ကွန်တီနမ်တဲလ်ဒဿနပညာ(၁)

ကွန်တီနမ်တဲလ်တို့ – ကလပ်စစ်ကယ်လ်တို့ – အနက်လစ်တစ်တို့ ဆိုတဲ့ စကားတွေ ဒဿနပညာရပ်မှာ မကြာခဏ ကြား ကြားနေရတတ်ပါတယ်။ ဒီနေရာမှာ အနက်လစ်တစ် ( Analytic ) ဆိုတာကို ဒဿနပညာ လိုက်စားသူ တော်တော်များများ သိကြပေမယ့် နားစိမ်းနေသေးတဲ့ ဝေါဟာရကတော့ ကွန်တီနမ်တဲလ် ( Continental ) ဖြစ်ပါတယ်။

ညီတစ်ယောက်က မေးထားပြီးသားမို့ ပြန်ဖြေမယ် ကြိုးစားရင်း မဖြေဖြစ်ခဲ့တာ ကြာပါပြီ။ ရေးမယ်ဆိုပြီး ( ဖျောက်မရတဲ့ အကျင့်ဆိုးအတိုင်း ) တစ်ပိုင်းတစ်စ  ရေးလက်စ ကြီး ထားခဲ့ဖူးတယ်။ ပြီးခဲ့တဲ့လက အဲ့ စာဖိုင်တစ်ခု ကွန်ပျူတာ ဂျောင်ကြိုဂျောင်ကြားက ရှာတွေ့တော့ တင်ဖို့ ပြန်အားထုတ်ပါတယ်။ ကိုယ့်ဘာသာကိုယ် ရေးပြီး စိတ်တိုင်းမကျလို့ ။

အခု ညီဖြစ်တဲ့သူ မေးထားတဲ့ အမေးအတွက် အထိုက်အလျောက် ကျေနပ်နိုင်မယ့်စာကို ရှာတွေ့ပါတယ်။ ကျနော်ရေးထားတာ မပြည့်စုံလို့ ဆရာရေးထားတဲ့ အတိုင်းကိုပဲ ဟိုတစ်စ ဒီတစ်စ ပြန်ပြင်ပြီး တင်လိုက်တယ်။

အောက်ကစာကို ဖတ်ကြည့်ရင် ကွန်တီနမ်တဲလ်ဒဿနပညာဟာ လက်ရှိဒဿနရေစီးကြောင်းမှာ အပုတ်ခတ်ခံနေရဆဲ ဒဿနပညာတစ်ရပ် ဆိုတာကို မြင်ပါလိမ့်မယ်။ လွှမ်းမိုးကြီးစိုးဆဲ ဒဿနပညာကတော့ Analytical Philosophy ခွဲခြမ်းစိတ်ဖြာ ဒဿနပညာပဲ။ ကျနော်ရှင်းတာထက် ဆရာမင်းခက်ရဲ ရှင်းတာက ပိုလင်းပါလိမ့်မယ်ဗျား။ သူရေးထားတဲ့ ဆောင်းပါးတွဲ ကို တစ်ပိုင်းချင်းစီ ကူးပြီး တင်နေတာမို့ အပိုင်းလိုက်ခွဲပြီး တင်သွားပါမယ်။

တောင်းဆိုတဲ့ညီငယ်ကို တလေးတစားကျေးဇူးတင်ပါတယ်။

…………………………………………….
ကွန်တီနမ်တဲလ်ဒဿနပညာဆိုတာဘာလဲ

ဒဿနပညာ အကြောင်း ပြောရင် ကျွန်တော်တို့ဟာ ဒဲရီဒါ၊ ဖူးကိုး၊ ဒီလူးစ် ဒါမှမဟုတ် ကန့်၊ ဟေဂယ်၊ နစ်ရှေး စသည်ဖြင့် ဒဿန ပညာရှင်ကို အခြေခံပြီး ပြောချင်ပြော ၊ဖြစ်တည်မှုဝါဒ၊ အာရုံအခြေပြုဝါဒ၊ အဆောက်အအုံဝါဒ၊ အဆောက်အအုံလွန်ဝါဒ စသဖြင့် အယူအဆတွေကို အခြေခံပြောတာ မျိုးများတယ်။ ဒဿနပညာ ဖွံ့ဖြိုးလာ၊ ရှင်သန် ကြီးထွားလာပုံ လမ်းကြောင်းကနေ  ပြောဆိုတာမျိုး ရှားပါးတယ်။ ဒါကြောင့် ကျွန်တော်တို့ဆီမှာ ဒဿနပညာဟာ စာဖတ်သူတွေရဲ့ နေ့စဉ် လူမှုဘဝထဲကို ရောက်ခဲ့ပေမယ့် ကွန်တီနမ်တဲလ်ဒဿနပညာ Continental Philosophy ရယ်လို့ လမ်းကြောင်းတစ်ခုသက်သက်က ရောက်မလာခဲ့ဘူး။ ဒဿနပညာနဲ့ ရင်းနှီးကျွမ်းဝင်သူ လူနည်းစုကသာ လေ့လာဖြစ်နေတာ တွေ့ရတယ်။
ကွန်တီနမ်တဲလ်ဒဿနပညာ ဆိုတာဘာလဲလို့ ခွဲပြောဖို့ဟာ ကြီးမားတဲ့အခက်အခဲတစ်ခုပါ။ မိတ်ဆက်သဘော ပြောရရင်တော့ ဒဿနပညာရပ်မှာ ဖွံဖြိုးပုံလမ်းကြောင်း နှစ်ခုရှိတယ်။ တစ်ခုက ခွဲခြမ်းစိတ်ဖြာဒဿနပညာ Analytical Philosophy ဖြစ်ပြီး ကျန်တစ်ခုကတော့  ကွန်တီနမ်တဲလ်ဒဿနပညာ ပဲ။ ကွန်တီနမ်တဲလ်ဒဿနပညာ ဆိုတာ ဒဿနပညာရပ်မှာ ပင်မရေစီးဒဿနတွေကနေ ဖယ်ခွာခဲ့တဲ့လမ်းကြောင်းကို ရေးဆွဲထားတာပါပဲ။ ပင်မရေစီး ခွဲခြမ်းစိတ်ဖြာ ဒဿနပညာကို ဆန့်ကျင်ရင်း ဒါမှမဟုတ် ၎င်းနဲ့မတူတဲ့ ဒဿနအမြင်တွေကို စုပေါင်းခေါ်ဝေါ်ထားတဲ့ လမ်းကြောင်းတစ်ခုပါပဲ။
၁၉၅၀ နဲ့ ၆၀ ခုနှစ်များအထိ ဒဿနလောကမှာ အလွှမ်းမိုးဆုံးကတော့ အင်္ဂလိပ် အမေရိကန် ဒဿနတွေပါ။ အထူးသဖြင့် အင်္ဂလိပ်၊ အမေရိကန် ဒဿနတွေဟာ ခွဲခြမ်းစိတ်ဖြာ ဒဿနတွေပါပဲ။ သူတို့ရဲ့ လွှမ်းမိုးမှုကနေ ဖောက်ထွက်ပြောဆိုလာတဲ့ ဒဿနတွေဟာ ပြင်သစ်၊ ဂျာမန်တို့မှာ အများအပြားထွက်ပေါ်ခဲ့ပါလျက် မတွင်ကျယ်ဘဲ ဘေးဖယ်ခံနေရသလို ဖြစ်နေခဲ့တာ အမှန်ပါပဲ။ ကွန်တီနမ်တဲလ် ဒဿနပညာကို ပထဝီနယ်မြေ အရ ခွဲခြားတာတွေရှိပါတယ်။ ဒါကတော့ အင်္ဂလိပ်၊ အမေရိကန် ၊ဩစတြေးလျ မဟုတ်တဲ့ ဥရောပနိုင်ငံအတွင်းက ဒဿနပညာဟာ ကွန်တီနမ်တဲလ်ဒဿနပညာလို့ ဆိုနိုင်ပါတယ်။ ဒီခွဲခြားမှုမှာ ခြွင်းချက်တော့ရှိပါတယ်။ ခွဲခြမ်းစိတ်ဖြာ ဒဿနပညာကို စတင်ခဲ့သူဖရက် Frege နဲ့ ကားနက်ပ် Carnap တို့ဟာ ဥရောပ Continent ထဲကပါ။ ဒါပေမယ့် ခြွင်းချက်အားဖြင့် ကွန်တီနမ်တဲလ် ဒဿနပညာထဲမှာ သူတို့မပါဝင်ပါဘူး။
အမေရိကန်နဲ့ အင်္ဂလိပ်တို့ရဲ့ လွှမ်းမိုးကြီးစိုးမှု အောက်မှာ ကွန်တီနမ်တဲလ် ဒဿနပညာဟာ ဘေးဖယ်ထုတ်ခံ ဖြစ်ပါတယ်။ ဥပမာ ၁၉၆၀ခုနှစ်၊ ပြင်သစ်မှာ ကျင်းပတဲ့ ခွဲခြမ်းစိတ်ဖြာဒဿနညီလာခံ မှာ အောက်စဖို့ဒ် ဒဿနပညာရှင်ကြီးလည်းဖြစ်၊ အင်္ဂလိပ် ခွဲခြမ်းစိတ်ဖြာဒဿနပညာရှင် အထင်ကရပုဂ္ဂိုလ်ကြီးဖြစ်တဲ့ ဂီးလ်ဘတ်ရိုင်း G.Ryle က ကွန်တီနမ်တဲလ်ဒဿနပညာရှင် မာလိုပွန်တီရဲ့ အမေးကို ဖြေခဲ့တာ တစ်ခုရှိပါတယ်။ ဖီနိုမန်နိုလိုဂျစ် Phenomenologist မွန်တီက ညီလာခံမှာ (ဒီတွေးခေါ်မြော်မြင်မှု) ပရိုဂရမ်ကြီး အောက်မှာ ငါတို့ဟာအတူတူပဲမဟုတ်လားလို့ တရိုတသေ မေးခဲ့တယ်။ ဂီးလ်ဘတ်ရိုင်း ကတော့ ငါတော့အဲ့လိုမမျှော်လင့်ဘူးI hope not ရယ်လို့ပြောခဲ့တယ်။ အဖြေက ကွန်တီနမ်တဲလ်ဒဿနပညာကို ဒဿနပညာ ခေါင်းစဉ်အောက်ကနေ ဘေးဖယ်ထုတ်လိုက်ရုံတင် မကဘူး။ အနာဂတ်အတွက်ပါ မဖြစ်နိုင်ဘူးလို့ ရည်စူးပြီး ထပ်မံ ကန့်သတ်ထားတဲ့ အဖြေပါပဲ။ ဒါတင်မကသေးဘူး။ ဥရောပ ဒဿနပညာရှင် နှစ်ဦးဖြစ်တဲ့ ဟေဂယ် နဲ့ ဟိုက်ဒေးဂါး ကလည်း ဒဿနပညာကနေ သွေဖည် ဖောက်ပြန်သူတွေ အဖြစ် မကြာခဏ ကိုးကားခံရတယ်။ ဟန့်ရေးဘတ်ခ်ျက သူ့ရဲ့စာအုပ် The Rise of Scientific Philosophy မှာ ဟိုက်ဒေးဂါးရဲ့ ဒဿနကို အဓိပ္ပါယ်မရှိ Meaningless လို့ ကိုးကားရေးသားတယ်။ ဒီလိုမျိုး အမေရိကန်နဲ့ မြောက်အမေရိကတိုက် ဒဿနပညာတွေ လွှမ်းမိုးပြီး ဥရောပဒဿနကို ဘေးဖယ်ထုတ်လာတာဟာ ဒုတိယကမ္ဘာစစ်ကနေ စတင်လာတာပါ။ ပြီးတော့ ၁၉၆၀ ခုနှစ်တိုင်အောင်ပါပဲ။ ဒီကြားထဲမှာ ထင်ပေါ်ခဲ့တဲ့ ဥရောပ ဒဿနပညာရှင်ရယ်လို့ အဲလ်ဘတ်ကမူး နဲ့ ယန်းပေါလ်ဆတ် တို့နှစ်ဦးသာလျှင် ရှိပါတယ်။ သူတို့နှစ်ဦးဟာ ဖြစ်တည်မှုဝါဒီတွေ Existentialist အဖြစ် ထင်ရှားလာရတာကလည်း သူတို့ရဲ့ ကျော်ကြားတဲ့ ဝတ္ထုတွေကြောင့်သာ ဖြစ်ပါတယ်။ ဒါကိုပဲ အင်္ဂလိပ် ကိုယ်ကျင့်တရား ဒဿနပညာရှင် အေ၊ဂျေ၊အေရာ က ဆာ့တ်ရဲ့ လွတ်လပ်မှုအမြင်ဟာ အကြွင်းမဲ့ဆန်ပြီး ကိုယ်လုပ်ချင်ရာ လုပ်နိုင်တယ် ဆိုတဲ့ အမြင်မျိုး သက်ရောက်တယ် လို့ဆိုပါတယ်။ ကမူး နဲ့ ဆာ့တ်တို့ရဲ့ ဒဿနပညာကို အင်္ဂလိပ်၊ အမေရိကန် တက္ကသိုလ်မှာ သင်ကြားတယ်။ ကျောင်းသားတွေရဲ့ တောင်းဆိုမှုကြောင့်သာ သင်ကြားတာဖြစ်ပါတယ်။ ဒဿနပညာအရတော့ ဒီကာလမှာ လေးစားမှုမရခဲ့ဘူး။  အင်္ဂလိပ် အမေရိကန်တို့ရဲ့ ကွန်တီနမ်တဲလ် ဒဿနပညာအပေါ် မလေးစားမှုဟာ ယက်ဒဲရီဒါ Derrida ပြဿနာမှာ သိသာတယ်။ အင်္ဂလိပ် အမေရိကန်တွေရဲ့ ခွဲခြမ်းစိတ်ဖြာ ဒဿနပညာဟာ ကွန်တီနမ်တဲလ်ဒဿနနဲ့ အတော်ကလေး ကွဲပြားခြားနားနေတာကြောင့်လည်း ပါပါတယ်။ ပြီးတော့ ခွဲခြမ်းစိတ်ဖြာဒဿန ဆိုတာက လွှမ်းမိုးကြီးစိုးဆဲဒဿနပညာဖြစ်နေလို့။
ကိန်းဘရစ်ခ်ျ တက္ကသိုလ် ၁၉၉၂ ခုနှစ် ကာလအထိ ကွန်တီနမ်တဲလ်ဒဿနပညာအပေါ် မလေးစားမှုက ကြွင်းကျန်နေသေးတာပါ။ ယက်ဒဲရီဒါဆိုတာက ဒီကွန်ဆာရပ်ရှင်းဒဿန နည်းပရိယာယ်ကို တည်ထောင်ခဲ့သူ။ ပြင်သစ်မှာ ဩဇာကြီးမားသလို သူ့ရဲ့ဒဿနဟာ ၁၉၇၀ခုနှစ်များမှာ အမေရိကမှာ ပျံ့နှံ့ထွန်းကားခဲ့တယ်။ ယေးတက္ကသိုလ် ပညာရှင်တွေဟာ ဒဲရီဒါရဲ့ လွှမ်းမိုးခံခဲ့ရတယ်။ ဒါကိုတောင်မှ ကိန်းဘရစ်ခ်ျဟာ ဒဲရီဒါကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့အပ်နှင်းဖို့ အဆိုပြုချက်ကို အပြင်းအထန်ကန့်ကွက်မှုတွေရှိနေခဲ့သေးတယ်။
ရိုင်းကသူ့ရဲ့In Mind (၁၉၃၀) မှာ ဟိုက်ဒေးဂါးကို ဝေဖန်တယ်။ ပြီးတော့ ဒီစာအုပ်ပါ အမြင်ကို အောက်စဖို့ဒ်မှာ တစ်လျောက်လုံး ပို့ချတော့တာပဲ။ ဒဿပညာရှင် ဒန်းမတ်တ်ကလည်း ဟူဇယ်လ်၊ ဟိုက်ဒေးဂါးတို့လို ကွန်တီနမ်တဲလ်ပညာရှင်တွေရဲ့ အရေးအသားနဲ့ ပတ်သက်ပြီး ”သူတို့ရဲ့အသိပညာ မဖြစ်စလောက်လေးကို ပုံနှိပ်ထိန်းသိမ်း စောင့်ရှောက်ထားတာဟာ အတော်ကလေး သနားဖို့ကောင်းတယ်” လို့ဝေဖန်ရှုတ်ချတယ်။ အေ၊ဂျေ၊အေရာက သူ့ရဲ့ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိမှာ မာလိုပွန်တီ နဲ့ နေခဲ့ပြီး ဆွေးနွေးခဲ့ရတဲ့ဖြစ်စဉ်ကို  ရေးထားတာက သူတို့နှစ်ဦးဟာ သူတို့ရဲ့ဒဿနမှာ ဘယ်တော့မှ  အခြေခံအုတ်မြစ် ဘာတူနေမလဲ ဆိုတာကို ရှာဖွေလို့မရနိုင်ခဲ့ဘူးတဲ့။ ဒါဟာ တကယ်တော့ အေရာ နဲ့ ပွန်တီတို့ရဲ့ ကွာခြားချက်ဘက်မကဘူး။ ခွဲခြမ်းစိတ်ဖြာဒဿန နဲ့ ကွန်တီနမ်တဲလ်ဒဿနပညာတို့ရဲ့ ကွဲပြားခြားနားချက်လည်း ဖြစ်တယ်။ ခွဲခြမ်းစိတ်ဖြာဒဿနမှာ ကြည်လင်ရှင်းလင်းမှု၊ ဓမ္မဓိဋ္ဌာန်ကျမှု၊ စနစ်ကျမှုဆိုတာကို အခြေခံအုတ်မြစ်အဖြစ် တွေ့နိုင်တယ်။ ကွန်တီနမ်တဲလ် ဒဿနပညာမှာတော့ စာနာမှု၊ အနက်ပြန်ဖွင့်ဆိုမှု၊ ပုဂ္ဂလဓိဋ္ဌာန်ဆိုတဲ့ အရာတွေကို အခြေခံအုတ်မြစ် အဖြစ်ထားတယ်။ ယက်ဒဲရီဒါဆိုရင် ခွဲခြမ်းစိတ်ဖြာ အခြေခံအနောက်တိုင်း ဒဿနတစ်ခုလုံးကို ဆန့်ကျင်ဖို့ ကြိုးစားတာပါပဲ။ ပို့စ်ကိုလိုနီယယ်ဝါဒီ Post-colonialist တွေကဆိုရင် အနောက်တိုင်း ခွဲခြမ်းစိတ်ဖြာဒဿနကို ဆန့်ကျင်တာနဲ့ ပတ်သက်လို့ လက်ခံကြတယ်။ အထူးသဖြင့် ဒဲရီဒါကိုပဲ။ သူတို့က အနောက်တိုင်း ဒဿနပညာဟာ ကိုလိုနီစနစ် သူတို့ကိုယ် သူတို့မှန်ကန်ကြောင်း ထင်လာဖို့နဲ့ ကိုလိုနီစနစ် အင်အားကြီးမားလာဖို့ အထောက်အကူပြုတယ် လို့ ယုံကြည်တယ်။ ယခု ကွန်တီနမ်တဲလ်ဒဿနပညာဟာ လွှမ်းမိုးကြီးစိုးဆဲ ဒဿနပညာကနေ ဖောက်ထွက်ဆန့်ကျင်ထားတဲ့ဒဿနပါ။ အသေအချာပြောရရင်တော့ သူ့နည်းသူ့ဟန်နဲ့ ဖောက်ထွက်ထားကြတာ လို့ဆိုနိုင်တယ်။
အင်္ဂလိပ် ခွဲခြမ်းစိတ်ဖြာ ဒဿနပညာရှင်နဲ့ ကွန်တီနမ်တဲလ် ဒဿနပညာရှင် နောက်တစ်ဦးတို့ရဲ့ ဆုံတွေ့မှုကလည်း စိတ်ဝင်စားစရာကောင်းတယ်။ ဂေအရာ နဲ့ ဘတိုင်းယီ Glorge.Bataille တို့ရဲ့ဆုံတွေ့မှုပါ။ ဘတိုင်းလီဆိုတာ ဖူးကိုး ၊ဒဲရီဒါနဲ့ ဘာ့သ်တို့အပေါ် လွှမ်းမိုးနိုင်စွမ်းရှိသူ၊ အဆောက်အအုံလွန်ဝါဒ အခြေခံ အဆောက်အအုံအုတ်မြစ် ဝါဒီ ထဲက တစ်ဦးဖြစ်ပါတယ်။ ပြင်သစ်ရဲ့ အကျော်ကြားဆုံးနဲ့ ဩဇာအကြီးမားဆုံး ပညာရပ်ဂျာနယ် Critique ကိုတည်ထောင်သူ၊ ဒီပညာရပ်ဂျာနယ် ကနေ ဘလွန်ရှို၊ ဘာ့သ်၊ ဖူးဂိုး ၊ဒဲရီဒါတို့ကို ထည့်ပြီး ပိုမို  ကျယ်ပြန့်လာအောင် မိတ်ဆက်ပေးခဲ့သူပါပဲ။
၁၉၅၁ ခုနှစ်၊ ပဲရစ်မြို့ အရက်ဘားဆိုင်တစ်ခုမှာ အေရာ နဲ့ ဘတိုင်းလီတို့ ဆုံတွေ့ခဲ့တယ်။ မာလိုပွန်တီလည်း ပါတယ်။ အေရာ နဲ့ ဘတိုင်းလီတို့ရဲ့ ဆွေးနွေးမှုဟာ မနက်သုံးနာရီထိ တိုင်အောင်ရောက်တယ် လို့ဆိုပါတယ်။ သူတို့ဆွေးနွေးနေတဲ့ အကြောင်းအရာက ”နေဟာ လူသားရဲ့ တည်ရှိမှုမတိုင်ခင်မှာကတည်းက ရှိခဲ့သလား” ဆိုတာပါပဲ။ အေရာကတော့ နေဟာ လူသား မတည်ရှိခင် ကတည်းက တည်ရှိခဲ့တယ် ဆိုတာ ဘာမျှ သံသယဖြစ်စရာမလိုဘူး တည်ရှိခဲ့တယ်လို့ ယူတယ်။ ဘတိုင်းလီကတော့ အထက်ပါ အဆိုတစ်ခုလုံးဟာ အဓိပ္ပာယ်မရှိဘူးလို့ တွေးပါတယ်။ အေရာ လို ခွဲခြမ်းစိတ်ဖြာဒဿနပညာရှင် ၊ကမ္ဘာလောကကြီး အပေါ် သိပ္ပံနည်းကျ ရှုမြင်လိုသူကတော့ နေလို ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုဟာ လူသားရဲ့ ဆင့်ကဲဖြစ်စဉ်ပြောင်းလဲမှုထက် အလျင်ကျပြီး တည်ရှိခဲ့တယ်ဆိုတာ အတော်လေး အဓိပ္ပာယ်ရှိတဲ့ အတွေးလို့ဆိုနိုင်ပါတယ်။ ဘတိုင်းလီကျတော့ အသွင်လောကပညာ Phenomenology ရှုထောင့်ကနေ ဦးစားပေးစဉ်းစားမှာပါ။ သူက ရုပ်ပိုင်းဆိုင်ရာ ဝတ္ထုပစ္စည်းရဲ့ တည်ရှိမှုကို လူသားရဲ့ ပုဂ္ဂလိက  အာရုံသိမှုအတွင်းကနေ သာလျှင် သူတည်ရှိနေကြောင်း သိရမှာဖြစ်တယ်။ ပြင်ပလောကထဲက အရာဝတ္ထုရှိနေမှုဟာ လူသားရဲ့ အာရုံသိမှုကြောင့်သာလျှင် သိနေရတာ။ ဒါကြောင့် ဘတိုင်းလီ အတွက် နေဟာ လူုသားထက် အရင်ဖြစ်တည်နေတယ် ဆိုတဲ့အဆိုဟာ လုံးဝ အဓိပ္ပာယ်မရှိဘူး ဖြစ်နေမယ်။ အေရာ နဲ့ ဘတိုင်းလီတို့ရဲ့ ကွဲပြားခြားနားချက်ဟာ ခွဲခြမ်းစိတ်ဖြာဒဿနနဲ့ ကွန်တီနမ်တဲလ် ဒဿနပညာတို့ရဲ့ ကွဲပြားချက်လည်းပဲ ဖြစ်ပါတယ်။

Continue…….

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: