မိသားစုလား -ရုံးလား – လစာကိစ္စ စိတ်မဝင်စားပါ။

 

Employment

ဤကနေ့ လစာထုတ်ရက် ဖြစ်ပါသည်။
သို့မဟုတ် လစာထုတ်ရက်ဟု ပြောကြသောနေ့ဖြစ်သည်။

ကွန်ပျူတာကြီးများ၊ မီဒီယာ ကြီးများဖြင့် ငွေပမာဏ သိန်းသန်းချီ၍ လုပ်နေသော ဤရုံးခန်း ဤဌာနကြီးတွင် ပထမပြီးခဲ့သည့်လက အတိုင်း မလွဲပါစေနှင့်ဟု ဆုတောင်းရင်း ဝန်ထမ်းအများက မျှော်လင့်နေကြသည်။ လစာထုတ်ရက် နောက်ကျခဲ့သောကြောင့် ဤလ အစဦး ကတည်းက မေးခဲ့ကြသည်။
“လစာ ဘယ်နေ့ထုတ်ရတာလဲ ဟင်”
“အာာ လကုန်ရင် လစာထုတ်တယ်ပေါ့ကွ၊ဒါလေးကို မေးနေရသေးတယ်”
“ဩော်၊ အင်း”

လလယ်လောက်ရောက်တော့ ကျနော့် မှတ်ဥာဏ်က မကောင်းတာပဲ ဖြစ်မည်။
ထပ်မေးမိသည်။
“လစာက ဘယ်နေ့”
“ခင်ဗျားတော်တော်ပြတ်လတ်နေဘီလား၊ ခဏခဏမေးနေတယ်။ အားလုံး လကုန်ရင်ထုတ်ကြတာပဲလေဗျာ”
“ဩော်၊ အင်း”

ပြီးခဲ့သည့် သုံးရက်လောက်က မေးကြည့်ကြတော့ ကျနော်တစ်ယောက်တည်း မဟုတ်တော့ပါ ။ နည်းနည်း လူစိတ်လာသည်။
ပြတ်တုန်းလတ်တုန်း ၂၃ လည်း ကျော်လာပြီကိုး။ ဒါတောင် ကြိုထုတ်ငွေများဖြင့် အသက်ဆက်နေခြင်း ဖြစ်သည်။

ကဲ…ကဲ…ဖြေမယ်။ လစာထုတ်ရက်သည် လကုန်သော ၃၀ ရက်နေ့ဖြစ်ပါသည်တဲ့ ။ အဓိပ္ပါယ်ဖွင့်ဆို ရှင်းလင်းရာမှာ တော်ချက်။
အားလုံးနီးပါးသော ရုံးများကလည်း သည်အတိုင်း ဖြစ်သောကြောင့်
သည်ကနေ့သည်လည်း………သည်လည်း……….. ဖြစ်နိုင်ပါ၏။😀

မတိုင်ခင်တစ်နေ့။
ရော်ရွက်လေးတွေ နှင်းခသံ ကြားရပါသည်။ သည်အာရုဏ်ဆည်းဆာမှာ ချိန်ခါမှီ တိမ်မတောက်သောကြောင့် နဲနဲတော့ ဖီးလ်အောက်သည်။:P

“မနက်ဖြန် လခရမှာလား ဟင်။”
ဇဝေဇဝါရှိလှသော အနော့ရင်မှာ သူ့မေးခွန်းအတွက် မဖြေသာပါ။😛
ခိုင်မာတိကျသော သတင်းများကိုသာ ဖြန့်ဖြူး ဝေငှပေးနေမည့် ဤနေရာတွင် မနက်ဖြန် လခရမရ ကို ဤဌာနမှ လူများအနက် ဘယ်သူ့ကို မှ မေးမရ။ သတင်းအတိအကျ မသိကြသေးတာတော့ ကျိန်းသေသည်။
“သိသေးဘူး၊ ဟိုက လွှဲမှ ဒီကို ကျမှာ”
“ဩော်၊ ဟိုက လူတွေက ဘာမှ ပြောသံမကြားဘူးလား”
“ဟိုကလူတွေတောင် တိတိကျကျမပြောတတ်ဘူးတဲ့”

ဩော် လမ်းစရယ်ပျောက်ပေါ့။ သတင်း Source များ ထိန်းသိမ်းရာမှာ တော်ချက်။
သတင်းဌာန လို့ မပြောရအောင် သတင်း Source ဖျောက်တတ်သည် ထင်၏။
ဘယ်လိုက်မေးလို့ မေးရမှန်း မသိအောင် အစအနပျောက်သည်။

ဖြတ်ဖတ်ပြီးနားမလည်မည်စိုး၍ ရှင်းပြရလျှင် ကျွန်တော်တို့က ရန်ကုန်တွင်ရှိသော ရုံးခွဲဌာနဖြစ်သည်။ ရုံးချုပ်ကတော့ ရန်ကုန်မဟုတ်သောတစ်နေရာမှာဖြစ်သည်။

မနက် ရှစ်နာရီ။
သည်ကနေ့ ၃၀ ရက်နေ့။ အဓိပ္ပာယ် သတ်မှတ်ထားချက် အရ – လစာထုတ်ရက်။ မိုးလင်းပါဘီ။
ညက အိပ်ပျက်ပြီး အွန်လိုင်းပေါ်တက်၍ လျောက်ကလိသောကြောင့် မနက်အိပ်ရာထ နောက်ကျသည်။ ဟီးးးး ဆောရီး။ နောက်ကျပြီး ကိုယ့်ဟာကိုယ်နိုးသည် ဟုတော့ မထင်ပါနှင့်။ ဖုန်းတစ်ချက် မြည်လာမှ နိုးခြင်းဖြစ်သည်။

“ဟဲလို၊ မင်္ဂလာပါ၊ …………..ကပါခင်ဗျာ။ အမိန့်ရှိပါ။ “( နည်းနည်း အကျင့်ပါလာသော လေသံဖြစ်ပါသည်)
“ဟုတ်။ ကိုဇေယျကြီးလား ။”
ကိုဇေယျဆိုတာ ဒီရုံးမှာ အကြီး၊ အသေး ခွဲထားသလား ကျနော် မမှတ်မိ။ ဖြေရခက်ခက်နှင့် ငြိမ်နေလိုက်သည်။ ဆင်ဝှေ့ရန်ရှောင်- ဟုတ်သည်လည်း မပြော မဟုတ်ဘူးလဲ မပြောလိုက်။
“ပြောပါခင်ဗျာ။ ဘယ်သူပါလိမ့်”
“ကျနော်………….ပါဗျ။ ဒီနေ့ လစာထုတ်မယ်ပြောလားဟင်”
တော်တော် သနားစရာကောင်းသော လေသံ 😛
“ခင်ဗျားက လူကြီးနားမှာ နေတဲ့သူလေ။ သိချင်းသိ ခင်ဗျားက ပိုတောင်သိရဦးမယ် ။ မသိဘူးလား”
“ကျနော်က လူကြီးနားနေတာတော့ ဟုတ်တယ်လေဗျာ။ နို့ပေမယ့် ခင်ဗျားတို့နဲ့ ဆိုင်တာပဲဟာ။”
“ဩော..ဂလိုလား။ ဂလိုဆိုရင်တော့ ဒီက လူကြီးလာမှ သိမပေါ့ အကို……ရဲ့။ နို့………နေပါဦး ။ ခင်ဗျားလူကြီးက ပိုကြီးတယ် မဟုတ်ဘူးလား။ ခင်ဗျားလူကြီးကို မေးရင် သိသင့်ပါတယ် ကိုယ့်လူရယ်”
“အင်း။ ကျနော့လူကြီး ဒီနေ့ရုံးမှာ ရှိနေမယ်ဗျ။ ခင်ဗျားဆီက လူကြီး လာရင်တွေ့ကြမှာပါ”
“အင်းလေ၊ အဲ့တော့လဲ ခင်ဗျား လူကြီးနဲ့ အနော့လူကြီး – လူကြီးချင်းတွေ့ကြပေါ့ဂျာ၊ အဲ့တော့ သိလိမ့်မပေါ့”

ခင်ဗျားလူကြီး ၊ ကျနော့လူကြီး ဆိုသော စကားများဖြင့်ပင် ဤဖုန်းသံကို အဆုံးသတ်လိုက်သည်။ မရေမရာသော အတွေးများဖြင့် ဖုန်းချလိုက်သည်။ ဤနေ့ ငါ့ချစ်ချစ်နဲ့ ချိန်းထားတာ မလွဲပါရစေနဲ့။ လစာမြန်မြန် ရတော်မူပါ။😛

ဤသို့ဆုတောင်းနေသော်လည်း ကျနော်က ဒုက္ခကြီးလှသည်မဟုတ်။ တကိုယ်တည်းနေ၊ သွားချင်သလိုသွား၊ စားချင်သလိုစားနေသည့် သူ။ ဘာကိစ္စမှ မရှိ ။ သေလည်း ဝမ်းနည်းစရာ မရှိ။ သေပါစေ လို့တောင် ဆုတောင်းမည့်သူ ရှိနိုင်သည်။ တကယ် လိုလိုလားလား လစာ ဆု-တောင်းနေကြသူများက ဤရုံးမှ ကျန် ညီအကိုမောင်နှမများ ဖြစ်သည်။ ရန်ကုန်မြို့ပေါ်သို့ ရပ်ဝေးမှ လာနေပြီး လုပ်နေရသူများ ။ အချို့ ဆိုလျင် ရန်ကုန်ကို ခုမှ ရောက်ဖူးသူများ ဖြစ်သည်။
အဆောင်ငှားနေကြရသည်။ အမိဌာနေ မြို့ခံနှင့်မတူ – ရန်ကုန်မို့ သူ့အသုံးစရိတ် နှင့် သူ ကြီးသည်။ ကုန်သည်။ ထို့ကြောင့် ခေါက်ဆွဲလေးဖြင့်ပင် နေ့လည်စာ ပြီးနေသူများလည်း ရှိသည်။

ကိုယ်ရှာပြီး ကိုယ် စားပစ်လိုက်သည် ဆိုသော ကျနော့လို ကောင်မျိုးကို ထားတော့ ။ အများစုက အိမ်သို့ ငွေပြန်ပို့ကြရသည်။ ဤကြားထဲ အဆောင်ခပေးရသည်နှင့် ထည့်တွက်လျင် သူများတကာ ငွေကိုင်ချိန်တွင် လက်ထဲတော့ ငွေ ရောက်ချင်ကြသည်။ ( ဒါကိုလည်း လူကြီး အချို့က နားလည်ပေးကြပါသည်။ ကျေးဇူးတင်ပါသည်။ )သို့မဟုတ် လကုန်ရက်တွင်ရှင်းစရာ အကြွေးများ မျက်နှာ မပူမပင်ရဘဲ ရှင်းလိုက် ချင်ကြသည်။ အဲ့အထဲမှာ – ရုံးကိစ္စနှင့် ပတ်သက်၍ အသေးသုံးလေးများ ကိုယ့်ဟာနှင့်ကိုယ် သုံးစွဲလုပ်လိုက်ကြသည်များ ရှိသည်။ ( ဘောင်ချာ မပါလျင် ငွေမထုတ်ရဟုဟိုးခပ်လှမ်းလှမ်းရုံးမှ လာရောက်သွားသောသူ၏ ရုံးဆန်ဆန် အမှာစကားအရ ) ဒါကိုယ့် အလုပ်ပဲဟုခံယူချက်ဖြင့်(အလုပ်ပေါ်ထားတဲ့ ဝန်ထမ်းတစ်ဦး၏ သံယောဇဉ်ဖြင့်) ကိုယ့်အသုံးစရိတ် နှင့်ကိုယ် ကျခံပေးလိုက်သော အသေးသုံးများကို အချို့က စကားထဲ ထည့်မပြောတော့။ ( အဲ့အချို့တွင် ကျနော် မပါခဲ့ပါ ။ပါဝင်ခဲ့သည့် ညီအကိုများ မောင်နှမများအတွက် ပြောပြခြင်းဖြစ်ပါသည်။) သူတို့မှာ- အောင့်သက်သက်နှင့် ငြိမ်နေလိုက်ကြတော့သည်။ အရာရာတိုင်းကို ဘောင်ချာ မဖြတ်နိုင်။ အချို့ဟာများက အလျင်းသင့်သလို သုံးသွားရသည်များ ရှိသည်။ ကြိတ်ခံတော့ …….။
အသေးသုံးမို့ အသေးစိတ်ပြောလျင် ပေရှည်ပါမည်။

သို့သော် အသေးသုံးလည်း နည်းနည်းများလာတော့ ထိသည်။ ဤနေရာတွင် ပြောစရာ ရှိသည်က ကျနော်တို့ ရုံးမန်နေဂျာကြီး ကောင်းရှာပါသည်။ အောက်လက်ငယ်သား အပေါ် များစွာ နားလည်ပေးသည်။ ယင်းအနက် အသေးသုံး အချို့ကို သူ့ဘာသာ သူ စိုက်ထုတ်သည်မှာလည်း မနည်း။ တစ်ချို့ကိုတော့ စာရင်းအင်း ဘောင်ချာ မထွက်သော်လည်း သူတာဝန်ခံပါသည် ဟူ၍တော့ ပြောရှာသည်။ အောက်လက်ငယ်သား အပေါ် ငဲ့ညှာတတ်သော သူ့အကြောင်းကို
သိ၍လည်း ဒီကကျနော်တို့ အများက ချစ်ကြပါသည်။ “ကျနော်တို့ မိသားစုတွေပဲဗျာ” …..ဒါ သူသုံးသော လက်သုံးစကား။ သူတင်မက အချို့ အထက်ကလည်း သုံးပါသည်။ စိတ်စေတနာပါပါဖြင့် တကယ်ကို သူက မိသားစု ဆိုသော်လည်း တကယ်တမ်းက သူသည်လည်း ဝန်ထမ်းသာဖြစ်သည်။ အထက်ဆိုသည်က တစ်ချို့ အဆင်မပြေလျင် သူလည်း ဘာမှ မတတ်နိုင်။ အောက်ကို မိသားစုလို ဆက်ဆံငဲ့ညာသော သူ့အနေဖြင့် အပေါ်က ရုံးဆန်ဆန် ဆက်ဆံသော အခါ ——–။

( ရုံးဆန်ဆန်တော့ ဟုတ်ကောင်းမှ ဟုတ်ပါမည်။ ရုံးဆန်ဆန် ဟု ပြောရသည်မှာ “စာရင်းများ၊ အင်းများ တိကျကြပါ။ မတိကျလျင် ( ဘာဖြစ်ဖြစ် ) ဂရုမစိုက်နိုင် ” ဟူသော ပုံစံမျိုး စကားဆိုလာသောကြောင့်သာ ဖြစ်သည်။
တကယ်တမ်းသာ ရုံးဆန်ခဲ့လျင် အခုပို့စ်လည်း ရေးဖြစ်မည် မဟုတ်။)

အတွေးများနဲ့ ချာချာလည်ရင်း မနက်ကိုးနာရီခွဲပြီ။
ရုံးမှာ လူစုံနေပါသည်။ ( နှစ်ယောက်ကတော့ နိုက်ရှစ် မို့ ခဏပြန်သည်😛 ) အနော်တို့ရုံးက ကိုးနာရီဆို ရုံးတက်သည်။ ကိုးနာရီ ထိုးသောကြောင့် လူစုံခြင်းတော့ မဟုတ်နိုင်။ လစာထုတ်ရမည် မှန်းထားကြသောကြောင့် လူစုံခြင်းလည်း ဖြစ်နိုင်သည်။
ကျနော်တို့ လူကြီး လာပါပြီ။ မျှော်ကြည့်လိုက်သည်။ အရင်ဆုံး ပြေးဝင်လာသည်က Accountant။

“မနေ့က စာရင်းတွေက မဟုတ်သေးဘူးတဲ့ ပြန်ပို့ပေးပါပြောနေတယ် ကိုဇေယျရယ်။ ကျမလည်း ခဏခဏပို့နေရတာ မေးလ်ချည်း လေးငါးစောင်ရှိနေပြီ တစ်မျိုးထည်းကို။”
“အင်းလေ။ မနေ့ထဲက ပို့နေတာမလား။ ဘာတွေမို့လို့တုန်း။ ကျနော်ကြားတာက ဒီလကုန်ကျစားရိတ်တွေဆိုလား ဘာဆိုလား။”
“အင်း။ ဟုတ်တယ်။ ဒီအထဲမှာ ကျမ အကောင့်တာဝန်မယူခင်က စာရင်းတွေလဲပါတယ်။ အဲ့ငွေတွေမှာ လိုတာပိုတာ စာရင်းတွေပေါ့။အဲ့ကုန်ကျစားရိတ်တွေပါ – အတိအကျ လိုချင်တယ်တဲ့”
“အင်းလေ၊ ရုံးပဲဟာ၊ အတိအကျရှိမှပေါ့ ။ ဒါဟုတ်ပါတယ်။ နို့ပေမယ့် အဲ့ဒါကြီးက မပြီးသေးဘူးလားခုထိ။ ခင်ဗျား အဲ့ဒါလုပ်နေတာ လေးငါးရက်မကဘူးထင်တယ်။”
“ပြီးလို့ဖြင့် ပို့ပို့နေတာ ဟိုဟာလိုသေးတယ်ဒီဟာလိုသေးတယ်နဲ့ ပြန်ပြန်လုပ်နေရတယ်။”

“မ……..။ ဟိုစာရင်းတွေ မြန်မြန်ပြီးအောင်လုပ်။ ဒီနေ့ ဟိုကိုသွားတင်ပြရဦးမှာရှိတယ်။” အသံနှင့်အတူ ရုပ်လုံးပေါ်လာသည်က ကျွန်တော်တို့လူကြီး။

ဟိုနေ့တွေ ကတည်းက တင်ပြသည် ဆိုသော စကားလုံးကို ကြား ကြားနေရသည်။ သည်ကနေ့အထိ တင်ပြလို့ မပြီးသေးဘူးကော……..။😀
ကျနော် တစ်ချက် – သံသယဖြင့် ကိုယ့်လူကြီးကိုကိုယ် လှည့်ပတ်ကြည့်မိသည်။
ဖြစ်နိုင်သည်။ တစ်ဖြေးဖြေး လုံးပါးပါးလျက်ရှိသည်။ တင်- ပြရသည်မှာ ပင်ပန်းလှသောကြောင့် ဖြစ်မည်။:P

ကလင်..ကလင်။
Accountant!!! ဖုန်း……..။
အထဲမှ OS က လှမ်းခေါ်သည်။ OS ဆိုတာ Office Staff။
အကောင့်တန့် ပြေးသွားပြီး ဖုန်းကိုင်။ စကားပြော။ အပြေးပြန်လာသည်။
“ကိုဇေယျ။ ဒီစာရင်းလေးပြီးရင် မေးလ်ပို့ပေးပါဦးနော်။ ကူညီပါ”
“ဩ…ဟုတ်၊ ဘယ်သူ့ဆီလဲ”
” ဟိုးကလူကြီးဆီ၊( ဟိုးခပ်ဝေးဝေးက လူကြီး ဖြစ်ပါသည်။ သို့သော် အနီးကပ်ဆုံးတွင် ကျနော်တို့နှင့် ဆိုင်သည်ဟုလည်း ဆိုသည်) ဖိုင်နာမည်က Expense ( အသုံးစရိတ် ) နော်”
“ဟုတ်ကဲ့ပါ၊”
ပို့လိုက်သည်။

ကလင်..ကလင်။
Accountant!!! ဖုန်း……..။

အကောင့်တန့် ပြေးသွားပြီး ဖုန်းကိုင်။ စကားပြော။ အပြေးပြန်လာသည်။
“ကိုဇေယျ။ ဒီစာရင်းလေးပြန်ပြီး မေးလ်ပို့ပေးပါဦး”
“ဩော၊ ဟုတ်၊ ဘယ်သူ့ဆီကိုလဲ”
“ဟိုးက လူကြီးဆီကိုပဲ”
“အင်”
“မရောက်သေးဘူးလို့ ပြောလို့”
“ဘာမှားလို့လဲဗျ၊ ဒီ မေးလ်စနစ်မှ ရောက်ရင် ရောက်တယ် အကြောင်းပြန်နေတာပဲကို။ ဒီမှာ အသိသာကြီး”
“မသိပါဘူးရှင်။ မရောက်ဘူးဆိုတော့ ထပ်ပို့တာပေါ့”
“ဟုတ်ကဲ့ပါ”
ထပ်ပို့လိုက်သည်။

ကလင်..ကလင်။
Accountant!!! ဖုန်း……..။

အကောင့်တန့် ပြေးသွားပြီး ဖုန်းကိုင်။ စကားပြော။ အပြေးပြန်လာသည်။
……………….
………………..
ပို့လိုက်သည်။

ကလင်..ကလင်။
Accountant!!! ဖုန်း……..။
“ဟုတ်သေးပါဘူး ။ ဒီဖုန်းက ခင်ဗျားဆီပဲ ကွက်မြည်နေတာလား။ ”
“ဟုတ်ပါဘူး အကိုရယ်။ ဒီနေ့လစာထုတ်ရက်ဆိုတော့လေ……..”
“ဘယ်သူ့ဆီကလဲ၊ တခြားမထင်ပါနဲ့ ။အံ့ဩလို့ သိချင်လို့ မေးကြည့်တာပါ။ အနော်နဲ့တော့ မဆိုင်ပါဘူး”
“ဟိုးလူကြီးဆီက”
“ဩော်”

ရှိစေတော့………..:P ။

နာရီကောက်ကြည့်မိတော့ နေ့လည် ဆယ့်နှစ်နာရီထိုးတော့မည်။
“နို့…..နေပါဦး။ ဒီနေ့ လစာထုတ်ရက်ဆိုတော့ ငွေကလွှဲပြီးပြီလားဟင်။”
“အာာာာာ……….ဒီမှာ စာရင်းတွေတောင် မပြီးသေးဘူး။ ဘယ် ငွေကသွားလွှဲမှာလဲ၊ မသိဘူးလား”

အင်င်င်င်။ ခံလိုက်ဟ ဒီလို အပြောမျိုး။
ဟုတ်မည်။ ရုံးကိစ္စများနှင့် ပတ်သက်၍ အနော်တော်တော်နုံဖျင်းပါသည်။ မသိရိုးအမှန်။ “ဩော်” ဟု အာမေဋိတ်သံသာ ဆိုမိလိုက်သည်ထင်သည်။
ဒါဆို ဟိုနေ့တွေက ဒီစာရင်းတွေ ရှိကြောင်း သတိမရမိကြဘူးထင်၏။
သိန်းသန်းချီ၍ အလုပ်လုပ်နေသည့် ၊ ဌာနအမျိုးမျိုး ကိုင်တွယ်နေရသော ဤဌာနကြီး၏ အစီအမံများ ကောင်းပ တော်ပ။ လစာထုတ်သည် ဆိုသော ရက်အထိ စာရွက်များ အပေးအယူဖြင့် ကိန်းဂဏန်းများ တွက်ချက်လျက် ရှိတုန်း။
အမြော်အမြင်များ ကြီးမားပ။ ဒီနေ့ လစာထုတ်မည်ဆိုချိန်တွင်မှ စာရင်းများ ကမူးရှူးထိုး လုပ်လျက် ရှိတုန်း။

ဖိတ်ဖိတ်တောက် ခန်းဆီးနောက်ကွယ်က ဇောချွေးများ ။
ကိန်းဂဏန်းများဖြင့် ကခုန်နေသော ဗိုက်ဟောင်းလောင်း ကွန်ပျူတာများ။

“ကလင်၊ကလင်”

ဒီတစ်ခါတော့ OS အသံမလာခင် ကျနော်ပဲ အော်ပေးလိုက်သည်။
“Accountant !!! ဖုန်း”

ရမ်းကြိတ်လိုက်သော်လည်း မှန်နေသည်။ ဟိုးက လူကြီး ဆီကပဲ ဖြစ်မည်။ ဟိ။
တအောင့်နေတော့ Accountant ရှုံ့မဲ့မဲ့ဖြင့် ပြန်လာသည်။
“လစာလူစာရင်းလေး ။ ဒီလူဦးရေထဲမှာ ဟိုကားသမားလေးထည့်ရမှာလား မထည့်ရဘူးလား။”
“သူကဘယ်နေ့က အလုပ်စဝင်တာလဲ”
“လူဦးရေက ၂၄ ယောက်လား၊ ၂၃ ယောက်လား”
“အရင်လက ရတဲ့လစာတွေက ဘယ်လောက်လဲဟင်”

ဟာ……။

အဲ့ …ဟာ…သာ ပြောနိုင်တော့သည်။
သည်မေးခွန်းများနှင့် ယင်းတို့၏ အဖြေများသည် ဤနေ့ဤရက်မတိုင်ခင် လလယ်လောက်ကတည်းက ပြီးစီးထားရလိမ့်မည်။
( ဤသည်က ကျနော် စဉ်းစားမိသည်ကို ပြောခြင်းသာ ဖြစ်ပါသည်။” မင်းက ရုံးကိစ္စဘာသိလို့လဲ ” မေးလျင်တော့ ” ဟုတ် ဆောရီးပါခင်ဗျာ ထင်တာပြောမိတာပါ ” ဟုသာ ပြောရပါတော့မည်။ )
သို့ကြောင့် မေးသောမေးခွန်းနှင့် ဖြေနေရသော အချိန်၏ အံကိုက်လှသောအကြောင်းကို မြင်တွေ့လိုက်မိသော အခါ “ဟာ” ဆိုသော တစ်လုံးတည်းအာမေဋိတ်ပင် လွတ်လွတ်လပ်လပ်ထွက်မလာမိ။
လည်ချောင်းထဲ တစ်ပြီး အငွေ့ပျံသွားသည်။😛

“ငါတို့ ဒီရုံးကို သူတို့ စာရင်းထဲမှာကော ထည့်တွက်ထားရဲ့လားဟင်”
“ငါတို့မှာ စားတတ်တဲ့ ပါးစပ်ကြီးလည်း ပါတယ်လေ”
“ခုထိ မသိရသေးဘူးလားဟင်။ သမီး ညနေ သွားစရာရှိတာ မသွားရဘူးပေါ့”
ဝန်ထမ်းမိန်းခလေးတစ်ဦး ကြားဖြတ်ပြောလိုက်သောအသံ။
“ထားလိုက်ကွာ …လာ..ထမင်းသွားစားကြမယ် ။ စဉ်းစားမနေနဲ့ ။ ငါ့မှာ တစ်ထောင်ကျန်သေးတယ်”
“ငါကတော့ ချက်တင်ပဲထိုင်တော့မယ်ဟာ …။ ရချင်တဲ့ အချိန်ရတော့”
“ငါတော့ Custom Message ပေါ် စာတင်လိုက်တယ် ဟီးး”

သာယာလှပါဘိ။
ရုံးအလယ်တည့်တည့်ကြီးမှာ ထိုင်နေသော ကျနော် ကြားရသည်များ ဖြစ်ပါသည်။
ဘယ်သူတွေလဲတော့ မမှတ်မိ။ ပြောသံကြားတော့…နားစွင့်မိသည်- ဘာတင်တာတုန်း။

နေ့လည်တစ်နာရီလောက်ရှိတော့ –
“ဒီနေ့ လစာထုတ်ရမယ်………..တဲ့။ ဒီမှာ ဝန်ထမ်းစားရင်း လက်မှတ်ထိုးကြအားလုံး။”
ဒီက လူကြီး အခန်းထဲရောက်လာပြီး ပြောသော အမှာစကားဖြစ်သည်။ ဝမ်းသာရမလိုလို ရှိသော်လည်း …..နောက်စကားက နည်းနည်း ဝေဝါးသည် ။
“ဒီနေ့ လစာ ထုတ်ရမယ်…. တဲ့ ” ။ ထုတ်မယ်ဆိုလဲ ထုတ်မယ်….။ အဲ့သလိုမဟုတ်။
“တဲ့” ဆိုတော့ …
အဟက်။ သက်ပြင်းချခါနီးနီး အောင့်ထားလိုက်ရသည်။

လက်မှတ်ထိုးသည်က — ငွေကို ကိုယ်စားထုတ်နိုင်ဖို့ Fax ဖြင့် ပို့ရန်ဖြစ်သည် ။ဟိုးးးးးးးးးးခပ်လှမ်းလှမ်းက ဦးစီးချုပ်ဆီ။ သို့မဟုတ် ဂျုပ်ဆီ (ထင်သည်)။

Fax အတွက် လုပ်ကြပါဟ မြန်မြန်။ တစ်နာရီက ထိုးတော့မည်။ ရုံးခန်းမှာက Fax မရှိ။ အပြင်ထွက်- ထုတ်ရမည်။ ရုံးက ညီတစ်ယောက် လက်မှတ်တွေ စာရင်း စာရွက်တွေ ကိုင်ပြီးပြေးသွားသည်။
နောက် နာရီဝက်လောက် ကြာတော့ ပြန်ရောက်လာသည် ။
စာရွက်လေး တစ်ရွက်ကိုင်ပြီး Accountant ကိုသွားပြရင်း
“အမ Fax ဖိုးက သုံးထောင့်နှစ်ရာ “

အဲ့ အမဆိုတဲ့ တစ်ယောက်ကလည်း Expense မေးလ်ကို တစ်နေ့ ငါးခါ- နှစ်ရက်လောက် ပုံမှန် ပို့နေလိုက်ရသည်ဖြစ်၍ စိတ်က ခပ်ရှုတ်ရှုတ်ဖြစ်နေသည့်အပြင်၊ လက်ကျန်ငွေကို ချွေးပြန်အောင် တွက်နေရသည်မို့
ငွေအထုတ် လာပြတော့ စာရွက်ကို အောင့်သက်သက်လှမ်းကြည့်သည်။
” နင့်ဥစ္စာ ဘောင်ချာ မဟုတ်ဘူး။ ငါမထုတ်ပေးနိုင်ဘူး”
ကျယ်လောင် ၊ တိကျသော အသံ။
အထက်အမိန့်ကို တစ်သွေမတိမ်း ပြတ်ပြတ်သားသား ။

ကောင်လေး – မျက်နှာ တစ်ချက်ရှုံ့ပြီး အိပ်ကပ်ကို ယောင်ယမ်းစမ်းလိုက်မိတာ မြင်လိုက်ရသည်။ မရှိပါဘူးဆိုမှ ဒီ သုံးထောင့်နှစ်ရာ အိပ်စိုက်ရမယ်လား။
“ညီ မင်းတစ်ယောက်တည်းသွားတာလား”
“ဟုတ်ဘူး အကို။ ဂျာကြီးနဲ့”
😛
မန်နေဂျာကြီး သူ့ဘာသာသူ ထုတ်ပေးလိုက်ပါသည်တဲ့။ ထားတော့ ..။ သည်ဟာက ကြားမှာ ဖြစ်တတ်သည့် အသေးအမွှား။

Fax ထိုးပြီးသံကြား၍-
“တော်ပါသေးရဲ့…။”
“အင်း..ကောင်းတာပေါ့။ နို့…ထမင်းစားရိတ်တော့ မပါလောက်ဘူးထင်တယ်နော”
“အာာ..လစာရရင်တော်ရောပေါ့ကွာ..ဘာဖြစ်လဲ”
“အင်း …မနက်ဖြန်က ပိတ်ရက်ခံတော့ ဒီနေ့မရရင် ကွိုင်ပတ်ပြီထင်တာကွာ..တော်သေးတာပေါ့”

သူတို့ သက်ပြင်းချတော့ – ချလိုက်သော အဲ့ဒီသက်ပြင်း အကုန် အပြင်ရောက်သေးရဲ့လားမသိ။
” ဒီနေ့လစာမရတော့ဘူးကွ။ ဘဏ်ပိတ်သွားပြီတဲ့၊ သူတို့လည်း လုပ်တော့ လုပ်ရှာတာပါပဲ”

ဟုတ်ကဲ့ပါ။
ကျေးဇူးတင်ပါသည်။ အဲ့သလို လုပ်ရှာပေးသည့်အတွက်။ ( ဤစကားကို ဒီက ညီအကို အားလုံးကိုယ်စား ပြောပါသည် )

“တကယ်လို့ လစာထွက်လာရင်တောင် မင်းလစာက မပါတော့ဘူးနော်”
“အင်းဟုတ်ပါတယ်။ ကျနော် တစ်လစာ ကြိုထုတ်ထားတာကိုး။ အဲ့အပြင် ထပ်တောင် စိုက်ရဦးမှာမလား”
“အင်းဟုတ်တယ်။ ငါလည်း ပြန်စိုက်ရမှာတွေ ရှိတယ်။ ဟိုက ရမယ့်လစာ နှစ်သိန်းလောက် အပြင် ရှစ်သောင်းလောက် ထပ်စိုက်ရမယ်”
“ဟဟ အဲ့တော့လည်း ဘယ်တတ်နိုင်မလဲဗျာ လစာထဲကတော့ Request ပြန်လုပ်ပေါ့”
“အာာာာာ…ဘာ Request ရမှာလဲ ကြိုထုတ်စာရင်းတွေနဲ့ တင်ပြီး ဟိုက ကျလာရင် တစ်ခါတည်း ဖြတ်ပြီးသား”
“ဗျာ”
“ဟုတ်တယ်လေ။ ဒါ ရုံးရဲ့ လုပ်တဲ့ပုံစံပဲ။”
“ပြတ်ပြတ်သားသားပဲ ဆိုပါတော့။ ဟုတ်လား ”
” အဟဲ..ကျနော်လည်း ငွေစိုက်ရဖို့တွေအတွက်။ လစာဖြတ်တာလည်း ဂရုမစိုက်တော့ပါဘူးဗျာ။”
“အင်း အကိုဂရုမစိုက်တာတော့ အကို့အကြောင်းပေါ့ဗျာ။ မနက်ဖြန်နေဖို့အတွက် ဒီနေ့ စဉ်းစားတဲ့သူတွေ အတွက် ကတော့ အကို့လို ဟုတ်ချင်မှ ဟုတ်မယ်။
အဲ့လိုဆိုတော့လည်း အဲ့လိုပေါ့ဗျာ။ ရုံးက ရုံးလိုလုပ်တာပါဆိုရင်- အနော်တို့လည်း ရုံးလိုလုပ်ပေါ့။ ခပ်တန်းတန်းပေါ့ ဟိ။ အနော်က ဒီနေ့ ကိစ္စတောင် မစဉ်းစားတော့ခက်တယ်။
အဲ့လိုသာဆို ဒီမှာ မိသားစုလို ဆိုပြီး ရပ်ဝေးကနေ လာနေကြရတဲ့ – ကြိုငွေထုတ်ထားမိကြတဲ့ ကျန်သူတွေ ဘယ်လိုလုပ်မလဲ။ လစာဖြတ်ရက်ကြီးထွက်လာမှာလား”

ရှေ့လ ဒီရုံးဆန်ဆန် ဆိုတာကြီးနဲ့ ဘယ်လို စခန်းသွားကြမည်နည်း။ ဤအတွေးနှင့် မေးလိုက်မိခြင်း ဖြစ်ပါသည်။
“#$#$^$%%&^&*&*&^(ifj”
ဆက်တော့ ပြောပါသည်။ သို့သော်
ကျနော် မသိတော့သော စကားလုံးများ။ကျနော် နားထဲ မရောက်တော့တာလည်း ဖြစ်မည်။ ကိုယ့်အတွေးနှင့်ကိုယ်…။

မိဝေးဖဝေး၊ ကိုယ်ပို့မှ အိမ်က စားရသော ဒီက ညီညီမများ – သည်ပုံစံနှင့် ဆိုလျင်။ ကိုယ်ဖိ ရင်ဖိ စေတနာထားဖွယ် ကောင်းလှတော့သည်လားတော့ ကျနော် မပြောတတ်ပါ။
ပြီးခဲ့သည့် လ၊ လစာထုတ်ရက် ကတည်းကလည်း အလားတူအကြောင်းက ဖြစ်သေးသည်။ လူအယောက် ၇၀ ကျော်မက ရှိသည့် Accoutant , Office Staff, General Staff, Admin Manager , Moderator, Programmer စသည်
စည်ကားလှသော မဟာရုံးချုပ်ကြီးက စာရင်းမတိမကျ၊ ဝေဝေဝါးဝါးလုပ်သမျှကို — အဲ့အချိန်က ကိုယ်ပိုင် ရုံးခန်းမျှပင် မရှိသေးသော အယောက် ၂၀ သာရှိသည့် ဒီရုံးခွဲလေးက ပြေးလိုက်လွှားလိုက် ၊ ပရင့်ထုတ်လိုက်၊ စာရင်းချုပ်လိုက် ။
သည်ကြားထဲ လူကြီးကြီးနှင့် နီးနေသည် ဆိုသည့်တစ်ကြောင်းတည်းနှင့် အချိန်မှီအောင် ပြင်ရဆင်ရသည်။ ငြိုငြင်သည်တော့ မဟုတ်ပါ။ ရှိနေသည့် ရုံးနှင့် လုပ်နေကြသည့်ပုံစံအကြောင်းအရာများ ဖြစ်ပါသည်။

သို့ဆိုလျင် လူများပြီး ပွဲမစည်ဘူးလော။ စုလစ်မွန်းချွန်တပ်ပြီး မာန်တက်နေကြုခင်းလော။
ဤသို့လည်း မဟုတ်ဟု ထင်ပါသည်။ ဆိုလိုသည်က တကယ့်တကယ် လုပ်နေကြသော လူကြီးများတွင်လည်း အရာရာထောက်ထား နားလည်ပေးသော သူများ ရှိပါသည်။ အချို့က အောက်ကို ငဲ့၍ မျက်စိမှိတ်ထားသည်လည်း ရှိသည်။
တစ်ချို့ကလည်း ရုံးကို ရုံးဆန်ဆန် လုပ်သည် ။ ရုံးဆန်ဆန် ဆက်ဆံသည်။ တိကျသည်။ ခိုင်မာသည် ။ ပြတ်သားသည်။ အောက်လက်ငယ်သား တစ်ယောက် မကောင်း တစ်ယောက်ဂျောင်း ပစ်စလတ်ခတ် ထားတတ်ကြသည်လည်း မဟုတ်။ သို့သော် အချို့ လူကြီးဟု ကိုယ့်ကိုယ် ထင်သည့် သူများကတော့ ကိုယ့်ထိမှာ ကြောက်သည်။ မင်းတို့မကောင်း မင်းတို့ဂျောင်း ။ ငါ့အကြောင်း ငါကောင်းလျင် ပြီးသည် ဆိုသည်များလည်း ရှိသည်။

ထို့အပြင် ကိုယ့်လစာ နည်းနေသောကြောင့် ကိုယ့်တစ်ယောက်တည်း ကွက်ပြီး လစာတိုးပေးဖို့ ပြောကြသည်များလည်း ရှိသည်ဟု ဆိုသည်။ ဘယ်သူ လစာ ပိုရသည်မရသည် အရေးမကြီးပါ။
တာဝန်ကြီးကြီး ယူနိုင်လျင် လစာများများ ယူသင့်သည်ဆိုသော ကျနော် မိသားစုအလုပ်လုပ်စဉ်က စိတ်ကူးမျိုးသာ ရှိခဲ့သည်။ လစာ များများယူ၊ တာဝန်ကြီးကြီးခံ။ ဖြစ်လာသည်ကို ရှင်းနိုင်အောင်လုပ်။
ကိုယ် အစီအမံ အကွပ်အကဲညံ့ဖျင်းပြီး အသုံးမကျသည်နှင့် ။ အောက်ကို မလုပ်ချင်အောင် ထောင်းလျင် …အောက်က မလုပ်ရုံထွက်ရုံပဲ ရှိသည်။ အောက်ကလည်း ဘာမှ ပြောစရာမရှိ။ သို့သော် ဤသို့ ဖြစ်နေသဖြင့် ဤအလုပ်ကြီး တိုးတက်လာပါမည်လော ။ ကျနော် အမှန် စိတ်ဝင်စားသော အလုပ်ဖြစ်သောကြောင့်လည်း ရင်လေးပါသည်။ ဝန်ထမ်းတွေ ကြားတွင် ပွစီတက်နေသည်။ ဤအလုပ်လေးမှာမှ မလုပ်ဘဲ အပြင်ရောက်လျင် အဆင်မပြေမှာ ကြောက် သည်ဟု ပြောသူလည်း ရှိ၏ ။ ထိုစိတ်ကို မဖြေဖျောက်နိုင်ဘဲ ဆက်သာ ထောင်းနေ၍ ဤလို စိတ်မျိုးတွေ များလာလျင် ဤလုပ်ငန်း ဘာဖြစ်သွားမည်လဲ။ ဘာမှ မဖြစ်ဘူး ပိုက်ဆံပေးခိုင်းရင် လုပ်ချင်တဲ့သူများ ပေါလို့ ဆိုရင်လည်း မပြောလိုပါ။ တည်ငြိမ်သော သာယာသော လုပ်ငန်းခွင်လေး တစ်ခုတော့ ဖြစ်စေချင်ပါသည် ။ ဒါကိုပဲ ဆိုလိုသည်။ စကားဗလောင်း ဗလဲ ပြောသည်များ။ နေ့ရွှေ့ညရွှေ့များ။ လေထွားခြင်းများ ။ စသည်တို့ကို – ဤတစ်ခါလေး လခစားဝန်ထမ်း လုပ်ဖြစ်မိသည်တွင် မြင်လိုက်ရ၍
တအံ့တဩတော့ ဖြစ်မိသည်။

လစာတိုးခြင်း မတိုးခြင်း၊ များခြင်း ၊ မများခြင်း ဤသည်တို့သည် ကျနော်တို့ အပိုင်းမဟုတ်။ ကျနော်တို့သည်လည်း သတ်မှတ်ပြီး ၊ ကျေနပ်ပြီးမှ လာလုပ်ကြသော သူများ သာ ဖြစ်သည်။ ဤအပိုင်းကို စာရင်းထဲထည့်တွက်စရာ မလို။
ဆိုလိုသည်မှာ ကျနော်တို့သည်လည်း သူလို ငါလို ဝန်ထမ်းများသာ ဖြစ်သည်။ သူရော ငါရော ဘာမှမဟုတ် ..။ ကိုယ်ကျရာကို ပျော်ပျော်ကြီး ကြိုးစားချင်သည်။ ရေသာခိုမည်လည်း ရှိမည်။
မိသားစု- မိသားစု။ မိသားစု စိတ်ဖြင့် မိသားစုလို စိတ်ကို ထားပြီး လုပ်၍ မိသားစုလို ဆိုကြပါလျင် ပြီးသေးသည်။ သို့မဟုတ်ပါ ဟု ဆိုလျင်လည်း- ရုံးဆန်ဆန်ပဲနေ- ရုံးဆန်ဆန်ပဲလုပ်- ရုံးလို ကျင့် – ရုံးလိုကြံ။ တိတိကျကျသွား။ ပုံမှန်လုပ်။ ပုံမှန်နေ။ စက်ရုပ် အလုပ်သမားများ။
ထိုသို့ ဆိုလျင်လည်း ရုံးဆန်ဆန် လုပ်၍ ရုံးဆန် ဆန် ဆက်ဆံသည်ဟု ဆိုနိုင်သေးသည်။ အခုဟာ သည်လိုလည်း မဟုတ်။ တစ်ကြိမ်တစ်ခါ မဟုတ် ၊ နှစ်ကြိမ်နှစ်ခါ။

“ဘာဖြစ်လဲကွာ။ သုံးကြိမ်သုံးခါထိ ဖြစ်တော့။ မင်းအပူလား ။ မကျေနပ်ထွက်သွား။”
ဤသို့ဆိုလျင်လည်း အထုတ်တော့ ပြင်နေရပါသည် ။ အဟက်။

အခုဆိုလိုနေသည်က လစာကိစ္စကို နည်းခြင်းများခြင်း မလောက်ငှခြင်း တို့ကို ဆိုလိုနေသည်မဟုတ်ပါ။
တိုးလာလျင်လည်း မယူလို။ ငတ်နေလျင် အားလုံး အတူတူ ပျော်ပျော်ပါးပါး ငတ်ချင်သည်။ မနက်ရုံးလာပြီဟေ့ဆို တက်တက်ကြွကြွ လန်းဆန်း နေချင်သည်။
ဟင် ဟိုဟာကလည်း ဘာမှန်းမသိဘူး ။ ဒီဟာကလည်း ဘာမှန်းမသိဘူး။
နောက်ဆုံးတော့ ငါတို့လုပ်နေတာ ဘာလဲ မသိဘူး ဖြစ်ကုန်မည်။
Report တင် Report တင် ၊ Report ရလျင် ပြီးရော ။Report တစ်စောင်အတွက် အောင့်သက်သက် ထွက်လုပ်လိုက်ပြီး ပြန်လာ ။ အချိန်မှီ စိတ်ညစ်ညစ်နှင့် ရေးတင် ။
အဘယ်မှာလဲ တီထွင်တတ်တဲ့ ဥာဏ်၊ ဘယ်မှာလဲ စေတနာပါတဲ့ ခွန်အား ။
ကျနော် ဆိုလိုသည်မှာ ဒီလိုပုံစံမျိုးနှင့် ရုံးရှိသမျှ ညီညီမများသည် စည်းလုံး ညီညွှတ်စွာ သာသာယာယာသာ ဖြစ်လိုကြပါသည်။ သို့မှသာ တစ်စည်းတစ်လုံးတည်း သာသာယာယာရှိနိုင်သည်။ အဆင်ပြေပြေ စုစည်းနိုင်မည် ။ ကျရာတာဝန်ကို စိတ် ရွှင်ရွင် လန်း လန်း ကျေပွန်အောင် ထမ်းနိုင်ပါမည်။ အော်ငေါက်ပြီး အခိုင်းခံရသော အလုပ်သမား၊ မင်းကို ပိုက်ဆံပေးထားတာပဲ တန်အောင်လုပ်ဆိုသော အလုပ်သမား၊ ထိုသို့သော အလုပ်သမားများနှင့် – တပျော်တပါး စိတ်ကြည်လင်စွာ ကိုယ့်အလုပ်လို လုပ်ကြဟေ့ ဆိုသော အလုပ်သမား – ဘယ်အလုပ်သမားက ကုန်အားထွက်ပါမည်နည်း။
ကိုယ်လုပ်သည့် အလုပ်ကို စိတ်နှစ်ပြီး လုပ်နိုင်သော မိသားစုလား သို့မဟုတ် ရုံးလားဆိုသည့် ကိစ္စသာ ခေါင်းထဲရှိပါသည်။

 

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: