ပစ်ပယ်ခံလာရသော ဆင်ခြင်ခြင်းတရားနှင့် ဟေဂယ်လ်

 

Hegel

ဆင်ခြင်ခြင်းတရား ကြီးစိုးရာခေတ်သည် ဆယ့်ကိုးရာစုနှစ်ခေတ် ဖြစ်ပါသည်။ ဆယ့်ကိုးရာစု ခေတ်၏ အကျော်ကြားဆုံး ဖြစ်သော ဂျာမန် ဒဿနပညာရှင်များဖြစ်သည့် အီမန်နျူရယ်ကန့်သည် လည်းကောင်း၊ ဂျော့ဟေဂယ်လ်သည် လည်းကောင်း ဆင်ခြင်ခြင်းတရား၏ စွမ်းပကားကို ယုံကြည်ကြသူများ ဖြစ်ကြသည်။

ဟေဂယ်အဖို့ ဆင်ခြင်ခြင်း တရားသည် အလွန်တန်ခိုးကြီးမားသော တရားဖြစ်သည်။ စကြဝဠာအတွင်းရှိ လူသား တို့သည်လည်း အလွန်အရေးပါသော နေရာ၌ ရှိနေကြ၏။ သူတို့၌သာလျှင် ဆင်ခြင်ခြင်း တရားသည် ဝင်စားသည်။ သူတို့သည် ဆင်ခြင်ခြင်းတရား၏ ကိုယ်စားလှယ်များ ဖြစ်ကြသည်။ ထို့ကြောင့် ဟေဂယ်လ်၏ ဆေးခြယ်ချက် အရ ကမ္ဘာ မြေပေါ်ရှိ လူသား၏ ရုပ်အသွင်သည် အလွန်ပင် ခံ့ညားထည်ဝါ လှပေသည်။ လူသားသည် အားငယ်ရန် အကြောင်း လုံးဝ မရှိတော့ပေ။ လူသားသည် အဖြစ်မှန်ကို သိလိုသော ပြင်ပလောကကို မိမိ၏ အာရုံပေါက်များ အသုံးပြု၍ ကြည့်နေရန် မလို၊ တန်ခိုးကြီးမားလှသော ဆင်ခြင်ခြင်းတရား၏ အပိုင်းအစသည် မိမိ၏ စိတ်အတွင်း၌ပင် ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ဟေဂယ်လ် အလိုအားဖြင့် အမှန်တရား ဆိုသည်မှာလည်း သဘောတရားနှင့် အတွေ့အကြုံတို့အား ဟပ်ကြည့်နေရန် မဟုတ်၊ “သဘောတရားတို့ အချင်းချင်း ညီညွတ်မှု ရှိလျှင် ယင်းသည် အမှန်တရား ဖြစ်သည်” ဟု မှတ်ယူနိုင်သည်။

ဟေဂယ်လ် အလိုအတိုင်း ဖြစ်သည့် “ဆင်ခြင်ခြင်း တရားသည် ရွေ့လျားရင်း ပို၍ ပို၍ ပြည့်စုံလာသည်၊ လူတို့သည် ပို၍ ပို၍ ဆင်ခြင်ခြင်းတရား အပေါ် အမှီပြုလာသည်။ ထို့ကြောင့် လူ့သမိုင်းစဉ်ကြီးသည် ပို၍ ပို၍ တိုးတက်သာယာ လာသည်” ဟူသော အဆိုပြုချက်များကို နှစ်ဆယ်ရာစုခေတ်သို့ ရောက်လာသော အခါ သံသယ ရှိသူ ဒဿနပညာရှင်များ ပေါ်ထွက် လာသည်။ သည်အတွင်း နှစ်ဆယ်ရာစု ခေတ်ဆန်းစ ကာလမှာပင် ကမ္ဘာစစ်ကြီး တစ်ပွဲ ဖြစ်လိုက်သည်။ ခေတ် တစ်ဝက် မကျိုးမီ ဒုတိယ အကြိမ် ကမ္ဘာစစ်ကြီး တစ်ပွဲ ဖြစ်ပြန်သည်။ လူ့သမိုင်းစဉ် ဟူသည် ဆင်ခြင်ခြင်း တရားပေါ်ဝယ် အမှီပြုပြီး ပြောင်းလဲနေပါက အဘယ်ကြောင့် ကြောက်မက်ဖွယ်ကောင်းသော စစ်ကြီးများ ဖြစ်ပေါ်နေရသနည်း။ အဘယ်ကြောင့် လူတို့သည် ဆင်ခြင်ခြင်း တရားကို အခြေခံပြီး သဘောကွဲလွဲချက်များကို မဖြေရှင်းကြဘဲ လက်နက်ကိုင်စွဲကာ တစ်ဦးကို တစ်ဦး သတ်ဖြတ်ခြင်းဖြင့် ဖြေရှင်းကြရပါသနည်း။ ဤမေးခွန်းများကို ဒဿနပညာရှင်တို့ မေးလာကြသည်။ ဟေဂယ်လ်၏ အလိုအားဖြင့် အမှန်တရားဟူသည် သဘောတရားတို့ အချင်းချင်း ညီညွတ်မှု ရှိခြင်းကို ဆိုလိုသည်။ ဟေဂယ်လ်၏ ဒဿန အယူအဆများ အချင်းချင်းသည် ညီညွတ်မှုရှိပြီး သူ၏ ဒဿနစနစ်ကြီးသည် အလွန်ခမ်းနား လှပသော စနစ်ကြီး ဖြစ်သည်။ သို့သော် အဘယ်ကြောင့် သူ၏ သင်ကြားချက်များသည် မှားနေရပါသနည်း။ အဘယ်ကြောင့် အနန္တ ဝိညာဉ် တော်ကြီး ဝင်စား လှုပ်ရှားသည် ဆိုသော ဂျာမန်လူမျိုး တို့သည် ကမ္ဘာစစ်ပွဲ နှစ်ပွဲ စလုံးတွင် ရှုံးခြင်းဖြင့် အဆုံးသတ် ရပါသနည်း။

နှစ်ဆယ်ရာစု ခေတ် ဒဿန ပညာရှင်များသည် ဟေဂယ် သင်ကြားခဲ့သမျှနှင့် ပတ်သက်ပြီး မေးခွန်းထုတ်လာကြသည်။ သူ၏ အယူအဆများကို တစ်ခုပြီး တစ်ခု စစ်ဆေးကြည့်ကြသည်။ ထို့နောက် ဟေဂယ်အား ပစ်ပယ်လိုက်ကြသည်။ ထို့နောက် ဆင်ခြင်ခြင်းတရားကိုလည်း ပစ်ပယ်ရန် အမျိုးမျိုး ကြိုးစားကြသည်။ အနန္တဝိညာဉ်တော်ကြီး အဖြစ် ရပ်တည် သော ဆင်ခြင်ခြင်း တရားမှာ မူကား လုံးဝ ပစ်ပယ်ခြင်း ကို ခံရတော့သည်။

နှစ်ဆယ်ရာစုခေတ်တွင် ရှင်သန်လှုပ်ရှားနေသော ဒဿနဂိုဏ်းတိုင်းလိုလိုပင် ဟေဂယ်၏ လောင်းရိပ်အောက်မှ ထွက် လာပြီး ဟေဂယ်ကို တော်လှန်ကြသော ဂိုဏ်းများ ဖြစ်လာကြသည်။ ကားလ်မတ်စ်သည် မိမိ၏ အတွေး အခေါ်ကို မတည်ဆောက်မီ လက်ဝဲ ဟေဂယ်လ် ဝါဒီ တစ်ယောက် ဖြစ်ခဲ့သည်။ အိတ်ဇစ်တန်ရှယ်လစ် ဝါဒကို ထင်ပေါ်အောင် ပြုစုပျိုးထောင်သူ ကဲကီဂါတ်သည် ဟေဂယ်၏ အတွေးအခေါ်ကို လေ့လာပြီးမှ အိတ်ဇစ်တန်ရှယ်လစ်ဝါဒီ ( ဖြစ်တည်မှု ပဓာန ဝါဒီ ) တစ်ဦး ဖြစ်လာရသည်။ ခွဲခြမ်းစိတ်ဖြာ ဒဿန ဝါဒီများ ဖြစ်ကြသော ဗီယာနာ အသိုင်းအဝိုင်းဝင်များ အားလုံး သည် လည်းကောင်း၊ ဘာထရန်ရပ်ဆယ် သည် လည်းကောင်း၊ ဂျီအီးမိုးသည် လည်းကောင်း ဟေဂယ်လ်၏ အတွေး အခေါ် များကို ရှေးဦးစွာ လေ့လာပြီးမှ မိမိတို့၏ ကိုယ်ပိုင် အယူအဆများကို ရရှိကြသူများ ဖြစ်ကြသည်။ ပရက်မက်တစ် ဝါဒီ ဖြစ်သော ဝီလျံဂျိမ်းသည် သူ၏ အရေးအသားများတွင် ဟေဂယ်ဝါဒကို အစဉ်ဝေဖန်ပြသည်။ ပြီးမှ သူ့ဝါဒကို တင်ပြသည်။ အခြားထင်ရှားသည့် ပရက်မက်တစ်ဝါဒီ ( ပရက်မက်တစ် ဆိုသည်မှာ လက်တွေ့ အကျိုးကြည့် ဝါဒ ကို ဆိုလိုသည် ) တစ်ဦး ဖြစ်သူ ဂျွန်ဒူဝီသည် ကျောင်းသား ဘဝက ဟေဂယ်ဝါဒီတစ်ဦး ဖြစ်ခဲ့ဖူး၏ ။

ဟေဂယ်သည် ဆယ့်ကိုးရာစုခေတ် အတွင်းက ဒဿန ပညာ၏ အထွတ်အထိပ်သို့ ရောက်ခဲ့သူ ဖြစ်သည်။ နှစ်ဆယ်ရာစု ခေတ်တွင် ဒဿနပညာရှင်တို့သည် သူ၏ အတွေးအခေါ်ကို တစ်နည်းမဟုတ်တစ်နည်းဖြင့် ပလ္လင်ပေါ်မှ ဆွဲချကြသည်။ အချို့က ဟေဂယ် သင်ကြားခဲ့သော အယူအဆတစ်ခု ဖြစ်သည့် “ဆင်ခြင်ခြင်းတရားသည် သဘာဝ လောက အပါအဝင် စကြဝဠာကြီး၏ အခြေခံဖြစ်သည်” ဟူသော အယူအဆကို ပြောင်းပြန် လှန်ပစ်ကြသည်။ အချို့က အနန္တ ဝိညာဉ်တော်ကြီး ကို ဆင်ခြင်ခြင်းတရားနှင့် ခွဲခွာပစ်ကြသည်။ အချို့က ဟေဂယ်လ်၏ သင်ကြားချက်တစ်ခု ဖြစ်သော “အမှန်တရားဟူသည် သဘောတရားတို့ တစ်ခုနှင့် တစ်ခု ညီညွတ်ခြင်းပင် ဖြစ်သည်” ဟူသော အယူအဆကို ဖယ်ရှားပစ်ကြသည်။ အချို့က ဟေဂယ်၏ သင်ကြားချက်များတွင် ပါရှိသော အယူအဆ အားလုံးကို ဝါကျများ အဖြစ် တည်ဆောက်ပြီး ယင်းဝါကျများကို ခွဲခြမ်း စိတ်ဖြာကြည့်ကာ နောက်ဆုံး၌ လွှင့်ပစ်လိုက်ကြသည်။ ဟေဂယ်၏ အတွေးအခေါ် ရုပ်ပုံလွှာသည် နှစ်ဆယ် ရာစုခေတ်တွင် အစိတ်စိတ် အမြွာမြွာ ဖြစ်သွားသည်။

Ref – Sayar Dr.KMW’s.

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: