အစိုးမရခြင်းကိုတဲ့လေ အနတ္တဟုခေါ်သတဲ့

သဒ္ဓမ္မရံသီ ဆရာတော် ဘုရားကြီး ဟောကြားတော်မူခဲ့သော တရားတော်များ အနက် မေ့၍ မရနိုင်သော တရားတစ်ဆူမှာ အရှင် သာရိပုတ္တရာ ကိုယ်တော်ကြီးနှင့် ပတ်သက်သော တရားတော် ဖြစ်သည်။

တစ်နေ့သော နံနက်ခင်း၌ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် ဆွမ်းခံ ကြွတော်မူ၏။ ထိုအချိန်မှာပင် ဝေဒကျမ်းများကို တစ်ဖက်ကမ်းခတ် တတ်မြောက်သော ပုဏ္ဏားကြီး တစ်ယောက်သည်လည်း ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ဆွမ်းခံရာလမ်းတွင် လမ်းလျောက်လာသည်ကို တွေ့ရ၏။ တစ်နေရာသို့ ရောက်လာသော အခါ ဆုံတွေ့ကြသည်။
ထိုအခါ ပုဏ္ဏားကြီးက ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးအား “အရှင်ဘုရား ၊တပည့်တော်၌ အလွန်အရေးကြီးသော ကိစ္စ တစ်ရပ် ရှိပါသဖြင့် သွားရပါမည်။ သို့ဖြစ်ပါ၍ ဗုဒ္ဓဘုရားရှင်၏ တရားတော်ကို စာတစ်ကြောင်းတည်းဖြင့် ဟောကြားတော်မူပါ” ဟု လျောက်ထား၏။ ဤအမေးသည် လွယ်မယောင်နှင့် အလွန်ခက်ခဲသော မေးခွန်းဖြစ်၏။ ရှင်တော်ဘုရားမှ တစ်ပါး တိကျသော အဖြေကို ပေးနိုင်သော ပုဂ္ဂိုလ်များ အနက် အရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးမှာ တစ်ပါး ဖြစ်၏။
ထိုအခါ အရှင်သာရိပုတ္တရာကိုယ်တော်ကြီးက စာတစ်ကြောင်းတည်းဖြင့် ပြန်ဖြေပုံမှာ – “ပုဏ္ဏားကြီး ၊ ဗုဒ္ဓ ရှင်တော်မြတ်၏ အနှစ်ချုပ်တရားတော်မှာ အနတ္တတရားတော်ပင် ဖြစ်သည်” ဟူ၍ ဖြစ်၏။

ရှင်တော်ဗုဒ္ဓ၏ ပထမဦးစွာ ဟောကြားတော်မူသော တရားတော်မှာ အစွန်းနှစ်ဖက်အား ရှောင်ရှားသော ဓမ္မစကြာတရားတော်ပင် ဖြစ်၏။ ဤတရားတော်ကို “ဗုဒ္ဓမြတ်စာဘုရားသခင်သည် သက္ကရာဇ် ၁၀၃ ခု၊ ဝါဆိုလပြည့်၊ စနေနေ့ ညချမ်း နေမင်းဖန်ဝါကလည်း အနောက်အရပ်သို့ ဝင်လုဆဲဆဲ၊ လမင်းကလည်း အရှေ့လောကဓာတ်မှ ထွက်လာဆဲ အချိန်တွင် ပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့အား ဗာရာဏသီ ပြည် ဣသိပတနမိဂဒါဝုန်တော၌ ဟောကြားတော်မူခဲ့သည်။ ဤသို့ မြတ်စွာဘုရားသခင်သည် ဓမ္မစကြာဒေသနာတရား ဟောကြားတော်မူသောအခါ အရှင် ကောဏ္ဍညသည် ဒေသနာတော်ကို အစဉ်လျောက်သဖြင့် ဥာဏ်ကို စေလွှတ်ဖြစ်ပွားစေခဲ့ရာ သုတ္တန်ပြီးဆုံးသော အခါ ဗြဟ္မာအပေါင်း တစ်ဆယ့်ရှစ်ကုဋေတို့နှင့် တကွ သောတာပတ္တိဖိုလ်၌ တည်လေ၏”
ထို့နောက် “ဗုဒ္ဓမြတ်စွာဘုရားသခင်သည် ဝါဆိုလပြည့်ကျော် ၅ ရက် ကြာသပတေးနေ့သို့ ရောက်သောအခါ ပဉ္စဝဂ္ဂီရဟန်းတို့အား အနတ္တလက္ခဏာ သုတ္တန်ကို ဟောကြားတော်မူ၍ ဒေသနာနိဂုံး ပြီးဆုံးသောအခါ၌ ပဉ္စဝဂ္ဂီရဟန်း ငါးဦးတို့သည် အာသဝေါ ကုန်ခန်း ရဟန္တာ ဖြစ်ကြလေကုန်၏”

ကျနော် ဥာဏ်မီသလောက် ဤတရားတော်နှစ်ဆူသည် ဗုဒ္ဓတရားတော်များ၏ အခြေခံ တရားတော်များ ဖြစ်သည်။ ဓမ္မစကြာ တရားတော်သည် ဒဿနဗေဒ အခေါ်အရ နည်းပိုင်း (Methodology) ဖြစ်၍ အနတ္တလက္ခဏာသုတ်သည် ဒဿနဗေဒ အခေါ်အရ တကယ့်အရှိတရားပိုင်း (Ontology) ဖြစ်၏။

ရှင်တော်ဘုရား မပွင့်မီက ဤတရားနှစ်ပါးသည် မရှိခဲ့။ ဤတရားနှစ်ပါးနှင့် ဆန့်ကျင်သော အစွန်းနှစ်ဖက်တရားများသာ ထွန်းကားခဲ့သည် ။ ထို့ကြောင့် ဤအစွန်းနှစ်ဖက်တရားများနှင့် ဆန့်ကျင်သော ဗုဒ္ဓတရားတော်ကို ရှင်တော်ဗုဒ္ဓသည် ဆရာမရှိ ကိုယ်တော်တိုင် သိခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။
ရှင်တော်ဗုဒ္ဓ မပေါ်မီက လူသားနှင့် ပတ်သက်၍ အချို့က လူသားဆိုသည်မှာ အတ္တလေး ( Small Self ) ဖြစ်သည်။ ထာဝရ တည်မြဲသော အတ္တလေး ဖြစ်သည်။ ယင်းအတ္တလေးအား အနန္တအတ္တကြီး ( Big Self ) ဖြစ်အောင် ကျင့်ကြံနိုင်လျင် ယင်းသည်ပင် ဘဝ၏ လွတ်မြောက်ရေး ဖြစ်သည်ဟု ဆိုကြ၏။ အချို့ကလည်း လူသားသည် ဓာတ်ကြီးလေးပါးတည်း ဟူသော ရုပ်ဖြင့်သာ ဖွဲ့စည်းထားသည်။ စိတ်ဆိုသည်မှာ အရေးမကြီး ၊ ရုပ်ခန္ဓာသည်သာ အရေးကြီးသည်ဟု ဆိုကြ၏။ ထို့ကြောင့် အစွန်းနှစ်ဖက်မှ လွတ်မြောက်သော အနတ္တတရားတော်ကို ရှင်တော်ဘုရား မပေါ်မီက မတွေ့ကြပေ။
ထိုကဲ့သို့ အနတ္တတရားတော်ကို မတွေ့သည်မှာ အိန္ဒိယနိုင်ငံ ၌ သာမက တစ်ကမ္ဘာလုံး ဖြစ်၏။ ရှေးဂရိတို့လည်း မတွေ့ကြပေ။ အနောက်တိုင်းတွင် အနတ္တအယူအဆ ဝိုးတိုးဝါးတား စတင်တွေ့ရှိသူမှာ ဒေးဗစ်ဟုမ်း ( David Hume 1711 – 76 ) ဖြစ်သည်။ သို့သော် ဒေးဗစ်ဟုမ်း တွေ့ရှိပုံမှာ မျက်ဝါးထင်ထင် မြင်ခြင်းမဟုတ်၊ အတွေးအခေါ် အနေဖြင့်သာ တွေ့ရှိခြင်း ဖြစ်သည်။
ဤအနတ္တတရားကို လက်တွေ့တွေ့ရှိ အောင် ဆေးပညာ၊ စိတ်ပညာတို့ကို လေ့လာ ဆည်းပူးခဲ့သူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူသည် မည်သည့်ကိစ္စကို မဆို စာတွေ့ဖြင့် ကျေနပ်နေသူ တစ်ဦးမဟုတ်၊ လက်တွေ့တွေ့ရှိလိုသူ တစ်ဦး ဖြစ်သည်။ သူတွေ့ရှိသော အနတ္တကို သူက Stream of Conscious ( ချောင်းရေကဲ့သို့ အစဉ်ပြောင်းလဲနေသော စိတ်အစဉ်) ဟု အမည်ပေးထားသည်။ သူ့အလိုအားဖြင့် ဤသိစိတ်၌ လက္ခဏာလေးရပ် ရှိသည်ဟု ဆိုသည်။

“Four Character of consciousness:
(1) Every “state” tends to be part of a personal consciousness.
(2) Within each personal consciousness states are always changing
(3) Each personal consciousness is sensibly continuous
(4) It is interested in some parts of its objects to the exclusion of others, and welcomes or rejects – chooses from among them, in a word – all the while”

( ဆီလျော်အောင် ဘာသာပြန်လျှင် –
လူတို့၏ သိစိတ်တွင် လက္ခဏာရပ်လေးရပ်ရှိသည်။ ယင်းတို့မှာ –
(၁) သိစိတ်ရှိ သိခြင်းသဘောတစ်ခုစီ သည် လူတစ်ဦး တစ်ယောက်၌ ရှိသော သိခြင်းသဘောသာ ဖြစ်သည်။
(၂) ဤသိခြင်း သဘောတို့သည် အစဉ်ပြောင်းလဲနေသည်။
(၃) ဤသို့ ပြောင်းလဲနေသော သိခြင်းသဘောသည် သာမန်အမြင်အားဖြင့် တစ်ဆက်တည်းကဲ့သို့ မှတ်သားရသည်။
(၄) ဤသို့ ပြောင်းလဲနေသော သိခြင်းအစဉ်တွင် လူသားသည် အကုန်လုံးကို အာရုံမပြုနိုင်။ မိမိစိတ်ဝင်စားရာကိုသာ အာရုံပြု၍ မြင်တတ်သည်)

သို့သော် အနတ္တအယူအဆသည် ရှင်တော်ဗုဒ္ဓ၏ အနတ္တအယူအဆကို တစ်စိတ်တစ်ဒေသမျှသာ ရောင်ပြန်ဟပ်နိုင်ဟန် ရှိ၏။

စာကြွင်း – ဆရာခင်မောင်ဝင်း၏ စာကို ပို့စ်နှင့် ညီအောင် အနည်းငယ်သာ တည်းဖြတ်ထားပါသည်။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: