Myanmar Political Culture and Third Wave of Democratization

Alvin-Toffler

၁၉၈၀ ခုနှစ်က Alvin Toffler ဆိုသော အနာဂတ္တိပညာရှင်တစ်ယောက်က The Third Wave ဆိုသော ကျမ်းကို ရေးသားထုတ်ဝေခဲ့သည်။ လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးမှု တို့အပေါ် ရိုက်ခတ်ချက်များ အကြောင်း ဖြစ်ပါသည်။ လူသားတို့ အဆင့်ဆင့်တိုးတက် ဖွံ့ဖြိုးလာကြရာတွင် ရင်ဆိုင်ကြုံတွေ့ကြရသော နိုင်ငံရေး၊ လူမှုရေး နှင့် ယဉ်ကျေးမှုတို့၏ ဂယက်များ၊ ၎င်းတို့ အပြင် လူသားဗေဒ ဖွံ့ဖြိုးမှုများ ၊ ဆင့်ကဲဖြစ်စဉ်များ။ စသည်။ ယင်းတို့ကို အခြေခံ၍ သမိုင်းကြောင်းကို လေ့လာသုံးသပ်ခဲ့ရာ- ပင်မကျသော ရိုက်ခတ်ချက်များကို လှိုင်း အဖြစ် ကိုယ်စား ပြုခဲ့သည်။ တင်စားခဲ့သည်။

 

ခေတ်အဆက်ဆက် ခွဲထုတ် ဆင်ခြင်ရာတွင် လူတို့နှင့် လူ့အဖွဲ့အစည်းကို အဓိက ရိုက်ခတ်နေသော လှိုင်းကြီး ကား သုံးလှိုင်းရှိနေပြီဟု ဆိုသည်။ ၎င်းတို့ လှိုင်း သဘောသဘာဝများနှင့် ရင်ဆိုင်တွေ့ကြုံရပုံများသည် အဓိကအားဖြင့် လူအဖွဲ့အစည်းနှင့် နိုင်ငံရေး၊ စီးပွားရေး အပေါ်ထင်ရှားစွာ အကျိုးသက်ရောက်မှု ရှိနေသည်။ ၎င်းတို့ကို လေ့လာဆုံးဖြတ်လျက် ဟားဗတ်တက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံပညာရှင် ဆမ်မြူရယ်လ် ဟင်တင်တန်ကလည်း ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း Clash of Civilization ကို ထုတ်ဝေတင်ပြပြန်သည်။

Samuel P. Huntington

၂၁ ရာစု လူ့အဖွဲ့အစည်းတွင် ဖြစ်ပေါ်လာသော တိုးတက်ဖွံ့ဖြိုးမှုများနှင့် ယခင့်ယခင်က အဆင့်ဆင့်တိုးတက်လာခဲ့သော ဖြစ်စဉ်များကို သုံးသပ်၍ လှိုင်းသဘာဝ ကြီးများတွင် ယဉ်ကျေးမှုများ ရှောယှက်ကုန်ကြမည် ဆိုသည်။ အဘယ်သို့ ကူးပြောင်းကုန်ကြမည်နည်း။ မည်သည့် နည်းဖြင့် ရင်ဆိုင်လာကြရမည်နည်း။ ယင်း ပြဿနာများကို သုံးသပ်ထားခဲ့ကြပါသည်။

 

ယင်းသို့ သုံးသပ်တင်ပြကြရာတွင် ဤအရေးအရာများသည် ကမ္ဘာတစ်ဝှမ်းလုံး ၊ လူ့အဖွဲ့အစည်းမှန်သမျှ နှင့် သက်ဆိုင်လျက်ရှိကြောင်း အထူးပြောစရာတော့ လိုမည် မထင်ချေ။ ယခုလို ဒစ်ဂျစ်တယ်၊ အင်တာနက်၊ အွန်လိုင်း မီဒီယာများ ခေတ်တွင် ပိုသိသာသည်။ ယဉ်ကျေးမှု တိုးတိုက်သည် ဆိုသော စကားမှာ အထူး တွင်ကျယ်လာသည်။ လှိုင်းများ ရိုက်ခတ်လျက်ရှိနေသည် အဘယ်သို့ ဆက်လက်ရိုက်ခတ် ဦးမည် ဆိုခြင်းကို လည်းကောင်း၊ ပထမ၊ ဒုတိယနှင့် တတိယ လှိုင်းများ အပြီးတွင် မည်သို့သော လှိုင်းများ ဆက်လက် ဖြစ်ပေါ် ရိုက်ခတ် ဦးမည်ကို လည်းကောင်း ပညာရှင်များ ကြံဆ ဆွေးနွေးနေကြဆဲ ဖြစ်ပါသည်။

ယခု ကျနော်တို့ မြန်မာနိုင်ငံတွင်ကော ။
ကျနော်တို့လည်း ဤလှိုင်းဂယက်များ အောက်တွင် ရောက်လျက် ရှိနေပါသည်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ရေးရာ တို့၌ လှိုင်းများ ရင်ဆိုင် ဖြတ်သန်း ခဲ့ရသည် ချည်း ဖြစ်သည်။ အဘယ်သို့ ဖြတ်သန်းခဲ့ပါသနည်း။ ဤမေးခွန်းအတွက် အဖြေကိုတော့ ကျနော် မသိနားမလည်။ ထို့ကြောင့် သိနားလည်ကြသော ပုဂ္ဂိုလ်များ- သုံးသပ်ထားကြသည်ကိုသာ ရှာဖွေရတော့သည်။

အောက်တွင် ဆရာကျော်ဝင်း၏ မြန်မာ့နိုင်ငံရေးဓလေ့နှင့် တတိယလှိုင်းအတွေ့ ဟူသော လေ့လာချက် ဆောင်းပါးကို ဤအတွက် ရည်ရွယ်ပြီး ကျနော် တင်လိုက်ပါသည်။ အထူးသဖြင့် ဤဆောင်းပါး၏ ဦးတည်ရာ Trend က အဘယ်ဆိုသည်ကိုတော့ ဤပို့စ် ခေါင်းစဉ် ဖြင့်ပင် အဆုံးအဖြတ် ပေးထားပါသည်။ အကျယ် မပြောလိုတော့ပါ။ ပသို့ပင် ဖြစ်စေ – ၎င်း၏ နိဂုံး စကားအတိုင်း ပြောရလျင် ဤဖော်ပြချက်များတွင်  “အားလုံးကို လက်ခံနိုင်သည် မခံနိုင်သည် ဆိုခြင်းထက် ၊ ဆင်ခြင်စဉ်းစားဖွယ်ကောင်းသည်”ကတော့ အမှန်ပင် ဖြစ်ပါကြောင်း။

ဇေယျ
………………………………………………………………

နိဒါန်း(Prologue)

နိုင်ငံရေး စနစ်တစ်ရပ် ဒီမိုကရက်တစ် နည်းလမ်းတကျ ဖြစ်,မဖြစ် ဆိုသည်ကို ‘စံသတ်မှတ်ချက်များ’ ( bench marks ) ဖြင့် တိုင်းတာ အကဲဖြတ်လေ့ ရှိကြသည်။ သို့နှင့်အမျှ ဒီမိုကရေစီ အကြောင်း ပြောကြဆိုကြသည်များမှာ ကောင်းကင် ဆန်ကောင်း ဆန်နေပါလိမ့်မည်။ ဘဝနှင့် အလှမ်းဝေးသော နတ်သမီးပုံပြင်များနှယ်၊ အကောင်းချည်း ဆိုသလိုမျိုး ဖြစ်ချင် ဖြစ်နေပါလိမ့်မည်။

သို့နှင့်တိုင် ဒီမိုကရက်တစ် မဟုတ်သော အနေအထားမှ ဒီမိုကရက်တစ် အခြေအနေသို့ ပြောင်းလဲယူရသော ‘ ဒီမိုကရက်တိုင်ဇေးရှင်း ‘ ( Democratization ) အကြောင်း စိစစ်သုံးသပ် အကဲဖြတ်တော့မည်ဆိုလျင်မူ၊ ကောင်းကင် ဆန်နေလို့ မဖြစ်တော့ပါ။ နတ်သမီး ပုံပြင်များလိုလည်း ၊ အစစ လှပချင်မှ လှပါလိမ့်မည်။ ဒီမိုကရက်တိုင်ဇေးရှင်း ကို စံသတ်မှတ်ချက်များ ဖြင့် စလို့မရ။ ပကတိ အရှိမှ စတင်ရသောကြောင့် ဖြစ်သည်။

ပကတိ အရှိဟု ဆိုရာတွင်လည်း၊ မျက်မှောက်ရေးရာ သက်သက်မျှ သာ မက ဟိုးလွန်လေပြီးသော ရာစု၊ ထောင်စုများအထိ စွဲခိုင်စူးဝင်နေတတ်သော၊ ယဉ်ကျေးမှု ဓလေ့များကိုပါ တူးဆွလေ့လာရသည်များပင် ရှိသည်။ အထူးသဖြင့် ယနေ့ခေတ် ဒီမိုကရက်တိုင် ဇေးရှင်း အကြောင်း၊ ဆွေးနွေး သုံးသပ်ကြရာတွင် သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ ‘နိုင်ငံရေးဓလေ့’ ( Political Culture ) နှင့်ပါ ချိတ်ဆက် စဉ်းစားကြရသည်များ ရှိလာသည်။ ပြောရလျင် ဒီမိုကရက်တိုင်ဇေးရှင်း ဖြစ်စဉ် တစ်ရပ်၏ အသိမ်အမွေ့နှင့် အနက်အရှိုင်းကို ၊နိုင်ငံရေး ဓလေ့ နောက်ခံ ကားချပ်ပေါ်တွင် တင်ကြည့်လာကြသည့် သဘော ဖြစ်ပါသည်။

၁။ မြန်မာ့နိုင်ငံရေးဓလေ့
(Myanmar Political Culture)

“သေဆုံးပြီး မျိုးဆက်များ၏ အစဉ်အလာ အစွဲအလမ်းများမှာ၊ သက်ရှိထင်ရှား ရှိနေသူများ၏ ဦးနှောက်ထဲတွင် အိမ်မက်ဆိုးများပမာ ဖိစီးခြောက်လှန့်နေတတ်သည်။”
ကားလ်မတ်ခ်စ်
(၁၉ ရာစု ဒဿန ပညာရှင် )

၁-၁။နိုင်ငံရေးဓလေ့

‘ နိုင်ငံရေးဓလေ့ ‘ ဆိုသော ဝေါဟာရကို ယခုနောက်ပိုင်းမှ အတွေ့ရများ သော်လည်း ဤဝေါဟာရ၏ ဂယက် အနက်များ အကြောင်း ပြောဆို ဆွေးနွေးခဲ့ကြသည်မှာ ၁၉၃၀ ပြည့်လွန်နှစ်များ လောက်ကတည်းက ဖြစ်သည်။ ထိုစဉ်ကမူ ” နိုင်ငံရေးဓလေ့” ဟု မသုံး။ ” အသိုင်းအဝိုင်း စိတ်သဘာဝ ” ( communal psychology ) ” လူမှုရေး စိတ်သဘာဝ ” ( social psychology ) စသော ဝေါဟာရ ပညတ်များဖြင့်သာ သုံးနှုန်းပြောဆိုခဲ့ကြသည်။ အဓိပ္ပာယ်ကား အတူတူပင်။

ဤစကားလုံးများကို စတင်တီထွင်သုံးနှုန်းသူ ဗြိတိသျှ စာရေးဆရာကြီး လီယိုနတ်ဝုဖ် ( Leonard Woolf ) က ဝေါဟာရသက်သက်ကို သာမက၊ ဆက်စပ် အနက်များကိုပါ ဖွင့်ဆို ရှင်းပြခဲ့သည်။ သူ၏ အလိုအရ “အသိုင်းအဝိုင်း စိတ်သဘာဝ” သို့မဟုတ် “လူမှုရေး စိတ်သဘာဝ” သို့တည်းမဟုတ် ( ယနေ့ခေတ် အသုံးအနှုန်းအရ ) “နိုင်ငံရေး ဓလေ့” ဆိုသည်မှာ –

(က) နေ့ချင်းညချင်း ဖြစ်ပေါ်လာသော စိတ်သဘာဝ မဟုတ်။ ရာစု ထောင်စု များနှင့် ချီ၍ ဖြစ်တည်လာသော စိတ်အစွဲအလမ်း ဖြစ်သည်။
(ခ) စွဲမြဲရှည်ကြာသော သမိုင်းစဉ်ကို ဖြတ်သန်းရင်း၊ လူအများ၏ အဇ္ဈတ္တတွင် စူးစူးနစ်နစ် နေရာယူထားသော၊ နိုင်ငံရေး အတွေ့အကြုံများ၏ ထင်ဟပ်ချက် ဖြစ်သည်။
(ဂ) တရားဝင် ပေထက်စာထက် အက္ခရာတင်ထားသည်မျိုး ဟုတ်ချင်မှ ဟုတ်မည်။ ရိုးရာပုံပြင်များ၊ ဒဏ္ဍာရီများ၊ စကားပုံများထဲတွင် ငုပ်ဝင်နေလေ့ရှိသော ” အတွေးပုံစံ ” ( Thought Pattern ) များဖြင့် ဖော်ပြလေ့ ရှိသည်။
(ဃ) လူမျိုးတစ်မျိုး၏ “အမှတ်အသား သရုပ်” ( National identity )တွင် အနက်ရှိုင်းဆုံး အတွင်းပိုင်း အထိ၊ စူးဝင်စွဲခိုင်နေတတ်သည် ဖြစ်၍ ၊ သမိုင်းခေတ်များ ပြောင်းသွားသည့်တိုင်၊ တော်တော်နှင့် မပြောင်း၊ အများ ထင်ထားကြသည်ထက် တာရှည်တာမော စွဲမြဲလေ့ရှိသည်။
(င) လူ့အဖွဲ့အစည်းတစ်ရပ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တွန်းအားဖြစ်နိုင်သလို အဟန့်အတားလည်း ဖြစ်နိုင်သည်။

ဤသို့ဆိုလျင် မြန်မာ့ လူ့အဖွဲ့အစည်း၏ နိုင်ငံရေး ဓလေ့သည်ကော မည်သို့ ရှိချေမည်နည်း။ “မြန်မာ့နိုင်ငံရေးဓလေ့” ကို မည်သို့သော သမိုင်းခေတ်က ထုဆစ်ပုံသွင်းလိုက်ပါသနည်း။ မြန်မာ့နိုင်ငံရေး သမိုင်းထဲမှာပင် အဖြေရှိလိမ့်မည်ဟု သဘောရပါသည်။

၁-၂။ နှစ်ပေါင်း ရှစ်ရာကျော် ခရီး

မြန်မာ့နိုင်ငံရေး သမိုင်းကို ပြန်ကြည့်လိုက်သောအခါ အချိန်ကာလ အားဖြင့် အရှည်ကြာဆုံး ဖြတ်သန်းခဲ့ရသည်မှာ “ပဒေသရာဇ်” ဖြစ်နေသည်ကို တွေ့ရသည်။ အနော်ရထာ နန်းတက်သော ၁၀၄၄ မှ သီပေါ ပါတော်မူသော ၁၈၈၅ အထိ ရေတွက်လျင်ပင် နှစ်ပေါင်း ၈၀၀ ကျော်သည်။ ဤခရီးရှည်ကြီးကို ဖြတ်သန်းရင်း မြန်မာလူမျိုးတို့၏ စိတ်ဓါတ်နှင့် အသည်းနှလုံး တွင် အမြစ်တွယ် ကျန်ရစ်သော အတွေ့အကြုံများမှ လာသည့် စိတ်သဘာဝသည်ပင် “မြန်မာ့နိုင်ငံရေးဓလေ့” ဖြစ်တန်ရာသည်။

ဆိုခဲ့ပါ နှစ်ပေါင်း ၈၀၀ ကျော်အတွင်း မပြောင်းမလဲ တစ်လျောက်လုံးရှိ နေသည့် နိုင်ငံရေး စနစ်မှာ “အကြွင်းမဲ့ ဘုရင်စနစ်” ( absolutely monarchy ) ဖြစ်သည်။ သမိုင်းပညာရှင်များ၏ အဆိုအရ မြန်မာ အပါအဝင် အာရှနိုင်ငံ တော်တော်များများ၏ အကြွင်းမဲ့ ဘုရင် စနစ်တွင် ထူးခြားလက္ခဏာ သုံးရပ် ရှိသည်ဟု မှတ်သားရပါသည်။ ဤထူးခြားလက္ခဏာ သုံးရပ်၏ သဘောသဘာဝ များသည်ပင် မြန်မာ့နိုင်ငံရေး အတွေ့အကြုံ၏ ရေခံ မြေခံ ဖြစ်ပါလိမ့်မည်။

ဤသည်တို့မှာ –

၁။ ဘုရင်၏ ဗဟို အချက်အချာ အခန်း
( Central Position of Kingship )

စနစ်တစ်ခုလုံး၏ ဗဟိုအချက်အချာ နေရာတွင် ရှိနေသည်မှာ ဘုရင်၏ လုပ်ပိုင်ခွင့် အာဏာ ( မင်းအာဏာ ) ပင် ဖြစ်၏ ။ ပုဂံခေတ် ” ဇေယျသိင်္ခ ” မင်းလက်ထက် ( ၁၁၉၇ တစ်ဝိုက် ) တွင် လွှတ်တော် စတင် ပေါ်ပေါက်ခဲ့သည်ဟု အမှတ်အသား ရှိသော်လည်း နောက်ဆုံး ရတနာပုံ ခေတ်အထိ လွှတ်တော်မှာ မင်းအာဏာကို ကျော်နိုင်ခဲ့သည် မဟုတ်။ ပဒေသရာဇ် ခေတ်တစ်လျောက်လုံး မြန်မာ့ လူ့အဖွဲ့အစည်း တွင်လည်း အခြေခံ အားဖြင့် လူမှုအင်အားစု နှစ်ခုသာ ရှိခဲ့သည်။ အုပ်စိုးသူ လူတန်းစား ( ဘုရင်နှင့် သူ၏ အသိုင်းအဝိုင်း ) နှင့် အုပ်စိုးခံ လူတန်းစား ( သာမာန်လူထု ) တို့ ဖြစ်သည်။ တတိယ ကြား အင်အားစု မရှိ။ သို့အတွက် ကြားလူတန်းစားကို ကိုယ်စားပြုသော နိုင်ငံရေး အတိုက်အခံမျိုး ဘယ်တုန်းကမှ မရှိခဲ့။ မင်းအာဏာကို ဝန်းရံထားသည့် မှူးကြီးမတ်ရာ နယ်စား ပယ်စားများ ကြားတွင်သာ ဂိုဏ်းအုပ်စု တိုက်ပွဲ တစ်ချို့ ရှိသည်။ သို့အတွက် နိုင်ငံရေးသည်ပင် ဘုရင့်အရေး၊ ရွှေနန်းတော် အရေး ဖြစ်သည်။

၂။ အကြွင်းမဲ့ သက်ဦးဆံပိုင် စနစ်
( Absolute Despotism )

တိုင်းပြည်၏ ရေမြေတောတောင် သဘာဝ အရင်းအမြစ်အားလုံးကို သာမက တိုင်းသူပြည်သားများ၏ အသက် အိုးအိမ် စည်းစိမ်ကိုပါ ဘုရင်က ပိုင်သည်။ ဘုရင့်စိတ်ကြိုက် လုပ်ပိုင်ခွင့် အာဏာ အပြည့်အဝ ရှိသည့် သဘော ဖြစ်သည်။ “မင်းကျင့်တရား ဆယ်ပါး” ကဲ့သိုသော ဘုရင်အတွက် သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်း တစ်ချို့ ရှိသော်လည်း ၎င်းတို့မှာ ဥပဒေလို အာဏာ တည်သည်မျိုးမဟုတ် ။ ကျင့်ဝတ်နှုန်းစံမျှသာ ဖြစ်သည်။ ဤကျင့်ဝတ် နှုန်းစံများကို လေးစားလိုက်နာသော ဘုရင်ဖြစ်လျင် “မင်းကောင်းမင်းမြတ်” အဖြစ် လူထု၏ ချစ်ခင် ကြည်ညိုမှုကို ရသည်။ မလိုက်နာသော ဘုရင် ဖြစ်လျင်လည်း ဥပဒေကြောင်းအရ ဖယ်ရှားလို့မရ။ မိမိတို့ အတိတ် ကုသိုလ်ကံ မကောင်း၍ ကာလဝိပတ္တိ နှင့် ကြုံရသည်ဟု ခံယူကြသည်။ မင်းဆိုး မင်းညစ် ဒဏ် မခံနိုင်၍ ပုန်ကန် ခြားနားကြသော လယ်သမား သူပုန် အချို့ မြန်မာ့သမိုင်းတွင် ရှိတန်သလောက် ရှိခဲ့သည့်တိုင် စနစ်ပြောင်းသည် အထိကား ဘယ်တုန်းကမှ မရောက်ခဲ့။ “ငတပါးမင်း” ( မင်းမျိုး နန်းရိုး မဟုတ်သော ဘုရင် ) တစ်ပါးပါး တက်လာပြီး၊ မင်းဆက်ပြောင်းရုံမျှသာ ရှိသည်။

၃။ဗလုံးဗထွေး ၊ မကွဲမပြားရှိသော အုပ်ချုပ်ရေးစနစ်
( Undifferentiated Functions of Kingship )

နယ်စား၊ မြို့စား၊ ရွာစား စသဖြင့် အဆင့်ဆင့် ကံကျွေးချသည်များ ရှိသည့်တိုင် ခေတ်သစ် အုပ်ချုပ်ရေး တွင် တွေ့ရလေ့ ရှိသော အာဏာ ခွဲဝေ ကျင့်သုံးပုံမျိုးကား လုံးဝ မရှိ။ အုပ်ချုပ်ရေး အာဏာ၊ တရားဥပဒေ ပြုရေး အာဏာ၊ တရားစီရင်ရေး အာဏာ၊ အာဏာသုံးရပ်လုံးကို ဘုရင်ကသာ ချုပ်ကိုင်ထားသည်။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနှင့် နောက်ပိုင်း နိုင်ငံခြားရေး မူဝါဒများ ချမှတ် အကောင်အထည် ဖော်ရာတွင်လည်း လွှတ်တော်နှင့် အထိုက် အသင့် တိုင်ပင် နှီးနှောသည့်တိုင် ဘုရင့် အမိန့်သည်သာ အပြီး အပြတ် အာဏာတည်သည်။

ဤသို့သော ထူးခြားလက္ခဏာများ အောက်တွင် နှစ်ပေါင်းထောင်ချီ ကျင်လည်ခဲ့ရသည့် နိုင်ငံသားတို့၏ ခါးသီးသော အတွေ့အကြုံများက ပင် “မြန်မာ့နိုင်ငံရေး ဓလေ့” ကို ပုံသွင်းပေးလိုက်ခြင်း ဖြစ်ပါလိမ့်မည်။ ဤသဘောကို မြန်မာ့ရိုးရာ စကားပုံများတွင် ငုပ်ဝပ်လျက် ရှိသော ” အတွေးပုံစံ ” များက လှစ်ပြလျက် ရှိသည်။ ဆိုရလျင် ဤအတွေးပုံစံများသည်ပင် ” မြန်မာ့နိုင်ငံရေး ဓလေ့”၏ ဖော်ပြချက်ဟု သဘောရပါသည်။

၁-၃။ စကားပုံများက လှစ်ပြသော “အတွေးပုံစံ”

လက်လှမ်းမီသလောက် မြန်မာ့ရိုးရာ စကားပုံ အချို့ကို စုစည်းပြီး အဆိုပါ စကားပုံများက လှစ်ပြနေသည်ဟု ယူဆရသော မြန်မာတို့၏ နိုင်ငံရေးနှင့် ပတ်သက်သည့် အတွေးပုံစံများကို ဥာဏ်မှီသလောက် ထုတ်ယူကြည့်ပါမည်။

“နိုင်ငံ့အရေး ပေါက်နှင့် ကျေးကား၊ ငှက်ခါး အရောင်၊ တိမ်တောင် သဖွယ်၊ မင်ရေးကျယ်”
“ဘုရင်တို့ဘုန်း၊ မိုးသို့ချုန်း၊ လူပုန်းတောမှာ၊ မနေသာ …..”
“အကြွေးတင် ရှင်ဘုရင် ဆပ်လိမ့်…”

* အတွေးပုံစံ (၁) တိုင်းရေးပြည်ရေး နိုင်ငံရေး ဆိုသည်မှာ ကျေးတော်မျိုး ကျွန်တော်မျိုး သာမန် လူထု၏ အရေးအရာ မဟုတ်။ ဘုန်းကြီးသော မင်း ( ဘုရင် ) တို့၏ အရေးသာ ဖြစ်သည်။ ( မြန်မာ့စိတ် အခံက မင်း၊ ဘုရင် ( အစိုးရ ) ကြည်ညိုလေးစား ရင်းစွဲ ရှိသလို၊ အားကိုးသမှုလည်း ပြုလိုဟန် ရှိသည်။ )

“မင်းနား တစ်ထောင်၊ မင်းမြောင် တစ်သိန်း၊”
“မင်းတို့ မျက်စောင်း၊ အကြောင်းမရွေး”

* အတွေးပုံစံ (၂ ) မင်း၊ ဘုရင်၊ အစိုးရတို့နှင့် ပတ်သက်လျင် ဆိုခဲ့ပါ အတိုင်း လေးစားအားကိုး ကြသည့်တိုင်၊ ကြောက်ရွံ့ ထိတ်လန့်သည်လည်း ရှိသည်။ ( မြန်မာ့ဓလေ့တွင် “မင်း” ကို ရန်သူမျိုး ငါးပါးထဲမှာပင် ထည့်ထားသည်။ )

“အရှင်မွေး၊ နေ့ချင်းကြီး”
“မင်းသုံးရင် ဓားမတုံး တောင်တက်”

* အတွေးပုံစံ ( ၃ ) မင်းလိုလိုက် မင်းကြိုက် ဆောင်နိုင်လျင်မူ သာမန်ကျေးတော်မျိုး ကျွန်တော်မျိုးသည်ပင် တိုးတက်ကြီးပွားနိုင်စရာ ရှိသည်။ ( သို့သော် ဤပုံစံမျိုးနှင့် အရေးပါလာသော မင်းခစား အလုပ်မျိုးကို မြန်မာ့ဓလေ့က ခံတွင်းတွေ့ဟန် မရှိ )

“မင်းခယောင်္ကျား၊ ကမ်းနားသစ်ပင်”
“မင်းလှေမျောလည်း မဆယ်နှင့် ၊ ခြေနှစ်ချောင်းလည်း မကယ်နှင့်”
“မင်းဆိုသမျှ ကွင်းရှောင်မယ်၊ ထမင်းတောင် စားချင်ဘူးလေး”

* အတွေးပုံစံ (၄) ယေဘုယျ အားဖြင့် မင်းတို့နှင့် ဆက်စပ် ပတ်သက်ရသည့် အလုပ်မှာ အန္တရာယ်ကြီးသည် ။ မင်းတို့၏ အရေး၊ တစ်နည်း နိုင်ငံရေး နှင့် ဝေးဝေးနေသည်ကသာ အကောင်းဆုံး ဟု ခံယူသည်။ မင်းကို ဆန့်ကျင် ပုန်ကန်သည့် အလုပ်မှာလည်း အချိန်မရွေး ခေါင်းပြုတ် သွားနိုင်သည်ဟု နားလည်ထားသည်။ ( “ဇက်ကောင်းလို့၊ ဓားတောင်းသလား” ဆိုသော စကားရပ်ပင် ရှိသည်။ )

“ပျံလေတဲ့ ငှက်ခါး၊ နားခါမှ သိမယ်”
“နေသေးသပ ချုံထဲက ၊ ချို( ဂျို )သွေးသပ တမြမြ”
“သေလျှင်မြေကြီး၊ ရှင်လျှင်ရွှေထီး”
“မစားရ အရှင်း၊ စားရ ဆီထမင်း”

* အတွေးပုံစံ ( ၅ ) မင်းတို့၏ အရေး ( နိုင်ငံရေး ) နှင့် ပတ်သက်လျင် တတ်နိုင်သမျှ သည်းခံ။ မခံနိုင်၍ တုံ့ပြန်လျှင်လည်း မစို့မပို့ လုပ်လို့ မဖြစ်၊ တဆုံးတစ လုပ်လိုသည်။ “ပေဖြစ်တုန်းခံ တူဖြစ်ရင် နှံ” ဆိုသော သဘောကို ခံယူထားသည်။ ( ပဒေသရာဇ် ခေတ်ဦးပိုင်းက ဆိုလျှင် “ဘုရင်ကိုသတ်ပါက ဘုရင်ဖြစ်သည်။” ဆိုသော အစဉ်အလာပင် ရှိခဲ့သည်။ )

ဤအတွေးပုံစံများကို အနှစ်ချုပ်လိုက်လျှင်၊ အစဉ်အလာ မြန်မာ့နိုင်ငံရေး ဓလေ့၏ “တိမ်းညွှတ်မှု” နှစ်ရပ်ကို ယခုလို တွေ့နိုင်လိမ့်မည် ထင်ပါသည်။ ” နိုင်ငံရေး နှင့် ဝေးဝေးနေလိုသော တိမ်းညွှတ်မှု ” ( apolitical trend ) နှင့် ” အရင်း အမြစ်က စ၊ မြေလှန်ပြောင်းလဲ လိုသည့် တိမ်းညွတ်မှု ” ( radical trend ) တို့ ဖြစ်သည်။ ဆိုရလျှင် မြန်မာတို့၏ နိုင်ငံရေး နှင့် ပတ်သက်သော ဤတူရူချက် နှစ်ရပ် မှာ အစွန်းနှစ်ဖက် တွင် ရပ်လျက် ရှိပြီး၊ တစ်ဖက်စွန်းမှ ကျန် တစ်ဖက်စွန်းသို့ ခုန်ကူးတတ်သည့် သဘောကိုလည်း တွေ့ရသည်။ ဤသည်ပင် အစဉ်အလာ မြန်မာ့နိုင်ငံရေး ဓလေ့၏ ထူးခြားချက် ဖြစ်လေမည်လား စဉ်းစားမိသည်။

၁-၄။ နောက်ထပ် နှစ်တစ်ရာကျော်

မြန်မာ့လူ့အဖွဲ့အစည်းမှာ ဆိုခဲ့ပြီးသော နှစ်ပေါင်း ၈၀၀ ကျော် ၊ ပဒေသရာဇ် ခေတ်မျှ နှင့် ရပ်တန့်သွားခဲ့သည်တော့ မဟုတ်ပါ။ ကိုလိုနီခေတ် ၊ ပါလီမန် ဒီမိုကရေစီ ခေတ်၊ ဆိုရှယ်လစ်ခေတ် စသဖြင့် အဆင့်ဆင့် ပြောင်းလဲ ခဲ့ပြီး ဖြစ်ပါသည်။ ပြောရလျင် ပဒေသရာဇ်ခေတ် အလွန် ၊ နောက်ထပ် နှစ်ပေါင်း တစ်ရာကျော်ကိုပင် ဖြတ်သန်းခဲ့ပြီး ဖြစ်ပါသည်။ ဤခရီးရှည်ကြီးအတွင်း မြန်မာ့နိုင်ငံရေး ဓလေ့မှာ ဘယ်၍ ဘယ်မျှ ပြောင်းလဲ သွားခဲ့ပါပြီနည်း။ အစဉ်အလာကို ကျော်၍ ခေတ်သစ်ထဲသို့ အပီ အပြင် ချဉ်းနင်း ဝင်ရောက်ခဲ့ပြီးလော ..။

ကံမကောင်း အကြောင်းမလှစွာပင် မြန်မာတို့မှာ ကိုလိုနီ စနစ်မှ တစ်ဆင့်သာ ခေတ်သစ်နှင့် ထိတွေ့ခွင့် ရခဲ့သည်။ ဤတွင် ခေတ်သစ် ပါလီမန် ဒီမိုကရေစီ ပုံသဏ္ဍာန်ကို သယ်ဆောင်လာသော ကိုလိုနီ သမားများ ဘက်က စေတနာ မမှန် သလို၊ ကိုလိုနီ စနစ်နှင့် အတူ ကျွဲကူးရေပါ ပါလာသော အဆိုပါ နိုင်ငံရေး ပုံသဏ္ဍာန်ကိုလည်း မြန်မာတို့ဘက်မှ ( သဘာဝကျစွာပင် ) မျိုမကျ ဖြစ်ရတော့သည်။ ၁၉၃၀ ပြည့်လွန်နှစ် များ အတွင်း မြန်မာ့နိုင်ငံရေး လောကသို့ စိမ့်ဝင် ပျံ့နှံ့လေသော မတ်ခ်စ်ဝါဒကို ထိုခေတ်နိုင်ငံရေး ပလေယာများ ( အထူးသဖြင့် လူငယ်များ ) က အော် (လ) ထာ နေးတစ် တစ်ခု အဖြစ် အနူးအညွတ် ထောက်ခံခဲ့ကြသည်မှာ ဤနောက်ခံ အခင်းအကျင်းတွင် ဖြစ်သည်။ အသစ်ရောက်လာသော မတ်ခ်စ်ဝါဒက မြန်မာ့ အစဉ်အလာ နိုင်ငံရေး ဓလေ့မှ “နိုင်ငံရေးနှင့် ဝေးဝေးနေရေး ဓလေ့” ကို ဖောက်ထွက်စေပြီး သကာလ၊ အမျိုးသား လွတ်မြောက်ရေး နိုင်ငံရေးသို့ ဦးတည်ပေးနိုင်ခဲ့သည်။ သို့နှင့်တိုင် ရယ်ဒီကယ် တိမ်းညွတ်မှု ကိုကား ပို၍ပင် အားဖြည့်ပေးလိုက်သလို ရှိသည်။

လွတ်လပ်ရေးရပြီး သုံးလမှ မပြည့်တတ်သေးမီ ပြည်တွင်းစစ်နှင့် တိုးခဲ့ရသည်မှာ အဆိုပါ ရယ်ဒီကယ် တိမ်းညွတ်မှုနှင့် ဆက်စပ် နေမည် လား စဉ်းစားစရာ ရှိမည် ထင်သည်။ မည်သို့ပင် ဆိုစေ၊ ဆယ်စု တစ်ခု ကျော်ကြာ ( ၁၉၈၄ – ၁၉၆၂ ) ဤကာလ အတွင်း ခေတ်သစ်ပါလီမန် ဒီမိုကရေစီ စနစ်ကို စမ်းသပ် ကျင့်သုံး ကြည့်ခဲ့သည်မှာကား အမှန်ပင် ဖြစ်သည်။ သို့သော် ပြည်တွင်း စစ်အရိပ်မည်း ကြီးအောက်တွင် အကောင်အထည် ဖော်ခဲ့ရသည် ဖြစ်၍ အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ ဟု ဆိုရပါလိမ့်မည်။ “အပြုတ်တိုက်ရေး” ရယ်ဒီကယ် အယူအဆများကသာ အပေါ်စီး ရခဲ့ပြီး ၊ ဒီမိုကရေစီ၏ ညှို့အားသည်ပင် မြန်မာလူထုကြား ရေပန်းမစား သလို ဖြစ်လာခဲ့သည်။ သည်လိုနှင့် ၁၉၆၂ တွင် ပါလီမန် ဒီမိုကရေစီ နိုင်ငံရေး ဓလေ့မှာ ပို၍ပင် အားကောင်း ခိုင်မာလာဟန် ရှိသည်။ အများစု လူထုက နိုင်ငံရေးနှင့် ဝေးရာသို့ ရောက်ပြီး၊ အနည်းစု တက်ကြွသူများကမူ ရယ်ဒီကယ် လမ်းကြောင်းပေါ် ရောက်ကုန် တော့သည်။ ဤသည်ပင် မြန်မာ့ဒီမိုကရက်တိုင် ဇေးရှင်း၏ နောက်ခံ အခင်း အကျင်း ဖြစ်ပါသတည်း။

၂။ ဒီမိုကရက်တိုင်ဇေးရှင်း တတိယလှိုင်း

( Third Wave of Democratization )

“ဒီမိုကရက်တိုင် ဇေးရှင်းသည် ဧကန် ခရီးမဟုတ်။ အနေကန် ခရီး ဖြစ်သည်။ ရှေ့နှစ်လမ်းတိုးဖို့ အရေး နောက်တစ်လှမ်းပြန် ဆုတ်ရသည်များ ရှိတတ်သည်။”ဆမ်မျူယယ်(လ်) ဖီ ဟန်တင်တန် ( ၂၀ ရာစု နိုင်ငံရေး သိပ္ပံပညာရှင် )

၂-၁။ လှိုင်းများ

ဟားဗတ်တက္ကသိုလ် ပါမောက္ခ ဆမ်မျူယယ်(လ်)ဖီဟန်တင်တန်က သူ၏ နာမည်ကျော် “တတိယလှိုင်း” ( The Third Wave ) တွင် ဒီမိုကရေတိုင် ဇေးရှင်း ဖြစ်စဉ်များကို လှိုင်းများဖြင့် တင်စားဖော်ပြခဲ့သည်။ သူ၏ အလိုအရ လူ့သမိုင်းတွင် ဒီမိုကရက်တိုင်ဇေးရှင်း လှိုင်းကြီး သုံးလှိုင်း ပေါ်ထွက်ခဲ့ပြီးပြီ ဟု ဆိုသည်။ လှိုင်းတစ်လှိုင်း မဆုံးတတ်သေးမီ၊ သို့မဟုတ် ဆုံးစခါစလောက်တွင် “တန်ပြန်လှိုင်း” ( reverse wave ) တစ်လုံးကပ်ပါလာတတ်သည် ဟုလည်း သတိပေးသည်။ ” ရှေ့နှစ်လှမ်းတိုး နောက်တစ်လှမ်းဆုတ်ပုံစံ” ( two step forward, one step backward pattern ) ဟု မှတ်ချက်ပြုသည်။ သို့အတွက် ဒီမိုကရက်တိုင်ဇေးရှင်း မှာ ဧကန်မဟုတ် အနေကန် ခရီးသာ ဖြစ်သည်” ဟု သုံးသပ်ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ဟန်တင်တန် ၏ လှိုင်းများမှာ ယခုလို ဖြစ်ပါသည်။

က။ ဒီမိုကရက်တိုင်ဇေးရှင်း ပထမ လှိုင်းရှည်
( First , long wave of democratization )

အမေရိကန် လွတ်လပ်ရေး စစ်ပွဲနှင့် ပြင်သစ်တော်လှန်ရေးတို့မှ အမြစ်တွယ် ပေါ်ထွက်လာသော လှိုင်းဖြစ်သည်။ ၁၈၂၈ မှ ၁၉၂၆ ခုနှစ်အတွင်း အနောက်ဥရောပနှင့် အမေရိကတို့တွင် ဗဟိုပြု ဖြစ်ပေါ်ခဲ့သည်။ အချိန်ကာလ အားဖြင့် လှိုင်းသက်တမ်း ရှည်ကြာသဖြင့် “လှိုင်းရှည်” ဟု ဆိုခြင်း ဖြစ်သည်။ ဤကာလ အတွင်း ကမ္ဘာ့နိုင်ငံ အားလုံး၏ ၄၅.၃ ရာခိုင်နှုန်းလောက် ဒီမိုကရေစီ နိုင်ငံရေး နယ်ပယ်ထဲသို့ ရောက်သွားခဲ့သည်။ သို့နှင့်တိုင် အဆိုပါ နိုင်ငံများထဲမှ အချို့ ( ဂျာမနီ၊ အီတလီ ) တို့တွင် ဖက်ဆစ် ဝါဒ အားကောင်း လာရာမှ တန်ပြန်လှိုင်း တစ်ခုနှင့် ကြုံခဲ့ရသည်။ ၁၉၂၂ မှ ၁၉၄၂ အထိ တန်ပြန် လှိုင်း ကာလ ဟု သတ်မှတ်ပါသည်။ ဤအတွင်း ဒီမိုကရေစီ နိုင်ငံ များ၏ အရေအတွက်မှာ ၁၉.၇ ရာခိုင်နှုန်း အထိ လျောကျသွားသည်။

ခ။ ဒီမိုကရက်တိုင်ဇေးရှင်း ဒုတိယလှိုင်းတို
( Second, short wave of democratization )

ဒုတိယကမ္ဘာစစ်အပြီး ( ၁၉၄၃ ) မှ စစ်အေးတိုက်ပွဲ အတွက် အထွတ်အထိပ်ကာလ ( ၁၉၆၂ ) အတွင်း၊ ပေါ်ထွက်လာသော ဒီမိုကရက်တိုင်ဇေးရှင်း ဖြစ်စဉ်များကို ဆိုလိုသည်။ စစ်ရှုံးနိုင်ငံများ ( ဂျာမနီ၊ ဂျပန် ) နှင့် လွတ်လပ်ခါစ နိုင်ငံများတွင် ဗဟိုပြု ဖြစ်ပေါ်ခဲ့သည်။ ကာလအားဖြင့် သိပ်မကြာလှ၍ လှိုင်းတိုဟု ဆိုလိုရင်း ဖြစ်သည်။ ဤကာလအတွင်း ကမ္ဘာ့နိုင်ငံအားလုံး၏ ၃၂.၄ ရာခိုင်နှုန်း ဒီမိုကရက်တစ် အဝိုင်းအဝန်းထဲ ရောက်သွားခဲ့သည်။ သို့နှင့်တိုင် စစ်အေးခေတ် ကသောင်းကနင်း အခြေအနေများမှ တန်ပြန်လှိုင်း တစ်ခု ပေါ်ထွက်လာရာ ၁၉၅၈ မှ ၁၉၇၅ အထိ ဖြစ်သည်။ ဤအတွင်း ဒီမိုကရက်တစ် နိုင်ငံများ၏ အရေအတွက်မှာ ၂၄.၆ ရာခိုင်နှုန်း အထိ ကျသွားခဲ့သည်။

ဂ။ ဒီမိုကရက်တိုင်ဇေးရှင်း တတိယလှိုင်း
( Third wave of democratization )

စစ်အေးကာလ နေညိုချိန် ၊ ၁၉၇၄ ခုနှစ်မှ စတင်ပေါ်ထွက်လာသော ဒီမိုကရက်တိုင်ဇေးရှင်း ဖြစ်စဉ်များကို ရည်ညွှန်းသည်။ ဥရောပတောင်ပိုင်း ( ပေါ်တူဂီ၊ စပိန် ) တို့မှ စတင်ကာ၊ လက်တင် အမေရိကသို့ ပျံ့သွားပြီး ၁၉၉၀ ဝန်းကျင် တွင် ကမ္ဘာ့အနှံ့ ရိုက်ခတ်သွားသော လှိုင်းလုံးကြီး ဖြစ်သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံ များတွင် ဗဟို ပြု ဖြစ်ပေါ်ခဲ့သည်။ နိုင်ငံပေါင်း ၃၀ ကျော်၊ ကမ္ဘာ့နိုင်ငံအားလုံး ၏ ၄၅.၄ ရာခိုင်နှုန်း အထိ ဤဖြစ်စဉ်ကြီးတွင် အကျုံးဝင်ခဲ့သည်။

ဟန်တင်တန်၏ “တတိယလှိုင်း” စာအုပ်ထွက်ခဲ့သည်မှာ ၁၉၉၁ ခုနှစ်က ဖြစ်ရာ ထိုသည်၏ နောက် အပြောင်းအလဲများအကြောင်း ထိုစာအုပ်တွင် မပါတော့ပါ။ တတိယ ဆန့်ကျင်လှိုင်း၊ စတုတ္ထလှိုင်း စသည် စသည်များ လာလိမ့်ဦးမည်ဟူ၍ တော့ နိမိတ်ဖတ်ထားသည်။

၂-၂။ လှိုင်းတို့၏ သဘာဝ

ဆိုခဲ့ပြီးသော လှိုင်းအသီးသီးမှာ မတူသော အချိန်ကာလများတွင် ခြားနားသော လူမှု စီးပွားရေး နောက်ခံများမှ ထွက်ပေါ်လာခဲ့ကြသည် ဖြစ်ရာ လှိုင်းတို့၏ သဘောသဘာဝမှာလည်း သဘာဝကျစွာပင် သူ့ထူးခြားချက်နှင့် သူ ဖြစ်ရတော့သည်။

ပထမလှိုင်းနှင့် ကြုံခွင့် ဆုံခွင့်ရခဲ့သော နိုင်ငံ အများစုမှာ ပြန်လည်ဆန်းသစ်ရေး ခေတ်၊ စက်မှုတော်လှန်ရေး နှင့် ဥာဏ်အလင်းခေတ် စသော သမိုင်းဆက်ထုံးများကို ဖြတ်သန်းခဲ့ပြီး ဖြစ်၍ တစ်စုံတစ်ရာ ရင့်ကျက်သော လူမှုစီးပွားရေး အနေအထားမှ ဒီမိုကရက်တိုင်ဇေးရှင်း ဖြစ်စဉ်ကို အစပြုခွင့် ရခဲ့ကြသည်။ စီးပွားရေး ဖွံ့ဖြိုးမှု အဆင့်တစ်ဆင့်ကို ရရှိပိုင်ဆိုင်ပြီး ဖြစ်သလို ( ဤသည်၏ အကျိုးဆက် အဖြစ် ) အမှီခိုကင်းသော လူလတ်တန်းစားနှင့် လွတ်လပ်သော ” အရပ်ဘက် အဖွဲ့အစည်းများ” လည်း ရှိပြီးဖြစ်သည်။ ထို့ထက် အဆိုပါ လူ့အဖွဲ့အစည်းများ ၏ နိုင်ငံရေး ဓလေ့များမှာလည်း အစဉ်အလာကိုကျော်ပြီး ” ဆင်ခြင်တုံတရား အခြေခံ လောကီသက်သက် တန်ဖိုးများ ” ( Secular rational values ) ဆီသို့ ရွေ့ခဲ့ကြပြီး ဖြစ်သည်။အချုပ်ဆိုရလျင် ဒီမိုကရက်တိုင်ဇေးရှင်း ဖြစ်စဉ်အတွက် “ကြိုတင်လိုအပ်ချက်များ” ( prerequisites ) ပြည့်စုံပြီး ဖြစ်သည်ဟု ဆိုရပါလိမ့်မည်။

သို့နှင့် အမျှ ဆိုခဲ့ပါ ပထမလှိုင်းနိုင်ငံများ၏ ဒီမိုကရက်တိုင်ဇေးရှင်း မှာ အသစ်က အဟောင်းကို အပြီးတိုင် ဖယ်ရှားသော “တော်လှန်ပြောင်းလဲနည်း” ( revolutionary transition ) နှင့် သွားခဲ့သည်က များသည်။ ခေတ်ဟောင်း ပဒေသရာဇ် စနစ်နှင့် ပြတ်ပြတ်သားသား လမ်းခွဲပြီး ဒီမိုကရေစီ၏ လောကပါလနှုန်းစံများ ( universal values ) အထိ တိုက်ရိုက်ဦးတည်နိုင်ခဲ့သည်။ လူထု အုံကြွမှုများမှ စတင်ခဲ့ကြသည် ဖြစ်၍ “အောက်မှလာသော ဖြစ်ပေါ်ပြောင်းလဲမှု ” ( transformation from below ) ဟု ဆိုနိုင်ပါလိမ့်မည်။ “လူထုက တိုက်ရိုက်ဦးဆောင်သော အပြောင်းအလဲ” ( people led changes ) တွေ ဖြစ်သည်။ “စံတော်ဝင်ဂိုဏ်း” ( classical school ) က အလွန်အာရုံကျသော ဒီမိုကရက်တိုက်ဇေးရှင်း ပုံသဏ္ဍာန် ဖြစ်ပါသည်။ မည်သည့်အချိန် မည်သည့်နေရာ မျိုးမှ ပေါ်ထွက်လာသည် ဖြစ်စေ၊ ဒီမိုကရက်တိုင် ဇေးရှင်း ဖြစ်စဉ်မှန်သမျှ ဤလမ်းကြောင်းအတိုင်း သွားရမည်ဟူ၍ပင် တောင်းဆိုကြသည်များ ရှိသည်။

သို့နှင့်တိုင် ဒီမိုကရက်တိုင်ဇေးရှင်း ဒုတိယလှိုင်းတွင်ကား ဤပုံစံအတိုင်း မဟုတ်တော့ပါ။ စစ်ရှုံးနိုင်ငံ နှစ်ခု ဖြစ်သော ဂျာမနီနှင့် ဂျပန်တို့တွင် “ပြည်ပ စွက်ဖက်မှု” ( foreign intervention ) ၊တစ်နည်း အမေရိက စပွန်ဆာဖြင့် ဒီမိုကရက်တိုင်ဇေးရှင်း ကို ပုံဖော်ယူ သည်။ ဤအပြောင်းအလဲကိုလည်း စံတော်ဝင် ဂိုဏ်းက စစ်မှန်သော ဒီမိုကရက်တိုင် ဇေးရှင်း အဖြစ် လက်ခံခဲ့ပါသည်။ အမှန်စစ်စစ် ဂျာမနီနှင့် ဂျပန်တို့ ဤပုံစံဖြင့် အောင်မြင်မှု ရခဲ့သည်မှာ ပြင်ပ စပွန်ဆာ သက်သက်ကြောင့်ကား မဟုတ်ပါ။ ဤနိုင်ငံ နှစ်ခုလုံးမှာ ယခင် စစ်ကြိုခေတ်ကတည်းက ဖွံ့ဖြိုးမှု တစ်စုံတစ်ရာ ရှိခဲ့ကြပြီး ဖြစ်ပါသည်။ သူတို့လို အခြေအနေမျိုး မရှိသည့် အီရတ်ကို ဒီမိုကရေစီ တင်ပို့ကြည့်ခဲ့ရာ မအောင်မြင်ရုံမျှ မက၊ အလွန်အန္တရာယ်ကြီးသော ဘေးထွက်ဆိုးကျိုးများ နှင့် ရင်ဆိုင်ခဲ့ရသည်။

ဒုတိယ လှိုင်း၏ ပို၍ အတွေ့များသော ပုံသဏ္ဍာန်မှာ “အပေါ်မှ လာသော ပြုပြင်ပြောင်းလဲမှု ” ( transformation from above ) ဖြစ်သည်။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းများ ရှိ အီလစ် အလွှာများ ( အရပ်ဘက် ဖြစ်စေ ၊ စစ်ဘက် ဖြစ်စေ ) ကိုယ်တိုင် ဦးဆောင်ပြီး ၊ ဒီမိုကရက်တိုင် ဇေးရှင်း ကို ပုံဖော်ကြသည့် ပုံသဏ္ဍာန် ဖြစ်သည်။ မေဂျီခေတ် ၊ ဂျပန်နိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေး နှင့် ခပ်ဆင်ဆင် တူပြီး ဒီမိုကရက်တိုင် ဇေးရှင်း ပထမလှိုင်း၏ စံတော်ဝင် ပုံစံနှင့် သိသိသာသာ ခြားနားသည်။ စစ်ပြီးခေတ် အာရှ နိုင်ငံတော်တော်များများ လျောက်ခဲ့ကြသည့် လမ်းကြောင်း ဖြစ်သည်။ စံတော်ဝင် ဂိုဏ်းက ဘဝင် မကျလှသော်လည်း ( အကွေ့အကောက်၊ အရှုပ်အထွေးများလည်း အမှန်တကယ် ရှိသည့် တိုင် ) ရေရှည်တွင် ဒီမိုကရေစီ ဘက်သို့ တဖြည်းဖြည်း ဦးတည်နိုင်ခဲ့သော အပြောင်းအလဲ ပုံစံ ဖြစ်ပါသည်။

ဒီမိုကရက်တိုင် ဇေးရှင်း တတိယလှိုင်းသည်ကား ပထမလှိုင်းနှင့် မတူသလို၊ ဒုတိယလှိုင်းလိုလည်း မဟုတ်ပါချေ။ သူ့ထူးခြားချက်နှင့် သူ ဟူ၍ သာ ဆိုရပါလိမ့်မည်။

၂-၃။ တတိယလှိုင်းပုံစံ

တတိယလှိုင်း အခြေတည်ရာ နိုင်ငံများမှာ ဝင်ငွေအလယ်အလတ်အဆင့်နိုင်ငံများနှင့် ဝင်ငွေနိမ့် နိုင်ငံ အနည်းငယ် ဖြစ်သည်။ ( ဝင်ငွေမြင့် နိုင်ငံအားလုံး လောက်မှာ ဒီမိုကရက်တစ် နိုင်ငံရေးနယ်ပယ်တွင် ရောက်ရှိပြီး ဖြစ်သည်။ ) သို့နှင့်အမျှ ပထမလှိုင်းနိုင်ငံ များ၏ ဒီမိုကရက်တိုင် ဇေးရှင်း အကြိုကာလတွင် ရှိခဲ့သော “တင်ကူး အခြေအနေများ” ( Preconditions ) အားနည်းသည့် သို့မဟုတ် မပြည့်စုံသည့် အနေအထားမှ စခဲ့ရသည်။ ဆိုလိုသည်မှာ ” စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု “၊ “အမှီအခိုကင်းသည့် လူလတ်တန်းစားနှင့် လွတ်လပ်သော အရပ်ဘက် အဖွဲ့အစည်းများ “၊ “အစဉ်အလာကို ဖောက်ထွက်ပြီး ခေတ်သစ်တန်ဖိုးများဖြင့် အားဖြည့်ထားသော နိုင်ငံရေး ဓလေ့” ဆိုသည့် တင်ကူး လိုအပ်ချက် သုံးရပ်၊ ပြည့်စုံ လုံလောက်မှု မရှိသည့် သဘော ဖြစ်ပါသည်။ ဆိုခဲ့ပါ နိုင်ငံများ၏ အဆိုပါ ပကတိ အရှိကပင်၊ သူတို့ ဖြတ်သန်းကြရသော ဒီမိုကရက်တိုင် ဇေးရှင်း တတိယလှိုင်း၏ ထူးခြားပုံစံကို သတ်မှတ်ပြဌာန်းလိုက်ခြင်း ဖြစ်သည်။

မျက်မှောက်ခေတ် ဒီမိုကရက်တိုင်ဇေးရှင်း ဆိုင်ရာ အထူး ကျွမ်းကျင်သူ အဖြစ်၊ ပညာအသိုင်းအဝိုင်းက သိမှတ် လက်ခံထားကြသော ပါမောက္ခ ဖိလစ်ပီရှမစ်ထာ၏ အလိုအရ ၊ ဒီမိုကရက်တိုင်ဇေးရှင်း တတိယလှိုင်းတွင် ပုံစံနှစ်မျိုး ရှိသည်ဟု ဆိုပါသည်။ ဝင်ငွေ အလယ်အလတ် အဆင့် နိုင်ငံများ တွင် “ပဋိညာဉ် အပြောင်းအလဲ” ( pacted transition ) ဖြင့် သွားပြီး၊ ဝင်ငွေနိမ့်နိုင်ငံများတွင်မူ “သတ်မှတ် ပြဌာန်းပြီး အပြောင်းအလဲ” ( imposed transition ) ဖြင့် ရွေ့လိမ့်မည် ဟု ဆိုသည်။ ယေဘုယျ အားဖြင့် လူထု အုံကြွမှုများ မှ အစပြုလေ့ ရှိသော်လည်း “လမ်းပေါ် နိုင်ငံရေး” ( Street politics ) သက်သက်မျှဖြင့် ဒီမိုကရက်တိုင်ဇေးရှင်းကို ဦးတည်ဖို့ မလွယ်။ ” အပေး အယူ သဘော ညှိနှိုင်း အဖြေရှာကြရသည့် စားပွဲဝိုင်း ယဉ်ကျေးမှု ” ( bargain and compromise table talk ) တစ်ခုကို ဖြတ်သန်းဖို့ လိုလိမ့်မည် ဟု သတိပေးသည်။

အကယ်၍ ဤအဆင့်ကို အောင်မြင်စွာ ဖြတ်သန်းနိုင်လျင် ၊ အင်အားစု အသစ်နှင့် တည်ဆဲ အီလစ်တို့ အကြေအလည် ညှိနှိုင်း အဖြေရှာရာမှ ထွက်ပေါ်လာမည့် ပဋိညာဉ် အပြောင်းအလဲ ဖြစ်လိမ့်မည်။ “အပေါ် နှင့် အောက် ပူးတွဲ လာသော ဖြစ်ပေါ် ပြောင်းလဲမှု ” ( transformation from above and below ) သဘော ဖြစ်သည်။ ဤသို့ မဟုတ်လျင်ကား၊ တည်ဆဲ အီလစ်များ ကိုယ်တိုင် အခြေအနေ သတ်မှတ်ပြီး ဦးဆောင်သည့် “သတ်မှတ် ပြဋ္ဌာန်းပြီး အပြောင်းအလဲ” သာ ဖြစ်လိမ့်မည်ဟု ဆိုပါသည်။ အပေါ်မှ လာသော ဖြစ်ပေါ် ပြောင်းလဲမှု ပုံစံပင် ဖြစ်သည်။ ပထမ ပုံစံကို အရှေ့ဥရောပနိုင်ငံများတွင် တွေ့ရပြီး၊ ဒုတိယ ပုံစံကို မူ အာဖရိက နှင့် အာရှ နိုင်ငံ အချို့တွင် တွေ့နိုင်စရာ ရှိသည်ဟု ဆိုသည်။ မည်သည့်ပုံစံမျိုး ရှိမည် ဆိုသည်ကို သက်ဆိုင်ရာ လူအဖွဲ့အစည်း၏ လူမှု စီးပွားရေး၊ အနုအရင့်နှင့် အစဉ်အလာ နိုင်ငံရေး ဓလေ့များ၏ ဒိုင်းနမစ် ဖြစ် မဖြစ် ဆိုသည်က အဓိက ဆုံးဖြတ်ပေးဖွယ် ရှိသည်ဟု သုံးသပ် ဖော်ပြ ထားပါသည်။

ဤသို့ ဖြစ်တန်ရာပုံစံများကို သရုပ်ခွဲ စိစစ် ပြီးသကာလ၊ ပါမောက္ခ ရှမစ်ထာကပင် ဆိုခဲ့ပါ တတိယလှိုင်းနှင့် စံတော်ဝင် ပထမလှိုင်းတို့၏ မတူသော လမ်းကြောင်းအဆင့်များကို ဆက်လက်လင်းပြခဲ့သည်။ ဆိုခဲ့ပြီးသည့် အတိုင်း စံတော်ဝင် ပထမလှိုင်းတွင် ဒီမိုကရက်တိုင်ဇေးရှင်း ဖြစ်စဉ်မှ လောကပါလ နှုန်းစံများအထိ တိုက်ရိုက် ဦးတည်သွားသည်။ လစ်ဘရယ် လိုက်ဇေးရှင်း နှင့် ဒီမိုကရက် တိုင်ဇေးရှင်း တစ်သရောတည်း သွားသည့်ပုံစံ ဖြစ်သည်။ သို့နှင့်တိုင် တတိယ လှိုင်းတွင်ကား ဤမျှ မရှင်း ဤမျှ မလွယ်။ ပို၍ ခရီး ရှည်နိုင်သလို၊ ပို၍လည်း အနုစိတ် လိမ့်မည်ဟု ဆိုသည်။ အတိအကျ မဟုတ်သည့်တိုင် ယေဘုယျ အားဖြင့် အဆင့် သုံးဆင့် ဖြတ်သန်း ရဖွယ် ရှိသည်ဟု ဆိုပါသည်။ ဤသည်တို့မှာ –

၁။ အထွေထွေ ထိန်းချုပ်မှုများ လျော့ပါးလာသည့် အဆင့်
( Liberalization )

တည်ဆဲ အီလစ်များ ကိုယ်တိုင်က အထွေထွေ ထိန်းချုပ်မှုများကို တစ်စုံတစ်ရာ ဖြေလျော့လာသော အဆင့် ဖြစ်သည်။ ကြမ်းရှသော အော်တိုကရေစီမှ တစ်စုံတစ်ရာ ပျော့ပျောင်းသော အော်တိုကရေစီ သို့ ရွေ့လာသည့် သဘော ဖြစ်သည်။ ( from rigid autocracy to liberalized autocracy ) ဒီမိုကရက်တိုင်ဇေးရှင်း ဖြစ်စဉ်တစ်ခုလုံး ၏ အဖွင့် ကျားကွက် ဖြစ်နိုင်သည်။

၂။ ကူးပြောင်းရေး အဆင့်
( transition )

အပြောင်းအလဲကို တည်တည်ငြိမ်ငြိမ် ရှေ့ဆက်နိုင်ရန် “အင်စတီကျုးရှင်း”များ တည်ဆောက်ကြရသည့် အဆင့် ဖြစ်သည်။ Institutionalization အဆင့်ဟုလည်း ခေါ်နိုင်သည်။ အရှည်ကြာဆုံးနှင့် အသိမ်မွေ့ဆုံး အဆင့် ဖြစ်၍ မတူသော အင်အားစုများ ကြား ထိထိ ရောက်ရောက် ပူးပေါင်း လုပ်ဆောင် နိုင်စွမ်းက သော့ချက် အကျဆုံး ဖြစ်လိမ့်မည်ဟု ဆိုပါသည်။

၃။ ခိုင်မာစေရေးအဆင့်
( consolidation )

ရရှိပြီး ဒီမိုကရက်တစ် အနေအထားကို ခိုင်မာ သေချာစေပြီး “လောက ပါလ နှုန်းစံများ” အထိ ဦးတည်သွားရမည့် အဆင့် ဖြစ်သည်။

ဤအဆင့်များမှာ တစ် ပြီး နှစ်၊ နှစ် ပြီး သုံး ဆိုသလို မျဉ်းတန်းသဘော အဖြောင့်တန်းသွားလိမ့်မည် ဟူ၍ ကား မမျှော်မှန်းအပ် ဟုလည်း သတိပေးထားသည်။ အချိန်မရွေး နောက်ကြောင်းပြန် နိုင်သည့် အလားအလာ ရှိသည်ကို မပြတ် သတိချပ်ကြဖို့ ဖြစ်သည်။ ဤသည်ပင် ပါမောက္ခ ရှမစ်ထာ ဖွင့်ဆို ရှင်းပြထားသော ဒီမိုကရက်တိုင်ဇေးရှင်း တတိယလှိုင်း ပုံစံ ဖြစ်ပါသည်။

၂-၄။ တတိယလှိုင်း ဝိသေသ

ဆိုခဲ့ပြီးသော တတိယလှိုင်း ကာလ အတွင်း နိုင်ငံပေါင်း ၃၀ ကျော်မျှ ဒီမိုကရက်တိုင် ဇေးရှင်း ဖြစ်စဉ်သို့ ဦးတည်ခဲ့ကြသော်လည်း ဤနိုင်ငံ အားလုံး ဒီမိုကရေစီ နိုင်ငံ သစ်များကို အောင်အောင် မြင်မြင် တည်ဆောက်နိုင်ခဲ့ကြသည် တော့ မဟုတ်။ နိုင်ငံ အချို့ လမ်းခုလတ်မှာပင် နောက်ကြောင်းပြန်သွားခဲ့ပြီး အောင်မြင်သည် ဟု ဆိုနိုင်သော နိုင်ငံများ၏ ဒီမိုကရေစီ သက်တမ်းမှာလည်း ပျမ်းမျှ ရှစ်နှစ်ခန့်သာ ကြာသည် ကို တွေ့ရပါသည်။ မည်သို့ပင် ရှိစေ နိုင်ငံတော်တော် များများ အနေနှင့် ကား ဒီမိုကရေစီ စက်ဝန်းထဲသို့ သူ့အတိုင်းအတာနှင့်သူ ရောက်ရှိသွားခဲ့သည် ဟု ဆိုနိုင်စရာ ရှိပါသည်။

ဤတွင် မေးသင့်မေးထိုက်သော အမေးပုစ္ဆာ တစ်ရပ် ပေါ်ထွက် လာရတော့သည်။ ဒီမိုကရက်တိုင် ဇေးရှင်း တတိယလှိုင်း တွင် တစ်ချို့ အောင်မြင်၊ တစ်ချို့ မအောင်မြင် ဖြစ်ရသည်မှာ ဘာကြောင့်နည်း။ မေးခွန်း၏ အဖြေမှာ သက်ဆိုင်ရာ နိုင်ငံများ၏ မဟာ ဗျူဟာ အခင်းအကျင်းပေါ် မူတည်လိမ့်မည် ဟူ၍ ဖြစ်ပါသည်။ ပကတိ အရှိနှင့် လိုက်လျောညီထွေ ဗျူဟာခင်းနိုင်လျင် အောင်မြင်မည်။ မဟုတ်လျင်ကား အောင်မြင်မှုနှင့် ဝေးနေရဦးမည် ဟု ဆိုပါသည်။ ဤသို့ဆိုလျင် ပကတိ အရှိကို မှန်မှန်ကန်ကန် ဖတ်နိုင်ရေးမှာ မဟာ ဗျူဟာ စဉ်းစားချက်များ အတွက် ပထမဆုံးနှင့် အရေးအကြီးဆုံး လိုအပ်ချက် ဖြစ်ပါလိမ့်မည်။ ဤတွင် ပြောလိုသည်မှာ ဒီမိုကရက်တိုင် ဇေးရှင်း တတိယလှိုင်း ၏ ဝိသေသ လက္ခဏာများကို ဆုပ်မိ ကိုင်မိဖို့ ဖြစ်ပါသည်။

ဒီမိုကရက်တိုင်ဇေးရှင်း တတိယ လှိုင်းတွင် ရှေ့မှ သွားနှင့်သော လှိုင်းများ ( အထူးသဖြင့် စံတော်ဝင် ပထမလှိုင်း ) နှင့် မတူ ခြားနားသည့် ဝိသေသ လက္ခဏာ ၅ ရပ်ရှိသည် ဟု ဆိုနိုင်ပါလိမ့်မည်။

က။ ပထမလှိုင်းတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူလတ်တန်းစား အားကောင်းမှု နှင့် ခေတ်မီ နိုင်ငံရေး ဓလေ့ ဆိုသည့် “တင်ကူးအခြေအနေ” သုံးရပ်က ဒီမိုကရက်တိုင်ဇေးရှင်း ကို မွေးထုတ်ခဲ့သော်လည်း၊ တတိယလှိုင်းတွင် ပြောင်းပြန် ဖြစ်သည်။ ဒီမိုကရက်တိုင် ဇေးရှင်း ဖြစ်စဉ်ကို ဖြတ်သန်းရင်းဖြင့်သာ ဆိုခဲ့ပါ အခြေအနေများကို တဖြေးဖြေး ပုံဖော်ယူရမည့် သဘော ရှိသည်။

ခ။ တင်ကူးအခြေအနေ မရှိသော၊ သို့မဟုတ် မပြည့်စုံသော အခြေအနေမှ စခဲ့ရသည် ဖြစ်ရာ တတိယလှိုင်းကာလ ဒီမိုကရက်တိုင်ဇေးရှင်း မှာ ပို၍ ရှည်ကြာဖို့ များသည်။ ကူးပြောင်းရေး ကာလ အဆင့်ဆင့်ကို ဖြတ်သန်းရဦးမည့် သဘော ရှိသည်။

ဂ။ အဟောင်းကို ချက်ချင်းလက်ငင်း အပြီးတိုင် ဖယ်ရှားသည့် တော်လှန်ပြောင်းလဲမှု သဘောထက် အဟောင်းအသစ် လက်တွဲပြီး အဆင့်ဆင့် ကူးပြောင်းကြရမည့် သဘော ရှိသည်။ ( ရီဘော်လူးရှင်းမဟုတ် ၊ အီဘော်လူးရှင်း ) တစ်နည်းဆိုရလျင် အနိုင် အရှုံးစာရင်း ရှင်းရသည့် “အကြွင်းသုညဂိမ်း” ( zero sum game ) မျိုး မဟုတ်၊ နှစ်ဦးနှစ်ဖက် အကျိုး များစေမည့် “အကြွင်းသုညမဟုတ် ဂိမ်း” ( non-zero-sum game ) ဖြစ်သည်။

ဃ။ တတိယလှိုင်းနိုင်ငံအများစု၏ အရပ်ရပ် အခြေအနေမှာ ရှော့ခ် ဒဏ်ခံနိုင်လောက်သော အနေအထား မရှိလေရာ ရှော့ခ် ရိုက် ကုထုံးများ ( Shock therapy ) ဖြင့် အလုပ်မဖြစ်နိုင်။ “တဖြည်းဖြည်း တစ်ဆင့်ချင်း” ( gradual ) ဖြင့်သာ ပေါ်လစီ ခင်းဖို့ လိုလိမ့်မည်။

င။ လူထုအုံကြွမှု တစ်ခုတည်းကိုသာ အားပြုလိုသော “လမ်းပေါ်နိုင်ငံရေး” လက်နက်စွဲကိုင် တော်လှန်ရမည် ဆိုသော “စစ်ပွဲနိုင်ငံရေး” စသည့် ရယ်ဒီကယ် အနုအရင့် လမ်းကြောင်းများမှာ ဒီမိုကရက်တိုင် ဇေးရှင်းကို အကျိုးမပြုနိုင်ရုံမျှမက၊ ချောက်ထဲ ဆွဲချမည့် ထောင်ခြောက်များပင် ဖြစ်သွားနိုင်သည်။

ဤဝိသေသလက္ခဏာ ငါးရပ်မှာ ကြိုက်မကြိုက်ဆိုသော လူတို့၏ စိတ် ဆန္ဒနှင့် မဆိုင် ။ ပကတိ အရှိ၏ ပြဋ္ဌာန်းချက်များပင် ဖြစ်သည်။ မိမိတို့ ဟာဒယ တွင် ကိန်းနေသော အစဉ်အလာ နိုင်ငံရေး ဓလေ့နှင့် အဟပ်မညီ၍ ပကတိ အရှိ ကို ငြင်းပယ်လို့မရ။ အရှိကို အရှိအတိုင်း လက်ခံနိုင်ရန် ၊ စွဲခိုင်နေသော နိုင်ငံရေး ဓလေ့ကိုသာ အစဉ်အလာမှ အထိုင်ပြောင်းရွှေ့ ယူကြရမည် ဖြစ်ပါသည်။ ဝန်ခံရလျင် ဤသို့ အထိုင် ပြောင်းဖို့ ဆိုသည်မှာ လွယ်လိမ့်မည်ကား မဟုတ်ပါ။ သို့နှင့်တိုင် လုံးဝ မဖြစ်နိုင်သော အရာတော့လည်း မဟုတ်ပါချေ။

၃။ နိဂုံးကောက်ချက်များ
( Concluding Remarks )

“ဘဝ ဆိုသည်မှာ မလုံလောက်သော နိဒါန်းများမှ ၊ လုံလောက်သော နိဂုံးများ ရအောင် ဆွဲယူကြရသည့် အနုပညာမှုပင် ဖြစ်လိမ့်မည်။”
ဆင်မျူရယ်လ် ဘတ်တလာ
( ၂၀ ရာစုခေတ်ဦး၊ လူမှု သိပ္ပံပညာရှင် )

မြန်မာ့ ခေတ်ပြိုင် ဒီမိုကရက်တိုင် ဇေးရှင်းမှာ တတိယ လှိုင်းအထွတ်အထိပ် ကာလတွင် စတင် ပေါ်ထွက်လာခဲ့သည်။ သို့အတွက် တတိယ လှိုင်း ပုံစံ တွင် အကျုံးဝင်သည်ဟု ဆိုနိုင်ပါလိမ့်မည်။ အဆိုပါ မြန်မာ့ ဒီမိုကရက်တိုင်ဇေးရှင်း အစပျိုးချိန်တွင် မြန်မာ့စီးပွားရေးမှာ ဖွံ့ဖြိုးဆဲ အနေအထားတွင်သာ ရှိနေဆဲ ဖြစ်သည်။ ဈေးကွက် စီးပွားရေး စနစ်ကို ပြန်လည် လမ်းဖောက်ဖို့ တာစူ နေဆဲ ကာလ ဖြစ်သည်။ မြန်မာ့ လူ့အဖွဲ့ အစည်းများမှာလည်း အမှီခို ကင်းသည့် လူလတ်တန်းစား တစ်ရပ်၊ ပြန်လည် ရှင်သန်နိုင်ရန် အားယူ ကြိုးစားနေရဆဲ ကာလ ဖြစ်သည်။ လွတ်လပ်သော အရပ်ဘက် အဖွဲ့ အစည်းများမှာလည်း သန္ဓေတည်စ အဆင့်တွင်သာ ရှိနေဆဲဟု ဆိုရပါလိမ့်မည်။ ထို့ထက် မြန်မာ့ နိုင်ငံရေး ဓလေ့မှာလည်း နှစ်ပေါင်းထောင်ချီ အသားကျနေသည့် အစဉ်အလာထဲမှ ဖောက်မထွက်နိုင် ရှိနေဆဲ ဟု သဘောရ ပါသည်။

က။ ဂလိုဘယ်လော၊ လိုကယ်လော

စစ်အေးတိုက်ပွဲ ပြီးဆုံးချိန်မှ စ၍ ကမ္ဘာ့နိုင်ငံအားလုံးလောက်မှာ ဒီမိုကရေစီ နှင့် ဈေးကွက် စီးပွားရေး ဘက်သို့ ဦးတည် လှည့်ပြောင်းလာခဲ့သည်။ သို့အတွက် ဒီမိုကရေစီမှာ ကမ္ဘာလုံး ချီတူရူချက် ( global trend ) ဟု စိတ်ချလက်ချ ဆိုနိုင်စရာ ရှိပါသည်။ မြန်မာ့ ဒီမိုကရက် တိုင် ဇေးရှင်း သည်လည်း အဆိုပါ ခေတ်ရေစီး၏ အစိတ်အပိုင်း တစ်ရပ်ပင် ဖြစ်ရာ၊ မိုးမလင်းမီ နိုးနှင့်သည်ဟု မဆိုနိုင်ပါ။

သို့နှင့်တိုင် စစ်အေးလွန်ခေတ် ကမ္ဘာကြီးတွင် နိုင်ငံတစ်ခုနှင့်တစ်ခု ဖွံ့ဖြိုးမှု အဆင့်ချင်း မတူကြလေရာ ဆိုခဲ့ပြီးသော ဂလိုဘယ်ခေတ် ရေစီး ( ဒီမိုကရေစီ ) သို့ သွားရာလမ်း ( ဒီမိုကရက်တိုင် ဇေးရှင်း) မှာလည်း ပုံသေကားကျ တစ်သွေး တစ်ရောင်တည်း မဖြစ်နိုင်ပါ။ မိမိ သက်ဆိုင်ရာ နိုင်ငံ၏ ပကတိ အရှိက စရသည် ဖြစ်၍ ဂလိုဘယ် ဇာတ်လမ်း ( global narrative ) မဖြစ်နိုင်။ ” ဒေသ ဇာတ်လမ်း” ( local narrative ) ဘောင် အတွင်း တွင်သာ ဖြစ်ပါလိမ့်မည်။

ခ။ စီးပွားရေးလော၊ နိုင်ငံရေးလော

“စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဘယ်သင်းက အရင်စ” ဆိုသော ဒီဘိတ် တစ်ခု ရှိပါသည်။ စီးပွားရေး ဖွံ့ဖြိုးမှု နောက်ကျသော နိုင်ငံများတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုက အရင် စသင့်သည် ဆိုသော အယူအဆ တစ်ခုလည်း ရှိသည်။ စီးပွားရေး ဖွံ့ဖြိုးမှု နောက်ကျသော နိုင်ငံများတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုက အရင် စသင့်သည် ဆိုသော အယူအဆ တစ်ခုလည်း ရှိပါသည်။ ဤကိစ္စနှင့် ပတ်သက်လျင်၊ စီးပွားရေး အနေအထား ( ဖွံဖြိုးမှု အနုအရင့် ) တစ်ခုတည်းသာမက ၊လူအများစု၏ ဒီမိုကရေစီ ဆန္ဒကိုပါ ထည့်သွင်း စဉ်းစားဖို့ လိုလိမ့်မည် ထင်သည်။ မြန်မာနိုင်ငံ အတွက် ဆိုလျင် စီးပွားရေး ပြုပြင် ပြောင်းလဲမှုနှင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ဟန်ချက် ညီညီ သွားသည်က ပို၍ လျော်ကန် သင့်မြတ်လေမည်လား စဉ်းစားမိသည်။ လက်တွေ့တွင်လည်း ဤအတိုင်း သွားလျက် ရှိသည်။

သို့နှင့်တိုင် ပေါ်လစီ ခင်းရာတွင်မူ ညှိနှိုင်း အဖြေရှာဖို့ ခက်ခဲနိုင်သော နိုင်ငံရေးထက်၊ အများညီ လက်ခံနိုင်စရာ ပိုရှိလိမ့်မည် ဟု မှန်းဆရသော စီးပွားရေးနယ်ပယ်မှ အစပြုသည်က ၊ ပိုအဆင်ပြေနိုင်စရာ ရှိမည် ထင်သည်။ အမျိုးသား သွေးစည်း ညီညွတ်ရေး အား မကောင်းလှသေးသော လူ့အဖွဲ့အစည်း တစ်ရပ်တွင် “အများညီ ဘုံလမ်းကြောင်း” ( common ground ) တစ်ခုမှ အစပြုသည်က အလှုပ်အယမ်း နည်းပါးလိမ့်မည်။ မြန်မာနိုင်ငံ အတွက် ထီးလို မင်းလို ဘုံလမ်းကြောင်း မှာ၊ ခေတ်မီ နိုင်ငံတော် ထူထောင်ရေး ( တစ်နည်း ) စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပင် ဖြစ်သည်။

ဂ။ ကိန်းသေလော-ကိန်းရှင်လော

ဆိုခဲ့ပြီးသည့် အတိုင်း၊ မြန်မာ့နိုင်ငံရေး ဓလေ့မှာ နှစ်ပေါင်း ၈၀၀ ကျော် ပဒေသရာဇ်ခေတ်တွင် သန္ဓေတည် စွဲခိုင်လာခဲ့ပြီး၊ နောက် အနှစ် ၁၀၀ ကျော် အထိလည်း အခြေခံအရ မပြောင်းသလောက် ရှိခဲ့ရာ နောင် အနှစ် ၁၀၀ ကျော် အထိလည်း အခြေခံအရ မပြောင်းသလောက် ရှိခဲ့ရာ ခေတ်မီရေး အခြင်းအရာ တစ်ခု ဖြစ်သော ဒီမိုကရက်တိုင် ဇေးရှင်း ဖြစ်စဉ် နှင့် သဟဇာတ ဖြစ်နိုင်ပါမည်လော။ ဝန်ခံရလျင် ပြဿနာ တစ်ချို့ ရှိနိုင်သည် ဟု သဘောရပါသည်။ ဓလေ့က ပြဋ္ဌာန်းပေးထားသော တင်းမာမှု နှင့် လက်ရှိ ဒီမိုကရက်တိုင် ဇေးရှင်း က လိုအပ်နေသော ပျော့ပျောင်းမှုကြား၊ အကွာအဝေး တစ်ခု ရှိနိုင်ပါသည်။ ဤသို့ ဆိုလျင် မြန်မာ့ ဒီမိုကရက်တိုင် ဇေးရှင်းကို ကာလ တစ်ခု အချိန် ဆိုင်းထား ရဦးမည်လော။

ဤသို့ကား မဟုတ်ပါ။ အကြောင်းမူ နိုင်ငံရေး ဓလေ့သည် လုံးဝမပြောင်းလဲ နိုင်သော “ကိန်းသေ ” မဟုတ်။ ပြောင်းလဲနိုင်သည့် “ကိန်းရှင် တစ်ခု ဖြစ်သောကြောင့် ဖြစ်ပါသည်။ ကိန်းရှင်ဆိုသော်လည်း သွက်သွက် လက်လက် မြန်မြန်ဆန် ဆန် ပြောင်းလဲ တတ်သည့် “ဒိုင်းနမစ်ကိန်းရှင်” ( static variable ) ဖြစ်သည်။ ယဉ်ကျေးမှု ဓလေ့ ဆိုသည်များမှာ လူမှု စီးပွားရေး အပြောင်းအလဲများ အပေါ် မူတည် ရွေ့နေသည် ဖြစ်ရာ လူမှု စီးပွားရေး အပြောင်းအလဲများ အရှိန်ရလာသည် နှင့် အမျှ နိုင်ငံရေး ဓလေ့များလည်း ရွေ့နိုင်စရာ ရှိပါသည်။ လက်တွေ့ကျကျ ဆိုရလျင် ဒီမိုကရက်တိုင်ဇေးရှင်း ဖြစ်စဉ် အတွင်း မှာပင် မြန်မာ့နိုင်ငံရေး ဓလေ့ကို စတက်တစ်မှ ဒိုင်းနမစ် ဖြစ်အောင် တွန်းတင်သွားကြရမည့် သဘောဖြစ်သည်။ ဤအတွက် ခေါင်းဆောင်မှုတွင် တာဝန်ရှိသည်ဟု ယူဆသည်။ ခေါင်းဆောင်များ၏ အမြော် အမြင် နှင့် ပါးနပ် လိမ္မာမှုက အတော် စကားပြောပါသည်။

ဃ။ ခေါင်းဆောင်သော – လူထုလော

“သမိုင်းကို လူထုက ဖန်တီးသည်” ဆိုသော အယူအဆ တစ်ခု ရှိပါသည်။ ( ပွင့်ပွင့်လင်းလင်း ဝန်ခံရလျင် ဤအယူအဆအပေါ်မှာ သံသယ ရှိခဲ့သည်မှာ ကြာပါပြီ ) ဤသို့ဆိုလျင် မဟာ ဗျူဟာ ချမှတ်ရေး ကိစ္စကို လူထုက တာဝန်ယူရမည်လော ။ မဖြစ်နိုင်ပါ။ လူထုမှာ ဘဝ ရပ်တည်ရေး၊ဘဝ ရှင်သန်ရေးအတွက် ရုန်းကန် နေကြရသည် ဖြစ်ရာ မဟာဗျူဟာ လေ့လာချက်များ အတွက် အချိန်ပေးနိုင်ဖွယ် မရှိပါ။ နိုင်ငံရေးနှင့် ပတ်သက်သော လူထု၏ တုန့်ပြန်မှုမှာ သူတို့ လက်တွေ့ မျက်တွေ့ ခံစားနေရသော လူမှု အတွေ့အကြုံမှ လာလိမ့်မည်သာ ဖြစ်ပါသည်။ မဟာဗျူဟာ နည်းဗျူဟာ ကိစ္စ များနှင့် ပတ်သက်လျင် လူအများစု အနေနှင့် စိတ်ဝင်စားကြလိမ့်မည် မထင်ပါ။ လူထုတွင် တာဝန် မရှိဟုလည်း ယူဆပါသည်။

အမှန်တကယ် တာဝန် ရှိသည်မှာ ခေါင်းဆောင်မှုသာ ဖြစ်ပါသည်။ ခေါင်းဆောင်မှု အနေနှင့် သာမာန် လူထုထက် ကျော်ကြည့်နိုင်ရ ပါလိမ့်မည်။ အစဉ်အလာကို ဖောက်ထွက် စဉ်းစားနိုင်ရပါလိမ့်မည်။ လူထုကို ဦးဆောင်ပြီး ဖြစ်သင့် ဖြစ်ထိုက်သော မဟာဗျူဟာ လမ်းကြောင်း မှန်ကို လင်းပြနိုင်စွမ်း ရှိရပါလိမ့်မည်။ အပေါစား အများကြိုက် ပေါ်ပြူလာ လမ်းကြောင်း အတိုင်းသွားနေလျင် လူထုခေါင်း ဆောင် မဖြစ်နိုင်ပါ။ လူထုနောက်မြီးဆွဲသာ ဖြစ်ပါသည်။ ဒီမိုကရက်တိုင် ဇေးရှင်း ဖြစ်စဉ်တစ်ခု၏ အောင်မြင်မှု မအောင်မြင်မှု မှာ၊ ခေါင်းဆောင် များ အပေါ်တွင်သာ တာဝန်ရှိသည်ဟု သဘောရပါသည်။

င။ “ဝေါလ်” လော- “ဝဘ်”လော

ဒီမိုကရက်တိုင်ဇေးရှင်း တတိယ လှိုင်းကာလ မှာ စစ်အေးခေတ်ကြီး နိဂုံး ကမ္ပတ် အဆုံးသတ်သွားသည်နှင့် ချိန်ခါ သင့်ဖြစ်နေသည်ကို သတိချပ်ဖို့ လိုပါလိမ့်မည်။ စစ်အေးခေတ်၏ သင်္ကေတမှာ “နံရံတံတိုင်း” ( Wall ) ဖြစ်သည်။ တံတိုင်းကြီး ရှိနေသည်ကကို “ငါတို့ကွဲနေပါလား” ဆိုသော ဖော်ပြချက် ဖြစ်သည်။ သို့နှင့်အမျှ စစ်အေးခေတ် စဉ်းစားနည်းမှာ အကွဲအပြဲ အပေါ် အခြေခံသည်။ အရာရာ “ရန်သူ- မိတ်ဆွေ” ချဉ်းကပ်မှုဖြင့် သွားသည်။

စစ်အေးလွန်ခေတ် သင်္ကေတမှာ နံရံတံတိုင်း မဟုတ်တော့ပါ။ “အင်တာနက် ဝဘ်ဆိုက်”ကြီး ဖြစ်လာသည်။ ဤဝဘ်ဆိုဒ်ကြီး ရှိနေသည်ကိုက “ငါတို့ ဘယ်လို ပူးပေါင်းဆောင်ရွက်လို့ ရမလဲ” ဆိုသော ဖော်ပြချက် ဖြစ်သည်။ သို့နှင့်အမျှ စစ်အေးလွန်ခေတ် စဉ်းစားနည်းမှာ ဘုံတူညီချက်များအပေါ် အခြေခံသည်။ ဆရာကြီး ဒဂုန်တာရာ၏ စကားနှင့် ဆိုရလျင် ရန်သူမရှိ ၊ မိတ်ဆွေသာ ရှိသည်။ မုန်းသူ မရှိ၊ ချစ်သူသာ ရှိသည်။ ရန်သူကို မိတ်ဆွေ အဖြစ်ပြောင်းသော ချဉ်းကပ်မှုဖြင့် သွားသည်။ မျက်မှောက်ခေတ် ဒီမိုကရက်တိုင် ဇေးရှင်း မှာ စစ်အေးခေတ် “နံရံ တံတိုင်း စဉ်းစားနည်း ” ( wall-party thinking ) ဖြင့် အဟပ် ညီလိမ့်မည် မထင်။ စစ်အေးလွန်ခေတ် “ဝဘ် အခြေခံ စဉ်းစားနည်း ” ( web-party thinking ) နှင့်မှ သဟဇတ မျှလိမ့်မည် ဟု သဘောရပါသည်။

ဆိုခဲ့ပြီးသော အနုမာန အယူအဆများမှ ဝိဝါဒ ကွဲပြားစရာများ ဖြစ်နေရာ ၊ သဘောတူ ကြည်ဖြူ ကြလိမ့်မည်ဟု မျှော်လင့် မထားပါ။ သဘောတူ မတူ အသာထား၊ လက်ခံ စဉ်းစား ကြလျင်ပင်၊ ဝမ်းမြောက် ဝမ်းသာ သာဓု ခေါ်နေမည် ဖြစ်ပါသည်။ မတူသော အယူအဆများ အကြား ဦးနှောက်မုန်တိုင်း ဆင်ခြင်းဖြင့်သာ လူ့အသိဥာဏ် မိုးကုပ်စက်ဝိုင်း မြင့်သထက် မြင့်၊ ကျယ်သထက်ကျယ် ဖြစ်လာလိမ့်မည်ဟု ယူဆ ယုံကြည်သောကြောင့် ဖြစ်ပါ၏

ကျော်ဝင်း

Reference
1. Democratization __ Christian W.Haerpfer
2. The Third Wave __ Samuel. P. Huntington
3. Liberalization ,Transition and Consolidation ___ Philippe.C.Schimtter
4. Twenty-Five Years,Fifteen Findings.__ Philippe C. Schimtter
5. Social Movements and Culture __ Hawk Johnston

From The Waves 2010 September.

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: