့ပါ.။ တနေရာရာသို့ အလည်အပတ်သွားနေသည်တော့ သေချာသည်။ နောက်- ကိုညီနေမင်းကိုလည်း သိသည်။ သူက တော့ အွန်လိုင်းပေါ်မှာ ကွန်ပျူတာနည်းပညာပိုင်းဘလော့ရေးသောသူတစ်ယောက် ။ နာမည်ရှိပြီးသားသူ ။ နောက်- နေမင်းနှင့် သက်ဆိုင်သော နာမည်တော်တော်များများကို ကျနော်သိပါသည်။ နေမင်းအောင်၊ နေမင်းထွန်း ၊ ကျော်နေမင်း စသည် ။ သူရိန်ဆိုသည့် နာမည်အတိုင်းကြီးတော့…ကျနော့အသိထဲတွင် မရှိ။

” မသိဘူး ဗျ ”

“မင်း အခန်းထဲက မင်း သေတ္တာထဲမှာ -လူပျောက်တိုင်စာရင်းထဲက သူရိန်ဆိုတဲ့ လူရဲ့ အလောင်းကို ငါတို့တွေ့ထားတယ် ။ မင်းဘာပြောချင်သေးလဲ ”

အံ့ဩစရာလား ရယ်စရာလား မခွဲခြားတတ်တော့ သောကြောင့် ယင်းအခိုက်အတန့်တွင် ကျနော် နည်းနည်း မအီမသာ ဖြစ်သွားသည်။ သေတ္တာတစ်လုံးမှ မရှိသော ကျနော့အခန်းထဲတွင်  ကျနော်တစ်ခါမှ မပိုင်ဆိုင်သော ကျနော့ သေတ္တာအကြောင်းနှင့် ကျနော်မသိသော သူတစ်ယောက်အကြောင်းကို ပြောနေခြင်းသည် ထိုသူ ရူးနေသောကြောင့်ပင်ဖြစ်မည်။ ပြောချင်းပြောလျင် ..မင်းအိပ်ရာပေါ်မှာ သူရိန်ဆိုတဲ့သူကို တွေ့တယ် ဟု ပြောပါက ကျနော် လက်ခံနိုင်ပါသည်။ အလွန်အကျွံသောက်မိသော တစ်ခါတစ်ရံညများတွင် တစ်စုံတစ်ယောက်ကို ကျနော် အဖော်အဖြစ် ခေါ်ကောင်းခေါ်မိခဲ့မည် ။ သို့သော် သေတ္တာအတွင်းတွင် ဆိုသည်ကတော့ လုံးဝ ရယ်စရာကောင်းပါသည်။ မဖြစ်နိုင်။

“မဖြစ်နိုင်ဘူးဗျ….။ ကျနော် …………………………………………..”

…………………………………………………

ချွတ်နင်းသံ ပြန်ကြားလာရပြန်သည် ။အတိတ်သို့ လွှင့်ထားသော အာရုံများ -ပစ္စက္ခအနေအထားဆီသို့ ပြန်လည် စုစည်းလိုက်သည်။ ဒီတစ်ခါ ပီပီသသ ကြားရသောကြောင့် စိတ်က ပိုပြီး စူးစိုက်မှုရှိသည်။ ကျနော် ထမှ ဖြစ်တော့မည်။ မျက်လုံးကို စုံဖွင့်လိုက်တော့ မှောင်မည်းနေလျက်သားပင် ဖြစ်သည်။ မျက်လုံးမှိတ်ထားသည်နှင့် ဘာမှ မထူးခြား ။မီးခြစ်လိုက်စမ်းလိုက်သည်။ ထားနေကျနေရာတွင် ဘာမှမရှိ။ ယင်းအစား အချို့တွင် ကျနော်မသိသော အရာဝတ္ထုများကို စမ်းမိသည်။ ဘာတွေလဲ ……….။တစ်စုံတစ်ခုတော့ မှားယွင်းနေပါသည်။

ဖတ်ဖူးသော Psycho စာအုပ်တော်တော်များများထဲက Mental – Distortion ဖြစ်ခြင်းဆိုတာ -။ ကျနော့အာရုံတွေအပေါ် ကျနော်ယုံကြည်တာတော့ ပုံမှန်ဟုသာ ထင်ပါသည်။ သို့သော် အကိုတစ်ယောက်က ပြောခဲ့ဖူးသည်။ မင်းဆေးလိပ်တွေသောက်တာများနေပြီတဲ့။ ဆေးလိပ်သောက်ခြင်းနှင့် စိတ်ကျန်းမာရေး သက်ဆိုင်ပုံအကြောင်း အကျယ်တ၀င့်ရေးထားသည်များ ဖတ်ခဲ့ရဖူးသည်။ သို့သော် ၎င်းတို့ရေးထားသည်နှင့် ကျနော် – မည်ကဲ့သို့ သက်ဆိုင်ပါသနည်း ။ ထားပါစို့။

ကျနော့အတွေးကို ကျနော် စတင်၍ သံသယ ၀င်လာမိပြီ။ အခု နိုးနိုးချင်းတွေးသမျှတွင် ပထမဆုံးဖြစ်ပါမည်။  ပြန်လည် တွေးမိသည်က  – ညက ဘယ်လို ဘယ်ပုံစံနှင့် ငါပြန်လာခဲ့ပါသလဲ။ ငါ ဘာတွေဖြစ်ခဲ့သလဲ ။ ငါ- ငါ့အခန်းထဲ ငါပြန်ရောက်လာတာကော ဟုတ်ပါလေစ။

ချွတ်နင်းသံ ကြားရပြန်ပါသည်။ ဒီတစ်ကြိမ်တွင်တော့ ကျနော် နည်းနည်း ချွေးပြန်စပြုနေပြီဖြစ်သည်။ ဒါ ဘယ်နေရာလဲ ။ဘာမှမမြင်ရသောကြောင့် ဘာမှန်းမသိပါ။ အန္တရာယ်ဟူသော စကားလုံးကို ခံစားချက်ထည့်၍ နားထောင်ကြည့်သောအခါ လူတစ်ယောက်အမူအရာ မည်သို့ ဖြစ်သွားမည်နည်း ။ အရင်က ကျနော်သိချင်ခဲ့ဖူးသည်။ ဆန္ဒပြည့်ဝပါပြီ။ တစ်ခုခုတော့ ……………..။

လူတစ်ယောက်၏ ဘ၀တွင် ဘာအရေးကြီးဆုံးနည်းဟု မေးခဲ့သမျှတွင် ဤအချိန်သည် ဖြေစရာအကောင်းဆုံးအချိန်ဖြစ်မည်။ လူသားတိုင်း လူသားတိုင်း၏ နောက်ဆုံးအန္တိမ ပန်းတိုင်ကား သေခြင်းသာ ဖြစ်ပါသည်။ အခု လောလောလတ်လတ် -ကျနော့ကို လာမေးလျင် ထိုသို့ပင် ရဲရဲဝံ့ဝံ့ ဖြေဖြစ်လိမ့်မည်။ လူတို့အတွက် အရေးကြီးဆုံးသော သိမှတ်ရန် ၊ ရှုကြည့်ရန်၊ ဆင်ခြင်ရန် အကြောင်းအရာကား သေခြင်းတရားသာဖြစ်ပါသည်ဟု……။

ထိုခဏတွင်ပင် တရားခွင်ရုံနှင့် တရားသူကြီးမျက်နှာ သည် လည်း ကောင်း ၊ ၎င်း၏ အောင်မြင်ခံညားသော ခပ်ညှက်ညှက်အသံဖြင့် သေဒဏ်ကျစေ ဟူသော စကားလုံးအသံကိုလည်းကောင်း ကျနော် ပြန်အမှတ်ရလာမိသည်။ ကျနော်၏ ငြင်းဆိုချက်များ ၊ အယူခံများ ၊ထို့နောက် ကျနော့အခန်းအတွင်းက ၀ါကျင့်ကျင့် စာအုပ်များနှင့် ဖုန်များ ..။

ကျနော့်၏ နောက်ဆုံးအသိတွင် ကျနော်လက်ခံယုံကြည်သော ဘာသာတရားများ၊ အသိသညာများ၊ ချစ်ခင်မှုများ ၊မုန်းတီးမှုများ ၊မလိုတမာ ဣဿာမစ ၦရိယ စိတ္မ်ား ၊သခ်ာၤပညာမ်ား ၊ကြန္ပ်ဴတာပညာမ်ား ၊ စာအုပ်များသည် သေခြင်းဆီသို့သာ ညွှန်ပြလျက်ရှိနေကြကြောင်း အပြတ်သားဆုံးမြင်လိုက်ရမိသည်။ အခုအခိုက်အတန့်လေးတွင်ပင် စိတ်ကူးမိသည်က –ရှေ့တွင် အချိန်အနည်းငယ် လောက်သာ ရမည်ဆိုပါက ကျနော်လေ့လာချင်သည့်  တစ်ခုတည်းသော ဘာသာရပ်သည် သေခြင်းတရားသာ ဖြစ်မည်။ သေခြင်းအကြောင်းကို စေ့စေ့ငှငှ စူးစမ်းမည်။ လေ့လာကြည့်မည်။ အသက်ရှူနေရခြင်းနှင့် အသက်ရှူရပ်သွားရခြင်း ၊အသိစိတ်ရှိခြင်းနှင့် အသိစိတ်မဲ့သွားရခြင်း ။ခံစားနေရခြင်းနှင့် ခံစားမှု မဲ့သွားရခြင်း အကြောင်းများ ။ကျနော် ဆက်လက်လေ့လာကြည့်ချင်ပါသေးသည်။ သို့သော်….

ချွတ်နင်းသံကြားလာရပြန်သည်။ ဤတစ်ကြိမ်တွင်မူ ပထမအကြိမ်များကထက် ကျနော့ထံ တဖြေးဖြေးနီးကပ်လာနေပေပြီ ။ ထိုခဏ၌…………………………..။

……………………………………………….

(အနောက်တိုင်း Exist: ၀ါဒအကြောင်းများ စဉ်းစားရင်း စိတ်ကူးမိသည်ကို ရေးထားခြင်းမျှ ဖြစ်ပါသည်။ )

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: