သခင်အောင်ဆန်း၏ လက်ရာ၊ ဆောင်းပါးတစ်ပုဒ်


နှလုံးအိမ်တွင် ၊ ကြိမ်ကြိမ်စဉ်းစား
စာရေးသားရန်၊ စိတ်အားသန်ခဲ့၊
ပြည်မြန်လွတ်လပ်၊ ရတုံလတ်သော်၊
ချဉ်းကပ်တောရွာ၊ အေးငြိမ်းစွာတွင်၊
စာပေရေးမှု၊ ဓိဋ္ဌာန်ပြု၏။

ဆရာဦးရန်အောင်က ကျနော်တို့ ဖခင်၊ သခင်အောင်ဆန်းအတွက် စပ်ဆိုခဲ့တဲ့ “ကျေးဇူးဆပ်လော့” ကဗျာလေးထဲကပါ။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ စာရေးဆရာ ဘ၀ကို မြတ်နိုးတဲ့ စာပေစိတ်ဓါတ်ကို ဂုဏ်ပြုထားပါတယ်။
အခု ဗိုလ်ချုပ်ရဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္တိလည်း ဖြစ် ၊ မြန်မာ့လွတ်လပ်ရေး သမိုင်းရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်တဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖခင်တစ်ယောက်အပေါ် လေးစားသော အားဖြင့်လည်းကောင်း ၊ ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ စာပေစိတ်ဓါတ်ကို မြတ်နိုးသော အားဖြင့်လည်းကောင်း တင်လိုက်ပါတယ်။

၁၉၄၃ ခုနှစ် ၊ ဩဂုတ်လ ( ၁ ) ရက် ( မြန်မာ သက္ကရာဇ် ၁၃၀၅ ခု၊ ၀ါခေါင်လဆန်း ( ၁ ) ရက် ၊ ) တနင်္ဂနွေနေ့ ထုတ် ဗမာ့ခေတ် သတင်းစာမှာ ဖော်ပြခဲ့တဲ့ “ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ” ဆောင်းပါးပါ။ အဲ့ ဒီ နေ့က – ဒေါက်တာဘမော် အစိုးရအဖွဲ့မှာ ဗိုလ်ချုပ်အောင်ဆန်း တစ်ဖြစ်လဲ စစ်ဝန်ကြီးချုပ်အဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့တဲ့နေ့လည်း ဖြစ်ပါတယ်။

ဗမာ့လွတ်လပ်ရေးအရေးတော်ပုံ

၁၉၃၈ ခု အောက်တိုဘာလတွင် တို့ဗမာအစည်းအရုံးသို့ သခင်အဖြစ် စာရင်းသွင်းခဲ့၏။ ဥပဒေတန်း၌ စခန်း ကုန်သင်ရန် ကိစ္စ ကိုလည်းကောင်း၊ ကျွန်ုပ်၏ ရှေ့အလားအလာများကို လည်းကောင်း၊ တစ်ပါတည်း အပြီးသတ် စွန့်လွှတ် လိုက်ကာ ကျွန်ုပ်သည် ဩဂုတ်လ အတွင်း နှစ်ဝက် ကျောင်းပိတ်ရက် ရသည့်အခါမှ စ၍ တက္ကသိုလ် ကျောင်းတော်ကြီးမှ ထွက်ခဲ့၏။

ဥရောပတိုက်တွင် မြူးနစ်အရေး ပေါ်ပေါက်လာခြင်းသည်ပင် ဒုတိယ ကမ္ဘာစစ်ကြီး မလွဲဖြစ်ရမည့် အရေးကို ကျွန်ုပ်၏ အသိဥာဏ်အတွင်း လင်းခနဲ ပေါ်စေတော့၏ ။ ထို့ထက်စောစွာကပင် ၁၉၃၉ – ၄၀ ခု လောက်၌ ကမ္ဘာစစ် ဖြစ်မည့် အရေးကို ကျွန်ုပ်တို့ တစ်စု တွက်ဆပြီး ဖြစ်၏။ ထိုအချိန်လောက်တွင် လက်နက် ဖြည့်တင်းရေးကိစ္စများ သည် နိုင်ငံကြီးများ၌ လုံးဝ ပြီးစီးမည် ဖြစ်သောကြောင့်လည်း ကမ္ဘာ နှင့် အမျှ စစ်မီးလောင်ကျွမ်းချိန်တွင် တို့ဗမာများ မည်သို့ ခြေလှမ်းလှမ်းကြမည်ကို ကျွန်ုပ်တို့ လူစု မတွေးဘဲ မပြောဘဲ မနေနိုင်ပြီ။ ပြောဆို ဆွေးနွေးကြ၏ ။

သို့သော် ထိုအခါက ကမ္ဘာစစ်ကြီး ဖြစ်တော့မည်ကို တွက်ဆမိရုံသာ တွက်ဆမိ၍ ဧကန်အတိအကျကား ပြောဆို နိုင်ခဲ့သည် မဟုတ်သော်လည်း မြူးနစ်မြို့၌ အင်္ဂလိပ် နန်းရင်းဝန် ချိန်ဘာလိန်သည် မိမိနိုင်ငံတော်ကြီး ၏ ဂုဏ်သိက္ခာကိုမျှ မငဲ့မထောက် နိုင်ရှာတော့ဘဲ ဟာရ်- ဟစ်တလာ ကျေအေး နှစ်သိမ့်ရေး အတွက် ဦးနှိမ့်သည့် အခါတွင်ကား ကမ္ဘာစစ်ကြီး တံခါးမ၌ ဆိုက်ရောက်နေပြီ ဖြစ်ကြောင်းကို သည်းထိတ်ရင်ဖို သိရှိရလေတော့၏။
ကမ္ဘာစစ် အမှန် ဖြစ်ချေတော့မည်။ ဗမာ့အခြေကား အသို့နည်း။ ဗမာတွေ ဘာလုပ်ကြမည်နည်း၊။ ဤပြဿနာများကား ကျွန်ုပ်ရှေ့တွင် အလျိုလျို တသီကြီး ပေါ်လာလေတော့၏ ။ တစ်ခုတည်းသော အဓိဋ္ဌာန်ကို ရုတ်ခြည်း ကျွန်ုပ်ပြုလိုက်၏ ။

“ငါ့အတွက် ဖြစ်လိုရာ ဖြစ်စေတော့။ နိုင်ငံရေး ဂယက်ဝဲအတွင်းသို့ ခြေစုံပစ်၍ ဇွတ်ဆင်းကာ ငါ၏ နိုင်ငံ လွတ်လပ်ရေး အတွက် မနေမနား စွန့်စား လုံးပမ်းတော့အံ့” ။

ဤအဓိဋ္ဌာန်ကို သန်သန်ကြီး ပြုလိုက်မိတော့၏။ မည်သူသည် ဤသို့ အခါကောင်း၊ အခွင့်ထူး ရွှေလမ်းကြီး ဖြူးနေသည့် အခိုက်မျိုးတွင် ကိုယ့်နိုင်ငံအတွက် စွန့်စားရေးကို လက်လွတ်ခံနိုင်ချိမ့်မည် နည်း။ ဟိ သစ္စံ ထိုစကား မှန်၏ ။ ကျွန်ုပ်အတွက် မှန်လှ၏ ။ ကျွန်ုပ် လက်လွတ် မခံ။ စွမ်းအားရှိသလောက် ကိုယ့်လူမျိုး ကြုံတွေ့နေရသော ကြမ္မာဆိုးကို ကပြောင်းကပြန် မှောက်လှန်ထုတွေ၊ အမြစ်ပါ နုတ်၍ ချေတော့အံ့။ သခင် အစည်းအရုံးမှ တစ်ဆင့် နိုင်ငံ လွတ်လပ်ရေး တိုက်ရန် တိုက်ပွဲတွင်းသို့ ကျွန်ုပ် စတင် သက်ဆင်းမိ ခဲ့လေသည်။

ကျွန်ုပ် သခင်ဘ၀ အတွင်း ဆင်းမိသည် နှင့် တပြိုင်နက် သပိတ်မှောက်မှု၊ စီတန်း လမ်းလျောက် အင်အားပြမှု၊ တော်လှန်ရေး ဒီလှိုင်း တံပိုးတို့သည် တစ်နိုင်ငံလုံး ဖုံးလွှမ်းသွားခဲ့လေသည်။ ဗြိတိသျှ အစိုးရကလည်း ထကြွမှုများကို ငဲ့ညာခြင်း မရှိ၊ ပြင်းထန်စွာ တန်ပြန် တိုက်လေတော့၏။ ကျွန်ုပ် နှင့်တကွ ကြံရာပါ ဖော်တစ်သင်းသည် ( ကျွန်ုပ်တို့ကို ဖမ်းချုပ်လိုက်သည့် အင်္ဂလိပ် ပုလိပ်မင်းကြီး စကားအတိုင်း သုံးရက ) “ အစိုးရ အဖွဲ့ကို အင်နှင့် အားနှင့် တော်လှန် လုပ်ကြံမှု” ဖြင့် အစစ်အဆေး မရှိ၊ ရန်ကုန်ထောင်တွင်း အတန်ကြာမျှ အကျဉ်းချထားခြင်း ခံလိုက်ကြရ၏။

အမှန်မှာလည်း ထိုတော်လှန်မှုများတွင် ကျွန်ုပ်၏ အနည်းငယ်မျှသော လက်ရာသည် ပါသည် မှန်၏။ ပြောပြလောက်သော လက်ရာကား မဟုတ်လှပါ။ ဤအရေးများသည် အရှိန်ယူနေပြီ ဖြစ်သော ကမ္ဘာစစ်ကြီးကို အကြောင်းပြု၍ ပေါ်လာရမည့် မဝေးလှတော့သော ဗမာ့ လွတ်လပ်ရေး အရေးတော်ပုံကြီး မဟာ အခါကြီးများ အတွက် နိဒါန်းကလေးမျှသာ ဖြစ်ကြောင်းကို ကောင်းကောင်းကြီး ထင်မြင်မိတော့၏။

ဥရောပ စစ်

ကျွန်ုပ် ထင်သကဲ့သို့ပင် အမှန်ပင် စစ်ဖြစ်ရတော့၏။ ၁၉၃၉ ခု ၊ စက်တင်ဘာ ၃ ရက်နေ့တွင် ဥရောပစစ် စတင် တိုက်လေသည် ။ ( ကျွန်ုပ်၏ အမှတ်အသား မမှားပါက ) စစ်မကြေညာမီ ( ၂ ) ရက်ကပင် တို့ဗမာ အစည်းအရုံး ပြည်လုံးဆိုင်ရာ အလုပ်အမှုဆောင် အဖွဲ့၏ အထူး အစည်းအဝေးကို ကျင်းပကာ ပါတီမရွေး ဗမာ့လွတ်လပ်ရေးကို ချစ်သူ အားလုံး ပါဝင်၍ တို့ဗမာ အစည်းအရုံးနှင့် ဒေါက်တာ ဘမော်၏ ဆင်းရဲသား အစည်းအရုံးကို အခြေထားလျက် ဗမာ့လွတ်လပ်ရေး ဂိုဏ်းတစ်ခု တည်ထောင်ရန်ကို ဆုံးဖြတ်ခဲ့ကြလေသည်။

အမှန် ပေါ်ပေါက်လာတော့မည် ဖြစ်သော ကမ္ဘာစစ်ကို ကြိုတင်၍ ဆုံးဖြတ်ချက် ချမှတ် လိုက်ကြခြင်း ဖြစ်၏။ ဤဆုံးဖြတ်ချက် အတိုင်းပင် ဗမာ့ ထွက်ရပ်ဂိုဏ်းကြီးကိုလည်း ဖွဲ့စည်းမိလေသည်။ ထိုဂိုဏ်းကြီး ပြန့်ပွားမှုအတွက် အနည်းငယ်မျှ သာ စီမံရစဉ်မှာပင် ဗြိတိသျှ အစိုးရ သည် နိုင်ငံ အနှံ့ ဖမ်းဆီး ချုပ်နှောင်မှုများကို စတင်ပြုလုပ်လိုက်ရကား အဖမ်းခံရသူ များထဲတွင် အရာရောက်သော ထွက်ရပ်ဂိုဏ်း ခေါင်းဆောင်များ အားလုံးလောက် ပါဝင်သွားလေတော့သည်။

ကျွန်ုပ်ကား တစ်ယောက်တည်း လွတ်ကျန်ရစ်သည်။ ကျွန်ုပ်အား အမှန် ဖမ်းမည့် အရေးမှာလည်း လျို့ဝှက်ထားချက်ပင် ဆိုသော် လည်း အများသိပြီး ဖြစ်လေပြီ။ ကျွန်ုပ် မှာလည်း ထိုအခါက အိန္ဒိယ နိုင်ငံတွင် ရမ်ဂါ ကွန်ဂရက် အစည်းအဝေး တက်ရောက်၍ ဂန္ဒီ၊ ဂျဝါဟာလ်လာ နေရူး၊ ဆူဘတ်စ် ဘို့စ် အစရှိသော ကွန်ဂရက် ခေါင်းဆောင် များနှင့် တွေ့ဆုံပြီး ဗမာနိုင်ငံသို့ ပြန်ရောက်စ ဖြစ်၏။

အိန္ဒိယ နိုင်ငံတွင် ကျွန်ုပ်တို့ သွားလာရာတို့၌ နောက်က အစိုးရ စုံထောက်များ ဇွဲကောင်းကောင်းနှင့် လိုက်နေကြောင်း သိခဲ့၏။ ဗမာနိုင်ငံသို့ ကျွန်ုပ် ပြန်ရောက်သည် ဆိုလျင်ပင် ကျွန်ုပ် တို့ အိန္ဒိယ တွင် လုပ်ကိုင်ခဲ့သမျှ ကိစ္စများ နှင့် ပတ်သက်သော အစီရင်ခံစာ တို့ကို စီရင်စု တိုင်းရှိ အရာရှိကြီးများ ထံ ဝေငှ ပေးပို့ထားကြောင်း သိရှိရ၏။ သခင် အစည်းအရုံးကို မတရား အစည်းအရုံး အဖြစ် ကြေညာလိမ့်မည် ဟူသော သတင်းမှာလည်း ပြန့်လျက် ရှိလေသည်။
ပေါ်ပေါက်လျက် ရှိသော အခြေအနေ အားလုံးကို ခြုံ၍ ထင်မြင်အောင် ဆင်ခြင်ကြည့် ပြီးနောက် ပေါ်ပေါ် ထင်ထင် မနေဘဲ ခပ်လျိုးလျိုးနေခြင်းသာ ကောင်းမည်ဟု တွေးတောမိသည့် အလျောက် ကြုံလာရမည့် အရေး ဟူသရွေ့ ကို ရင်ဆိုင်ရန် အသင့် စီစဉ် ရလေသည်။ သို့သော် စီစဉ် သင့်သရွေ့ကို အပြီးအစီး မစီစဉ်ရသေးမီ ကျွန်ုပ်၏ ရဲဘော် အားလုံးလောက်ပင် ထောင်တွင်း ရောက်ကုန်ကြလေပြီ။

ခြေရာပျောက်လျိုး၍ နေရန်ကို လောလောဆယ် ကျွန်ုပ် စီမံ ရတော့၏။ ခြေရာ ဖျောက်မိပြီး မကြာမီပင် ကျွန်ုပ်အား ဖမ်းဆီးရန် ၀ရမ်းထွက်၍ လာလေတော့သည်။ ဆံခြည် တစ်လုံးကြား လွတ်မြောက်သွားရခြင်းတည်း။ ဤသို့သာ မလွတ်မြောက်ပါက ကမ္ဘာစစ်ကြီး တာရှည်သလောက်မျှသာ မကမူဘဲ ကမ္ဘာ့အရှေ့ပိုင်းတွင် အင်္ဂလိပ်အခြေ သေချာ တည်မြဲသည့် အချိန်ထိ ကျွန်ုပ်၏ ဘ၀ကို အကျဉ်းထောင်တွင် မြုပ်နှံခြင်း ပြုရတော့မည် ဖြစ်ရကား အလုပ်မရှိ အချိန်အားသည် နှင့်အမျှ အရေးမပါသည့် ဒေါသကို မျိုသိပ်ကာသာ ဘာကိုမျှ လုပ်နိုင်မည် မဟုတ်သော ဘ၀သို့ ရောက်ရတော့မည် အမှန်။

ဤနေရာတွင် ကြားဖြတ်၍ စိတ်ဝင်စားဖွယ် အဖြစ်အပျက်ကလေးကို ချုပ်၍ ကြားဖြတ် ပြောရဦးမည် ဖြစ်၏။ ကျွန်ုပ် တော်လှန်ရေး သမား တစ်ယောက် အဖြစ် ရှောင်တိမ်း မနေရခင် ရန်ကုန် တက္ကသိုလ် သမဂ္ဂမှ တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီးတစ်ဦး အဖြစ် ရွေးကောက်တင်မြှောက်ခဲ့၏။ အစည်းအဝေး တစ်ကြိမ်မျှသာ တက်ရောက် နိုင်ခဲ့၏။ ထိုအချိန်မှာပင် ပြင်သစ်နိုင်ငံကြီး မလွဲ ပြိုအက် ပျက်ပြားမည့် အရိပ်နိမိတ်တို့သည် ထင်ရှား လာလေသည်။ ပြင်သစ် သမ္မတ ဥက္ကဋ္ဌ အမ်ရေနဒ် သည် ရုစဘဲလ်ထံသို့ နောက်ဆုံး အသနားခံလိုက်သော အခါတည်း ။

ထိုအခါ ဗမာနိုင်ငံ ပညာမင်းကြီး ဖြစ်သော အေ၊ ကင်းဘဲလ်သည် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင် ပုဂ္ဂိုလ် တစ်ဦး ဖြစ်ခဲ့၏။ အုပ်ချုပ်ရေး အဖွဲ့၏ အစည်းအဝေး အပြီးတွင် ကင်းဘဲလ်သည် ကျွန်ုပ်အား သူ့ကားနှင့် တင်ခေါ်ခဲ့၏ ။ အင်္ဂလိပ် အရန် စာရင်းဝင် ဗိုလ်မှူးလေး ( မေဂျာ ) တစ်ယောက် ဖြစ်ရုံသာမက အလွန်ထက်လှသည် ဟု ထင်ရှားသော ကင်းဘဲလ်လို လူမျိုးတစ်ယောက် က ကျွန်ုပ်အား ဤသို့ ကားနှင့် တင်ခေါ်ခြင်းမှ အလွန် ထူးခြားလာလေသည်။ ကျွန်ုပ် ကဲ့သို့သော သံမဏိ ဗြိတိသျှ ဆန့်ကျင်ရေး သမား တစ်ယောက်ကို ယခု စစ်ကြီးတွင် အင်္ဂလိပ်အား ကူညီပါမည့် အကြောင်း သနားစဖွယ် တုန်ရီသော အသံဖြင့် တောင်းပန်ခြင်းပင် ဖြစ်လေသည်။ ကျွန်ုပ်က သူတောင်းပန်သကဲ့သို့ မလုပ်နိုင်သဖြင့် ၀မ်းနည်းကြောင်း နှင့် စကားချီကာ အင်္ဂလိပ် ဓနရှင်စနစ်ကို ဖြိုဖျက်ရန်သာ ကျွန်ုပ် လုပ်ရလိမ့်မည့် အကြောင်းကို ပြန်ပြောလိုက်ရ၏။

အရှေ့သို့

အရေးတော်ပုံကို ဆက်ရမည် ဆိုသော် ကျွန်ုပ်တို့ ထောင် အပြင်ဘက်တွင် ကျန်ရစ်သူ တစ်စုမှာ စုဝေး စည်းရုံး၍ လက်နက်စွဲကိုင် ကာ တော်လှန်ရေး ပြဿနာကို ဆွေးနွေးမိကြတော့သည်။ ကျွန်ုပ်တို့တွင် လက်နက်လည်း မရှိ။ ဘယ်သို့ လက်နက်ရအောင် ရှာရမည်နည်း။ ဤ ပြဿနာသည် ပေါ်ပေါက်လာရတော့၏။

နောက်တစ်လ၊ နှစ်လ အခါက ကျွန်ုပ်တို့သည် ၀င်ရိုးတန်း သူလျိုတစ်ယောက်နှင့် တွေ့ဆုံမိသဖြင့် နိုင်ငံတွင်း မှ နေ၍ အုပ်ချုပ်ရေး ဖျက်ဆီးမှုများကို အနှံ့အပြား ပြုလုပ်ကြရန် စီစဉ်ခဲ့ကြသေး၏။ သို့သော် ထိုအစီအစဉ်များ အတိုင်း ဆောင်ရွက် နိုင်ခြင်း မရှိခဲ့ချေ။ ထိုအတွင်းမှာပင် ကျွန်ုပ်တို့၏ အဆက်အသွယ်မှာ နှောင့်ယှက်မှုများကြောင့် ပျက်ပြား သွား ရလေသည်။ နောက်တစ်ဖန် အဆက်အသွယ် ရအောင် ကြံကြပါသေး၏ ။ ဆက်သွယ်ရေး တာဝန် ကျသော ရဲဘော်အချို့ အဖမ်းခံရပြန်သဖြင့် နောက်ထပ် တစ်ဖန် အဆက်အသွယ်ရရန် အရေးသည်လည်း ပျက်ပြား ရပြန်လေသည်။

ဗမာ – ရော်ဂျာ ကေးစ် တစ်ယောက် ပေါ်ပေါက်လာမှ ဖြစ်မည်ဟု ကျွန်ုပ်တို့ အားလုံး သဘောကိုက်ညီကြ၏။ ကျွန်ုပ်၏ ကိုယ်နှင့် အသက်ကိုပင် ဗမာ – ရော်ဂျာကေးစ် အဖြစ် ယူရန် နိုင်ငံအတွက် စွန့်လှူ လိုက်၏။

ထို့ကြောင့် ၁၉၄၀ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့၊ ဂျာမနီ လေတပ်ကြီးက ရာဇ၀င်တွင် မကြုံဖူးသော လေကြောင်း စစ်ပွဲကြီး ဆင်နွဲကာ လန်ဒန်မြို့ကြီးကို တိုက်သောနေ့၊ ထိုနေ့တွင်ပင် ကျွန်ုပ်သည် ဗမာ နိုင်ငံတော်ကို တရုတ် သဘောင်္သား များ စီမံခန့်ခွဲ မောင်းနှင်သည့် နော်ဝေပိုင် သဘောင်္ပေါ်တွင် တိတ်တဆိတ် ပုန်းအောင်း ထွက်ခွာ လိုက်ပါ သွားရလေတော့သည်။

ယခုအခါ တပ်ပေါင်း ဗိုလ်တစ်ဦး ဖြစ်နေပြီ ဖြစ်သော ရဲဘော် တစ်ဦးလည်း ကျွန်ုပ်တို့နှင့် အတူ ကူညီဖော် အဖြစ် ပါခဲ့၏။ ကျွန်ုပ်၏ ခရီးဆုံး ဌာနမှာ အမွိုင်မြို့ ဖြစ်၍ ထိုမြို့မှ နေ၍ ကျွန်ုပ်၏ လုပ်ဆောင်စရာ ရှိသည့် ကိစ္စအများကို ခန့်ခွဲ စီမံ ရမည် ဖြစ်၏။
ကျွန်ုပ် အဖြစ်ကား သန်းခေါင် လကွယ် တောအုပ် အလယ်၌ ရောက်သူပမာ ရှိနေတော့သည်။ ကျွန်ုပ် သွားရမည့် နေရာနှင့် ပတ်သက်၍ ကျွန်ုပ် ဘာတစ်ခုမျှ မသိ။ ဆွေလည်း မရှိ၊ မျိုးလည်း မရှိ၊။ ကမ္ဘာ့ အရှေ့ပိုင်းသား သည် အရှေ့ပိုင်း အကြောင်း အတုအယောင်မျှ လောက်သာ သိ၏။ သိသမျှလည်း မရေရာလှ၊ ဆိုးရွားလေစွ ။

တက္ကသိုလ် ကျောင်းတိုက်၌ တက္ကသိုလ် သမဂ္ဂ အိုးဝေ မဂ္ဂဇင်း စာတည်း အဖြစ် လုပ်ကိုင်နေစဉ် ဦးဥတ္တမ ကိုယ်တော်ကြီး၏ ဟောပြောချက်များကို နာကြားရ၏။ ထိုအခါ အသိဥာဏ် တစ်ခုသည် ကျွန်ုပ် ဦးနှောက်တွင် ပွင့်လင်းလာ၏ ။ ထို့ကြောင့် သမဂ္ဂ ကြေညာချက် တွင် လည်းကောင်း၊ အိုးဝေ မဂ္ဂဇင်း တွင် လည်းကောင်း၊ နိုင်ငံတော် ပညာသင်များ အား အနောက်နိုင်ငံသို့ လွှတ်ရိုး လွှတ်စဉ် အတိုင်း မလွတ်ဘဲ အရှေ့အာရှ ဂျပန် နိုင်ငံသို့ သာ လွတ်သင့်ကြောင်း ၊ အရှေ့ကို ရှေးရှု သင့်ကြပြီ ဖြစ်ကြောင်း ရေးသားခဲ့ဖူး၏ ။ ဗမာနိုင်ငံလုံး အနှံ့ သပိတ်မှောက်မှုများ ပေါ်ပေါက်လာပြီးနောက် ထိုအခါ ၀န်ကြီး ချုပ်အဖွဲ့က ပညာတော်သင်များကို ဂျပန်သို့ လွှတ်စ ပြုခဲ့လေသည်။

ကျွန်ုပ် သခင်ဖြစ်လာသည့် အခါတွင် ကျွန်ုပ်တို့ ယနေ့တိုင် လမ်းလွဲလိုက်လျက် ရှိကြသည်ကို ထင်မြင်လာ၏။ အာရှ နိုင်ငံရေး သဘောများကို နှံ့စပ်ချောက်ချားအောင် ရှာဖွေ ဆည်းပူးသင့် ပါလျက် ကျွန်ုပ်တို့၏ အဖိုးထိုက်လှသော အချိန်များကို မဆီမဆိုင်လှသော အနောက်နိုင်ငံ အရေးများကို လေ့လာရခြင်းဖြင့် ဖြုန်းခဲ့ကြမိသည့် အမှားကား ကြီးလှ၏။ ကျွန်ုပ် တက္ကသိုလ်တွင် ပညာ ဆည်းပူးစဉ်က နိုင်ငံ သမိုင်းကို ဘာသာတစ်ရပ် အဖြစ် ယူခဲ့မိ၏။ ထိုသမိုင်းမှာလည်း အနောက်ပိုင်း သမိုင်းသာတည်း။

ကျွန်ုပ်တို့ ၏ ကိုယ်ပိုင် အမွေ ဖြစ်သော အလွန်ရှေးကျခဲ့သည့် ယဉ်ကျေးမှုကြီးများ ပေါက်ဖွား တည်ထွန်းရာ တရုတ်နိုင်ငံကြီးနှင့် ခေတ်သစ်နိုင်ငံကြီး ဖြစ်သော ဂျပန်စသော အရှေ့နိုင်ငံများ၏ အကြောင်း ကိုကား ၀ိုးဝါး မသေမချာ မျှသာ သိခဲ့ရ၏။ မဟာ အရှေ့အာရှ အကြောင်း အထူးသဖြင့် နိပွန် သမိုင်းကို လေ့လာရန် စိတ်ပိုင်းဖြတ်မိချက်မှာ အထူး နှောင်း သွားလေသည်။ စာအုပ်ဆိုင်များ ရှိ စာအုပ်များမှာလည်း အင်္ဂလိပ် – အမေရိကန် ၀ါဒဖြန့် စာအုပ်များသာ ဖြစ်၏ ။ ဂျပန်သည် အင်္ဂလိပ်အား တိုက်ရမည် ဟူသော စာအုပ်တစ်အုပ်သာလျင် ကျွန်ုပ် စိတ်ကြိုက်နှင့် တိုက်ဆိုင် မိသည်။ ထို စာအုပ် ဖတ်ပြီးသည်က စ၍ ဗမာ့ လွတ်လပ်ရေးသည် အရှေ့ဘက်တွင်သာ ရှိ၏။ အရှေ့ရှိ နိပွန် တို့နှင့် သာ ရှိ၏ ဟူသော အချက်ကို ကျွန်ုပ် များစွာ ယုံကြည် နှလုံးသွင်း မိခဲ့တော့၏။

တက္ကသိုလ်တွင် ရှိစဉ် ကလည်း ( ခေတ်သစ် ဂျပန်၏ တစ်စ တစ်စ တိုးတက်မှု ) (ခေတ်သစ် ဂျပန် ) ( ဂျပန် နိုင်ငံဖြစ် ) နှင့် နိုင်ငံခြားရေး ဆိုင်ရာ အသင်းမှ ( ၃ ) လ တစ်ကြိမ် ထုတ်ဝေသည့် ( ခေတ်ပြိုင် ဂျပန် )ခေါ် ဂျာနယ် စသော စာအုပ်များလောက်ကိုသာ ဖတ်ခဲ့ရ၏ ။ ထို့ကြောင့်ပင် ကျွန်ုပ် အရှေ့သို့ ထွက်လာသည့် အရေးမှာ အမှောင်တိုက်တွင် သက်ဆင်းသည်နှင့် တူလှ၏ ဟု ကျွန်ုပ် ဆို၏။ လူငယ်တို့၏ တရှူးထိုး ( တုံးတိုက် ကျားကိုက် ) စိတ်၏ လှုံ့ဆော်မှု ကြောင့်သာ ထွက်ခဲ့မိခြင်း ဖြစ်သတည်း။

အလုပ်အစီအစဉ် ဟူ၍ အတိအကျ ဘာမျှ ရှိသည် မဟုတ်ချေ။ ကျွန်ုပ်၏ မြော်မြင်တသ- သမျှ ဥာဏ် ဖြင့်သာ ကြုံရမည့် အရေး ဟူသရွေ့ကို စီမံအုပ်စီးရန် ကျွန်ုပ်၏ ရဲဘော်များက အာဏာကုန် လွဲအပ်လိုက်ခြင်း ဖြစ်လေသည်။ အဘယ်သို့ပင် ဖြစ်စေ ငါသည် အကယ်၍ သေသွားသည့်တိုင်အောင် မြတ်သော သေခြင်း၊ နိုင်ငံ အတွက် သေခြင်းသာ ဖြစ်သည် ဟု ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့် ရတော့၏။ ၁၉၄၀ ခုနှစ် ဩဂုတ်လ ( ၂၄ ) ရက်နေ့တွင် အမွိုင်မြို့သို့ ရောက်ခဲ့လေသည်။

နိပွန် နိုင်ငံတွင်

အမွိုင်မြို့၌ ( ၂ ) လကြာမျှ စောင့်ဆိုင်း ပြီးနောက် နိပွန် ဗိုလ်မှုးကလေး တစ်ဦး ကျွန်ုပ်တို့အား အခေါ်လွှတ်ကာ ဗမာနိုင်ငံရှိ ကျွန်ုပ်တို့၏ ရဲဘော်များက ပို့လိုက်သော ကျွန်ုပ်တို့၏ ဓါတ်ပုံများကို ပြသလျက် တိုင်ဝမ်ကျွန်းရှိ မစ္စတာ မီနာမီ ဆိုသူနှင့် တွေ့ကြုံလိုစိတ် ရှိမရှိ မေးလေသည်။ တွေ့ရမည် ဆိုက အထူး ၀မ်းမြောက်သည့် အကြောင်း ပြောပြသည်ကို အကြောင်းပြု၍ ကျွန်ုပ်တို့ တိုကျိုမြို့တော် သို့ ၁၉၄၀ ခု နိုဝင်ဘာလ ( ၁၂ ) ရက်နေ့တွင် ရောက်သွားလေတော့သည်။

ဟ- နေဒါ လေယာဉ်ပျံကွင်းတွင် ဗိုလ်မိုးကြိုး ( ၀ါ ) မစ္စတာ မီနာမီသည် ကျွန်ုပ်တို့အား သူ့လက်ထောက် တစ်ဦးနှင့် အတူ လာရောက် ကြိုဆိုလျက် ရှိလေသည်။ ကာနယ် – စူဇူကီး နှင့် အတူ ကျွန်ုပ် တို့သည် တိုကျိုမြို့တော်၌ ( ၃ ) လကြာမျှ အလုပ်အစီအစဉ်များကို လုပ်ကိုင် စီစဉ် ပြီးနောက် ဂျပန် သဘောင်္တစ်စင်းဖြင့် ဗမာနိုင်ငံသို့ ပြန်ခဲ့၍ ကျွန်ုပ်တို့ ၏ လုပ်စရာ လုပ်ငန်းများကို သိရှိစေခဲ့ရ၏ ။

ရန်ကုန်မြို့သို့ ၁၉၄၁ ခု၊ မတ်လ ( ၃ ) ရက်တွင် ရောက်၍ မတ်လ ( ၉ ) ရက်နေ့အထိ နေ၏ ။ စစ်ပညာ သင်ကြားရန် အတွက် ပထမ နိုင်ငံ ချစ် လုလင် တစ်စု ကို ကျွန်ုပ် နှင့် တစ်ပါတည်း ခေါ်ဆောင်ခဲ့ကာ တိုကျိုမြို့သို့ သဘောင်္ဖြင့် ပြန်လာခဲ့၏။ မတ်လ ( ၂၇ )ရက်နေ့တွင် တိုကျို မြို့သို့ ရောက်ခဲ့သည်။ ( ၁၀ ) ရက်ခန့်မျှ တိုကျိုတွင် နေပြီးနောက် စစ်အတတ် သင်ကြားရန် ဟိုင်နန်ကျွန်း သို့ ကျွန်ုပ်တို့ တစ်စု ထွက်ခဲ့ကြလေသည်။ ဇူလိုင်လလောက်တွင် ဗမာနိုင်ငံတွင်း သို့ လက်နက်များ ပို့ဆောင်ရေးကို မစ္စတာ စူဇူကီး နှင့် အတူ ဆောင်ရွက်ရန် ကျွန်ုပ် ဟိုင်နန်မှ ယိုးဒယားသို့ ထွက်ခဲ့လေသည်။ သို့သော် အင်ဒိုချိုင်းနားကို အတူ ပူးပေါင်း ကာကွယ်ရေး စာချုပ်တစ်ခု နိပွန် နှင့် ပြင်သစ်တို့ ချုပ်ဆိုပြီး သည့် အခါတွင်ကား နိုင်ငံချင်း ဆက်သွယ်ရေးသည် အတော်ပင် ပျက်ပြား ဆိုးရွား လာလေရကား ကျွန်ုပ်မှာ နောက်ပိတ်ဆုံး အစီအစဉ် များကို အပြီးသတ် စီစဉ် ဆွေးနွေး ပြုလုပ်ရန် ဟိုင်နန်သို့ ပြန်ခဲ့ရ၏။ ထိုမှတစ်ဖန် တိုကျိုမြို့သို့ သွားရပြန်လေသည်။ အောက်တိုဘာလ အတွင်း၌ တစ်ဖန် ဘန်ကောက်သို့ ထွက်ခဲ့ရပြန်၏ ။ သို့သော် အရှေ့အာရှ စစ်မကြေညာမီ ( ၂ ) ရက်လောက်တွင် ဆိုင်ဂွန်းမြို့သို့ ပြန်ပြေးခဲ့ရ၏ ။ စစ်ကြေညာပြီးနောက် ယိုးဒယားနေ ဗမာများနှင့်ပင် ဗမာ့လွတ်လပ်ရေး တပ်မတော် ဖွဲ့စည်းရန် အတွက် ဘန်ကောက် သို့ ပြန်သွားရ၏။

ဗမာ့လွတ်လပ်ရေး တပ်မတော်

ဗမာ့ လွတ်လပ်ရေး တပ်မတော်သည် စစ်ကြောင်း သုံးကြောင်း ဖြန့်ကာ ဗမာနိုင်ငံတွင်း သို့ ၀င်ခဲ့၏။ ( တနသာင်္ရီ နယ်မှ ၀င်သည် )။ မြောက်ဘက်၌ မဲဆောက်မြို့မှ လည်းကောင်း၊ တပ်မကြီးသည် မြစ်သာမှ လည်းကောင်း၊ ၀ိတိုရိယ အငူမှလည်းကောင်း ၀င်ရောက်ခဲ့ကြ၏။ ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ရန်သူ့သံချပ်ကာ ကားများနှင့်ပင် ပဲခူးအနီး၌ တိုက်ကြရ၏ ။ မြိတ်မြို့ကို သိမ်းခဲ့၏ ။ ထားဝယ် သိမ်းရန် နိပွန်တို့အား တွဲဖက် ကူညီပေးခဲ့၏ ။ ဟင်္သာတတွင် လည်းကောင်း၊ ဖျာပုံတွင် လည်းကောင်း တိုက်ပွဲများကို နွဲလိုက်သေး၏ ။ မြစ်ဝ ကျွန်းပေါ် တစ်ခုလုံးကို သိမ်းရာတွင် ပုသိမ်၊ မြောင်းမြ တို့ကို သိမ်းနိုင်၏ ။ ဒေးဒရဲ၌ လေယာဉ်ပျံ ( ၂ ) စင်းကို ပစ်ချခဲ့၏။ ရွှေတောင် တိုက်ပွဲတွင်ကား ပြင်းထန် ရွပ်ချွံစွာ တိုက်ခိုက်ကြသည်။ ရွှေကျင်မှာလည်း တိုက်ခဲ့သည်။ အထက် နိုင်ငံ သိမ်းယူ တိုက်ခိုက်ရေးတွင် ရန်သူများ အား စစ်ပရိယာယ် ဆင်၍ ၀ိုင်းမိအောင် နိပွန် တပ်မတော်ကြီးအား ကူညီရာ၌ ဧရာဝတီ အနောက်ကြောင်း ချီတက် ကူညီပေးခဲ့၏ ။ နိပွန်တို့နှင့် အတူ တိုက်ကာ ရခိုင်ကို သိမ်းကြ၏ ။ နိုင်ငံတွင်း ငြိမ်ဝပ်ပိပြားမှုကို တစ်ဖက်တစ်လမ်း ကူညီ ဆောင်ရွက် လိုက်ရပြန်၏ ။

ဗမာ့ကာကွယ်ရေး တပ်မတော်

အမြဲတမ်း စစ်တပ်ကြီးတစ်ခု၏ အခြေမျိုးရောက်အောင် ၁၉၄၂ ခု ဇူလိုင်လတွင် “ဗမာ့လွတ်လပ်ရေး တပ်မတော်” ကို “ဗမာ့ ကာကွယ်ရေး တပ်မတော်” ဟူ၍ ပြောင်းလဲ ဖွဲ့စည်းလိုက်လေသည်။ ကျွန်ုပ်မှာ ထိုတပ်မတော်၏ ဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့ရ၏ ။ ဗမာ့ကာကွယ်ရေး တပ်မတော်သည် ယခုအခါ စစ်မျက်နှာ၌ နိပွန်တို့နှင့် အတူ တွဲဖက် တိုက်ခိုက် နေပေပြီ။

ငါတို့၏ လုပ်ငန်း

ဗမာနိုင်ငံ၏ ကြမ္မာနှင့် ပတ်သက်၍ ကျွန်ုပ်သည် ဘယ်အခါ ကမျှ စိတ်သက်သာမှု မရခဲ့မိပေ။ အိပ်မက်များ တွင်မှာပင် ကျွန်ုပ်သည် ကျွန်ုပ်၏ မလွတ်လပ်သော နိုင်ငံအတွက် ယောင်ယမ်း ငိုခဲ့၏ ။ ဒေါသထွက်ခဲ့မိ၏ ။ ယခုအခါ ဗမာနိုင်ငံတော်သည် လွတ်လပ်ပြီ ဖြစ်သဖြင့် အထူး နှစ်သိမ့် ကျေနပ်ရတော့၏ ။
သို့သော် ဗမာနိုင်ငံတော်သည် အန္တရာယ် ထူပြောလှသော ကန္တာရကြီးကို လုံးဝ ကျော်လွန် ပြီ မဟုတ်သေး၊ စစ်ကြီးကား တိုက်လျက် ရှိသေး၏ ။ အရေးတော်ပုံကြီး၏ သည်းထန်သော ဝေဒနာကြီးကို ကျွန်ုပ်တို့ နိုင်ငံသည် ခံရဆဲ ဖြစ်၏။ အရေးတော်ပုံကြီး အောင်ပြီ ဟူသော ကြွေးကျော်သံကို ကျွန်ုပ်တို့ အော်ကြရန် မသင့်သေး ။ ဗမာတိုင်း ဗမာတိုင်း အတွက် ကြီးလေးလှသော တာဝန်များသည် ရှေ့တွင် အများအပြား ပင် ရှိကြကုန်၏ ။ ထို တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်မှ အရေးတော်ပုံ လုံးဝ အောင်မြင်မည် ဖြစ်၏ ။

ဤသို့သော အချက်အခြာ သေရေး ရှင်ရေး အခါမျိုးတွင် အစိုးရ၏ ဥာဏ်စွမ်း ဥာဏ်စ တစ်ခုတည်း အပေါ်မှာသာ အားကိုးမည့် အစား မိမိတို့၏ ဥာဏ်စွမ်းဥာဏ်စ၊ မိမိတို့ ဘာသာ စည်းလုံးမှု ၊ အချင်းချင်း ကူညီ ရိုင်းပင်းမှု များ အပေါ်တွင် အားထားကြရန် ဗမာတိုင်းဗမာတိုင်း နားလည်သင့်၏။ နိုင်ငံသူ ပူးပေါင်းဆောင်ရွက်မှု မရှိသော အစိုးရသည် အချည်းနှီး သာ ဖြစ်၏။ အထူး သဖြင့် လမ်းပန်း အဆက်အသွယ် ပျက်ပြား၍ အရာရာ ရှားပါးလှသော ခေတ်ဆိုး အခါ မျိုးတွင် နိုင်ငံသူ နိုင်ငံသားချင်း ကူညီရိုင်းပင်းမှု မရှိပါက အစိုးရမှာ ဘာကိုမျှ တတ်နိုင်မည် မဟုတ်။

တို့ဗမာတိုင်း ကိုယ့်ရွာအတွက် တာဝန်ကိုလည်းကောင်း၊ ကိုယ့်နိုင်ငံ နှင့် ဆိုင်ရာ တာဝန် ကို လည်းကောင်း၊ ကိုယ့်ဘာသာ တွေးဆ ထားပါလေ။ အရေး ကြုံလျင် ကိုယ့်တာဝန် ကိုယ် ကျေပွန် ရန် အဆင်သင့် ရှိပါစေ။

ဤသို့ စည်းလုံးမှု၊ ကူညီ ရိုင်းပင်း ဆောင်ရွက်မှု ရှိသော လူမျိုးသည် ဓားပြဘေးရန် လောက်ကို သာ မဟုတ် ကိုယ့်နိုင်ငံကို ၀င်ရောက် တိုက်ခိုက်မည့် ရန်သူများကို သော်မှ ခုခံနိုင်စွမ်း မည် ဖြစ်ကြောင်းကို ( နယ်တစ်နယ်ကို တိုက်ခိုက်သိမ်းယူရန် လွယ်ကူသော်လည်း လူမျိုးတစ်မျိုးကို သိမ်းသွင်းရန် မလွယ် ) ဟူသော သေနင်္ဂပရိယာယ် ကျမ်း တွင် အတိအလင်း ထားရှိသည့် ဆိုရိုးစကား တစ်ခုက ထင်ရှား စေလေပြီ။

သခင်အောင်ဆန်း

 

မိန့်ခွန်းဟောပြောပွဲတစ်နေရာ( City Hall )

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: