မခြယ်ပါနှင့် – လှပါသည်။

Beautyforpresent

ပေါင်းမြက်တို့ ရှင်သန်နေတိုင်း ပန်းတို့၏အလှ ညှိုးနွမ်းမသွားတတ်ပါ။ ပွင့်လန်းစွင့်ကားနေသော ပသာဒ ရုပ်ဒြပ်တို့ ရှိနေသမျှ ကာလပတ်လုံး ယင်း၏ အလှ ရှိနေရမည်သာ ဖြစ်ပါသည်။ ထိုထိုသော ပေါင်းမြက်တို့သည် ယင်းအလှတရားအတွက် တစုံတစ်ခုသော ပြဿနာကိုမျှ ဆောင်ကျဉ်းပေးနိုင်လိမ့်မည် မဟုတ်။ အဝေးတစ်နေရာမှ ပျားအုပ်တို့ စုစည်းရောက်လာရန် ဖိတ်ခေါ်မြဲ ဖိတ်ခေါ်နေဦးမည်သာ ဖြစ်သည်။

သို့ဆိုလျင် အလှတရားသည် ခံစားသူမရှိလဲ ငွါးငွါးစွင့်စွင့် ပွင့်လန်းနေတတ်ပါ၏လော။ မေးချင်ပါသည်။ ကဗျာ တစ်ပုဒ်ဖြစ်စေ၊ စာတစ်အုပ်ဖြစ်စေ အလှတရားနှင့် ပြည့်စုံလျင် ပန်းတစ်ဆုပ်လည်း ဖြစ်နိုင်သည်။ တောတောင် ရှုခင်းအလှလည်း ဖြစ်နိုင်သည်။ ရင်တွင်းက ဖြူစင်သော မေတ္တာစမ်းရေလည်း ဖြစ်နိုင်သည်။ ဆိုလိုသည်မှာ အလှတရားသည် အေးမြမှုကို ဆောင်ကျဉ်းပေးရာ၌ မည်သည့်အရာမဆို ဖြစ်နိုင်စွမ်းသည်။

ခံစားမှု ရှိတတ်ကြသော သတ္တဝါများတွင် အလှတရားနှင့် ပတ်သက်၍ လူသည် အခရာ ကျသည် ဟု ဆိုကြသည်။ ဟုတ်ပါသလော၊ ကျနော် သံသယ ရှိပါသည်။ လူ လူသားချင်း တစ်ဦး စိတ်ကိုပင် တစ်ဦးမမြင်နိုင်ပါပဲလျက် အဟိတ် တိရိစ္ဆာန်များတွင် အလှဗေဒ မရှိဟု တစ်ဖက်သတ် စွပ်စွဲချက်များကား အတ္တဆန်လွန်းမည် ထင်သည်။ နုနယ်သိမ်မွေ့သော သမင်၊ ဒရယ်တို့ပင် ဖြစ်စေ၊ ရုန့်ရင်းခက်ထန်လှသော ကျား ၊ ခြေင်္သေ့တို့ပင် ဖြစ်စေ အလှတရားအပေါ် ခံစားနိုင်ခွင့် ရှိသည်။

လူသည် ပို၍ ခံစားမှု ရှိကြောင်း ပြောနိုင်သည်မှာ အကြောင်းတစ်ချက်သာ ရှိပါသည်။ ယင်းမှာ ကိုယ်ကျိုးစွန့်မှု ၊ အနစ်နာခံမှု၏ အလွန်- အတ္တကင်းမဲ့မှုသို့ ဦးတည်နိုင်စွမ်းသာ ဖြစ်၏။ တစ်ချိန်က ကြားဖူးခဲ့သည်မှာ လူတို့တွင် မည်သူနှင့်မျှ မတူသော မူပိုင် အလှ ရှိသည်။ ယင်းမှာ ကိုယ်ကျိုးစွန့်မှု ၌ တည်သည်ဟူ၏။ ဟုတ်မှ ဟုတ်ပါလေစ။

ရင်တွင်းပေါက်ဖွား ချစ်သားသမီးများအတွက် မိမိအသက်စွန့်ဝံ့သော အဟိတ်တိရစ္ဆာန် မိခင်များ တွေ့ဖူးသည်။ ချစ်သူဆုံး၍ လိုက်ပါသေဆုံးတတ်ကြသော ငှက်သတ္တဝါ များ ရှိကြောင်းလည်း သိရပါသည်။ မိမိကိုယ်ကိုယ် မငဲ့ကွက်တတ်သော ယင်းတို့တွင် ကိုယ်ကျိုးစွန့်မှု မရှိဟု မည်သူ ငြင်းချက်ထုတ်နိုင်ပါမည်နည်း ။ ကျနော် သိချင်ပါသည်။ အလှဗေဒနှင့် ပတ်သက်၍ ဝေဖန် စိစစ်မှု ကျနော် မပြုတတ်ပါ။ သို့သော် အလှကိုတော့ ခံစားနိုင်ပါသည်။ ယင်းခံစားမှု သက်ဝင်သော ခဏတွင် အတ္တမရှိ၊ မာနမရှိ၊ တွေဝေမှုံဝါးမှုမရှိ။ စိတ်အစဉ်သည် ယင်းအလှ၏ အတွင်းဘက်သား ဆီသို့ ထိုးဖောက်သည် ။ အတားအဆီးများကို ကျော်ဖြတ်သည်။ မောပန်းရှိုက်ငင်စွာ – သို့သော် အေးမြစွာ ခံစားရမှု ဖြင့် အဆုံးသတ်သည်။

အလှတရားနှင့် ဆက်နွယ်လျင် လူတွင်သာ မဟုတ်၊ သတ္တဝါတိုင်း သိရှိနိုင်ပါမည်။ တောခေါင်မြင့်ဖျားက သဇင်၊ စကား ပန်းတို့တွင်လည်း အလှရှိမည် ဖြစ်သကဲ့သို့ လူသူအများ သတိမမူတတ်သော လမ်းဘေး ထိကရုံးပန်းကလေးတွင်လည်း အလှရှိနေပါလိမ့်မည်။ ဆိုလိုသည်မှာ စစ်မှန်သော အလှတရား ဟူသည် ဆင်ယင်စရာမလို၊ ပြင်ဆင်စရာမလို၊ နကို ရှိပြီး ဖြစ်သောကြောင့် လူဖြစ်စေ၊ အခြားသတ္တဝါဖြစ်စေ နှလုံးလှပါက ခံစားနိုင်ကြသည် ၊ သိနိုင်ကြသည်ချည်း ဖြစ်ပါမည်။

ပန်းတစ်ပွင့်သည် ပန်ဆင်သူမရှိသော်ငြားလည်း သူ့သဘာဝနှင့်သူ အစွမ်းကုန် လှပခဲ့ဦးမည်မှန်၏။
ခရေဖြစ်စေ၊ သဇင်ဖြစ်စေ၊ ပဒိုင်းပန်းပင် ဖြစ်ပါစေ မခြယ်ပဲနှင့်လည်း သူ့သဘာဝနှင့်သူ လှနေပါလိမ့်မည်။
အလှတရားအပေါ်၌ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ စိုက်ထုတ်သော နှလုံးသားသာ ရှင်းသန့်နေမည် ဆိုပါလျင် အမိအရ ခံစား မိကြမည် ထင်ပါသည်။

သို့ဖြင့် အဆုံးသတ် အဖြေထုတ်ရမည် ဆိုပါက

ယင်းခံစားသူတစ်ဦးတစ်ယောက်မျှ မရှိလျင်လည်း
အလှတရားသည် သူ့သဘာဝနှင့်သူ မခြယ်မသ တည်နေပါလိမ့်ဦးမည် ဖြစ်ပါသည်။
………………………………………………………………………………………..

တစ်ချိန်က ဒီနေရာမှာ ရေးထားမိတဲ့ အကြောင်းကို ပြန်စဉ်းစားရင်း ခံစားမိသလောက်လေး ရင်ဖွင့်ထားတာပါဗျာ။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: