အဖြစ်ချင်ဆုံးလူ

Fool

ကိုယ်ဘာဖြစ်ချင်တာလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်မိတော့ ငါ- အရာအားလုံးကို သိချင်နေတာတဲ့ ။ အဖြေပြန်ရတယ်။

စောက်ရူး။

အဲ့လိုသာ ကိုယ့်ကိုယ်ကိုယ် ဆဲပလိုက်တော့မယ်။ ဘဝဟာ ဘာမှမဟုတ်ဘူးလို့ ခဏခဏ ရေရွတ် ပြီး နေချင်သလိုနေနေတဲ့ကောင်က ဘာတွေကို သွားပူပင်နေလို့ ဘာတွေကို ဒီလောက်သိပ်သိချင်နေတာလဲ ဇေယျ။
ကိုယ့်ကိုယ်ကိုယ် ပြန်မေးတော့ ဇဝေဇဝါနဲ့ အဖြေမရဘူး။

စင်စစ် ကျနော့ဘဝမှာ – ငယ်ငယ်ကတည်းက ခုထိ- အချိန်ရှိသရွေ့ ရှာဖွေနေခဲ့တာက အေးမြမှု။ ( ပြောပြရမှာတောင် ခပ်ရှက်ရှက် ) ကိုယ့်ကို အေးမြမှု ဘယ်အရာက ပေးနိုင်သလဲ။

ကိုယ်မေးပြီး ကိုယ့်ဘာသာ ပြန်ဖြေ……….

ဘယ်အရာမှ မပေးခဲ့ပါဘူး ။ အဖေ့မေတ္တာ ၊ အမေ့မေတ္တာမှာတောင် အေးမြမှု အပြည့်အဝ မရှိဘူးလို့ ကျေးစွပ်ပြီး ထင်ခဲ့တဲ့ ကောင်အတွက် အပြင်လူကရော ကိုယ့်ကို ဘာအေးမြမှု ပေးနိုင်မှာတဲ့လဲ။ တကယ်ကို သူတို့က မပေးနိုင်တာလား ။ ကိုယ်က မရှာတတ် မယူတတ်တာလား။ ဘယ်လို ဖြေဖြေ – ကိုယ်မရတာတော့ အမှန်ပဲ။

အဲ့တော့ လူတွေမှာ မရှာဘူး။ ကဗျာမှာ ရှာတယ်။ စာပေတွေထဲမှာ ရှာတယ်။ စာအုပ်တွေထဲ ခေါင်းနှစ်တယ်။ ဂီတကို ဖန်တီးဖို့ လုပ်တယ်။ သဘာဝကို ကြည့်တယ်။သက်မဲ့တွေနဲ့ နေတယ်။ သဟဇာတ ဖြစ်တဲ့အထိကို စီးဆင်းကြည့်တယ်။ နို့ပေမယ့် သူတို့တွေလဲဘာသားတွေ မှတ်လို့ဗျာ။ ကဗျာ၊ စာပေ၊ စာအုပ်ဆိုတာ လူလုပ်ဝတ္ထုတွေပါ။ လူတွေလို မဟုတ်ပေမယ့်လူစော်နံတယ်။

တော်ပါဘီ။ ခပ်ဝေးဝေး သွားကြစမ်းပါ။ ကိုယ့်ခန္ဓာကို ကိုယ်တောင် မထားချင်လွန်းလို့ပါ။ ဒီလို အညစ်အကြေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် မသတီလွန်းလို့။

ဒါဆို ကိုယ့်ကိုယ်ကို ခဏမေ့ ။ သဘာဝကို ငေးကြည့်-ဆိုတော့……..
ကျေးငှက်သာရကာ တောတောင်အလှနဲ့ ရှုမငြီးဘူးဆိုလား ။ တည်ငြိမ်ခန့်ညားတဲ့
ပင်လယ်ရေပြင်၊ လှိုင်းဂယက် ဆေးအရောင်တွေနဲ့ ကြွရွနေတဲ့ ညနေခင်း ဆိုလား ။

တခဏလေး လှနေတာကို လာပြနေသေးတယ်။ မခံစားချင်လွန်းလို့ အဲ့ခဏတွေ။

သေသည်၏ နောက်မှာ ဘာဖြစ်မှန်းမသိ၊ ကြောက်တတ်လွန်းလို့ ကိုယ်ကိုယ်ကိုယ် မသတ်ရဲ – ငုတ်တုတ် မေ့နေရတဲ့ ကောင်အတွက် –

ဒီအချိန်မှာလည်း …သဘာဝ လောက အလှက မတုန်မလှုပ် ငုတ်တုတ်။ သက်မဲ့တွေနဲ့ ယိမ်းထိုးပျော်ပါး ၊ရမလားလို့ စမ်းကြည့်တယ်။ ဒီကောင်တွေကလည်း ကျောက်ရုပ်တစ်ခုလို ကိုယ့်ကို ပြုံးလည်း မပြ၊ မဲ့လည်း မပြ။ အတူနေတာ ကြာတော့ ကိုယ်ကိုယ်တိုင်တောင် သက်မဲ့ ရုပ်တစ်ရုပ် ဖြစ်လို့။ ကိုယ့်နှလုံးသားကလည်း အသက်မရှိ၊ ပုပ်ဟောင်လို့။
………………………………………

နားလည်မှုတွေ အပြန်အလှန်ရှိကြရင် ဘဝက အေးချမ်းပါတယ်တဲ့..
ဘယ်သူတောင်းစားပညာရှိ ပြောတဲ့ အဆိုအမိန့်လဲ မသိ။

ကိုယ့်ကိုယ်ကိုယ်တောင် နားမလည်ခဲ့ကြတဲ့ ကိုယ်ရယ် သူရယ် ဒီလူတွေရယ် ကြားမှာ ဘယ်နားလည်မှုတွေ မှ မရှာပါနဲ့။ လူတွေက ကိုယ့်ကို နားလည်ပေးဖို့ပဲ လိုချင်ကြတာ ။
ကိုယ်က ပြန်နားလည်ပေးဖို့ ဝန်လေးတတ်ကြတယ် ထင်ရဲ့ ။ စိတ်ကူးထဲတောင် ရှိချင်မှ ရှိမယ်။

စိတ်ကူးယဉ် တေးရေးဆရာ အစုတ်ပလုတ်တွေက ပြောတယ် “မင်းနဲ့ ကိုယ်ကြား နားလည်မှုတွေ ပျောက်ဆုံး” တဲ့ ။ ပျောက်ဆုံးနေတာမဟုတ်ဘူး အရူးကြီးများ ခင်ဗျား။ နကိုထဲက ရှိကို မရှိတာပါ။

အဲ့တော့ တစ်ဘဝလုံး လိုချင်ခဲ့တဲ့ အေးမြမှု – ဘာလို့ ကိုယ်မရခဲ့သလဲ။ နောက်တစ်ခေါက်ထပ်မေး။

နောက်ဆုံး အဖြေကတော့ ကိုယ်ကိုယ်တိုင်က တစ်ဘက်ကို အေးမြမှု မပေးနိုင်လို့ ..။ ဒါပဲ ဖြစ်မယ်။ အေးမြမှုကို မရှာတတ်လို့ ဖြစ်မယ်။ ဒါမှမဟုတ်.. အေးမြမှုကြီး ရှိပါတယ်ဆိုတဲ့ ထင်ယောင်ထင်မှား၊ စိတ်ကူးယဉ် တိုက်အိမ်ဆောက် လိုက် မိတာလဲ ဖြစ်မယ်။

မင်းက ပေးရင် ပြန်ရရမယ် တွေးနေလို့လား ။ အဟက်။
နကိုက တွေးကို မတွေးတာပါ။ အပေးဆိုတာတွေ အယူဆိုတာတွေ။ ကုန်ရောင်းကုန်ဝယ် ခံစားချက်တွေ မုန်းတီးခဲ့တာပါ။

နို့ပေမယ့် တကယ့် တကယ် လောကဆိုတဲ့ စကားလုံး ကြီးကြီးအောက်မှာ Give and Take တွေက လှုပ်ရှား လွန်းထိုးနေတာ ငဇေယျရဲ့ ။

အိမ်း အဲ့ဒါတွေကို- ငါဘာလို့ မသိခဲ့ပါလိမ့်။ ငါဘာလို့ ပစ်ပယ်ခဲ့ပါလိမ့်။ တစ်ချိန်က အရူးထပြီး အချစ်ဆိုတာ အပေးမရှိ အယူမရှိပါဘူးလို့ မာန်တက်-တွေးခဲ့။ အေးမြမှုသာလျင် အချစ်စစ်လို့ ထင်ခဲ့။ အပေးအယူ မရှိ ဖြူဖြူစင်စင်လေး ဆက်ဆံ ပေါင်းသင်းခဲ့။ ကိုယ့်ကြောင့် သူ့ဘဝ အေးမြနေတယ်ကြားရင် ပီတိဖြစ် ၊ ဝမ်းသာနိုင်ခဲ့တယ်။ နို့ပေမယ့် အဲ့အေးမြမှုကလည်း အမြဲထာဝရ မဟုတ်ပဲကိုး။

အေးမြမှု၊ အေးမြမှုနဲ့ စိတ်ကူးယဉ် ကြည်နူးတဲ့ငါ –

ဘာကြောင့်ဆိုတဲ့ အမေးအောက်မှာ-

နောက်ဆုံး ရလာဒ်က ဘာလဲ ။

ကိုယ်ပဲေ-ာက်ရူးဖြစ်ပြီး ကျန်ခဲ့တယ်။

အဲ့ဒါပါပဲ ။

အဲ့တော့ ငါ ..ဘာမှမပေးဘူး ။ ဘာမှလည်း ပြန်မလိုချင်ဘူး။

အိပ်တော့မယ်။
ဘယ်တော့မှ ပြန်မနိုးနိုင်တဲ့အထိ။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: