မခင်နှင်းဆီ နှင့် စီးကရက်

မခင်နှင်းဆီကို ကျနော်မသိပါ။ သူသည် တစ်ချိန်က လူလည်းဖြစ်နိုင်သည်။ ၀တ္ထုတစ်ပုဒ်၏ ခေါင်းစဉ်လည်း ဖြစ်နိုင်သည်။ စွဲလမ်းမှုတစ်ခု လည်း ဖြစ်နိုင်သည်။ ပသို့ပင်ဖြစ်စေ ကျနော်တို့ စိတ်အစဉ်တွင် စွဲမြဲစွာသိထားသည်ကား သူသည်ပင်လျင် မခင်နှင်းဆီ ဖြစ်သည်။

စီးကရက်ကို ကျနော်ကြိုက်ပါသည်။ တစ်ချို့က (သို့) အားလုံးနီးပါးက စီးကရက်မကောင်းကြောင်း ပြောကြသည်။ ဆေးလိပ်သောက်ခြင်းသည် ဘာကိုထိခိုက်နိုင်ပါသည်ဆိုလဲ။ တစ်စုံတစ်ဦးကပြောတော့ ၀ိုင်းဘေးတီးကြသည်။ ဤသို့ဖြင့် ကျနော့ချစ်သူသည် သူတပါး၏ အပြောအဆိုခံလျက် ကျနော့နှုတ်ခမ်းဖျားတွင် တင့်တယ်စွာ ခိုကပ်နေရရှာသည်။

မခင်နှင်းဆီသည် စီးကရက်ကို မသိပါ။ သိချင်မှ သိပါမည်။ သူစီးကရက်သောက်တတ်လား ၊မသောက်တတ်လား ကျနော်စိတ်မ၀င်စားပါ။ သို့သော် မခင်နှင်းဆီနှင့် စီးကရက်သည် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျုံးဝင်နိုင် သည် ထင်သည်။ မခင်နှင်းဆီ စီးကရက်မသောက်တတ်လျင် သောက်တတ်အောင် သင်ပေးမည်ဟု စဉ်းစားထားသည်။

စီးကရက်တစ်လိပ် ဖွာရှိုက်လိုက်ပြီးသည့်နောက် မဆီမဆိုင် မခင်နှင်းဆီကို သတိရသည်။ တစ်ချိန်က မခင်နှင်းဆီ သည် စာအုပ်ထဲတွင် ရှိသည်။ သီချင်းတွင်ရှိသည်။ ကျနော်မသိသောတစ်နေရာတွင် အရိုးပြာအဖြစ် တည်ရှိမည်။ လွှမ်းမိုးက မခင်နှင်းဆီကို တမ်းတဖူးသလို ကျနော်ဖွာရှိုက်လိုက်သော စီးကရက် အငွေ့လေးများ ကြားတွင် မခင်နှင်းဆီ တစ်ယောက် စီးမျောသွားဖူးမည်။ ( သို့မဟုတ် ယင်းသို့ ကျနော်တွေးလိုက်မိသည် ) ကျနော် သိလိုက်သလိုလို မသိလိုက် သလိုလို ရှိနေသည်က ဤအာရုံများအတွင်းတွင် မခင်နှင်းဆီသည် စီးကရက်များနှင့် ရောနှော၍ ပြာဖြစ်မသွားခြင်း ဖြစ်သည်။ ဤသည်ကိုပဲ ကျေးဇူးတင်လှပြီ။

ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းက မခင်နှင်းဆီနှင့် ကျနော် စကားပြောနေတုန်း စီးကရက်တစ်လိပ် ရောက်လာသည်။ ရင်းနှီးပုံမရသော သူတို့နှစ်ဦးကို မိတ်ဆက်ပေးဖို့ ကျနော် ကြိုးစားခဲ့သည်။ ထူးခြားသည်က မခင်နှင်းဆီသည် စီးကရက် သောက်ခြင်း မသောက်ခြင်းအပေါ် အာရုံမထားခြင်း ဖြစ်သည်။ အတန်ကြာ စကားပြော ပြီးသည့် နောက်တော့ မီးခြွေ ထားပြီးသော စီးကရက်တစ်လိပ်လို မခင်နှင်းဆီလည်း ပြာခွက်ထဲရောက်သွားပါသည်။ သူ့ကိုလည်း ကျနော် အာရုံ မထားတော့။

ကျနော်ဖတ်လက်စ စာအုပ်ကို ပိတ်ပြီး တွေးလိုက်သောခဏတွင် ငွေ့ငွေ့ကျန်နေသေးသော စီးကရက်တိုလေးက ပြုံးပြရှာသည်။ မခင်နှင်းဆီနှင့် ကျနော့ကို နားလည်ပုံရသည်။ သူကိုယ်တိုင်လည်း မခင်နှင်းဆီနှင့် တွဲဖက် ခဲ့ဖူးကြောင်း တစ်ချိန်တုန်းက မခင်နှင်းဆီ သီချင်းကို သူဆိုပြသည်။ သူ၏ ရာဇ၀င်တွင် ဒေါက်တာ သန်းထွန်း၏ ဖူကူအိုကသွား မှတ်တမ်း ပါသည်။ မြသန်းတင့်၏ လမင်းကို ထရံပေါက်မှချောင်းကြည့်ခြင်း ပါသည်။ ကိုတာ၏ တွေးသူများ ပါသည်။ ပါရဂူ၏ စိတ္တရလေခါ လည်း ပါလိုက်သေးသည်။

စီးကရက်လေးများ တန်းစီ၍ ဤမှတ်တိုင်များကို ဖြတ်သန်း၊ခရီးဆက်ကြရာတွင် နောက်ဆုံးပန်းတိုင်သည် မခင်နှင်းဆီ ဆီသို့ ဖြစ်ပါသည်။ သို့သော် မခင်နှင်းဆီသည် စီးကရက်ကို မသိပေ။ သောက်လည်း မသောက်တတ်ပေ။ စီးကရက် သောက်ခြင်း မသောက်ခြင်းသည် မခင်နှင်းဆီနှင့် မဆိုင်ပေ။ ……………………။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: