ကွန်တီနမ်တဲလ် ဒဿနပညာ (၆)

အစဉ်အလာနှင့် သမိုင်း

ခွဲခြမ်းစိတ်ဖြာ ဒဿနနဲ့ ကွန်တီနမ်တဲလ် ဒဿနကို ခွဲခြမ်းပြတဲ့အခါမှာ အရှေ့မှာတင်ပြခဲ့တဲ့အတိုင်း ‘ပြဿနာတွေ’ နဲ့ ကိုယ်ပိုင်နာမ်ဆိုတဲ့ အသုံးနဲ့ ခွဲရတာ မဆိုးလှဘူး။ ဒါပေမယ့် ကွန်တီနမ်တဲလ် ဒဿနမှာလည်း ပြဿနာတွေကို စိတ်ဝင်စားတာပါပဲ။ ဒီစိတ်ဝင်စားမှုကပဲ သူတို့ရဲ့ လမ်းကြောင်းနှစ်ခုကို ခွဲခြားပုံအပေါ် ပြန်လည် ရှုပ်ထွေးသွားနိုင်တယ်။ ၎င်းလမ်းကြောင်းအပေါ် ခွဲခြားပုံ နောက်ထပ်တစ်မျိုးကတော့ ‘အစဉ်အလာ’ ပဲ။ ဒဿနပညာရှင် တစ်ဦးက ဘယ်အစဉ်အလာအပေါ် အားသာနေသလဲ ကြည့်ပြီးခွဲခြားနိုင်တယ်။ ခွဲခြမ်းစိတ်ဖြာ ဒဿနရဲ့ အဦးအစ အနေနဲ့ ဖရက်ဂ် Frege ၊ ရပ်ဆဲလ်၊ ဂျီအီးမိုးတို့ ရှိမယ်။ ကွန်တီနမ်တဲလ် အစအဦးထဲမှာ ထင်ရှားတာက ဟေဂယ်၊ဟူဇယ်၊ ဟိုက်ဒေးဂါးတို့ ရှိကြမယ်။ တကယ်လို့ ဒဿန ပညာရှင်တစ်ဦးက တူဇယ်လမ်းကြောင်း အတွင်းတွေးတာ ဒါမှမဟုတ် ဖောက်ထွက်ဖို့ ကြိုးစားနေတာ မျိုး ဆိုရင်တော့ သူဟာ ကွန်တီနမ်တဲလ် လမ်းကြောင်းထဲမှာ ရှိတယ် လို့ ဆိုရမယ်။ ခွဲခြမ်းစိတ်ဖြာ ဒဿနရော၊ ကွန်တီနမ်တဲလ် ဒဿနကိုပါ သူ့ရဲ့ အစဉ်အလာ ဘိုးဘေး ဒဿန ဆရာတွေကို အခြေခံပြီး ခွဲခြားကြည့်တာ ဖြစ်တယ်။

 

descartes

ဒါပေမယ့် ဒီခွဲခြားပုံဟာ ဒဿန လမ်းကြောင်းနှစ်ခုရဲ့ သဘောသဘာဝကို ထုတ်ဖော်ပြရင်းကမှ ခွဲခြားပုံတော့ မဟုတ်ဘူး။ ဒဿနဆရာ တစ်ဦးရဲ့ ဒဿနကို သူ့ဘိုးဘေးတွေ ကြည့်ရင် ခွဲရင် ဂျာမန်အခြေခံ ဖရက်ဂ် ကိုပဲ လိုက်သလား။ ဗြိတိသျှ အခြေခံ ဘာထရန်ရပ်ဆဲလ် ကိုပဲ လိုက်သလား ခွဲခြားရခက်မှာတော့ အမှန်ပဲ။ သမိုင်းကိုကြည့်ရင် ခွဲခြမ်းစိတ်ဖြာ ဒဿနရဲ့ လမ်းကြောင်းတောင်မှ အမျိုးမျိုးရှိနေတာ။ ခွဲခြမ်းစိတ်ဖြာ ဒဿနရဲ့ အစဉ်အလာမှာ ၂၀ ရာစုကျတော့ကာ မော်ဒန် ကဗျာ လှုပ်ရှားမှု၊ အနုပညာ၊ ဗိသုကာတွေနဲ့ ယှဉ်တွဲ ပေါ်လာတာတွေ ရှိတယ်။ ဝစ်ဂန်စတိုင်းဟာ Tractatus Logico-Philosophicus ကျမ်းကိုသာ မကဘူး မော်ဒန် ဗိသုကာဟန်နဲ့ ဗီယင်နာက သူ့ညီမအတွက် အိမ်တွေ၊ ဘာတွေ ဆောက်ပေးခဲ့တာ။ နောက်ပြီး ခွဲခြမ်းစိတ်ဖြာ ဒဿန အစဉ်အလာမှာ အထ္ထုပတ္တိ လမ်းကြောင်းကနေ ဖြစ်လာတဲ့ အစဉ်အလာ တစ်ခုကလည်း ရှိနေသေးတယ်။ ဥပမာ ရေးမွန်ရဲ့ ဝစ်ဂန်စတိုင်း အတ္ထုပတ္တိ၊ ဒါရက်စ်ဂျာမင်းန်နဲ့ ဝစ်ဂန်စတိုင်း ရုပ်ရှင်တွေပဲ။

ခွဲခြမ်းစိတ်ဖြာ ဒဿနနဲ့ ကွန်တီနမ်တဲလ်ဒဿန တွေမှာ နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ ကွဲပြားမှု တစ်ခုက ‘သမိုင်း’ အပေါ် အမြင်တွေပဲ။ ကွန်တီနမ်တဲလ် ဒဿနက ခွဲခြမ်းစိတ်ဖြာ ဒဿနတွေ တွေးလေ့ရှိတဲ့ ဒဿန သမိုင်းနဲ့ ဒဿန ကြားထဲမှာ ကွဲပြားခြားနား မှု အကြီးကြီး ရှိတယ်ဆိုတာကို ငြင်းတယ်။ ကွန်တီနမ်တဲလ် ဒဿနက သမိုင်းစဉ်ဆက် သဘော historicity ဆိုတာကို လက်ခံတယ်။ ဒဿန သမိုင်းနဲ့ ဒဿန ဟာ အဆက်အစပ်ရှိတယ်။ ဒဿန ပညာဟာ မှန်းဆ တွက်ထားတဲ့ တက္ကိဗေဒ စနစ်မဟုတ်ဘူး။ လွတ်လပ်မှု၊ အမှန်တရား ဆိုတာကို ဒြပ်မဲ့ဆန်ဆန် တွေးတောရတာမျိုး မဟုတ်ဘူး။ ဒဿနရဲ့ သမိုင်းစဉ်ဆက် သဘောကို အသိအမှတ်ပြု လက်ခံရင်းကနေ တွေ့ရတယ်။ ဒဿန အယူအဆတစ်ခုမှာ ဒဿန တစ်မျိုးရဲ့ အစဉ်အဆက်ဟာ လက်တွေ့ သမိုင်းအတွက် ရောယှက်ပါနေပြီး ဖြစ်တယ် လို့ ယူတယ်။

သမိုင်း စဉ်ဆက် သဘောကို အသိအမှတ်ပြုတာ ဒါမှမဟုတ် ခွဲခြမ်းစိတ်ဖြာ ဒဿနတွေရဲ့ အဆို ဒဿန သမိုင်းဟာ ဒဿန နဲ့ ဘာမျှ မဆိုင်ဘူးရယ်လို့ ယူမှု အပေါ် ငြင်းပယ်တာဟာ ပစ္စုပ္ပန်ကျမှု အတွင်း အယူအဆ တစ်ခုအပေါ် အသေကိုင်စွဲထားတာကို ငြင်းပယ်တယ်။ ဥပမာ ဥာဏ်အလင်းပွင့် ခေတ်မှာ ထွက်ပေါ်လာတဲ့ လူသားရဲ့ အတ္တ self ဟာ တည်မြဲတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးမှု ရှိတယ်ဆိုတာကို လက်မခံဘူး။ လူသားရဲ့ အတ္တဟာ အတည်ဆောက်ခံရပြီး အမြဲမပြတ် ပြောင်းလဲနေတယ်။ မတည်ငြိမ်ဘူးလို့ ယူတယ်။ သမိုင်းစဉ်ဆက် သဘောကို အတ္တ Self အကြောင်းတွေ့ရာမှ ထည့်ဝင်ထားတဲ့ သဘောအဖြစ် မြင်ကြည့်နိုင်ပါတယ်။ ဒီတော့ ကွန်တီနမ်တဲလ် ဒဿနရဲ့ အတ္တတွေးပုံဟာ ဒေးကားကို ငြင်းပယ်လာတယ်။

ကွန်တီနမ်တဲလ် ဒဿနမှာ အတ္တ Self ဆိုတာထက် လူမှု အတ္တ (ဝါ) ငါ ကတ္တား Subject လို့ သုံးတယ်။ အတ္တ Self ဟာ လူမှုရေး အရ တည်ဆောက်ခံရသလို၊ သဒ္ဒါ အသုံးအရလည်း တည်ဆောက်ခံရတယ်ဆိုတဲ့ သကန် နှစ်ခုစလုံး ပါဝင်ပတ်သက်နေတယ်။ Subject ဝေါဟာရ အရင်း အမြစ်ကို လိုက်ရင် လက်တင်လို Subjectun ကနေလာတယ်။ အဓိပ္ပာယ်တော့ ‘အောက်မှာ ရောက်နေတဲ့အရာ’ ပဲ။ ဒီသဘောက လူမှုအတ္တ subject ဟာ ထောက်ပံ့ပေးတာ၊ အခြေခံ အရင်းအမြစ်၊ အုတ်မြစ်ဆိုတဲ့ သဘောလည်း ဆောင်တယ်။ ဒေးကားရဲ့ ကာလမှာ Subject ကို ‘လုံလောက်ပြည့်စုံသော’ ဆိုတဲ့ အဓိပ္ပာယ် နဲ့ သုံးတယ်။ သူ့ရဲ့ အတွင်းပိုင်းမှာ ငါ I နဲ့ ဆက်နေတယ်။ အတ္တ Self နဲ့တော့ ဆက်စပ်မှု မရှိသေးဘူး။

ခေတ်သစ်ကာလ အထူးသဖြင့် ဒေးကားရဲ့ ခေတ်မှာ ‘ငါတွေးတယ်’ I think ဆိုတဲ့ ဝေါဟာရ ခေတ်စားလာတယ်။ ဒေးကားက သူ့ရဲ့ Meditation စာအုပ် နှစ်အုပ် မှာ ရေးခဲ့တယ်။ ဒါကြောင့်လည်း Subject ဟာ I နဲ့ ဆက်စပ်လာတယ်။ ဒေးကားရဲ့ အသုံးမှာ Subject ဟာ လူမှု အတ္တ မဟုတ်သေးဘူး။ ဒဿနဆိုင်ရာ တွေးခေါ်ခြင်းအတွက် အခြေခံကျတဲ့ ဝေါဟာရက Subject အစား လူနားဝင်တဲ့ ငါ I ဖြစ်လာတယ်။ ဒေးကားရဲ့ ငါ အီဂို ( သို့မဟုတ် ) Subject က သေချာတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးတယ်။ သူ့အတွက်က ပြင်ပ လောက ကြီးကသာလျှင် ပြဿနာ ဖြစ်နေတာ။ ‘ငါ’ က သေချာတယ်။ တည်ငြိမ်တဲ့ အတွက် ပြဿနာ မရှိဘူး။ ဒေးကား အလွန် ကွန်တီနမ်တဲလ် ဒဿန ပညာရှင်တွေက အထက်ပါ ဒေးကားရဲ့ အခြေခံအုတ်မြစ်ကို တစ်မျိုး ပြန်လည် ကိုင်တတ်တယ်။ လူမှု အတ္တ Subject ဟာ ဒေးကား ယူသလို အတွင်း ပိုင်း အဇ္ဈတ္တထက် အများကြီး ပိုတယ်လို့ ကန့်ရော ၊ ဟေဂယ်ကပါ ထောက်ပြလာတယ်။ ကန့်က Subject ဟာ တွေ့ကြုံလွန် ဆန်တယ်။ ဟေဂယ်ကတော့ အကြွင်းမဲ့ မဟာ ဝိညာဉ်တော်ရဲ့ တစ်ခုလုံး သဘာဝ Totality အဖြစ် သတ်မှတ်လာတယ်။ ဒီအထိ အတ္တ Subject ရဲ့ သဘာဝကို အကန့်အသတ် တစ်စုံတစ်ရာ အတွင်း ထည့်ထားတယ်။

ဟေဂယ် အလွန်ကစပြီး ကွန်တီနမ်တဲလ် ဒဿန ပညာရှင်တွေက အတ္တကို အကန့်အသတ်မဲ့၊ မသေချာ၊ ပြောင်းလဲ နေတဲ့ သဘောနဲ့ ကိုင်တွယ်လာတယ်။ နစ်ရှေးက ဆိုရင် Subject အတ္တဟာ အလိမ်အညာတစ်ခုလို့ ဆိုတယ်။ ပညာသဘော စိတ်ကူးနဲ့ တည်ဆောက်ထားတဲ့ အရာတစ်ခုပဲ။ ကွန်တီနမ်တဲလ် ဒဿန လမ်းကြောင်း မှာ နစ်ရှေးရဲ့ အတ္တအမြင်အပေါ် လျောက်ခဲ့ကြတာ များတယ်။ ဖူးကိုး၊ ဒီလူး၊ လာကွန်တို့ဟာ နစ်ရှေးလမ်းကြောင်းပဲ။ ကွန်တီနမ်တဲလ် အတွင်းမှာပဲ နောက်ထပ် အလေးထားရမယ့်သူတွေကတော့ ဟိုက်ဒေးဂါးနဲ့ လေးဗီးနပဲ။ ဒါရီဒါတို့ပါပဲ။ ဖရိုက်ကြောင့်လည်း ဒေးကားရဲ့ ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးမှု ရှိတဲ့ အတ္တဟာ ပြိုကွဲသွားရတယ်။ ‘မသိစိတ်’ ဆိုတဲ့ အသုံးက ဒေးကား ရဲ့ ငါတွေးတယ်၊ ငါရှိတယ်ဆိုတဲ့ အမြင်ကို လုံးဝဖြိုဖျက်လိုက်တယ်။

To be continue

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: