မြစ်ဝကျွန်းပေါ်သို့ ဘာဝနာ

 

မှိုင်းပြာမြင်တိုင်းလွမ်းသည်

ကျနော် ညီမလေးကို သတိရနေသည်။ တစ်ချိန်က တတွဲတွဲ ရှိခဲ့သော်လည်း အခုတော့ ဝေးခဲ့ရသည်မှာ ကြာပြီ။ အချိန် ကာလ တွေသာ မက နေရာဒေသတွေပါ ဝေးကွာ နေပြီ။ ဤလူ့ပြည်တွင် သူမ မရှိတော့။ ချစ်ခဲ့ကြသော အဖြူစင်ဆုံး မောင်နှမသံယောဇဉ်ကို သူ ထားသွားခဲ့ပြီးပါပြီ။ ဆရာနေဝင်းမြင့်၏ စကားနှင့်ဆိုရလျင် မရဏ ပန်းရိုင်း တစ်ပွင့် ကြွေအကျမှာ သူလည်း အဝေးလွင့်သွား ရသည် ထင်သည်။

သူဘယ်သို့ပဲ အဝေးရောက်သွား- ဘဝတွေ ဘယ်လိုပဲ ခြားသွားကြောင်း သိရပါစေ- သူနဲ့ ကျနော် တွဲကိုင်ထားသည့် လက်အစုံသည် ပူနွေးလျက် ရှိဆဲ ဟု ထင်နေပါသေးသည်။ တစ်ရံတစ်ခါ မိုးသည်း ညများမှာ သူ့ခေါ်သံကို ကြားမိသလိုလို၊ ကိုယ့်အနား ကိုယ့်ပုခုံးထက်မှာ လာရောက် မှီနွဲ့နေသလိုလို။

သူ တစ်ချိန်က ကျနော့ ပုခုံးထက်မှာ ငိုဖူးသည်ကို သတိရသည်။ ဘယ်ကာလမှာ မှ မေ့မရသော မျက်ရည်စက်များ။ အဲ့ အချိန်က ကျနော် မသုတ်ပေးခဲ့ပါ။ အားရပါးရသာ ငိုစေတော့.။ နောင်တစ်ချိန် ငိုစရာ မလိုရလောက်အောင်သာ ငိုချလိုက်ပါလေတော့။ သူ လိုအပ်နေချိန်တိုင်း ကျနော် သူ့နံဘေး ရှိနေချင်သည်။ သို့သော် တကယ်တမ်း သူလိုအပ်နေသော အချိန် တစ်ခုအရောက်မှာ ကျနော် ရှိမနေနိုင်ခဲ့တော့ပါ ။ ဤသည်ကို လည်း ယခုထက်တိုင် အစဉ်တွေး ခြောက်ခြားလျက် ရှိနေဆဲဖြစ်သည်။

ယခုပို့စ်တွင် တစ်ချိန်က သူ့ကို သတိတရ ရေးခဲ့ဖူးသော ကဗျာ ပါဝင်ပါသည်။ ထို့ပြင် သူ ကျနော့ လက်က ပြေးထွက်သွားရသည့် အကြောင်း အနည်းငယ်လည်း ပါဝင်မည်။ ကျနော် ဤပို့စ်လေး ရေးဖြစ်အောင် တိုက်တွန်းပေးသည့် ဆရာနေဝင်းမြင့်၏ မြစ်ဝကျွန်းပေါ် ဘာဝနာ အက်ဆေးလေးကိုလည်း တစ်ပါတည်း ထည့်သွင်းဖော်ပြလိုက်ပါသည်။

ချစ်ညီမသို့ တမ်းချင်း

ငယ်စဉ်ကတည်းက ပွေ့ပိုက်ထားခဲ့တဲ့
ငါ့လက် အစုံဟာ..
အခုချိန်အထိ သက်ပြင်း ငွေ့ငွေ့
ကျန်နေဆဲပါ..

ပြုံးပြနှုတ်ဆက်ရင်း ထွက်သွားတော့..
ဧရာဝတီ သင်္ဘောဆိပ်နားမှာ….ငါ …အချိန်နာရီတွေ မေ့သွားခဲ့တယ်….
ခပ်လှမ်းလှမ်း လက်ဖက်ရည်ဆိုင်ထဲက
လေးဖြူရဲ့ ခဏလေးများ ကို ကြားရသလိုလို

ဘယ်တော့မှ မမေ့ဘူးနော် တဲ့
သူ ရိုးရိုးလေးပြောသွားတဲ့ စကား..
ငါ နောက်တခါ ကြားယောင်ချင်တာနဲ့ ….

လပွတ္တာ သင်္ဘော ဆိပ်ဆီကို..
စိတ်ကူးနဲ့ မှန်းဆ
အင်္ကျီ တထည် ထ လဲနေတုန်း….
`သားရေ ..ဒီည အပြင်မသွားနဲ့
မုန်တိုင်း ရှိတယ်လို့ ကြားတယ်´
…………………………
…………………………
…………………………
`အကိုရေ ..ဒီနေရာလေး မှတ်မိသေးလား..
ညီမတို့တွေ ငယ်ငယ်တုန်းကလေ……….´

`အဟား ..မှတ်မိတာပေါ့ ညီမလေးရဲ့ ..
မင်း ဒီအနောက်မှာ ပုန်းနေတာလေ……´

`ကိုကို အဲ့တုန်းက .ညီမလေးကို..
မသိချင်ယောင်ဆောင်ပြီးထားသွားတာ မလား..
ညီမလေး က ငိုတော့မလို့……´

`အဟား ..အကို က စတာလေ ..ငါ့ညီမလေးကို…
အကိုက ပုန်းပြီး ကြည့်နေတာ ………..။´

`ဟက်…ညီမလဲ သိသားပဲ…အဲဒါကြောင့် ငိုချင်ယောင်ဆောင်လိုက်တာ..´

…………………………….
ရယ်သံတွေ ပျံ့လွင့်ခဲ့ဖူးတယ် …..
ဧရာဝတီတိုင်း…ရေဝေ ရွာ ကလေး မှာ…
……………………………..
……………………………..

ဖုန်းလိုင်းတွေ ပြတ်တောက်
သတင်းစာတွေက မတိကျ..
ဒီသုံးရက် က ငါ့ရဲ့ ဒုက္ခ ငရဲ တပွက်စာဖြစ်ခဲ့……

နောက်တစ်ရက်….
နောက်တစ်ရက် …
နောက်တစ်ရက်….

ဒီနေ့ ရွာက ဖုန်းလာမတဲ့…
ဝမ်းသာခြင်းနဲ့ စိုးရိမ်ခြင်းကို ..တလှည့်စီ ခံစား..
အဲဒီနေ့ က ငါ အလုပ်မသွားဘူး…………..။

…………………………………….
…………………………………….
` အကို ..ညီမလေးလေ.. အိမ်နဲ့ အကြာကြီး ခွဲပြီး ကျောင်းမတက်ချင်ဘူး..´

` ဩော် ..ညီမရယ် ……´

`ပြီးတော့ အကို နဲ့လည်း မခွဲနိုင်ဘူး´

`(သက်ပြင်းတစ်ရှိုက် တိတ်တခိုး ချလျက်) အကိုတို့ဘ၀တွေအတွက်လေကွာ..။ နောင် ပြန်ဆုံကြ မှာပဲဟာ..

အမြဲခွဲသွားရတာ မှ မဟုတ်တာ..အကို့စကားနားထောင်နော် …စာကြိုးစား..´

`………………..ဟုတ်´
…………………………………..
…………………………………..

`တောက် ´
အတိတ်ကို လှန်လှောနေတဲ့ စိတ်အစဉ်တန်း..ရုတ်ခြည်း ရပ်ဆိုင်းသွားတယ်..
`ဘာဖြစ်လို့လဲ ..အဖေ´
`ဇေယျ…..မင်း ညီမ မိသားစု…… ……က..ွ..ာ…´
တစ်စို့ သွားတဲ့ အဖေ့ ရဲ့ အသံကြားမှာ…
နားလည်မှုတွေ အများကြီး တာသွားခဲ့…
မပြောဘဲ သိလိုက်တဲ့ အသိစိတ်နဲ့ ..
မိုက် ခနဲ………..ငါ………………
…………………………………..
…………………………………..

`အကိုရေ ´……..
လှိုင်းကြား လေကြားမှာ ..သူ..ငါ့ကို ..အော် ခေါ်မိခဲ့ရင်….
ကမ္ဘာ ပျက် ငရဲပွက်ခဲ့တဲ့ အဲဒီည…………………
အချစ်ရဆုံးလူ ရဲ့ အချစ်ဆုံး ငါ ………….
သူ့ အ နားမှာ ဘာလို့ မရှိခဲ့..ရ….တ…ာ……..လ……ဲ……
……………………………….အ …ကို ….ရေ……….
ဟိုး အဝေးက ပဲ့တင်သံ …ငါ့နားကို ရိုက်ခတ်………….

…………………………..ညီမလေး …အကို လာပြီ…….

……………………………………………………….

………အကို …အဖေနဲ့ အမေတို့ လှေထဲမှာ……..ကယ်ပါဦး…..
………အကို …မှောင်မဲနေတယ် …ဘာမှ မမြင်ရဘူး…အကို ဘယ်မှ မသွားပါနဲ့ ..နော် ..အကို ….အကို…..
………အကို… အဲ့ဒီ အသံကြီးတွေကို…ညီမ…ကြောက်တယ်…..လုပ်ပါဦး…………
………အကို …ညီမလေး..တအား.ချမ်းနေပြီ…..အကို………………..
………………………………………………………………….
…………………အကို…..ေ…ရ………………
……………………………………….အ….ကို…..ေ…ရ……..
…………..တိုးညှင်းသွားတဲ့…သူ့ရဲ့ အသံကြားမှာ…..ငါ ဘာလုပ်ပေးနိုင်ခဲ့သလဲ………

မဖြစ်နိုင်ဘူး
လုံးဝ မဖြစ်နိုင်ဘူး…
တကယ်ဆိုရင်…..ငါ့ညီမရဲ့ နောက်ဆုံးခရီးဆို…ငါ့ကိုသူ နှုတ်ဆက်သွားမှာပေါ့…
သူ ရှိနေမယ်…ဟုတ်တယ် …သူ တနေရာရာမှာရှိကို ရှိနေမယ်။
ငါ့ညီမ ကို ငါ ..
မတွေ့တွေ့အောင်ရှာပြမယ် ………။

………`အလောင်းတောင် ပြန်မရဘူး´ .. တဲ့………
………..ထွီ……ခင်ဗျားတို့တွေ ပြောတိုင်း ယုံမယ် မှတ်နေလား…….
………မတွေ့တွေ့အောင် ရှာပြမယ်….ငါ့ညီမ ရှိကို ရှိရမယ်…………..
………………………………………………………………..
….တစ်ရက်………….နှစ်ရက် ………………သုံးရက် …………..
တစ်လ……နှစ်လ………………….နှစ်တွေလဲ …ပေါက်လာခဲ့ပါပြီ……
………………………………………………………………….
…….ညီမလေးရေ…….ပုန်းမနေပါနဲ့တော့ကွာ…………………….
……..အကို …မင်းကို ..မနားတမ်း ရှာနေခဲ့တာပါ ……………….

…….ဒီတစ်ခါတော့ ဟန်မဆောင်တမ်း ငိုချင်လာတာက …….ငါ ပါ………..။

ဇေယျ
( နာဂစ်၏ ဒဏ်ကြောင့် ထာဝရခွဲခွာသွားခဲ့ရသော ညီအကို မောင်နှမများအားလုံးကို
ရည်ညွှန်းပါသည်……..။
အထူးသဖြင့် … မည်သို့ မှ အစားထိုး၍ မရနိုင်တော့သော ကျနော့ ၀မ်းကွဲ ညီမလေး သိင်္ဂီ သို့ ……..)

အောက်ပါ အက်ဆေးသည် ဆရာနေဝင်းမြင့်၏ ချစ်သူနှင့် ခရီးသွားခြင်း – ခရီးသွား ဆောင်းပါး ပေါင်းချုပ်မှ အက်ဆေးတစ်ပိုဒ် ဖြစ်ပါသည်။
အက်ဆေး နာမည်ကို ” မြစ်ဝကျွန်းပေါ်သို့ ဘာဝနာ” ဟု ပေးထားသည်ကို တွေ့ရသည်။ ဤဝေါဟာရကိုပင် ကျနော် ဤပို့စ်၏ ခေါင်းစီး အဖြစ် ထားရှိပါသည်။

နာဂစ် ၏ မူရင်း အဓိပ္ပါယ်သည် အူရဒူဘာသာဖြင့် ပန်းပွင့်ဟု ဆိုသည်။ ထပ်တစ်ရာပွင့် ဝါဝါကလေးကို ဆိုလေသလား။ ပန်းပွင့်ဝါဝါကလေးပဲ ထားပါတော့။ ထိုပန်းပွင့်ကလေးတစ်ပွင့် နှစ်ပေါင်း ၅၀၀ အတွင်း ကျွန်တော်တို့ စပါးကျီပေါ်သို့ ကျရောက်လာသည့်အခါ မိုးကြိုးမုန်တိုင်းကို သိုဝှက်လာသည့်နှယ် ရက်စက်ခြင်းကို ကိုယ်ထင်ပြတော့သည်။ ထိုသေမင်း တမန် ပန်းပွင့်သည် ကြီးစွာသော ကောင်းကင် ဝါယောဓါတ်ကို သယ်ဆောင် လာခဲံ့သည်။ ဝါယောဓာတ်၏ မူလဓာတ်သည် “လုပ်ဆစ်ဆောင်ခင်း၊ သွားခြင်းထကြွား၊ စကားဆိုတည့် ၊ မျက်နှာလှည့်လည်၊ ကြည့်သည်အမှတ်၊ ဝါယောဓာတ်” ဟု ဆိုလောက်ရုံ ရာသီကျမ်းများ၌ လာသဖြင့်လည်း ထကြွလှုပ်ရှားခြင်၏ ဟုသာ နားလည်ခဲ့ရသည်။ ထိုဝါယောဓာတ်သည်ပင် ရက်စက်စွာ စုဖွဲ့မိသည့်အခါ မုန်တိုင်း ဖြစ်လာကြသည်။

“တို့လူမျိုးများမှာတော့ လေကြီးဆယ်ပါးရှိတယ်။ ဖီလာသွားတတ်တဲ့ ဝိလောဝါတလေ၊ သင်ဓုတ်းဓားလို ဖြစ်တတ်တဲ့ ဆိန္ဒကလေ၊ ပေါက်ကွဲတတ်တဲ့ ဘိန္ဒကလေ၊ အထက်ကို ဟူးဟူး တက်တတ်တဲ့ ဥဒ္ဒံဝါတလေ ၊ အောက်ကို စုန်သက်တတ်တဲ့ အဓောဝါတလေ၊ ရဟတ်ချားလို မွှေနောက်တတ်တဲ့ ယန္တဟရလေ၊ ရာသီနက္ခတ် တာရာနေလတို့ကို လှည့်လည်စေတဲ့ ယန္တစက္ကရဟလေ၊ ရေကို ဆောင်ပြီး ကောင်းကင်ကို ပို့တဲ့ ဥဒ္ဓံဂဟဏလေ၊ ထက်အောက် ဖီလာ တူရူတိုက်ခတ်တဲ့ အဓောဂဟဏလေ၊ အခိုးအလျံ ဖြစ်စေတတ်တဲ့ ဓူမောကရလေ တွေပေါ့။ ဝါယောဓာတ် အားကြီးသော အကြောင်း ဆိုက်လာရင် မုန်တိုင်းဖြစ်လာတာပဲ”

အညာသား စင်စစ်ဖြစ်ပါလျက် မြစ်ဝကျွန်းပေါ်သူနှင့် အကြောင်းပါသော အဘိုးလေး ပြောခဲ့ဖူးသော စကားဖြစ်သည်။ ဒဟပ်တော၊ ထနောင်းတောမှ လတာပြင်၊ လမုတောမှာ အဘိုးလေး ပျော်နေခဲ့သည်ပင် နှစ်လေးဆယ်လောက် ရှိပြီ။ မြစ်ဝကျွန်းပေါ်မှာ ကောက်တီနှင့် မယ်စော ရောနှော ပျိုးထောင်ခဲ့သူ ဖြစ်သည်။ တစ်နှံကို ဆယ်ပြည်ထွက်သည့် စပါးခင်းတွေက ဆင်ပေါက် ဆယ်ကောင် ဝင်သော်မှ မမြင်နိုင်သည့် အကြောင်း၊ ဒီမိုးရယ် ရေအောင်မှ မယ်နှင့် မောင် အလှူပေးမည့် အကြောင်းတွေလောက်တော့ လူကြုံစကား ကြားရတာတော့ ရှိသည်။ သည်ရက်တွေထဲမှာတော့ အဘိုးလေး တို့ဆီက သတင်းမကြားရ။ ကျွန်တော်တို့ကလည်း ချက်ချင်းထ မလိုက်နိုင်။ မိုးရေတက်ရေ တဖွေးဖွေး၊ အဘိုးလေး၏ လယ်စောင့်တဲလည်း ပျက်ရပြီ။ ကြာဖြူ၊ ကြာနီ၊ ကြာညို၊ ကြာပုဏ္ဍရိက်တို့ ကျိုးခဲ့၊ ကြေခဲ့ပြီ။ ရဟတ်ချားလို မွှေခဲ့သော ယန္တဟရလေသည်

အဘိုးလေးတို့များလား

အဘိုးလေးတို့ လယ်တွေ ၊ ချောင်းတွေ ၊ စပါးခင်းတွေကို မွှေနှောက်သွားခဲ့ပြီ။

ပင်ကိုအားဖြင့် ကျွန်တော်တို့ နိုင်ငံကို သဘာဝတရားကြီးကပဲ အကာအကွယ် ပေးထားခဲ့သည်။ အာရှတိုက်တောင်ပိုင်း ကျွန်းဆွယ်ကြီး သုံးခု အနက် အရှေ့ဘက်ဆုံးကျသော အရှေ့တောင် အာရှ ကျွန်းဆွယ် မှာ ပါဝင်သော်လည်း အနောက်ဘက်ပိုင်းမှာ ကျရောက်သဖြင့် တောင်တရုတ်ပင်လယ် မုန်တိုင်းများ နှင့် ဝေးခဲ့သည်။ ဗီယက်နမ်၊ လာအို၊ ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံတွေက ကြားခံနေကြသဖြင့် ထိုမှ လွန်လာသော မုန်တိုင်းတွေက အားလျော့မြဲ ဖြစ်သည်။

ဘင်္ဂလား ပင်လယ်အော်၏ ရေပြင်အပူချိန်သည် ၂၆ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် အမြဲကျော်သည့် အပြင် အီကွေတာနှင့် မဝေးလှသည့်အတွက် အပူပိုင်း မုန်တိုင်း ဖြစ်လွယ်သည်။ သို့သော် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် အိန္ဒိယ နိုင်ငံ အရှေ့မြောက် ကမ်းခြေထက် စာလျင် မုန်တိုင်းဒဏ် ခံခဲ့ရသည်။ နွေမုတ်သုံ ကာလများတွင် မုန်တိုင်းတို့ ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းမှာသာ ဖြစ်ပေါ်လေ့ရှိသည် ဖြစ်ရာ အရှေ့ဘက်မှ လာသော လေပြင်းတို့ မြောက်ပိုင်းသို့ ရောက်မှ အားပြန်ပျိုးကာ အနောက်ဘက်သို့ ရွေ့လျားမြဲ ဖြစ်သည်။ နွေမုတ်သုံ ကာလများတွင်လည်း လေထု အောက်လွှာ၊ အထက် လွှာ တိုက်ခတ်ပုံ၊ Vertical ပြောင်းလဲမှု များပြားသဖြင့် လေလာ အရပ် အထက်၊ အောက် ပြောင်းလဲမှု များတတ်သည်။

မိုးကြိုကာလ ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းနှင့် ကပ္ပလီ ပင်လယ်ပြင်တို့တွင် ဖြစ်ပေါ်သော မုန်တိုင်းများသည် များသော အားဖြင့် အနောက်မြောက်ဘက် ဆီသို့ ရွေ့လျားမြဲ ဖြစ်သည်။ တခါ တရံ မြောက်ဘက်သို့ ဦးတည်ပြီးမှ အရှေ့ မြောက်ဘက်ဆီသို့ လမ်းကြောင်းပြောင်း ရွေ့လျားတတ်သော်လည်း မုန်တိုင်း ဦးတည်ရာ လမ်းကြောင်းအောက် ရောက်နေသဖြင့် တနင်္သာရီ ကမ်းရိုးတန်းသည် မုန်တိုင်းမှ ကင်းလွတ်ရသည်လည်း ရှိပါ၏ ။ ချင်းတောင်တန်းနှင့် ရခိုင်ရိုးမ တောင်တန်းများ ကလည်း ကမ်းရိုးတန်း တစ်လျောက် တောင် မြောက် တည်ရှိသဖြင့် မုန်တိုင်းများကို လမ်းလွဲသည့်နှယ် ရှိနေသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် အိန္ဒိယ နိုင်ငံ အနောက်ပိုင်း ဘင်္ဂလား ပြည်နယ်များရှိ ဂင်္ဂါ လွင်ပြင်၊ ဗြဟ္မပုတ္တရ လွင်ပြင်၊ မဟာနဒီ လွင်ပြင် တို့၏ ပထဝီဝင် သည် မြေနိမ့် လွင်ပြင်များ ဖြစ်ရာ သဘာဝ တောင်တန်းကြီးများ ရှိသည့် မြန်မာနိုင်ငံ ထက် သဘာဝ ဘေးအန္တရာယ် ပိုများသည်။ သထုံတောင်၊ ဇင်းကျိုက်တောင်၊ တောင်ညို တောင်တန်း၊ မုတ္တမ တောင်၊ မလွဲတောင်တန်း၊ ဒေါန တောင်တန်း၊ တနင်္သာရီ တောင်တန်း တို့ အပြင် ချင်းတောင်တန်း၊ ရခိုင် ရိုးမ တောင်တန်း တွေက အနောက်တောင် မုတ်သုံလေဦးကို တားဆီး ပင့်တင် နေကြသည်လည်း သဘာဝ အကာအကွယ် ဖြစ်ရသည်။

“ကမ္ဘာ့အပူပိုင်း သမုဒ္ဒရာကြီး တွေ ပေါ်မှာ နှစ်စဉ် ပျမ်းမျှ အပူပိုင်း မုန်တိုင်း ၈၀ လောက် ဖြစ်ပွားပါတယ်။ တောင် အတ္တလန္တိတ် သမုဒ္ဒရာနဲ့ တောင် ပစိဖိတ် သမုဒ္ဒရာ အရှေ့ဘက်ခြမ်း တွေမှာတော့ မဖြစ်သလောက်ပဲ။ ဘင်္ဂလား ပင်လယ်အော်မှာတော့ နှစ်စဉ် အပူပိုင်း မုန်တိုင်း ၁၀ ကြိမ်လောက် ဖြစ်တတ်ပါတယ်။ ၁၉၇၀ တစ်ဝိုက်တုန်းကတော့ နိုင်ငံ ကြီးတွေက မုန်တိုင်း လျော့အောင်၊ ပျက်ပြယ်အောင် လုပ်တာမျိုး သိပ်ခေတ်စားခဲ့တယ်။ ဒါပေမယ့် မုန်တိုင်း လမ်းလွှဲလို့ ခံရတဲ့ တိုင်းပြည်က တရားစွဲနိုင်ခြေ ရှိလို့ ရပ်လိုက်ကြရတယ်။”

ပညာရှင် တစ်ဦးက ပြောပြခြင်း ဖြစ်သည်။

အချို့နိုင်ငံတွေကတော့ မုန်တိုင်းကြောင့် မိုးရေရကြသည်။ ကမ္ဘာ့အပူပိုင်း ဒေသနှင့် သမပိုင်းဒေသများ အကြား ကွာဟနေသော အပူချိန် ခြားနားမှုကို ထိန်းညှိပေးသည်။ အပူ၊ အအေး မျှတစေသည်။

Nargis

“မြန်မာနိုင်ငံ အတွက်တော့ မိုးမုန်တိုင်း ဖြစ်ခဲ့ရင် မုတ်သုံအဝင် စောစေတတ်ပါတယ်။ မုတ်သုံကာလအတွင်း မုန်တိုင်း ဖြစ်ခဲ့ရင်တော့ မုတ်သုံ အင်အား ကောင်းစေတတ်လို့ မိုးပိုမို ရလေ့ ရှိပါတယ်။ ဘင်္ဂလား ပင်လယ်အော် ရဲ့ အရှေ့ဘက်ခြမ်းမှာ မုန်တိုင်း ဖြစ်ခဲ့ရင် မုန်တိုင်းက ထိုးထွက်လာတတ်တဲ့ တိမ်ဆွယ်တန်းတွေကြောင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းမှာ မိုးပိုမို ရစေ တတ်ပါတယ်။ မုန်တိုင်းတစ်ခုလုံး မြန်မာ့ကမ်းရိုးတန်းကို တည့်တည့်ဖြတ်ပြီ ဆိုရင်တော့ အပျက်အစီး၊ အဆုံး အရှုံးများနဲ့ ရင်ဆိုင်ရတတ်ပါတယ်။”

မိုးလေဝသ ပညာရှင်တစ်ဦး၏ မှတ်ချက်ဖြစ်သည်။ မုန်တိုင်းကျရောက်လျင် မုန်တိုင်း ဒီရေတွေ တက်လာနိုင်သည်။ မုန်တိုင်း၏ အင်အား အပေါ် မူတည်၍ ဒီရေ အမြင့်အတက် အနည်း အများ သိရှိနိုင်သည်။ ၁၉၆၈ ခုနှစ် စစ်တွေ မုန်တိုင်း တွင် မုန်တိုင်း ဒီရေ ၁၈ ပေခန့် တက်ခဲ့သည်။ သဘာဝ အားဖြင့်တော့ မိုးရေ ထွက်ပေါက် ဖြစ်သည့် မြစ်များ မြန်မာနိုင်ငံမှာ ရှိနေခြင်းကလည်း ရေကြီး ရေလျံဘေးကို သဘာဝတရားကပဲ ကာကွယ်ပေးသည်။ မြန်မာမြေ ပထဝီဝင်သည်လည်း မြောက်မှ တောင်သို့ ဆင်ခြေလျော နိမ့်လာသည့် အတွက် ရေ စီးဆင်းမှု ကောင်းသလို ရှိခဲ့သည်။

သည်တစ်ခါမှာတော့ ရက်စက် ကြမ်းကြုတ်လှသော မရဏ ပန်းပွင့် သည် လယ်မြေ ယာကောင်းတွေကို ကျိုးကြေ သွားစေခဲ့သည်။ အသက် အိုးအိမ် စည်းစိမ် များစွာကို ရေအိုးသွန်၊ ရေ အိုးမှောက် လှဲဖြိုပစ်လိုက်သည်။ ဘုရား၊ ကျောင်း၊ ကန်၊ စေတီ၊ ဂူ၊ ဘုရား၊ ဇရပ်၊ တန်ဆောင်း ကုသိုလ် ၏ အကြောင်းတွေကို ပြားပြား ဝပ်သွားစေခဲ့သည်။ ဘူမိ ဘောဂ သမပ္ပတ္တိတည်း ဟူသော မြေကောင်း မြေမြတ်ကို မြေပုပ်၊ မြေညံ့ ဖြစ်စေခဲ့သည်။ ကျွဲကောင်း၊ နွားကောင်း၊ မြက်ကောင်း၊ ပင်ကောင်းတွေကို အမြစ်လှန်ပစ်ခဲ့သည်။ ထမင်းကန်၊ ရေကန်တို့၌ အမှိုက်ကျ စေခဲ့သည်။ မိစ္ဆာ မုန်တိုင်း ပုရွက်ကြောင်း တစ်လျောက် ဗျသန တရားသည်သာ အထင်အရှား ကျန်ရစ်ခဲ့သည်။

မည်သို့ပင် ဖြစ်စေ မုန်တိုင်းစဲလျင် ညင်းညံ့သော လေပြည်ကလေး ‘သုန်’ ဖို့သာ ရှိတော့သည်။ အကျိုးအကြေ၊ အပြို အပျက်တွေ ကြားက ရုန်းထဖို့သာ ရှိတော့သည်။ စိမ်းလန်း အေးမြသော မူလဇာတိကို ပြန်လည် ဖွားမြင်ဖို့သာ ရှိသည်။ ကောင်းသော ပရိယေသနကို ပြန်လည် ထူမတ်ကြရုံသာ ရှိသည်။ မြစ်ဝကျွန်းပေါ်ကား မသေသော အမတ မဟုတ်လော။

အဘိုးလေးတို့ လယ်မြေ၌ ကောက်ပင်တို့ စိမ်းမြပါစေသတည်း။ ကြာမျိုးငါးပါးတို့ ပွင့်ကြပါစေသတည်း။ ဆွမ်း အုပ်နီနီ အမေရွက်လို့ နက်ဖြန် မနက် ကျောင်းတက် နိုင်ကြပါစေသတည်း။

နေဝင်းမြင့်

Reference : နေဝင်းမြင့် – ချစ်သူနှင့်ခရီးသွားခြင်း

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: