ဆရာပြောသော ကဗျာ့သဘော

PoemScence

ကဗျာတွေ ဖွဲ့ဖြစ်တော့ ကဗျာဆိုသည်မှာ ဘာညာ ၊ ကဗျာသဘောသည် မည်သို့ ဆိုသည်နှင့် ပတ်သက်၍ ကျွန်တော်မသိရိုးအမှန် ။

ကဗျာတစ်ပုဒ်ရေးဖွဲ့ရာတွင် ရင်၌ ပေါက်ဖွားသော ခံစားချက်အတိုင်း မမှိတ်မသုန် အရိုးသားဆုံး သွန်ချနိုင်ခြင်းကိုသာ တန်ဖိုးထားသည် ။ မှန်ကန်သည်ဟု ထင်သည်။ ကဗျာတစ်ပုဒ်တွင် ရှိအပ်သော ဂိုဏ်းဂဏသဘော၊ အလင်္ကာသဘော၊ ကာရန်နဘေ စည်းစနစ်များ ဘာမှ မသိ။ ပိုဆိုးသည်က ပို့စ်မော်ဒန် ခေါ်မလား၊ Exist ခေါ်မလား အတွေးပိုင်းက ဝင်နေသည်မို့ ရင်ဘတ်ထဲ ရှိသမျှ လွတ်လပ်စွာ စွဲထုတ်၊ ခွဲထုတ်နိုင်ခြင်း ကိုသာ အလေးပေးလိုသည်။

နောက်တော့ ဆရာဦးရွှေအောင်၏ “ရသစာပေ၏ရသ” ကို ဖတ်ဖြစ်သည်။ ကဗျာ ဆိုသည်မှာ လေးလုံးခြောက်ဖက်တွဲ ၊ အသံသာ ၊နားဝင်ချိုမှ မဟုတ်ကြောင်း နှင့် လင်္ကာ၊ရသ သဘောသဘာဝ ပြည့်ဝခြင်းကို အလေးထားကြောင်း သဘောပေါက်မိသည်နှင့် ဘဝင်တကျ ကျေနပ်မိသွားသေးသည်။

Exist တို့၏ အခြေခံသဘော ဖြစ်သည့် ခံစားမှု လွန်ဝါဒများ ရိုက်ခတ်မှုလည်း ပါမည် ထင်သည်။ ကဗျာသည် လွတ်လပ်ရမည်။ အေးချမ်းမှုမျိုး ပေးကောင်းမှ ပေးနိုင်မည်။ အသံသာချင်မှ သာမည်။ အဆုံးစွန်ဆုံး ကဗျာဖတ်သူက ကြိုက်ချင်မှ ကြိုက်မည်။ ဂရုမစိုက်။ ကိုယ်ရေးချလိုက်သော ၊ သွန်ချလိုက်သော စာတစ်ပိုဒ်သည် ကိုယ်၏ ရင်မှ ပေါက်ဖွားလာသော သားသမီးတစ်ပါးသာ ဖြစ်သည်။ ယင်းသားသမီးကို တပါးသူ သဘောကျခြင်း၊ မကျခြင်း ၊ နှစ်ခြိုက်ခြင်း ၊ မနှစ်ခြိုက်ခြင်း အတွက် အာရုံမထားနိုင်။ စိတ်မဝင်စား။

အတွေးအိမ်ထဲမှာပင် ကဗျာနှင့် ပတ်သက်၍ သီးခြား ကင်းလွတ်သွားသော အခါများပင် ရှိမိပါသည်။ တနည်းဆိုရလျင် ကျနော် ကဗျာတစ်ပုဒ် ရေးချလိုက်သောအခါ အခြားသူများ အတွက် ကဗျာ ဖြစ်ချင်မှ ဖြစ်မည်။ စာတစ်ပုဒ်လည်း ဖြစ်သွားနိုင်သည်။ တစ်ခါတစ်ရံ စာတစ်ပုဒ် အဖြစ်တောင် မရောက်ဘဲ စာသား ( Text ) သာ ရှိ၍ အဓိပ္ပာယ် ( Mean ) မရှိသည့် အဖြစ် ရောက်သွားမည်။

ရစ်ချတ်ရော်တီနှင့် ဒါရီဒါတို့ စာတွေဖတ်ပြီး ထိုကဲ့သို့ ဖြစ်နေသလား သံသယ ဝင်စရာတော့ မလိုမိ။ ကဗျာ၏ သမိုင်းကြောင်းနှင့် မြန်မာ ကဗျာများကို သဘောတကျ ရှိမိသော်လည်း ကိုယ်မဖွဲ့နိုင်စွမ်းသော အပိုင်းမို့ လွှတ်ထားလိုက်ရတော့သည်။ သို့ဆို၍ မြန်မာတို့၏ ရင်းမြစ်၊ ရိုးရာ ကဗျာသဘောများကို ပစ်ပယ်ထားခြင်း မဟုတ်ပါ။ သီးခြား ခွာ – ထားခြင်းသာ ဖြစ်သည်။

“ရွှေနန်းတော် မြို့ရိုးသို့
နောက်အပိုးရောက်ခဲ့ထင်
ဗောင်းကြော့ကြော့ရှင်။
ရိုးမြို့တော်ခင်
ယဉ်ပါစ မေး။
သူ့ကျုံးမှာ ကြာမပျော်၍
ပြသာဒ်တော် ခြေထော့ကျိုးနဲ့
ညှိုးရှာသတဲ့လေး”

သည်ကလိုကဗျာမျိုး လေးစားပါသည်။ သို့သော် ကျွန်တော် ( အလွန်ညံ့ဖျင်းလှသည်ဖြစ်သောကြောင့် ) အနားမကပ်နိုင်။ ခံစားချက်တစ်ရပ်ဖြင့် ကဗျာ ( ကဗျာဟု ကျနော်သမုတ်သော ) တစ်ပုဒ်ကို ရေးရန်ဆုံလာသောအခါ ကာရန်တွေ၊ နဘေတွေ ၊ စကားလုံးတွေ၊ နိမိတ်ပုံတွေ မထည့်သွင်းနိုင်။

ကျနော် တယောစသင်ကာစကကဲ့သို့ သီချင်းတစ်ပုဒ် သာသာ ထွက်ဖို့အရေး လက်ကို ဘယ်လို၊ ပုခုံးကို ဘယ်ကို ၊ မေးကိုဘယ်လို၊ ဘိုးတံကို ဘယ်ပုံ ၊ စသည် စဉ်းစားနေခြင်းဖြင့် ခံစားမှုသာ ပျောက်သွားမည် ။ အသံထွက်ဖြစ်မည် မဟုတ်။ သီချင်းတစ်ပုဒ် သီဆိုချင်၍ ဆိုချလိုက်ခြင်းသာ ဖြစ်သည်။ အနုပညာလက်ရာမြောက်ခြင်း မမြောက်ခြင်း၊ အသံသာခြင်း မသာခြင်း ၊ နှုန်းစံ ပညတ်များ ၊ ပြုလေ့ပြုထရှိခြင်း ဟူသော ဓလေ့ထုံးတမ်းသဘောများကို စိတ်လိုလက်ရ မရှိခြင်းမှာ ကျနော့ နုံဖျဉ်းမှု ဖြစ်မည်။

သို့နှင့် ဤလထုတ် ချင်းတွင်း မဂ္ဂဇင်းမှာ လှန်လှောမိတော့ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၏ ဆောင်းပါး တစ်ပုဒ်ကို တွေ့လိုက်မိသည်မှ ဤအကြောင်းတွေ ပြန်တွေးဖြစ်သွားသည်။ ကဗျာဆိုသည်ကို ကိုယ်မသိကြောင်း၊ ကိုယ်ရေးခဲ့သမျှတို့မှာ ကဗျာ ဟု ကိုယ်သမုတ်ခဲ့သည်များက ကဗျာ ဟု ဆိုထိုက်သလော ၊ မဆိုထိုက်သလော အနည်းငယ်တွေဝေ မိသွားသည် ရှိ၍ နေမထိ ထိုင်မထိ ဖြစ်မိပါသေးသည်။

မြတ်နိုးအပ်သော မြန်မာတို့၏ အစဉ်အလာကဗျာသဘောကို အတွေးစဉ်ဖြန့်ကျက် ဖော်ပြသွားသော ဆရာ၏ ကဗျာသဘောသဘာဝကို ကျနော့ ဒီဘလော့မှာ မှတ်တမ်းသဘော အလို့ငှာ သိမ်းထားမိပါသည်။ အားလုံးကို ကျေးဇူးပါ။
…………………………………….

စိန်ဗိတာန်ပုံသစ်ချိန်၏ ရင်ခုန်ခြင်း
ဆရာတက္ကသိုလ်ဘုန်းနိုင်

သီတင်းကျွတ်လပြည့် ကျော်ပြီးသည်နှင့် ကျွန်တော်သည် မိုးကောင်းကင်ကြီးကို မော့ကြည့်၍ စာဆိုတော်ကြီး ဦးမင်း၏ သီတင်းကျွတ်လဘွဲ့ လေးချိုးကြီးမှ ကဗျာနည်း ကျလွန်းလှသည့် စာတစ်ပိုဒ်ကို မြတ်နိုးလေးစားစွာ သတိတရ ရွတ်ဆိုနေမိတတ်သည်။

“ဝါရက်သာယွန်းတော့တယ်၊
နွေစွန်းငယ်ချိန်မီမှာ၊
တူရာသီခါနယ်နှင့်၊
သာစဖွယ်တိမ်ပျံက၊
စိန်ဗိတာန်ပုံသစ်မတဲ့၊
ရွှေရစ်ဆင်”။

လေးချိုးကြီးဟူသည့် ကဗျာပုံသဏ္ဍာန် ( တစ်နည်း ) ဖွဲ့စပ်ပုံ (တစ်နည်း ) သံနေသံထား ( Rhythm ) ကို ကျွန်တော် အထူး စိတ်ဝင်စားသည်။

ကမ္ဘာပေါ်တွင် ကဗျာတိုင်းသည် ဘာသာစကား၏ ခန္ဓာတည်ဆောက်ထားပုံ ( Morphology )၏ အကန့်အသတ် ဘောင်အတွင်း၌သာ ရှင်သန် ကြီးပွားရသည်။

အသက်သဘော ရှိသည့် အကောင်၊ အပင်တို့သည် မိမိတို့၏ ခန္ဓာတည်ဆောက်ထားပုံ၏ အကန့်အသတ် ဘောင်အတွင်း၌ သာ ရှင်သန်ကြီးပွားခြင်း ၊ ကိစ္စ ဆောင်ရွက်ခြင်း ( Function ) ပြုနိုင်ကြောင်းကို သာမာန် လူများပင် သဘောပေါက် နားလည်ကြသည်။ သို့ရာတွင် ဘာသာစကား ၏ ခန္ဓာ တည်ဆောက်ထားပုံ အကန့်အသတ် သဘောနှင့် ကဗျာ၏ ဖြစ်ထွန်းမှု တို့၏ ဆက်နွယ်နေပုံကို ကဗျာ ပညာရှင်တို့သာ နားလည်ကြသည်။

အင်္ဂလိပ် ဘာသာစကား၏ ခန္ဓာတည်ဆောက်ထားပုံ အရ အိုင်အင်းဘစ် ( Iambic ) သဘာဝ သံနေသံထား ဖြစ်လေသည်။ အင်္ဂလိပ် ကဗျာဆရာတို့သည် ခြားနားသော လက်တင် စကားနယ်ပယ်မှ ဟက်ဇင်မီတာ ( Hexameter ) သံနေသံထားမျိုးကို စပ်ချင်၍ ကြိုးစားတီထွင် ကြည့်ကြသော်လည်း မအောင်မြင်၊ စွတ်လုပ်ကြည့်သော အခါ ကျိုးပျက်နေသော ကဗျာ အသံကြောင်တွေသာ ထွက်လာသည်။ ထို့ကြောင့် မိမိ သဘာဝ အိုင်အင်းဘစ် သံနေ သံထားကိုသာ လိုအပ်သကဲ့သို့ ပြုပြင် ကိုင်တွယ် တီထွင်ကြလေမှ ဘလင့်ခ်ဗားစ် ( Blank Verse ) သံနေသံထား၊ စပရန်းဗားစ် ( Sprung Verse )၊ ဖရီးဗားစ် ( Free Verse )သံနေသံထားတို့ကို ရရှိလာပါသည်။

သံနေသံထား ဖြစ်ထွန်းလာမှု သည် အမြစ်က စလှန် ပြောင်းပစ်ခြင်း ( Revolution ) မဟုတ်ဘဲ တဖြည်းဖြည်း ပြုပြင် ပြောင်းလဲခြင်း ( Evolution ) သာ ဖြစ်လေသည်။

မြန်မာစကား ခန္ဓာ တည်ဆောက်ထားပုံအရ သတ်စေ့နှက် သုံးချက်ညီ စပ်နည်းက ပေးသော သံနေသံထား ( ဝါ ) အခြေခံ သံနေသံထား ဖြစ်လေသည်။ ဤသံနေသံထား အပေါ် အခြေခံပြီး အရိုးပေါ် အရွက်မဖုံးစေသော တဖြည်းဖြည်း ပြုပြင်ပြောင်းလဲခြင်းနည်းဖြင့် ရှေးမြန်မာ စာဆိုကြီးတို့ တီထွင် ခဲ့ကြရာ မြန်မာ ကဗျာလောက၌ သံနေသံထားမျိုးတွေ ထွေပြားဆန်းစုံ ပွားစည်လာခဲ့သည်။ သံနေသံထား ထွေပြား ခြားနာ ဆန်းစုံမှုကို ကဗျာပညာ၌ ( Rhythmic Variegation ) ဟု ခေါ်သည်။ ဘယ်ဘာသာစကား ကဗျာနယ်ပယ်၌ မဆို သံနေသံထား ထွေပြား ခြားနား ဆန်းစုံမှုက ရှိသည်။ မြန်မာ ကဗျာ နယ်ပယ်၌လည်း ရှိသည်။ ယင်းသဘောရှိမှုသည် ကဗျာ၏ ရှင်သန် ကြီးထွားမှု လက္ခဏာ ပင် ဖြစ်လေသည်။

ပျို့၊ ရတု၊ ဧချင်း၊ တျာချင်း၊ အဲချင်း၊ လွမ်းချင်း၊ ရကန်၊ လေးချိုးကြီး၊ လေးဆစ်သဖြန်၊ လေးချိုး၊ ဒွေးချိုး၊ တေးထပ် စသည်တို့၌ အရှည် အတို၊ အဆက် အစပ် စသော မျက်စိနှင့် မြင်ရသော ပုံသဏ္ဍာန် တို့ အပြင် နားနှင့် ကြားရသော အသံ ပုံသဏ္ဍာန် (တစ်နည်း) အသံ အမူအရာ ခြားနားခြင်းတွေ ရှိကြသည်။ ကဗျာကို ဖတ်ရုံမဖတ်ဘဲ ရွတ်ဆို ကြည့်လျင် ခြားနားခြင်းတွေကို ပိုသိသည်။

သံနေသံထားကို ပြုလုပ်ပေးသော စကားသံမှ အရည်အသွေးကို သံနေသံထားပြု ပစ္စည်း ( Rhythmic Component ) ဟု ခေါ်သည်။ ဘာသာစကားတို့သည် တစ်ခုနှင့် တစ်ခု သံနေသံထားပြု ပစ္စည်း ချမ်းသာ ကြွယ်ဝပုံ မတူကြပါ။ စကားသံ တစ်သံတိုင်း၌ အဓိပ္ပါယ် ရှိသော မြန်မာစကားတွင် ကာရန်ဟု ခေါ်သော အသံတူ စကားလုံးတွေ ပေါများ ကြွယ်ဝသည်။ အဓိပ္ပါယ်တစ်ခု ထွက်ရန် စကားသံ တစ်ခုမက ( များသောအားဖြင့် ) လိုအပ်သော အင်္ဂလိပ်စကားများ ၌ အသံတူ စကား ရှားပါး ဆင်းရဲသည်။ မြန်မာက မိမိ၌ ပေါများ ချမ်းသာသော ကာရန်ကို သံနေသံထားပြု ပစ္စည်း အဖြစ် အသုံးပြုသည်။ အင်္ဂလိပ်က ရှားပါးသော ကာရန်ကို သံနေသံထား အဖြစ် သုံးချင်တောင်မှ မသုံးနိုင်။ ထို့ကြောင့် သူ့၌ ပေါများသော ဖိဖော့ ( Stress ) ကို သံနေသံထားပြု ပစ္စည်း အဖြစ် သုံးသည်။

မိမိ၏ ဘာသာစကား၌ ကြွယ်ဝချမ်းသာသော ( တစ်နည်း ) ပြဋ္ဌာန်းနေသော စကားသံ အရည်အသွေးတို့ကို လိုအပ်သကဲ့သို့ စီစဉ် နေရာချထားပြီး အလိုရှိသော သံနေသံထားကို ထွက်ပေါ်စေရသည်။ သံနေသံထားသစ်များ လိုချင်သော အခါ သံနေသံထားထွက် ပစ္စည်းတို့ကိုပင် အသစ် နေရာချထား စီစဉ်ရသည်။

ပျို့ရတုတို့မှ သံနေသံထားတွေနှင့် နောက်ပေါ် လေးချိုး တေးထပ်တို့၏ သံနေသံထား တွေသည် အလွန် သိသာ ခြားနား ကြသည်။ လေးချိုးကြီးကား ကြား၌ ရှိနေသည်။ ကာရန်ကို နေရာချထားပုံမှာ ရတုမှ လေးလုံးတစ်ပိုဒ် အသံကြောင်းနှင့် တူညီချက် များစွာ ရှိနေသေးသည်။ သို့ရာတွင် လေးလုံး တစ်ပိုဒ် အသံကြောင်း မဟုတ်သည်လည်း ပါသည်။ လေးလုံး တစ်ပိုဒ် မူသေ ပုံစံ (တစ်နည်း) ပုံစံ ပြာ ( Blue Print ) မှ သိမ်သိမ်မွေ့မွေ့ စတင်ခွဲထွက်ခြင်းကို တွေ့ရသည်။ မြန်မာ ကဗျာ သံနေသံထား ထွေပြားခြားနားမှု ကို လေ့လာရန် စံပုံစံ ( Model ) ကောင်းတစ်ခု ဟု ယာယီ ကျွန်တော် ယူဆထားပါသည်။

စကားသုံး စကားနှုန်း ( Diction )ဟူသည်ကလည်း ရှိသေးသည်။ ကဗျာ စကားသုံး စကားနှုန်း ( Poetic Diction )ဟူသည် ကလည်း ရှိသေးသည်။ ကမ္ဘာ့ ကဗျာ နယ်ပယ် အားလုံးတွင် ကဗျာ၌ အများသူငါ သုံးသော စကားလုံးများကို မသုံးသင့် ၊ ကဗျာက သုံးသော သီးသန့် စကားရှိသည် ဟူသော အစွဲ ရှိခဲ့ကြဖူးသည် ချည်း ဖြစ်လေသည်။ နောက်တော့ ထိုအစွဲကို စွန့်လွှတ်ကြသည်။ အင်္ဂလိပ် စာပေ တွင် ဝါဒ်စ်ဝတ်သ် ( Wordsworth ) သည် လူအများ ပြောဆိုကြသော စကားလုံးများနှင့် ဂုဏ်မြောက်အောင် စတင် ကဗျာ စပ်ခဲ့သူဟု ချီးမွမ်း မှတ်တမ်းတင် ခံရသူ ဖြစ်သည်။

ပျို့တို့ ၊ ရတုတို့မှ စကားသုံး စကားနှုန်းက ကိန်းခန်း ဣနြေ္ဒ ကြီးသည်။ လေးချိုး၊ တေးထပ်တို့တွင်ကား လူအများသုံးသော စကားတွေကို ရဲရဲနှင့် လှိုင်လှိုင်ကြီး သုံးလာသည်။ လေးချိုးကြီးတွေ တွင်ကား အများသုံးစကား ဟန်ပန်တွေကို စတင် တွေ့ရသည်။ ကြောင့်၊ ဟု၊ မည်၊ သည်၊ သော ဟူသော ကြိယာများ နေရာတွင် မို့၊ လို့၊ မယ်၊ တယ်၊ တဲ့ စသည်တို့ကို သုံးလာသည်။ အထက်တွင် ဖော်ပြခဲ့သော ကဗျာပိုဒ်မှ “စိန်ဗိတာန်ပုံသစ်မတဲ့” ကို ကြည့်ပါ။ ရှေးဟန် အရဆိုလျင် “စိန်ဗိတာန်ပုံသစ်မည်” ဟု ဖြစ်ရလေမည်။ အစ စာကြောင်း “ဝါရက်သာ ယွန်းတော့တယ်” သည်လည်း “ဝါရက်သာ ယွန်းတော့သည်” ဖြစ်လေမည်။ သို့ရာတွင် လေးချိုးကြီးများမှ စကားအများစုသည် ကိန်းခန်း ဣနြေ္ဒကြီးမှုလည်း ရှိနေပြန်သေးသည်။

သံနေသံထား ထွေပြားခြားနား ဆန်းစုံမှုနှင့် စကားလုံး၊ စကားနှုန်း ဟန်ပန်တို့ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲခြင်းကို လေ့လာသော ကျွန်တော့်အတွက် ဤမည်သော အကြောင်းတွေကြောင့် လေးချိုးကြီးများသည် အထူး စိတ်ဝင်စားဖွယ် ဖြစ်ခဲ့သည်။

အထက်တွင် ဖော်ပြခဲ့သော ဦးမင်း၏ စာပိုဒ်က ကျွန်တော့်ကို အထူး ဖမ်းစားခဲ့သည့် အခြား အရေးကြီးသော အကြောင်းတစ်ခုကလည်း ရှိသေးသည်။ ထိုအကြောင်းကား ပုံရိပ်ဖော်ပြမှု သဘော ( Imagery ) ဖြစ်လေသည်။

ကဗျာကောင်းတို့မည်သည် ပုံရိပ်ဖော်ပြမှု သဘောနှင့် လူ့စိတ်ကူးဥာဏ်ကို လုပ်ရိုးလုပ်စဉ်ထက် ပို အလုပ်လုပ်စေတတ်သည်။ တစ်နည်းဆိုရလျင် စိတ်ကူးဥာဏ်ကို မရောက်ဖူးသေးသော နယ်ပယ်သစ်ဆီသို့ ခေါ်သွားတတ်သည်။ ရိုးရိုးစကားနှင့် ပြောရလျင် သည်လို မြင်ရသည်ကို ဟိုလိုလည်း မြင်စမ်းကြည့်စေသည်။ ကဗျာ ဖတ်သူသည် ရေသာ မခိုလိုက်ရဘဲ မိမိဘက်မှလည်း အားထုတ်ကြိုးစားခြင်း ပြုပေးရသည်။

ဦးမင်း၏ စာမှ …နွေစွန်း ဟူသော စကားမှ စပြီး တွေးခေါ်ရန် အစပျိုး လှုံ့ဆော်သည်။ ဝါရက်ယွန်းချိန်မှာ ဝါကျွတ်သော အခါကာလ ဖြစ်သည်။ မိုးတွင်းဟု ခေါ်သော မိုးရာသီ ကုန်ဆုံးချိန် ဖြစ်လေသည်။ မိုးစွန်း မဟုတ်ဘူးလော။ ဘာကြောင့် နွေစွန်း ဟု ဦးမင်းက ဆိုရလေသနည်း။

သဘာဝတရားကြီး၌ သီတ ( အအေး ) နှင့် ဥဏှ ( အပူ ) ဟူ၍ သဘောနှစ်ခု ရှိသည်။ ရာသီဥတုကျတော့ သီတ ကဲချိန်ကို ဆောင်း ဟု ခေါ်သည်။ နေသည် တောင်ယာဉ်စွန်းတန်း ( Tropic of Capricon ) ဆီ တိုက်ရိုက်ရောင်ခြည် ကျစေချိန် ဖြစ်လေသည်။ မြန်မာစာတွေမှာ “ဘုံပျံနေနန်း၊ ပြင်လမ်းစံကွန့်၊ လျှံညွှန့်နှင်း စီစီ” ဟု စပ်တတ်သည်။ နေမင်းသည် အပြင်လမ်းဆီ ရောက်နေချိန်၊ အာရှတိုက်လို နေရာက ကြည့်တော့ နေသည် အပြင်ဘက်ရောက်သွားသည့် သဘောဖြစ်သည်။

ဥဏှကဲသော အချိန်ကို နွေဟု ခေါ်သည်။ နေသည် မြောက်ယဉ်စွန်းတန်း ( Tropic of Cancer ) ဆီ တိုက်ရိုက်ရောင်ခြည် ကျစေချိန် ဖြစ်လေသည်။ အာရှတိုက်လို နေရာက ကြည့်တော့ မိမိတည်ရာဘက် ရောက်သကဲ့သို့ ရှိသောကြောင့် အတွင်းလမ်းရောက်သည်ဟု ခေါ်သည်။ အမှန်ကား တရွေ့ရွေ့ အစွန်းတစ်ဖက်မှ အစွန်းတစ်ဖက်ဆီ ပြောင်းသောကြောင့် အအေးစွန်းနှင့် အပူစွန်းကြား ရာသီတွေ အဆက်မပြတ် ပြောင်းရွှေ့နေကြသည်။

စင်စစ် ကမ္ဘာမြေ၌ ဆောင်းနှင့် နွေသာ ရှိလေသည်။ ထို့ကြောင့်လည်း ကမ္ဘာအနှံ့အပြား၌ ဆောင်းဦးရာသီ ( Autumn ) ၊ဆောင်းရာသီ ( Winter )၊ နွေဦး ရာသီ ( Spring ) ၊ နွေရာသီ ( Summer ) ဟူ၍ ရာသီတို့ကို အဓိကအားဖြင့် ဆောင်းနှစ်မျိုး နွေ နှစ်မျိုး ပေါင်း ဥတုလေးလီ ခွဲခြားကြသည်။

မြန်မာ့ဆောင်းကတော့ အလွန် လှသည်။ မိုးအခါကဲ့သို့ မစိုစွတ်၊ နွေအခါကဲ့သို့ မပူပြင်း။ တောတောင် ရေမြေတွေက စိုလန်းနေသည်။ သဇင်၊ ဂမုန်း၊ ခွာညို စသော ပန်းတွေကလည်း လှိုင်လှိုင်ပွင့်၍ ကြိုင်ကြိုင်သင်းကြသည်။

ကောင်းကင်ဆီလည်း ကြည့်ပါ။ တန်ဆောင်မုန်းဆိုလျင် မိုးပြင်ကြီးက တိမ်ရှင်းပြာလွင်ပြီး ကြယ်တွေအားလုံးလိုလိုကို လဲ့လဲ့ လက်လက် တွေ့နိုင်သည်။ တိမ်ရှင်း မြူကင်းချိန်မို့ လမင်းကြီး သာပြီဆိုလျင် လင်းလိုက်ပါသည်မျိုး….။ လှလိုက်ပါသည်မျိုး။

ဦးမင်း၏ စာက အဲသည်လိုမျိုး ကောင်းကင်ကြီးနှင့် ပတ်သက်နေသည်။

“သာစဖွယ် တိမ်ယံက စိန်ဗိတာန်
ပုံသစ်မတဲ့၊ ရွှေရစ်ဆင်”

ကောင်းကင်ကြီးကိုပြောမှန်းတော့ သိသည်။ စိန်ဗိတာန် ဆိုတော့ စိန်ပွင့်လေးတွေ မြှုပ်သွင်းစီခြယ်ထားသည့် ဗိတာန်နှင့် တူသော ကြယ်တွေနှင့် လှချင်တိုင်း လှနေသည့် ကောင်းကင်ကြီး။

သို့ရာတွင် “မတဲ့” ဟူသော စကား။ သည်စကားက ပစ္စုပ္ပန်ကို မညွှန်း။ အနာဂတ်ကိုသာ ညွှန်းသည်။ စိန်ဗိတာန်သစ်ကြီး မပေါ်သေး။ ဗိတာန်ဟောင်းကြီးကို အသစ်ဖြစ်အောင် ကြိုးစားရဦးမည်။ သီတင်းကျွတ်စ အခါတွင် မိုးရိပ် တိမ်ရိပ်တွေ မကင်းသေး။ ကောင်းကင်ပြာကြီး မသန့်စင်သေး။ ထို့ကြောင့် စိန်ဗိတာန်ကြီးဟု မခေါ်နိုင်သေး။ ဗိတာန်ဟောင်းကြီးကို ပုံသစ်ပေးရဦးမည်။ ဘယ်သောအခါ စိန်ဗိတာန် အသစ်ကြီး ပြီးမည်နည်း။ တန်ဆောင်မုန်းလ အခါကျတော့မှ။

ကဗျာဟူသည် စကားကျစ်လျစ်ရသည်။ တစ်လုံးဆို ဆိုသလောက် ထိရောက်ရသည်။ ဦးမင်း၏ “မတဲ့” ဟူသော စကားလေးနှစ်လုံးက အလုပ်အများကြီး လုပ်ပြလေသည်။

သီတင်းကျွတ်လက အနာဂတ်အတွက် စိန်ဗိတာန်အသစ်ကို ပြုလုပ်နေသည်။ မပြီးသေး။

ဤအထိကား အဓိပ္ပာယ် ချောမွေ့နေသည်။ သို့ရာတွင် “ရွှေရစ်ဆင်”။ ဤစကားက ဘာကို ဆိုလိုပါသနည်း။ ဦးမင်းကဲ့သို့သော ပုဂ္ဂိုလ်ကြီးသည် စကားပိုသုံးသည် မဖြစ်နိုင်။ အပိုဒ် တစ်ခု၏ အဆုံး၌ သံနေသံထား အချ အနား အရေးကြီးသော နေရာတွင် သုံးထားသော စကား ဖြစ်သောကြောင့်လည်း အသံပြည့်လျင် ပြီးရောဟု ပေါ့ပေါ့ဆဆ ပြုလုပ်လိုက်သည် မဖြစ်နိုင်။ သူရို့ ကဗျာပညာတွင် တော့ အချက်အချာ နေရာကို ယူထားသော စကားလုံးများ၌ ကြေညာခြင်း ( Declaration ) ကိစ္စ ရှိသည်။ ကြေညာခြင်းကိစ္စ ဆိုသည်မှာ ကဗျာပိုဒ်၏ အဓိက ဆိုလိုချက် ဖြစ်လေသည်။ အခြား စကားလုံးများက ကြေညာခြင်းကို သဘောတူ ထောက်ခံပေးခြင်း ( Acquiesence ) ကိစ္စကို ပြုသည်။ ကြေညာခြင်း၌ အလေးအနက်ပြုမှု ( Emphasis ) လက္ခဏာ ရှိပြီး သဘောတူထောက်ခံပေးခြင်း၌ ဖွင့်ဆို ရှင်းလင်းတင်ပြမှု ( တစ်နည်း ) ဝိသေသန ပြုမှု ( Qualifier ) လက္ခဏာရှိသည်။ အနက်အဓိပ္ပာယ်နှင့် သံနေသံထားတို့ အကြားတွင် ဤသို့မျိုး ဆက်သွယ်ခြင်း ( Relationship ) တွေ ရှိသည်။ ကဗျာကို စကားပြေကဲ့သို့ ဤမည်သော ဆက်သွယ်ခြင်းမျိုးကို အထူးဂရုမစိုက်ဘဲ ရေးရိုးထုံးစံ မရှိ။

သည်တော့ “ရွှေရစ်ဆင်” ဆိုသည်မှာ အဘယ်နည်း။

ကျွန်တော့ကို ညံ့ကြသည်ဟုပဲ ဆိုကြပါတော့။ သည်စကားလေး သုံးလုံးကို နားလည်ရန် နှစ်များစွာ ကြံယူခဲ့ရသည်။

အဖြေမရသည့်အဆုံးတွင် “ဗိတာန်” ဟူသော စကားမှ သဲလွန်စ ရလိုရငြား ထိုစကား၏ အဓိပ္ပာယ်ကို စစ်ဆေးမိသည်။

ဗိတာန်သည် ပါဠိစကား ဝိတာန ( Vitana )မှ ဆင်းသက်လာသည်။ ထိုစကား၌ ဖြန့်ခြင်း ( Spreading )၊ ပြန့်ကားခြင်း ( Expansion )၊ မျက်နှာကြက် ( Canopy )၊ ဖြန့်ကြက်ထားသော ဖျင်ထည် ( Awning ) ဟု အဓိပ္ပာယ်တွေ ရှိလေသည်။ ( ပါဠိတစ်ချက် အနက်ကယ် ဆယ်ထွေ )

ယခုခေတ်၌ မျက်နှာကြက်ဟု ဆိုလျင် သစ်သား မျက်နှာကြက်၊ အင်္ဂတေပြား မျက်နှာကြက် တွေကိုသာ ပြေးမြင်မိသည်။ ရှေးကမူ ဖြန့်ကြက်ထားသော ဖျင်ထည်နှင့် မျက်နှာကြက် ပြုလုပ်ကြသည်။ ယခုတိုင် တောရပ် အလှူ ယာယီ မဏ္ဍပ် ကနားတို့၌ ဖျင်ထည် ( ပိတ် ) မျက်နှာကြက်ကို သံဃာစင်ထက်တွင် သုံးဆဲ ဖြစ်လေသည်။

သည်တော့မှ ဦးမင်း ဘာကို ဆိုလိုသည်ကို သဘောပေါက်သည်။

သီတင်းကျွတ်လ ခမျာ နောင်ရေးကို မျှော်၍ ကောင်းကင်ပြင်သစ် မျက်နှာကြက် ပြုလုပ်ရန် ရည်သန်သည်။ ထို့အတွက် ဖျင်ရက်ရန် ချည်မျှင်လိုသည်။ ရစ်ဆိုသည်မှာ ဗိုင်းတောင့်မှ ချည်မျှင်ထွက်လာအောင် ဆွဲငင်ရာတွင် အသုံးပြုသော ကိရိယာ ဖြစ်လေသည်။

ဩော် … သီတင်းကျွတ်သည် အနာဂတ် လောက ဓာတ် ဗိတာန်ကြီး အတွက် ဖျင်ရက်ရန် ချည်မျှင် အလို့ငှာ ရစ်ကို တပ်ဆင် ပြင်ဆင်နေရှာသည်။ သည်ရစ်ကို အမြတ်တနိုး ရွှေရစ်ဟု ဦးမင်းက ခေါ်လိုက်သည်။

ဦးမင်း ဖန်တီးလိုက်သည့် လှပလှစွာသော ကဗျာပုံရိပ်

သီတင်းကျွတ်လ၏ စေတနာ၊ ဝီရိယကြောင့် လာမည့် ဆောင်းကာလများတွင် ကောင်းကင်ဝယ် တင့်ဆန်းမည့် စိန်ဗိတာန်ကြီး ပေါ်သစ်လာလေ ရော့မည်။

ဩော်… ဦးမင်း၏ အထက်ကဗျာပိုဒ်သည် ပုံရိပ်သာမက ယူတတ်လျှင် အချို့နေရာ၌ နိမိတ်ပုံ ( Symbol ) အဖြစ် သုံးနိုင်သည်။ ကျွန်တော်သည် “စိန်ဗိတာန်ပုံသစ်မတဲ့ ရွှေရစ်ဆင်” ဟူသော အမည်နှင့် နိမိတ်ပုံ မဂ္ဂဇင်း ဝတ္ထုရှည်တစ်ပုဒ်ကို “ရင်ခုန်ပွင့်” မဂ္ဂဇင်းတွင် ရေးဖူးသည်။

ယနေ့လူငယ် ကဗျာဆရာများက သံနေသံထား ( ရစ်ဆင် )၊ ပုံရိပ်၊ နိမိတ်ပုံ စသည့် အကြောင်း တော်တော်ပြောကြသည်။ ပြောကြရာ၌ အနောက်တိုင်းနှင့် ပြည်ပကဗျာ များကို အားပြုနေကြသည်။ ဤသဘောတွေ မြန်မာ ရှေးကဗျာတွေမှာ မရှိ၍လော ။

ကဗျာကျမ်း မကျေကြသောကြောင့် သံနေသံထား ထွေပြားခြားနား ဆန်းစုံမှု ( Rhythmic Variegation ) သဘောကို ရေရေရာရာ မသိကြ။ ထိုသဘော မြန်မာ ကဗျာနယ်ပယ်တွင် ရှိကြောင်း နားမလည်ရှာကြ။ ပြည်ပ ကဗျာတွေကို အထင်ကြီးလွန်း၍ မြန်မာ ဂန္တဝင်ကို ပုတ်ခတ်သူက ပုတ်ခတ်သည်။ တီထွင် ဆန်းသစ်မှု၏ အခြေခံ အားထားဖွယ်ကို ကိုယ့်ကဗျာနယ်ပယ်၌ မရှာ။ တစ်ပါးသူ၏ နယ်ပယ်တွင် အရှာလွဲပြီး အတုခိုးမှားကြသည်။ မျက်မှောက် ကဗျာနယ်တွင် မလိုအပ်ဘဲ ပြဿနာတက်သည့် အဖြစ်များ မဖြစ်သင့်ဘဲ ဖြစ်ကုန်သည်။ ပုံရိပ်ကိစ္စ၊ နိမိတ်ပုံကိစ္စတွေမှာလည်း သည်အတိုင်း။ ကဗျာ၌ စကား၏ ခန္ဓာတည်ဆောက်ထားပုံ၏ အကန့်အသတ် သဘောကိုမူ သတိပြုမိသူ ရှားလှသည်။ တစ်ဖန် ကိုယ့်ဘာသာစကား၏ ခန္ဓာ တည်ဆောက်ထားပုံ ကျေးဇူးကြောင့် သူရို့မလုပ်နိုင်သည်ကို ကိုယ်လုပ်နိုင်ခြင်းကို ဂုဏ်ယူရမှန်း မသိကြ။

တီထွင် ဆန်းသစ်လိုစိတ်ကို လေးစားပါသည်။ သို့ရာတွင် Look before you leap!! မခုန်ခင် ရှေ့နောက်ဝဲယာ သတိရှိရှိ ကြည့်ကြစေချင်သည်။

ဩော် …သီတင်းကျွတ် လပြည့်ကျော် ကောင်းကင်ကြီးကို ကြည့်ရင်း ကျွန်တော့စိတ်တွင် ပေါ်လာသည့် အတွေးများ ဖြစ်ပါသည်။

စိန်ဗိတာန် ပုံသစ်ကြီး ပြီးမြောက်သည့် ဆောင်းအလှကာလ နတ်တော်လ မှ စပြီး “စာဆိုတော်” ရာသီဟောပြောပွဲများ လာတော့မည်။

ဟောပြောပွဲများ အပြီးတွင် ကဗျာ ချစ်မြတ်နိုးသူ လူငယ်များ နှင့် သီးခြားဆွေးနွေးပွဲလေးတွေကို ကျွန်တော် အလွန် တန်ဖိုးထားပါသည်။

ဟောပြောပွဲ တက်ရောက်သည့် ပရိသတ်က လူစုံ။ သည်တော့ နက်နဲသိမ်မွေ့ခက်ခဲလှသည့် ကဗျာအကြောင်းကို စိတ်ရှိသလောက် ဆွေးနွေးပြ၍ မဖြစ်၊ ပျင်းကုန် ငိုက်ကုန်ကြမည်။

သီးသန့်ဆွေးနွေးပွဲလေးများတွင်တော့ ကဗျာ ပညာပိုင်းကို အလေးအနက်ထား ပြောပြ၍ ရသည်။

ရှေးစာဆိုကြီး အများက ဦးမင်း၏ သီတင်းကျွတ်လနှင့် တူသည်။ အနာဂတ် စာပေလောကကြီးအတွက် စိန်ဗိတာန်ပုံသစ်ပေးခဲ့ကြသူများ ဖြစ်ကြလေသည်။

နတ်တော်လ စိန်ဗိတာန်သစ်ကြီး၏ အလှအောက်တွင် သီတင်းကျွတ်လ၏ ကျေးဇူးကို ပြန်ပြောပြရန် ယခုကတည်းက ကျွန်တော် သဲ့သဲ့ငြိမ့်ငြိမ့် ရင်ခုန်မိပါသတည်း။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: