ကွန်တီနမ်တဲလ်ဒဿနပညာ ( ၂ )

ကွန်တီနမ်တဲလ်ဒဿနပညာကို စဉ်းစား တွေးခေါ်မှု နည်းလမ်းဘောင် methodological နဲ့ ပထဝီအနေအထား geographical ဆိုပြီး နှစ်မျိုးခွဲခြားနိုင်တယ်ဆိုတာ တွေ့ပြီးပါပြီ။ ကွန်တီနမ်တဲလ် ဒဿနပညာလို့ စတင်အမည်တပ် ထွက်ပေါ်လာပုံကိုတော့ သိနိုင်ဖို့ မလွယ်ဘူး။ ခန့်မှန်းခြေအရ ဒီပညာရပ် နာမည်ဟာ ၁၉၇၀ ခုနှစ်များမှာ ပေါ်ပေါက်လာတယ် လို့တော့ အဆိုရှိတယ်။ ပထမ ခန့်မှန်းချက် တစ်ခုအရ သူ့ရဲ့ ပညာရပ်ဆိုင်ရာ အခြေအနေနဲ့ ပေါ်ပေါက်လာတယ် လို့တော့ မှတ်ယူနိုင်ပါတယ်။ သဘောကတော့ ဒဿန ပညာရှင်တွေနဲ့ ဒဿနပညာရပ် ဌာနက သူတို့ရဲ့ သုတေသနအတွက် ဖွဲ့စည်းမယ်၊ သင်ကြားမယ်၊ ပြီးရင် သူတို့နဲ့ ဆက်နွယ်နေတဲ့ အသိပညာဆိုင်ရာတွေကို ဖော်ထုတ်တင်ပြရင်း ကနေ ကွန်တီနမ်တဲလ် ဒဿနပညာရယ်လို့ ပေါ်ပေါက်လာမယ်။ ဒီအသိအရ ကွန်တီနမ်တဲလ် ဒဿနပညာရဲ့ အရင်းအမြစ်ဟာ ဒဿနပညာကို ပရောဖက်ရှင်နယ် အမှု ပြုရင်းကနေ စတင်ထွက်ပေါ်လာတဲ့ အမည်နာမလို ဖြစ်နိုင်ပါတယ်။ ၁၉၇၀ ခုနှစ် အထိ ဘွဲ့ယူနဲ့ ဘွဲ့လွန် ကျောင်းသား သင်ရိုးတွေမှာ ကွန်တီနမ်တဲလ် ဒဿနပညာ ဆိုတာ မပေါ်ပေါက်ခဲ့သေးဘူး။ ဒါနဲ့ ပတ်သက်ပြီး ပညာရပ် သမိုင်းကြောင်း တချို့ကို ပြန်ကြည့်နိုင်တယ်။

၁၉၇၀ ခုနှစ်တွေကို ဒဿနပညာအတွက် အပြန်အလှန် နားလည်မှုများတဲ့ နှစ်လို့ ခေါ်နိုင်တယ်။ ဥရောပ ဒဿန ပညာရှင်တွေ အကြောင်း ရေးသားဖော်ပြချက်တွေမှာရော၊ ဥရောပ ဒဿနပညာရှင်တွေရဲ့ ဖော်ပြချက်တွေမှာပါ အပြောင်းအလဲတွေ ရှိလာတယ်။ ဥရောပ ဒဿနပညာ အကြောင်းကိုရေးသားတဲ့ စာအုပ်တွေမှာ သူတို့ရဲ့ အတွေးအခေါ်တွေကို ‘ခွဲခြမ်းစိတ်ဖြာမှု သဘော’ ရှိတယ်လို့ ကြိုးစားပြီး ရှင်းလာကြတယ်။ ဖင်ဒလေးက ဟေဂယ်လ် အကြောင်း မိတ်ဆက်တဲ့အခါမှာ ခွဲခြမ်းစိတ်ဖြာ ဒဿနကို ကြိုက်တဲ့ ပရိသတ်အတွက် ရည်ရွယ်ရှင်းလင်းတာမျိုး လုပ်တယ်။ ဒါကြောင့် သူကိုယ်တိုင်လည်း လျစ်လျူရှုတာမျိုး၊ ဘေးဖယ်ထုတ်ခံရတာမျိုး မရှိတော့ဘူးပေါ့။ အာသာဒန်တိုက နစ်ရှေးကို ခွဲခြမ်းစိတ်ဖြာ ဒဿန ပညာရှင် အဖြစ် ဖော်ပြတယ်။ ဒီမတိုင်ခင်ကလည်း နစ်ရှေးကို ဘယ်သူမှ ပြန်မကိုင်တွယ်ရဲခင်မှာ ဝေါ်လ်တာကော့ဖ်မန်း က နစ်ရှေးအပေါ် မြင်ထားတဲ့ နာဇီဝါဒီ ဆိုတဲ့ အမြင်ကို ပယ်ဖျက်ပြပြီး ဒဿန ပညာရှင် တစ်ဦးလို ပြန်မြင်လာစေခဲ့တယ်။ ဒီလို လေးစားဖွယ် ပညာရှင်တွေ ရေးတဲ့ ဥရောပ ဒဿန ပညာရှင်တွေ အကြောင်း စာအုပ်တွေ အပြင် ဩဇာကြီးမားတဲ့ စာအုပ်တိုက်တွေကပါ (ဥရောပ) ကော့တီနမ့် ဒဿနပညာရှင်များ ဖြစ်တဲ့ ဟိုက်ဒေးဂါး၊ ရှိုပင်ဟောင်ဝါ၊ ဟူဇယ်၊ အသွင်လောက ပညာတွေ အပေါ် ရေးသားတဲ့ စာအုပ်တွေကို ထုတ်ဝေလာတယ်။ အင်္ဂလိပ်၊ အမေရိကန်ရဲ့ ခွဲခြမ်း စိတ်ဖြာ ဒဿန အတွက် ဖခင်ကြီး ဖြစ်တဲ့ ဥရောပ ဒဿန ပညာရှင်( ကွန်တီနမ်တဲလ် ဒဿန ပညာရပ်ထဲမှာ မပါတော့တဲ့ ) ဖရက် Frege နဲ့ ဟိုက်ဒေးဂါး ရဲ့ ဆက်သွယ်ချက်တွေကို ပြန်ရှာဖွေ၊ ဆက်စပ်ပြတာတွေလည်း လုပ်လာတယ်။ ဘွဲ့ယူကျောင်းသားတွေလည်း Ph.D အတွက် ကွန်တီနမ်တဲလ် ဒဿန ပညာရပ် အကြောင်း ဒီမှာတင် ရေးသားတင်သွင်း လာတဲ့ အစအန တွေ တွေ့ လာကြရတယ်။

 

ယန်းပေါလ်ဆာ့တ်

၁၉၈၀ ခုနှစ်များကတော့ ဒဿန ပညာရပ် လမ်းကြောင်း အတွက် ကြီးမားတဲ့ အပြောင်းအလဲ တော်တော်များများ ဖြစ်ခဲ့တယ်။ ယန်းပေါဆတ် ကွယ်လွန်တယ်။ စစ်ပြီးခေတ်မှာ ကွန်တီနမ်တဲလ် ဒဿန ပညာရှင်တွေထဲမှာ ယန်းပေါဆာ့တ်က အကျော်ကြားဆုံးပဲ။ ချားစ်ဒီဂေါ ကတောင်မှ “ဆာ့တ်ဟာ ပြင်သစ်ပြည်ပဲ” လို့ ကိုးကားခဲ့ရသူပါပဲ။ ဒါပေမယ့် သူသေပြီးတာနဲ့ သူ့ရဲ့ ဂုဏ်သတင်းဟာ ချက်ချင်းဆိုသလို လျော့သွားတယ်။ မင်းဆင့်ဒေကွန်း ထုတ်တဲ့ ၁၉၈၀ ထုတ် ပြင်သစ်ဒဿန ပညာရှင်များ စာအုပ်မှာ ဆာ့တ်ဟာ အခန်း ( ၁ ) ခန်းတောင်မှ နေရာမရဘူး။ ဒီလို မရတဲ့ အကြောင်းက ဆာ့တ်ဟာ ဖြစ်တည်မှု ဒဿန နဲ့ တစ်ခုတည်းလိုလို ဖြစ်နေလို့။ ဖြစ်တည်မှု ဒဿန လို့ ဆိုတာနဲ့ အခြားသော ဖြစ်တည်မှု ဝါဒီတွေထက် ဆာ့တ်ကိုသာ ပြေးမြင်တတ်ကြတာပါ။ ဆာ့တ်ကွယ်လွန်တော့ ဖြစ်တည်မှု ဝါဒ ကွယ်လွန်သလို ဖြစ်လာတယ်။ ဖြစ်တည်မှု ဝါဒ ပြီးတော့ ဘာလာမလဲ ပေါ့။ ဆာ့တ် ရှိစဉ်ကတည်းက ပေါ်ပေါက်နေတဲ့ အဆောက်အအုံ ဝါဒဟာ ပိုပြီး ကြီးစိုးလာတယ်။ ဆာ့တ် သက်ရှိထင်ရှား ရှိစဉ်ကတည်းက အဆောက်အအုံဝါဒီ လေးဗီးစထရိုး Levistrauss နဲ့ ဆာ့တ်တို့ အပြန်အလှန် ငြင်းခုံခဲ့ကြတာ။ ခုတော့ ဆာ့တ်ကွယ်လွန်ပြီး မကြာခင်မှာပဲ အဆောက်အအုံ ဝါဒဟာ ကမ္ဘာကြီးကို ပြောင်းလဲ ပစ်ဖို့ရာ တွေးခေါ်ပုံ လမ်းကြောင်းသစ် ဖြစ်ကြောင်း ထုတ်ဖော်ကြေညာခံလာရတယ်။ နောက်တော့ အဆောက်အအုံ ဝါဒနဲ့ အတူ လေးဗီးစထရိုး၊ ရိုလွန်ဘာ့သ်၊ အာတုဆေ စတဲ့ နာမည်အသစ်တွေကို ကြားလာရတယ်။ ပြီးတော့ အဆောက်အအုံ ဝါဒီတွေကပဲ အဆောက်အအုံဝါဒ ကနေ ခွဲထွက်ပြီး အဆောက်အအုံ လွန် ဝါဒသစ် ဖြစ်လာတယ်။ ဘာ့သ်၊ ဖူးကိုး၊ ဒဲရီဒါ တို့ ထင်ရှားတယ်။ ဒဲရီဒါရဲ့ ဒီကွန်စထရပ်ရှင်း Deconstruction ဟာ အမေရိကန်မှာ ဖြစ်ထွန်းတယ် ဆိုပေမယ့် ကိန်းဘရစ်ခ်ျ ပါရဂူဘွဲ့ အပ်နှင်းမှုမှာ ဒဲရီဒါ ရှုတ်ချ ခံရတာဟာ ၈၀ နဲ့ ၉၀ ခုနှစ်များ အထိ အင်္ဂလိပ်နဲ့ အမေရိကန် တက္ကသိုလ်တွေမှာ ကွန်ဆာဗေးတစ် ဒဿနပညာရှင် အုပ်စုတွေက မနည်း ရှိနေသေးတယ်ဆိုတာ သိသာတယ်။ ဥရောပ ကွန်တီနမ်က ဒဿနပညာရှင်တွေ ဘေးဖယ်ထုတ်ခံရတာ ၊ တန်ဖိုးထား မခံခဲ့ရတာကို စပြီး နယ်နိမိတ် ဆွဲမယ်ဆိုရင် ကန့် Kant က နေ စရမှာပဲ။ ဒီတော့ ပညာရပ် ဝေါဟာရကနေ ကြည့်မယ်ဆိုရင် ကွန်တီနမ်တဲလ် ဒဿနပညာ ဆိုတာ အစဉ်အလာ ဒဿနပညာရဲ့ ပင်မ ရေစီးကြောင်း နဲ့ ခွဲခြမ်း စိတ်ဖြာ ဒဿန ပညာကို ဆန့်ကျင်ရင်း ထွက်လာတာ ဖြစ်တယ်။ တစ်နည်းအားဖြင့် ‘ဘေးဖယ်ထုတ်ခံ ဒဿန ပညာ’ လို့တောင်မှ ဆိုနိုင်ပါတယ်။

ကန့်ရဲ့ ၁၇၈၀ ထုတ် ကျမ်းတွေကနေ နယ်နိမိတ် ပြန်ဆွဲကြည့်ရင် ကွန်တီနမ်တဲလ် ဒဿန ပညာရဲ့ သက်တမ်းဟာ နှစ် ၂၀၀ ကျော် ရှိပြီ။ ယေဘုယျ ခြုံပြီး အကျဉ်းချုံး ပြောရရင် ကွန်တီနမ်တဲလ် ဒဿန ပညာထဲမှာ –

၁။ ဂျာမန် စိတ်ကူးစံ ဝါဒနဲ့ ရိုမန်တစ် ဝါဒ၊ ပြီးတော့ သူတို့ရဲ့ အဆက်၊ ( ဖစ်ရ်၊ ရှဲလင်း၊ ဟေဂယ်၊ ရှလဂျဲယ်နဲ့ နိုဗလီ၊ ရှလေယာမတ်ရှာ၊ ရှိုပင်ဟောင်ဝါ )
၂။ မတ္တာဖစ်ဇစ် Metaphysics ( တက္ကိကဗေဒ ) ကို ဝေဖန်သူများ၊ သံသယ ဝါဒီများ ( ဖွားဘတ်ခ်ျ၊ မာ့က်စ် ၊ နစ်ရှေး၊ ဖရွိုက်၊ ဘာ့ဂ်ဆင် Bergson )
၃။ ဂျာမန် အခြေပြု အသွင်လောက ပညာ၊ ဖြစ်တည်မှုဝါဒ ဒဿန
၎။ ပြင်သစ်အသွင်လောက ပညာ၊ ဟေဂယ်ဝါဒ နဲ့ ဟေဂယ် ဆန့်ကျင်မှု ဝါဒ ( ကိုယဲဗ့်၊ ဆာ့တ်၊ မာလိုပွန်တီ၊ လေးဗီး၊ ဘတိုင်းလီ၊ ဒီဗူးဗွား )
၅။ ဖွင့်ဆိုရှင်းလင်း သိပ္ပံ ( ဒီသေး၊ ဂဒမာ၊ ရီကော )
၆။ အနောက်တိုင်း မာ့က်စ် ဝါဒနဲ့ ဖရင့်ဖု ဂိုဏ်း ( လူးကပ်စ်၊ ဘင်ဂျမင်း၊ ဟော့ကိုင်းမား၊ အဒေါနို၊ မားကျူ၊ ဟားဘားမတ် )
၇။ ပြင်သစ် အဆောက်အအုံ ဝါဒ ( လေးဗီးစထရိုး၊ လာကွန်၊ အာတုဆေ )
၈။ အဆောက်အအုံ လွန် ဝါဒ နဲ့ ပို့စ်မော်ဒန် ဝါဒ ( ဖူးကိုး၊ ဒဲရီဒါ၊ ဒီလူးစ် ၊ လီယိုတာ၊ ဘိုးဒရီးလျ )
၉။ ဣတ္ထိယဝါဒ ( အီရီဂါရေး၊ ယူလီယာ ခရစ္စတိုဗာ )

To be Continue.

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: