ထိန်းကျောင်းမှု အကျင့်အကြံတရား

TAO

တစ်ချိန်က အကိုလေးမောင့်စံ နှင့် အကိုတော် ၅၀၇ တို့ တောင်းဆို ထားခဲ့သည့် ဆန္ဒများ အထိုက်အလျောက် ပြေပါစေရန် ဤပို့စ်ကို ရေးပါသည်။ အကျဉ်းရေးခဲ့သော ပို့စ်များတွင် ကျနော့ တစ်ဦးတည်း သဘောဖြင့်သာ ရေးခဲ့သောကြောင့် လစ်ဟာခဲ့သည်များ အများအပြား ရှိသည်။ တာအိုဝါဒနှင့် ပတ်သက်၍ ဆက်လက်တင်သွားပါမည် ဟုလည်း ကတိခံခဲ့ပါသည်။ ဤပို့စ်သည် ယင်းဂတိအတွက် တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

ရှေးဟောင်း တရုတ်တို့ တာအိုဝါဒ ကျမ်းစာ  တောက်တယ်ကျင်း (ဟု နီးစပ် အသံထွက်သည် ) “Tao – Teh – Ching” တွင် လင်္ကာစာပိုဒ်ရေ ၈၁ ပိုဒ် ပါရှိကြောင်း ရှေ့က ဆိုခဲ့ပြီးပါပြီ။ ယခုမှာ ယင်း စာပိုဒ်များမှ အပိုဒ်ရေ ၅၉ ကို ထုတ်နှုတ်ထားခြင်း ဖြစ်သည်။ တရုတ်ဘာသာကို ကျနော် မသိပါ။ ယင်းဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားသော စာမူကွဲများ အများ အပြား ရှိသည်ကို လည်းကောင်း၊ မြန်မာပြန်ပြီးသားတွင် ရှိပြီးဖြစ်သည့် ဆရာသက်လုံ၏ စေ့ထားသော တံခါးများ အတွဲ ၂ ကို အထူးသဖြင့် ကိုးကား၍ ( အများစုကို တိုက်ရိုက်ကူးယူ၍ ) လည်းကောင်း ရေးပါသည်။

ဤပို့စ်တွင် ပါရှိသော English Version များ၊ မှတ်ချက်များ၊ ဓါတ်ပုံများသည် ဖြည့်စွက်ထားခြင်းဖြစ်ပြီး တစ်အုပ်လုံးအနေဖြင့် မဟုတ်သောကြောင့် စာဖတ်သူ နားမလည်နိုင်မည့် အပိုင်းများ၊ စာသားများ၊ စကားစပ်များကို ချန်လှပ် ပြင်ဆင်ထားသည်မှ အပ ကျန်သည်တို့မှာ ဆရာသက်လုံ၏ အာဘော် အတိုင်း ဖြစ်သည်။

ကွယ်လွန်သွားရှာပြီဖြစ်သော ဆရာသက်လုံကို ဤပို့စ်ဖြင့် ကန်တော့အပ်ပါသည်။

…………………………
တောက်တယ်ကျင်း လင်္ကာ အပိုဒ်ရေ ၅၉

မြေကြီးကို စိုးမိုးရာတွင် လည်းကောင်း၊
ကောင်းကင်ကို ခစားရာတွင် လည်းကောင်း၊
ထိန်းကျောင်းခြင်းတရားကို သာလွန်နိုင်သော အရာမရှိချေ။

ထိန်းကျောင်းခြင်း အားဖြင့်သာ မူလဓမ္မသို့ ပြန်ရောက်၏။
မူလဓမ္မသို့ ပြန်ရောက်ခြင်းကို ဓမ္မ၏ ဂုဏ်ရည်များ အထပ်ထပ် စုစည်းမိခြင်းဟု ခေါ်သည်။
ဂုဏ်ရည်များ အထပ်ထပ် စုစည်းမိလျှင် အရာရာကို ချုပ်ကိုင် နိုင်သည်။
ယင်းသို့ ချုပ်ကိုင် နိုင်မှု မျိုးတွင် ဘောင် အကန့်အသတ်မရှိ၊ နယ်နိမိတ် မရှိ။
အကန့်အသတ် ဘောင်နိမိတ် မရှိခဲ့သော စိုးအုပ်ရခြင်း ဖြစ်သည်။

မိခင်သည် မိမိ၏ ရင်သွေးများကို စိုးမိုးအုပ်ချုပ်သကဲ့သို့ စိုးအုပ်ခြင်းမျိုး ဖြစ်သည်။
ယင်းသို့မှသာ ကြာရှည်တည်တံ့ ခိုင်မြဲသည်။
ခိုင်ကျည်သော ပင်စည်၊ နက်ရှိုင်းသော အမြစ်ရှိသည့် သစ်ပင်နှင့် သဏ္ဍာန် တူ၏။
ဤသို့ဖြင့် အသက်ရှည်စေတတ်သော ဓမ္မကို ဖော်ပြခြင်း ဖြစ်တော့သည်။

တရုတ်ရှေးဟောင်းကျမ်းများကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရာတွင် နာမည်ကျော်ခဲ့သည့်
ဆရာ James Legge ၏ ဘာသာပြန် English Version

Guarding the Tao

For regulating the human (in our constitution) and rendering the (proper) service to the heavenly, there is nothing like moderation.

It is only by this moderation that there is effected an early return (to man’s normal state). That early return is what I call the repeated accumulation of the attributes (of the Tao). With that repeated accumulation of those attributes, there comes the subjugation (of every obstacle to such return). Of this subjugation we know not what shall be the limit; and when one knows not what the limit shall be, he may be the ruler of a state.

He who possesses the mother of the state may continue long. His case is like that (of the plant) of which we say that its roots are deep and its flower stalks firm:—this is the way to secure that its enduring life shall long be seen.

တရုတ်အမျိုးသား ပညာရှင် Gia Fu Feng ပြန်ဆိုသော English Version
( မှတ်ချက် – ဤ Version မှာ အလွယ်နှင့် တိုလွန်းသည်ဟု ထင်ပါသည် )

In caring for others and serving heaven,
There is nothing like using restraint.
Restraint begins with giving up one’s own ideas.
This depends on Virtue gathered in the past.
If there is a good store of Virtue, then nothing is impossible.
If nothing is impossible, then there are no limits.
If a man knows no limits, then he is fit to be a ruler.
The mother principle of ruling holds good for a long time.
This is called having deep roots and a firm foundation,
The Tao of long life and eternal vision

 

LaoTzu

ယခင် ဟိန္ဒူဝါဒဂိုဏ်းခွဲ တန်တြကျမ်းများကို လေ့လာခဲ့စဉ်က “ကလေးငယ်သည် ဆော့ကစားနေစဉ် ဟိုသည် ပြေးလွှား နေငြားသော်လည်း အိပ်ပျော်လျှင်ကား မိခင်၏ ရင်ခွင်သို့ ခိုမှီမြဲတည်း” ဟူသော သဘောကို နားလည်ခဲ့ရဖူးသည်။ ယခုလည်း ယင်းသဘောနှင့် အလားသဏ္ဍာန် တူညီသည်။

မြေကြီးဟူသော စကားဖြင့် တာအိုပညာရှိတို့သည် ရုပ်တရားကို ဆို၏။ ကောင်းကင်ဟူသော စကားဖြင့် နာမ်တရားကို ဆို၏။ အနောက်တိုင်း သိပ္ပံပညာ ထွန်းကားစေသော အတွေးလမ်းကြောင်းတွင် ရုပ်တရားကို အလေးပြု၍ တွေးခေါ်ပြီး အရှေ့တိုင်းသည် နာမ်တရားကို အလေးပြု၍ တွေးခေါ်သည်။

ရုပ်တရားတို့၏ အစသည် လောကဓာတ်ကြီး စတင်ဖြစ်ပေါ်လာသော အစပင် ဖြစ်၍ ယင်းရုပ်တို့၏ အစကို သိပ္ပံပညာသည် တပ်အပ်သေချာ ရှာမတွေ့သေးချေ။ ထို့ကြောင့် အနောက်တိုင်းသည် ယနေ့ထက်တိုင်ပင် ရုပ်တရားနယ်ပယ်၌ ရှိနေကြသေးသည်။

အရှေ့တိုင်း အနေနှင့်ကား သိပ္ပံပညာကဲ့သို့ ဓာတ်ခွဲခန်းတွင် လက်တွေ့ မပြနိုင်သော်လည်း စိတ်အတွေ့အကြုံအားဖြင့် နိယာမ ဥပဒေသများကို ဖော်ထုတ်ကြသည်။ ရုပ်တရားတို့၏ အစသည် နာမ်တရားများတွင် ရှိ၍ နာမ်တရားတို့၏ အစကိုသာလျှင် မူလတရား ( ဝါ ) မူလဓမ္မ ( ဝါ ) မိခင်တို့၏ မိခင် ဖြစ်သည်ဟု တွေးခေါ် ခံယူထားကြသည်။

ရုပ်တရား၏ မိခင်သည် ကျနော်တို့ကို မွေးထုတ်ပေးလိုက်သော မိခင်ဖြစ်ပြီး ရုပ်တရား၏ ဗီဇသည် လူသားဖခင် ဖြစ်သည်။ နာမ်တရား၏ မိခင်သည် မူလ ဓမ္မသာ ဖြစ်သည် ဆိုသည်။ ယင်းကို တရုတ်ဝေါဟာရဖြင့် “ယိ” ဟုခေါ်သည်။ “တစ်” ဟု အဓိပ္ပာယ်ရလိမ့်မည်။ တစ်၏ ဗီဇမျိုးစေ့သည် သုညမှ ကျလာခြင်း ဖြစ်သည်ဆိုသည်ကို မူ ဤပို့စ်နှင့် မသက်ဆိုင်သောကြောင့် ချန်လှပ်ထားခဲ့ပါမည်။

ကလေးငယ်သည် မြူးထူးပျော်ပါးရာတွင် မိခင်နှင့် ဝေးရာသွား၍ ပြေးလွှားကစားနေတတ်သည်။ သို့သော် အေးချမ်းငြိမ်သက်မှု အရသာနှင့် အနားယူသော အခါတွင်ကား မိခင်၏ ရင်ခွင်တွင် ခိုဝင်ရောက်လာရသည်ချည်း ဖြစ်သည်။
အလားတူပင် ကျနော်တို့၏ အာရုံတို့သည် စိတ်ပျော်ပါးရာကို လိုက်၍ မြူးထူးပြေးလွှားနေသရွေ့ ကာလပတ်လုံး ကျနော်တို့သည် မိခင်၏ ရင်ခွင်နှင့် ဝေး၍ အေးချမ်းသော အရသာကို မခံစားနိုင်ကြချေ။

ဥပမာ ဆိုရလျှင် – ကျနော်သည် မြို့၏ တောင်ဘက် တံခါးဝတွင်ရောက်နေခဲ့သော် မြို့သည် ကျနော်၏ မြောက်ဘက်တွင် ရှိမည်။ သို့မဟုတ် ကျနော်သည် မြို့၏ မြောက်ဘက် တံခါးဝတွင် ရောက်နေခဲ့သော် မြို့သည် ကျနော်၏ တောင်ဘက်တွင် ရှိနေမည်။ စင်စစ် ရွေ့လျားနေသည်ကား မြို့မဟုတ်၊ ကျနော်က ရွေ့လျားနေခြင်းသာ ဖြစ်သည်။

ယင်းဥပမာနှင့်အလားတူ ကျနော်တို့ အာရုံများ ရွေ့လျားနေသောကြောင့်သာ အရာရာသည် ရွေ့လျားနေကြသည်ဟု တွေ့မြင်ခံစားကြရခြင်း ဖြစ်သည်။ အကယ်၍ ကျနော်တို့ အာရုံကို စုစည်းပြီး တစ်နေရာတည်းတွင် ငြိမ်သက်နေမည် ဆိုလျှင် ထာဝစဉ် လှုပ်ရှားနေသည် ဆိုသော လောကကြီး တစ်ခုလုံးသည် ဖြုန်းကနဲ ရပ်၍ ငြိမ်သက်သွားမည် ဖြစ်သည်။ ဤသည်မှာ အချိန်မလပ် တဖြတ်ဖြတ် လှုပ်ရှားနေမှုများ ထဲမှ တည်ငြိမ်နေမှု အခံဓာတ်ကို တွေ့မြင်ခံစား လိုက်ရခြင်း ဖြစ်သည်။ သချာင်္နည်းဖြင့် ဆိုသော် မြောက်မြားစွာသော ဂဏန်းစဉ် အပေါင်းတို့တွင် ဂဏန်းတိုင်း၏ အခြေခံဖြစ်သော “တစ်” ကို တွေ့ရှိရခြင်း ဖြစ်သည်။

“တစ်” တည်းဟူသော မူလဓမ္မသို့ ရောက်ရန်အတွက် သူ့ထက် ပို၍ ကောင်းမွန်သော အရာ မရှိလောက်သည့် နည်းလမ်းမှာ အာရုံတို့ကို ထိန်းသိမ်း စောင့်ရှောက်သော နည်းလမ်းပင် ဖြစ်သည်။ အာရုံကို ခံစားသည် ဆိုသည်မှာ စိတ်ဖြင့်သာ ခံစားခြင်း ဖြစ်သည်။ ဥပမာ – စားပွဲပေါ်မှ ပစ္စည်းများကို လက်ဖြင့် စမ်းသပ် ရွေးယူရာတွင် လက်ကို ဆန့်တန်း၍ ရွေးချယ် ယူငယ် သကဲ့သို့ စိတ်သည် အတွေးကို ဆန့်တန်း၍ လိုရာအာရုံကို သိမ်းငင်တတ်ပေသည်။ ခိုက်ခိုက်တုန်အောင် ချမ်းလာသော အခါ ကျနော်တို့သည် လက်တို့ကို စုရုံး၍ ကိုယ့်ကိုယ် ခန္ဓာကို ကိုယ် ပြန်ဖက်ထားသကဲ့သို့ စိတ်သည် အတွေးကို ပြန်စုရုံး ခေါ်ငင်၍ တစ်နေရာတွင် သိမ်းကျုံးစုစည်းမိသော အခါ မူလဓမ္မသို့ ရောက်ရတော့သည် ဆိုသည်။ ယင်းတွင် နာမ်တရားတို့၏ မူလ အစသို့ ရောက်နေရခြင်း ဖြစ်၍ အခိုက်အတန့်အားဖြင့် ရုပ်တရားတို့ ပျောက်နေကြသည်။

မူလဓမ္မသို့ ပြန်ရောက် ခိုဝင်နေမိသော အခါတွင် အေးချမ်းမှုကို ခံစားရ၏။ ( တစ်၏ အေးချမ်းခြင်းသာ ဖြစ်၍ သုညတ၏ လစ်ဟာမှု မဟုတ်သောကြောင့် ချုပ်ငြိမ်းခြင်း မဟုတ်သေးပါ ) လောကဓာတ် တစ်ခုလုံးမှ အရာရာသည် ဓမ္မတွင်သာ မြစ်ဖျားခံကြ၍ ဓမ္မတွင်သာ ဗဟိုပြုကြရသည်။ ထီးခရိုင်တို့သည် ထီးချက်တွင်သာ စုစည်းရသကဲ့သို့ ဖြစ်သည်။ ထို့ကြောင့်ပင် တာအို ပညာရှိများက “မူလဓမ္မသို့ ပြန်ရောက်လျှင် အရာရာကို ချုပ်ကိုင်နိုင်၏” ဟု ဆိုမိန့်ခဲ့ကြခြင်း ဖြစ်သည်။

မိခင်၏ အုပ်စိုးခြင်းသည် ဗဟိုချက်မှ စိုးအုပ်ခြင်း ဖြစ်သဖြင့် ဤသို့သော ချုပ်ကိုင်အစိုးရခြင်းသည် ကြာရှည်တည်တံ့ခိုင်မြဲသည်။ ပင်စည် ခိုင်ခံ၍ အမြစ်ရှည်သော သစ်ပင်သည် ကြာမြင့်စွာ တည်နိုင်သကဲ့သို့ ဓမ္မသို့ ခိုဝင်သော အကျင့် ရှိသူသည် ကျန်းမာ၍ အသက်ရှည်သည်။ အရာရာကို စိုးမိုးနိုင်သည်။

ပြေးလွှားကျက်စားပြီး ရာဂ၊ ဒေါသ၊ မာန၊ စသော စိတ်ခံစားမှုများကို သယ်လာတတ်သည့် အာရုံမြူးထူးခြင်းများ သိမ်းငင် စုစည်းခြင်းကိုပင် ထိန်းသိမ်းခြင်းတရားဟု ဆိုပါသည်။ တစ်နည်းအားဖြင့် ဣနြေ္ဒကို စောင့်ရှောက်ခြင်းဟု ခေါ်နိုင်သည်။

ရုပ်တရားတည်းဟူသော ကိုယ်ခန္ဓာ (မြေ) ကို ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင် စိုးမိုးလိုလျှင် သော် လည်းကောင်း၊ နာမ်တရားတည်းဟူသော စိတ် (ကောင်းကင်) ကို နိုင်နိုင်နင်းနင်း ချုပ်ကိုင် စိုးမိုးလိုလျှင်သော် လည်းကောင်း ကျနော်တို့သည် အာရုံတို့ကို သိမ်းငင် စုစည်း ထိမ်းကျောင်းသော အကျင့်ကို ကျင့်ကြံရပေလိမ့်မည်။ ပြေးလွှား ဆော့ကစားနေသော ကလေးကို ခေါ်၍ မိခင်၏ ရင်ခွင်တွင်းဝယ် ခိုဝင် နားနေ စေရလိမ့်မည်။ သို့မှသာ မိခင်၏ ထွေးပိုက်ယုယမှုဖြင့် ကလေးငယ်သည် ငြိမ်သက်သွားပြီး ပြေးလွှားကစားသဖြင့် ရအပ်သော လောကီ သုခတို့ထက် ဆထက်ထမ်းပိုးသာလွန်သော မိခင်ရင်ခွင် လောကုတ္တရာ သုခကို ရရှိပေလိမ့်မည်။ ဓမ္မသည် အရာရာတို့၏ မိခင်ဖြစ်သဖြင့် ပညာ၏ မိခင်သည်လည်း ဖြစ်သောကြောင့် လေးနက်သော ပညာများကိုလည်း ရှုမြင်ပွားများ ခံစားရပေလိမ့်မည်။ မဟာယာန ဂိုဏ်းဆိုင်ရာ စကားနှင့် ဆိုလျှင် မိခင်တို့၏ မိခင်ရင်ခွင်သို့ ရောက်ခြင်းသည် အရိယာဟု ခေါ်ပြီး သူ၏ အထက်တွင် ဗောဓိသတ္တ ( Bodhisattva ) သာ ကျန်တော့သည်။

တာအိုဘာသာတွင် ထိန်းကျောင်းမှု ဤအကျင့်တရားသည် အရေးကြီးသော “အဇ္ဈတ္တိက လုပ်ငန်းတာဝန်” ဖြစ်သည်။ မကျင့်မနေရ ကျင့်ကြံရသော အကျင့်တစ်ခုဖြစ်ပြီး တာအိုဘာသာ၏ ပဋိပတ် ဟုလည်း ခေါ်နိုင်ပါသည်။

ဤနေရာတွင် တာအိုဘာသာဂိုဏ်း ဆရာတော် ကုန်ချန် ၏ ကျမ်းတစ်ဆူမှ အကျဉ်းသဘော ထုတ်နုတ်တင်ပြလိုက်ပါသည်။ ဤဘာသာတွင် ယင်းအကျင့်ကို “ပျောက်ဆုံးနေသာ စိတ်အား တွေ့မြင်အောင် ရှာသောနည်း” ဟု ဆိုသည်။ စိတ်ကို လေ့ကျင့်ပေးသော နည်းပင် ဖြစ်ပါသည်။ (မှတ်ချက်- အထူးအဆန်းတော့ မဟုတ်ပါ။ ကျနော်တို့ ဗုဒ္ဓဘာသာတွင်လည်း အခြေခံအားဖြင့် ရှိသည်ဟု ကြားဖူးပါသည်။ စိတ်အေးချမ်းရာ ဘာသာတရားလိုက်စားတတ်ကြသူများ အထိုက်အလျောက် သိရှိပြီး ဖြစ်ကြပါမည်။ ) ငြိမ်သက်စွာ ထိုင်၍ ဘာဝနာမှု ပြုခြင်းသည် စိတ်ကို ထိန်းသိမ်းသည့် သဘာဝကျသော နည်းပင် ဖြစ်သည်။ ပညာနှင့် အသိဥာဏ်တို့မည်သည် စိတ်၏ ဂုဏ်အင်္ဂါရပ်များ ဖြစ်သည့်အလျောက် ယင်းတို့ကို ရုပ်ခန္ဓာနှင့် အာရုံများ ငြိမ်သက် အေးချမ်းနေမှသာလျှင် ရရှိနိုင်ပေသည်။

နံနက်နှင့် ညဥ့်များတွင် စတင်ကျင့်ကြံခြင်းက အကောင်းဆုံးဖြစ်သည်။ ပဒုမာသန ထိုင်ဟန်ဖြင့် ထိုင်ရသည်။ တင်ပျဉ်ခွေ၍ ခြေဖဝါးနှစ်ဘက်ကို လှန်ထားသော ထိုင်နည်းကို ဆိုလိုသည်။ ထို့နောက် မျက်စိများကို ပိတ်ကာ လျှာကို အာခေါင်တွင် ဖိကပ်ထား၍ စိတ်ကို အေးချမ်းစေပြီး ယင်းစိတ်ကိုပင် ပြန်ရှုနေရသည်။ ( မှတ်ချက် – ဤနေရာတွင် လျှာကို အာခေါင်တွင် ဖိကပ်ထားခြင်း ဆိုသည့်အချက်မှာ ဟိန္ဒူ၊ တန်တြ၊ မဟာယာန စသည့် ဝါဒတို့၏ အကျင့်အကြံများတွင် အများအားဖြင့် တွေ့ရတတ်ပါသည်။)

စိတ်ရှုပ်စရာများ၊ သောကများ၊ အချည်းနှီး မျော်လင့်ချက်များကို မေ့ဖျောက်ဖယ်ရှားထားရသည်။ စိတ်အာရုံတွင် ပေါ်ပေါက်လာသော အမှား ၊ အမှန် ခွဲခြမ်းစိတ်ဖြာနေခြင်းများလည်း မပြုလုပ်ရ၊ ကိုယ်ခန္ဓာကို လှုပ်ရှားတုန်ခါ နေခြင်းမျိုးလည်း မပြုရ၊ မည်သည့်စိတ်ကူး အတွေးကိုမျှ ဝင်ရောက်လာခြင်းကို လက်မခံရ။ တစ်နည်းဆိုသော် စိတ်ကို အနားပေး၍ စိတ်အလုပ်ဟူသမျှ ဘာတစ်ခုမျှ မလုပ်စေခြင်း ဖြစ်သည်။

စိတ်ခံစားမှု ဘာမျှ မဖြစ်ပေါ်စေဘဲ သောကပူပန်မှု အားလုံးကို ရပ်စဲထားရသည်။ ဗာဟိရာယတန တည်းဟူသော ပြင်ပအာရုံတည်ရာများနှင့် အဇ္ဈတ္တိကာယတန ( ခေါ် ) အတွင်းအာရုံတည်ရာများ အားလုံး၊ အာရုံအလိုက် လိုအင်ဆန္ဒများ အားလုံးကို ဖယ်ရှား မောင်းထုတ်ထားရသည်။ စိတ်ကို ဤသို့သော အဆင့်တွင် တည်ထား၍ ရရှိသော အခြေအနေသည် “ယီကျင်း” ခေါ် “ပြောင်းလဲခြင်းတရား” ကျမ်း ( တရုတ်ရှေးဟောင်းကျမ်း ) တွင် “အရာရာသည် လှုပ်ရှားမှုမရှိတော့ဘဲ လုံးဝငြိမ်သက်နေသော အခြေအနေ” ဟု ခေါ်သည်။ ထို့ပြင် “တာရွဲ့” ဟု ခေါ်သော “မဟာပညာကျမ်း” တွင် ဖော်ပြထားသည့်

“စိတ်ကို မည်သို့ အနားပေးထားလျှင် သင့်တော်မည်ဟု သိပြီးသော အခါ၌ စိတ်သည် ဆောက်တည်ရာကို ရရှိ၏။ အနှောင့်အယှက်ကင်း၍ ယောက်ယက်ခတ်မှု ကင်း၏။ ထိုအခါတွင် မိမိ၏ စိတ်သည် အေးချမ်းငြိမ်သက်၍ တိတ်ဆိတ်နေတော့သည်”

– ဟူသော စကားနှင့်လည်း ညီလေသည်။ ဤသို့ စွဲမြဲလေ့ကျင့်ပေးသည် ရှိသော် မူရင်းဖြစ်သော စိတ်၏ သဘာဝကို ရရှိထိန်းသိမ်းပြီးသား ဖြစ်လာရတော့သည်။

ဤသည်မှာ တာအိုဘာသာတွင် ဖော်ပြအပ်သော အကျင့်အကြံပင် ဖြစ်ပါသည်။

Further Study အဖြစ်
တာအိုဘာသာနှင့် ဆက်ဆိုင်သည်များကို
http://www.thetao.info/
http://www.taoistic.com/
http://www.iging.com/
http://ramblingtaoist.blogspot.com/
http://practicethetao.blogspot.com/ စသည်ဖြင့် လေ့လာနိုင်ပါကြောင်း။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: