မရယ်-မပြုံးမိပါ

ကဗျာ စာပေ ယဉ်ကျေးမှုဆိုသည်ကို နက်ရှိုင်းသော စိတ်၏ ချောက်ကမ်းပါး တစ်နေရာတွင် အမြိုက်တရား အဖြစ် လက်ခံသိမ်းထား ခဲ့ဖူးသည်။ လူသားတစ်ဦး၏ ဝိဥာဉ် အသိစိတ် အနေဖြင့် ယင်းတို့ကို အဘယ်နေရာ အထိ နက်နက်ရှိုင်းရှိုင်း လက်ခံမိပါသလဲ ။ ဘာအတွက် လက်ခံမိပါသလဲ ။ တစ်စုံတစ်ခုအတွက် ရည်ရွယ်၍ အမြစ်တွယ်ကျ နေသည်ကတော့ မှန်သည်။

အတွေးတစ်ခု၏ အဆုံးသတ်ကို ထိုရည်ရွယ်ရင်းဖြင့် ပြဌာန်းမည်လား မည်သည်ကို ရည်ရွယ်မည်လဲ ဆိုသည်ကို အဖြေရှာခဲ့သည်မှာ အချိန်ကြာမြင့်လာတော့ ဘဝ အသိနှင့် ကဗျာ စာပေတို့က သဲလွန်စ ချပေးကြသည်။ ကျေးဇူးကြီး လှပါသည်။ မွန်မြတ်သော စိတ်ကူးများ မဖြစ်နိုင်သော်ငြားလည်း မျော်လင့်ရာသို့ ရောက်သော လမ်းစများ ဖြစ်နိုင်သည်။

ဤမည်သော လမ်းကို မလျောက်လှမ်းနိုင်သေး ။ မြင်အောင်တော့ ပြနိုင်ကြသည်။

ကျနော့ အသိဥာဏ်မှာ နုံ့နဲ့ လျက်ရှိနေသေးကြောင်း ဝန်ခံပါသည် ။ သို့သော် မြင်သလောက် ပြောရလျင် ဤခေတ်နှောင်းပိုင်း ကဗျာ စာပေတို့၏ တူရှုရာ အရပ်သည် ဘဝလမ်း၏ အဆုံးသတ် ဆီသို့ ဖြစ်သည်။ ကျနော်တို့ ထံသို့ မသိမသာ တိုးဝင်လာတတ်သော ဝေဝါးသော သို့သော် သေချာသော အဆုံးသတ်ကို ရင်ဆိုင်ပုံ ရင်ဆိုင်နည်း ပေးနိုင်ကောင်းမှ ပေးနိုင်မည် ဖြစ်သည်။ သို့သော် ယင်းတို့ ကျေးဇူးကြောင့် ကျနော်သည် အဆုံးသတ်နှင့် ရှုတည်ရာကို မြင်လိုက်ရသည်။ ( မြင်ရသည်ဟု ထင်မှတ်မိပါသည်။)

အမှန် စင်စစ် ခဏရပ်တန့်၍ အတိတ်နှင့် ပစ္စုပ္ပန်ကို နံပါတ်စဉ်ထိုးကြည့်လျင် လူ့ဘဝသည် အလိုရမ္မက် ပြင်းသော မြွေတစ်ကောင်ကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ပြန် ဝါးမြိုနေသည်။ ဒေါသမာန်စွယ် ပြင်းသော မီးကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ပြန်တောက်လောင်နေသည်။ တစ်ရိပ်ရိပ်တက်နေသော သံချေးကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ပြန် စားနေလေသည်။ ဤသည်တို့ကို ကြင်နာစွာ တယုတယ စဉ်းစားတွေးခေါ်ကြည့်ဖို့ လိုအပ်မည်။ အနည်းဆုံး ကျနော်တို့ စားသောက်နေထိုင်နေသမျှတွင် တန်ဖိုးရှိသော အပြုအမူတစ်ရပ်တော့ ဖြစ်နိုင်ပါသည်။

လေးနက်စွာ တွေးတောခြင်းသည်လည်း တစ်ရပ်၊ ကဗျာစာပေ၏ အဝန်းအဝိုင်းထဲ မြုပ်နှစ်မိလိုက်သည်လည်း တစ်ရပ် ဤနှစ်ရပ်တို့ ပေါင်းစပ်၍ လေးလံနေသော နိစ္စဓူဝများ ခေတ္တဖြစ်ဖြစ် ကွာကျသွားမည်။ တကယ်လည်း အဆုံးသတ်တွင် ပြိုကျသွားကြမည့် အရာများ ချည်း ဖြစ်သည်။ သို့သော် သမားရိုးကျ အချိန်တွေမှာ ကျနော်တို့ မတွေးကြ။ မမြင်ကြ။ တစ်နည်းအားဖြင့်လည်း မတွေးရဲ ၊ မမြင်ရဲ ၊ ရင်မဆိုင်ရဲတာ ဖြစ်မည်။

ထိုရင်မဆိုင်ရဲသော သူရဲဘောကြောင်မှုကြောင့် ကျနော်တို့သည် ပျော်ရွှင်မှုကိုရော ဟာသ ကိုပါ ဖက်တွယ်မိကြသည်။ ဘဝတွင် နေပျော်အောင် နေမည်ဟု မာယာနှောပြီး တွေးလိုက်သည်။ ဟာသ တစ်ပုဒ် ရရှိလာလျင် မရိုးမသား ရယ်လိုက်သည်။ ရယ်စရာ ပြောသောသူကို တစ်ခုတ်တရ ကျေးဇူးတင်လိုက်သည်။ တကယ် အမောပြေသွားကြပါသလား။ တကယ်ရင်ဆိုင်လာရမည့် နောက်ဆုံး အဆုံးသတ်ကို ရှောင်လွှဲနိုင်ကြပါသလား။

တကယ်က ယင်းတို့သည် မေ့ဆေးသာ ဖြစ်သည်။ ယင်းတို့ကြောင့် ဘဝသည် အများအားဖြင့် အမေ့လျော့ခံလိုက်ရသည်။ ရင်မဆိုင်ရဲသော ခဏတွင် ယစ်ရွှေရည်၌ သာယာမိလိုက်ခြင်းသဘောသာ ဖြစ်မည်။ သို့ဖြင့် “ဟာဒယ ရွှင်ဆေး တိုက်ကျွေးသည်” ဟူသော စင်ပေါ် ပြက်လုံးစကားများတွင် ဆေးဟူသည် ကျနော့အတွက်တော့ မူးယစ်ဆေးသာ ဖြစ်နိုင်သည်။

ပျက်သုဉ်းသွားခြင်း၊ ပြိုကွဲသွားခြင်း၊ ပျက်စီးသွားခြင်း၊ သေဆုံးသွားခြင်း၊ အစိုးမရခြင်းတို့သည် ဘယ်သောအခါမှ မေ့လျော့အပ်သည် မဟုတ်ပေ။ ယင်းအပေါ် မမေ့မလျော့ ဆင်ခြင် ထောက်ရှုခြင်းသည်သာ ကျနော်တို့ အဆုံးသတ်ပန်းတိုင်ကို ရင်ဆိုင်ရန် ခွန်အားပေးနိုင်မည်။ အဖန်ဖန် အဆက်ဆက် စိုးမိုး ခြယ်လှယ်ခဲ့သည့် ယင်းကြောက်စိတ်ကို အနိုင်ယူနိုင်ဖို့ ရသည့် ရခိုက် ကျားကုတ်ကျားခဲ သင်ယူနေကြရဦးမည်။

အက်ဆေးဆရာ မွန်းတိန်းက ဆိုခဲ့ဖူးသည်။”ဘယ်လိုသေမယ်ဆိုတာ သင်ထားသူတစ်ယောက် အတွက် ဘယ်လိုကျွန်ဖြစ်သွားမလဲ စိုးရိမ်စရာမလိုပါဘူးဗျာ” တဲ့။

ကျနော်တို့ ကျွန်ဖြစ်နေကြပါသလား။ ရိုးရိုးသားသားလေး ကိုယ့်ကိုယ်ကို မေးကြည့်သည်။ သေဆုံး ပျက်ပြုန်းခြင်း အကြောင်းကို ဘဝင်တကျ နားမရှင်းသေးသရွေ့ ကျနော်တို့ ကျွန်ဖြစ်နေကြဦးမည် ဖြစ်သည်။ ကိုယ့်ဘဝကို ကိုယ် -ယင်း အဆုံးသတ်ဆီ ထိုးအပ် ကျွန်ခံရင်း ဇောချွေးတစ်လုံးလုံးနှင့် ရုန်းကန်နေရသည်။ သို့ဖြင့် နောင်အနာဂတ်တွင် မူးယစ်မေ့လျော့ သွားနိုင်စွမ်းသော ဟာသများ တစ်ပုဒ်ပြီး တစ်ပုဒ်ရှာနေရဦးမည်။ ဟာသ ဗျစ်ရည်ကို သောက်ပြီး ပျော်မြူး မေ့လျော့နေရဦးမည်။

စင်စစ် အံ့ဩစရာ အချက်က လက်တစ်ကမ်းမှာသာ ရှိပါသည်။ ၎င်းမှာ သေခြင်းတရားကို ရောက်ရှိလာမှ ငိုကြီးချက်မ ရင်ဆိုင်လိုက်ခြင်း ထက် ကြိုတင်မြော်မြင် ဆင်ခြင်ကြည့်ခြင်း ဖြစ်သည်။ ထိုမှ အကျိုးဆက်သည် မမျော်လင့်ရဲလောက်အောင် ကြီးမားသည်။ အံ့မခန်း ဖြစ်ကြောင်း တွေ့ရပေမည်။

၎င်းမှာ လွတ်လပ်ခြင်းပင် ဖြစ်သည်။ လွတ်မြောက်သွားခြင်းပင် ဖြစ်သည်။

ဤသို့ ဆိုသဖြင့် သေခြင်းတရားမှ လွတ်မြောက်ရာကို အသည်းအသန်ရှာဖွေနေမှ ဖြစ်မည်။ ရှာဖွေနေရမည်ဟု ယူလျင်မှားပါမည်။ ကျိန်းသေ အပ်ကျ မတ်ကျ ရင်ဆိုင်ရမည့် ထိုထိုသော အရာတစ်ခုမှ ရှောင်ပြေးရန် ကြိုးစားခြင်းသည် မိမိကိုယ်ကိုယ်မှ ထွက်ပြေးခြင်းသာ ဖြစ်သည်။ လွတ်မြောက်မှုကို စွန့်ပယ်ခြင်းသာ ဖြစ်သည်။ သေခြင်းတရားကို ငြင်းပယ်ခြင်းသည် ကိုယ့်ကိုယ်ကိုယ် မုန်းတီးခြင်းသာ ဖြစ်သည်။

To philosophize, then, is to learn to have death in your mouth, in the words you speak, the food you eat and the drink that you imbibe. It is in this way that we might begin to confront the terror of annihilation, for it is, finally, the fear of death that enslaves us and leads us towards either temporary oblivion or the longing for immortality. As Montaigne
writes, ” H e who has learned how to die has unlearned how to be a slave.” This is an astonishing conclusion: the premeditation of death is nothing less than the forethinking of freedom.

Seeking to escape death, then, is to remain unfree and
run away from ourselves. The denial of death is self-hatred.

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: