ကွန်တီနမ်တဲလ်ဒဿနပညာ(၃)

ဥာဏ်ပညာနှင့် အသိပညာ

အစဉ်အလာဒဿန ပညာ လမ်းကြောင်းမှာ ဒဿနပညာဆိုတာ ဘာလဲ အတွက် ခေတ်အစားဆုံး အပြောအဆိုကတော့ ဥာဏ်ပညာကို ချစ်မြတ်နိုးခြင်း ဆိုတဲ့ စကားစု ပါပဲ။ ဒါပေမယ့် ကနေ့ ဒဿနပညာရပ်နယ်၊ တက္ကသိုလ်ပရဝုဏ် အတွင်း ဒဿနဌာန အတွင်းက ပညာရှင် တစ်ဦးဦးက သူဟာ ဆော့ခရတ္တိ လုပ်ခဲ့သလို ကောင်းမွန်တဲ့ လူသားဘဝကို လမ်းညွှန်နိုင်မယ့် အရာတွေကို ရှာဖွေပါတယ်လို့ ဘယ်သူမှ မလုပ်ကြတော့ ပါဘူး။ ကာလတရား ကွာခြားလာတာနဲ့ အမျှ ဥာဏ်ပညာ ကို ချစ်မြတ်နိုးခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ အမျိုးမျိုး ကွဲပြား သွားခဲ့တာပါပဲ။ ဆော့ခရတ္တိတုန်းက ဥာဏ်ပညာကို ချစ်မြတ်နိုးခြင်းဟာ ကောင်းမွန် တဲ့ ဘဝကို ဦးတည်နိုင်မယ့် ဥာဏ်ပညာကို ရှာဖွေတာ ဖြစ်ပါတယ်။ စတိုးနစ်တွေကျတော့ အမြင့်မားဆုံး ပျော်ရွှင်မှုကို ရရှိဖို့က သာလျှင် ဒဿန ပညာတစ်ရပ်လို ဖြစ်ခဲ့တာပါ။ ရှေးဂရိခေတ်မှာ ဒဿပညာရပ်ဟာ အမှန်တရားကို ရှာဖွေရေးပဲ။ အမှန်တရားဆိုတဲ့ အမည်နာမ အောက်မှာ ရှာဖွေကြတာ။ ဂရိတွေ အလိုအရတော့ Polis လို့ ခေါ်မယ်။ နေ့စဉ် လူနေမှု အခင်းအကျင်း အတွင်း နိုင်ငံရေး ဘဝအတွင်းက အရာတွေ အကြောင်း ရှာဖွေစဉ်းစားတာ ဒဿန ပညာရပ်ပဲ။ ၁၇ ရာစုမှာ တော့ နေ့စဉ် လူနေမှုဘဝကို ဂရိတွေလို သီအိုရီ ဆန်ဆန် မတွေ့တော့ဘဲ လက်တွေ့ကျကျ ပြုမူ ဆောင်ရွက်နိုင်မယ့် ပြုမူလှုပ်ရှားမှုပုံစံတွေကို ရှာဖွေ ဖော်ထုတ် လာကြပြန်ရော။
ဒီလို ကာလ တရား အမျိုးမျိုး အတွင်းမှာ ဒဿနပညာရဲ့ အလုပ်ဟာ အမျိုးမျိုး ကွဲပြား လာခဲ့ပေမယ့် တက္ကသိုလ်တွေ ဖြစ်ထွန်း ပေါ်ပေါက်လာမှု မှာတော့ ဒဿန ပညာ ဟာ အင်စတီကျူးရှင်း Institution အတွင်း ကျရောက်လာခဲ့တယ်။ အင်စတီကျူးရှင်း ခေါ်တဲ့ တက္ကသိုလ်ခြံဝင်း ထဲက ဒဿနပညာရှင် အများစု အတွက် ‘ဘဝရဲ့ အဓိပ္ပာယ်က ဘာလဲ’ ဆိုတဲ့ မေးခွန်းမျိုးဟာ ပေါ့ပျက်လွန်းသလို ဖြစ်နေတယ်။ တရားမျှတမှု၊ လွတ်လပ်မှု စတဲ့ အရာမျိုးတွေလောက် ကြီးကျယ်ခမ်းနားမှု မပေးနိုင်ပါဘူး။ အင်စတီကျူးရှင်း အတွင်းမှာ အလုပ်လုပ်နေပြီး လမ်းပေါ်လျောက်သွားနေတဲ့ ဆော့ခရတ္တိလို ဘဝရဲ့ အဓိပ္ပာယ်ဟာ ဘာလဲ လို့ မေးနိုင်ဖို့က သူတို့ အတွက် ဟာသ တစ်ခုလို ဖြစ်ခဲ့ကြတယ်။ ဒါကြောင့် တက္ကသိုလ် ပရိဝုဏ်အတွင်းက ဒဿနပညာရှင် (ဝါ) လွှမ်းမိုးကြီးစိုးဆဲ ပင်မ ရေစီးအတွင်းက ဒဿန ပညာရှင် တွေဟာ ‘စိတ်၊ စိတ်ဝိညာဉ်၊ ကိုယ်ခန္ဓာ’ ဆိုတဲ့ အရာတွေကိုသာ စိတ်ဝင်တစား လေ့လာ ပြောဆိုခဲ့တာ များပါတယ်။

လွှမ်းမိုးကြီးစိုးဆဲ ဒဿနပညာ စိတ်ဝင်စားတာက ဥာဏ်ပညာ wisdom ဆိုတာထက် အသိပညာ knowledge သာလျင် ဖြစ်လာခဲ့တယ်။ အရာဝတ္ထုတွေ၊ အကြောင်း ကိစ္စရပ်တွေ ဘယ်လို ဖြစ်ပျက်နေ၊ တည်ရှိနေလဲ ဆိုတာ သိနိုင်မယ့် လမ်းကြောင်း ( ဝါ ) အသိပညာ၊ သိမှုဗေဒကို သာ စိတ်ဝင်စားတယ်။ ဒဿန ပညာဟာ သိပ္ပံနည်းကျမှုရဲ့ လက်အောက်ခံထဲကို ထည့်ခံလိုက်ရတယ်။ အထူးသဖြင့် သဘာဝ သိပ္ပံပညာရဲ့ လက်အောက်ထဲကိုပေါ့လေ။ တက္ကသိုလ် အင်စတီကျူးရှင်း တွေ အခြေတည်တံ့ ခိုင်မြဲလာမှုနဲ့ အတူ ဒဿနပညာဟာ အာရုံအခြေပြုဝါဒ နဲ့ လက်တွေ့စမ်းသပ်၊ သက်သေ ထုတ်ပြပြီး သိမှုရဲ့ အလုပ်လုပ်ပုံ ကို ရှာဖွေတော့တာပါပဲ။ ဒဿနပညာရဲ့ သိမှုဗေဒ (ဝါ) အသိပညာ သီအိုရီရယ်လို့ ၁၇ ရာစုမှာ ဖြစ်တည်လာတယ်။ ဒီသဘောက ပင်မရေစီး ဒဿန ပညာရပ် ဖြစ်လာတာပါပဲ။ ဂျွန်လော့ခ်က ၁၆၈၉ မှာ An Essay Concerning Human Understanding သိပ္ပံနည်းကျ ဒဿန အဖြစ် ရေးသားတယ်။ ရီညာဒ် ဒေးကား ကတော့ ၁၆၄၁ ခုနှစ်လောက်ကပဲ Meditations on first Philosophy ကို ရေးခဲ့ပြီးပါပြီ။အရာဝတ္ထုတွေ၊ အကြောင်းအရာတွေ ဖြစ်ပျက်နေပုံကို လေ့လာကြည့်ဖို့ ကြိုးစားတာပါပဲ။
ကမ္ဘာလောကကြီးရဲ့ အရှိတရားနဲ့ ပတ်သက်တဲ့ အသိပညာ အပေါ် သိပ္ပံနည်းကျ လေ့လာမှုတွေဟာ ဘဝရဲ့ အဓိပ္ပာယ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကနေ တဖြည်းဖြည်း ဝေးကွာသွားစေတယ်။ ယခင် ဥာဏ်ပညာကို ချစ်မြတ်နိုးခြင်း ဆိုတဲ့ အဓိပ္ပာယ်တုန်းက ဒဿနပညာဟာ လူသား ဘဝရဲ့ အဓိပ္ပာယ်နဲ့ နေ့စဉ် လူနေမှု ဘဝ နေထိုင်ပုံတွေကို မေးခွန်းထုတ်ခဲ့တာ ရှိတယ်။ အသိပညာကို မေးခွန်းထုတ်ခဲ့တဲ့ ၁၇ ရာစု ကာလမှာတော့ ဒဿနပညာရဲ့ သဘောဟာ သိပ္ပံပညာ လက်အောက်ခံ လုံးလုံး ဖြစ်ပြီး အတော်ကလေး ပြောင်းလဲသွားရပါပြီ။

 

Nietzsche

ကွန်တီနာမ်တဲလ် ဒဿနပညာ အများစုရဲ့ သဘောက ဒီလိုကွာဟ သွားခဲ့တဲ့ ဥာဏ်ပညာ wisdom ရဲ့ အသိပညာကြားထဲမှာ ပြန်လည်ပေါင်းကူးဖို့ ကြိုးစား ခဲ့တာပဲ လို့ မြင်ကြည့်နိုင်တယ်။ တစ်နည်းအားဖြင့် လူသားဘဝ ဖြစ်တည်မှုနဲ့ ဒဿနဆိုင်ရာ သိပ္ပံနည်းကျ အမှန်တရား ကြားထဲကပဲ မေးခွန်းတွေကို မေးကြည့် တာပါပဲ။ ဟေဂယ်က အသိအမှတ်ပြုခံရခြင်း အတွက် ရှင်သန်မှုနဲ့ သေခြင်းတရား အကြား မှာ ဖြစ်ပေါ်နေတဲ့ ရုန်းကန်မှုတွေ၊ နစ်ရှေးက ဘုရားသခင် သေဆုံးသွား ပြီ၊ တန်ဖိုးစံတွေကို ပြန်လည်တန်ဖိုးဖြတ်ဖို့ လိုနေပြီ၊ ကားလ်မာက်စ်က အရင်းရှင်ဝါဒ အောက်မှာ သူဟာ သူ့ကိုယ်သူ ကင်းကွာနေတဲ့ ဖြစ်စဉ်၊ ပြီးတော့ လွတ်မြောက်မှု နဲ့ သာတူ ညီမျှမှု အခြေခံ လူမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်နေကြောင်း ၊ ဖရွိုက်က မသိစိတ်ရဲ့ ဖိနှိပ်သိုသိပ်မှုတွေဟာ အိပ်မက်ထဲမှာ ပြန်ပြီး ဘယ်လို အလုပ်လုပ်သလဲ ဆိုတာ၊ ပြီးတော့ ဟာသတွေ၊ လျှာချော်မှုတွေ စတဲ့ ဆင်ခြင်မှု မပါတဲ့ အပြုအမူတွေမှာ ဘယ်လို ပြန်ထွက်ပေါ်လာသလဲ ဆိုတဲ့ အကြောင်းတွေ ထွက်ပေါ်လာပါတယ်။ ၂၀ ရာစု အလယ်ပိုင်းက ကွန်တီနမ်တဲလ် ဒဿနပညာရှင်တွေကလည်း ဒီလိုပါပဲ။ ဟိုက်ဒေးဂါးက အာမခံချက်မရှိ မလုံခြုံတဲ့ လူမှုရေး ဘဝထဲက စိုးရိမ်ကြောင့်ကြမှု၊ ဆာ့တ်က လူသားရဲ့ တာဝန်နဲ့ လွတ်လပ်မှု၊ ကမူးကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း အပေါ် မေးခွန်းထုတ်ပြန်တယ်။ အီမန်နျူရယ် လေးမီးနကတော့ အဆုံးအစမဲ့ အကန့်အသတ်မရှိ လုပ်နေရမယ့် ဘေးဖယ်ထုတ်ခံရတာတွေ အပေါ် တာဝန်ယူမှု၊ ဖူးကိုး ကတော့ နေ့စဉ် လူနေမှု ဘဝထဲ အထိ ဝင်ရောက်နေတဲ့ လွှမ်းမိုးမှုတွေ အကြောင်းကို ပြောဖို့ ကြိုးစားကြတယ်။ ကွန်တီနမ်တဲလ်ဒဿနဟာ အင်္ဂလိပ်နဲ့ အမေရိကန် ပင်မ ရေစီး ဒဿနပညာရပ်ကနေ ခွဲထွက်လာတဲ့ ဒဿန၊ ခွဲခြမ်းစိတ်ဖြာ ဒဿနပညာနဲ့ ဆန့်ကျင်တဲ့ ဒဿနပညာ ဆိုတာနဲ့တင် မလုံလောက် သေးဘူး။ ကွန်တီနမ်တဲလ် ဒဿနပညာ ဆိုတာဟာ အင်္ဂလိပ်နဲ့ အမေရိကန် ဒဿန အစဉ်အလာမှာ ဘေးဖယ်ထုတ်ခဲ့တဲ့ အကြောင်းအရာတွေကို ကိုင်တွယ် ထားတဲ့ ဒဿနပညာ တစ်ခု ပါလို့လည်း အသိအမှတ်ပြုရမယ်။ တစ်နည်းအားဖြင့်တော့ ဘေးဖယ်ထုတ်ခံ ဒဿနပညာပါပဲ။

To be Continue.

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: