ကောင်းလှချည်လားတဲ့ ဒီလူ့ဘဝ

သဘာဝသည် အလှအပတရားတို့ဖြင့် အတိပြီး ပြည့်လျှမ်းလျက်ရှိနေပါသည် ဟု တစ်စုံတစ်ဦး က ယူဆလျင် ထိုသူကို အမြင်ကောင်းသူ ၊ အကောင်းမြင်တတ်သူ တစ်ဦး အဖြစ် ကျနော် မသတ်မှတ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ဆားငန်ပင်လယ်ရေသည်  ကမ္ဘာ့မြေမျက်နှာပြင်၏ သုံးပုံနှစ်ပုံကို ဖုံးလွှမ်းထားသကဲ့သို့ .. ကျနော်တို့ လူသားများအတွက် ပကတိ ပျော်ရွှင်မှု ၊ ကြည်နှုးသမှု  မျက်နှာပြင် အများစုကို ၀မ်းနည်းကြေကွဲမှု ၊ ပူဆွေးမှုများက တစ်တိတိဖြင့်  အပြည့်အ၀နီးပါး ဖုံးလွှမ်း လာနေတတ်သည်။

ကျနော်တို့ လူသားချင်း နှီးနှော ဖလှယ် ဆက်ဆံကြသည် ဆိုသည်မှာလည်း ထို ကြေကွဲပူဆွေးရမှုများ နှင့် ၎င်းတို့ အပေါ် နားလည်ပေးနိုင်စွမ်းတို့ ရောနှော ဖလှယ်ကြခြင်းသာဖြစ်ပါသည်။ ကူးသန်း ရောင်းဝယ်ကြခြင်းသာ ဖြစ်သည်။ သူ့လိုအင် နှင့် ကိုယ့်လိုအင်ကို  ရှေးဟောင်း အရောင်းအ၀ယ် -ဘာတာ စနစ်အရ ကုန်သွယ်နေကြခြင်းသာ ဖြစ်ပါသည်။

ကျနော်တို့ တည်ရှိနေရသည့်  ရှင်သန် နေရသည့် အချိန် တော်တော် များများသည် ယင်းဒုက္ခများကို တန်ပြန် တွန်းလှန်တိုက်ပွဲဝင်နေခြင်းဖြင့်သာ ကုန်ဆုံးနေရသည်။ ကျနော်တို့ ရင်တွင်းသို့ ၊ ကျနော်တို့ စိတ်နှလုံး အတွင်းသို့ တဖြေးဖြေး ( သို့သော် အဆက်မပြတ် ) တွားသွား ၀င်လာနေကြသည့် ယင်း ဥပါယာသ အပူမီးတို့ မှ  အဘယ်အခါ မှာ မှ  ရပ်နားနိုင်ခဲ့ခြင်း မရှိခဲ့ရ ။  အချိန် ရှိသမျှကို  အားရှိသမျှ  ရုန်းကန်နေကြရသည်။

သို့ဆိုလျင်  လောကသည် အလှတရားတို့ဖြင့် အဘယ်ကဲ့သို့ အတိပြီးနေပါသနည်း ။  သို့မဟုတ် လောကကြီးကို  အစွမ်းကုန်လှပနေပါသည်ဟု အဘယ်သို့သော နည်းဖြင့် ယူဆကြပါသနည်း ။ တကယ့် သဘာဝကြီးကား ခမ်းနား သာယာ လှပါဘိဟု  သာယာတတ်ကြကုန်သော သူများကို မှားနေကြသည် ဟု မဆိုလို ။ သို့သော် တကယ့်လက်တွေ့တွင် ယှဉ်ထိုးကြည့်သော အခါတွင်မှ  လိုအပ်သော မေးခွန်းများကို ရင်ဆိုင်လာရနိုင်ကြောင်းတော့ သိစေလိုပါသည်။

ကျနော်တို့ ရင်ဆိုင်နေရသည့် လောကဓံနှင့် ကျနော်တို့ ရေပွက်ပမာသာကြာလှသည့် ဤသက်တမ်းသည် အဘယ်မှာများ အင်အားမျှတပါသနည်း။
တကယ်တမ်းတွင် ကျနော်တို့၏ ဘ၀ပုံရိပ် အဘယ်မျှ မှုန်ဝါးနေရပါသနည်း ။

ဤဒုက္ခများဖြင့် ပင် ကျနော်တို့၏ စိတ်အစဉ်သည် ဤခန္ဓာကိုယ်မှ ရုန်းကြွနေကြသည်။ ဒုက္ခ ဟု သိလိုက်သော ခဏတွင် သည်းမခံနိုင်လောက်အောင် တွန်းဖယ် ပစ်နေရသည်။ မှတ်သားထားသမျှကို ရှင်းထုတ်ပစ်လာကြရသည်။  မတတ်သာသည့် အဆုံးများတွင် မေ့ပစ်လိုက်သည် ။ ပေါ့ဆလိုက်ရသည်။ ဆိုလိုသည်မှာ ဒုက္ခတရားတို့နှင့် အသက်ရှင်နေရသည်။ အသက်ရှူနေရသည်။

သို့အတွက် ကြာညောင်းလာသောအခါ
ကျပ်တည်း ကျဉ်းမြောင်း သော နံရံကြားတစ်လျောက် – ကာလအတန်ကြာအောင် တမေ့တမော ညစ်ညူးစွာ လျောက်လှမ်းနေရာမှ – အဆုံးအစမရှိ ကျယ်ပြောသော ကွင်းပြင်သို့ ဘွားခနဲ့ ရောက်သွားသလို ဖြစ်ချင်လှပြီ။ ဟိုးအဝေး မိုးကုပ်စက်ဝိုင်း အဆုံး တစ်နေရာတွင်  ကျနော်တို့အတွက် အလင်းပြပေးနိုင်သော ကြယ်ပွင့်လေး တစ်ပွင့် ရှိကြောင်း မျော်လင့် ကြီးစွာ လျောက်လှမ်းပစ်ဖို့ _ အဆုံးသတ် ပစ်ဖို့ _ သံဒိဋ္ဌာန် ချ ပစ်ချင်လှပြီ။

မိမိကိုယ်ကို မိမိ အပင်တစ်ပင်အဖြစ် မှတ်ယူရမည် ဆိုလျင် ပွင့်ခက် ပွင့်ရွက်တို့ဖြင့် အပြိုင်းအရိုင်း ဝေဆာနေသည်ကို မလိုလားတော့  ။ ချက်ချင်းပင် ပျက်သုဉ်း ၍ မြေမှုန်အဖြစ်သို့ရောက်လိုလှပြီ။ ပျော်ရွှင် စွာ ကခုန် ရယ်မော ခဲ့ရသည့် ချစ်စရာပါတီပွဲများ အပြီးတွင် မောပန်း ငိုက်မြည်းလာသကဲ့သို့ ဆီးနှင်းတို့အကြား လှဲလျောင်း အိပ်စက်ရန် ပြင်ဆင်ချင်လှပြီ ။

သို့အတွက် လက်ကတောက်ချင်း ရင်ဆိုင် ဖြတ်သန်း၍ ရုန်းကန်နေကြရသော ဒုက္ခ အမှောင်တိုက်များအတွက်
ကျနော် ချာချာလည်အောင် တွေးနေရင်း မေးခွန်းတစ်ခု ထုတ်လိုလှပါသည်။
ကျနော်တို့ တန်ဖိုးတကြီးထားချင်လှသော လူ့ဘ၀ကို ဘယ်အရာနှင့်နှိုင်းစက်၍ အထင်ကြီးရပါမည်နည်း ။

ဖြတ်သန်းလာခဲ့သော ကျနော့်သက်တမ်း ဤနှစ်ဆယ့်ခြောက်နှစ်အတွင်းတွင်တော့ ဤမေးခွန်း၏ အဖြေကို ရှာမတွေ့နိုင်သေးပေ။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: