ကင်းပတ်ကြီးကြိုး

Hip Hop, Punk, Pop , Rock, Classic, ခေတ်ပေါ်၊ ခေတ်နှောင်း၊ ခေတ်ဟောင်း – စသည့် ဂီတအမျိုးမျိုး ဘယ်လိုပဲ ပြောင်းပြောင်း အသံပါဒနဲ့ နားဝင်၊ စိတ်အကြိုက်ပေါ်မူတည်ပြီး ခေတ်စား ကြသည်ချည်းပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်၊ ကျနော် ကိုးတန်းအခါက ဂစ်တာ တီးတတ်ချင်တယ်။ သူငယ်ချင်းတွေ ဂစ်တာတီး သီချင်းဆို၊ ကျနော် ဆိုကြည့်ချင်တယ်။ အတန်းထဲမှာ ခုံခေါက်တော့ ဆရာမက မတ်တတ်ထရပ်ခိုင်းတယ် ဆိုတဲ့ လွှမ်းမိုးသီချင်းက ကျနော်တို့ ကျောင်းသား ဘဝနဲ့ အများကြီး နီးစပ်ပါတယ်။ ဒါပေမယ့် အိမ်က ခွင့်မပြုလို့ မဆိုခဲ့ရ၊ မတီးခဲ့ရ။

ကိုးတန်း စာမေးပွဲကြီး ဖြေခါနီးမှာ စုထားတဲ့ ပိုက်ဆံလေး ပြည့်လို့ ဂစ်တာတစ်လုံး ခိုးဝယ်တယ်။ သင်ပေးမယ့် ဆရာ မရှိလို့ သူငယ်ချင်းတွေဆီမှာ အောက်ကျ ခံလိုက်တယ်။ တီးနည်းစာအုပ်တွေ စုံအောင် ထပ်ဝယ်ရတယ်။ တစ်နေ့ တစ်နေ့ကို တော်တော် ကြာကြာနဲ့ အခန်းထဲက မထွက် ကြိတ်-နေပြီး၊ တိုးတိုး လေး သင်တီး တီးနေတာ သိပ်မကြာပါဘူး။ အမေ သိရော။ — မိုးမီးလောင်တယ် ။ အကျိုးရှိတာ မဝယ်ဘဲ – ဂစ်တာ ဝယ်လို့တဲ့။

အမေ့အချစ်တော် အဖေပါ သိတော့ ဂစ်တာ သိမ်းတယ်။ အဖေနဲ့ အမေဆိုတော့ ဘာမှ ပြန်မပြောရဲဝူးလေ။ သားလိမ္မာလေး တော့ မဟုတ်ပါဘူး။ ကြောက်ခဲ့ရတာ ကို ပြောတာပါ။ ဂစ်တာ သိမ်းတာကလဲ တော်တော် လုံလုံခြုံခြုံဆိုတော့ ညဘက်ကို တိတ်တိတ်လေး တက်ယူပြီး အိပ်ခန်းထဲ ပြန်ကျင့်။ လက်ကွက်က A,B,C,D, E,F,G, Am,Bm, ဆိုတာမျိုးတွေကကို မတက်ဘူး။ Go Go, Slow Go Go,Rock, Bosanova,တို့က နေလဲ ရှေ့မဆက်နိုင်ဘူး။ အမေက သိမှာပါ ညဘက် ခိုးတီးနေတယ်ဆိုတာကို ။ တားမရလို့ မသိချင်ယောင်ဆောင်ပေးထားတာ ဖြစ်မယ်။

သိပ်မကြာပါဝူး။ အဖေ သိပြန်တော့- လုပ်ရလားဆိုပြီး နဘန်ကျင်း၊ အရှိုက်ကိုထိုး၊ ဆဲ ပါလေရော။ ( အဲ့တုန်းက နဘန်ကျင်းတဲ့ အချက်က ငယ်ငယ်တုန်း အချိန်ကလဲ နဘန်ကျင်းထားလို့ ထိထား၊ ဝါးတားတားဖြစ်နေတဲ့ ညာဘက်နားက လုံးဝ မကြားရတော့ဘူး ဖြစ်သွားတယ် ခုထိ ။ ဟီးး ) အဲ့နား ထိသွားတာမှာ အဖေလည်း စိတ်မကောင်းပုံရပါတယ်။ “မင်းကို လမ်းဘေးမှာ ဂစ်တာတီးနေတဲ့ ဂျလေဘီလိုကောင်မျိုး မဖြစ်စေချင်လို့” တဲ့ ” ဒီလောက်လုပ်ချင်နေရင် သေသေချာချာ သင်ရမယ်” တဲ့။ ပျော်ချက်။
နားပင်းရကျိုး နပ်တယ်။

တာမွေနတ်ချောင်းမှာ အခုလက်ရှိထိ ရှိနေတုန်း ဖြစ်တဲ့ ဂီတ အစည်းအရုံးမှာ သင်တန်းသွားပို့ပေးတယ်။ ခက်တာက ဂစ်တာသင်တန်းက လူပြည့်နေပြီဆိုလို့… အခြားကြိုက်တာ ဘာသာရပ်ရွေးပါ ဆိုတော့ အဆို၊ အရေး၊ စောင်း၊ ပတ္တလား၊ တယော ၊ စန္ဒရား – ကြိုက်ရာရွေး – ဆိုကိုး။ သိပ်ထွေထွေထူးထူး လုပ် မနေတော့ပါဘူး။ ဂီတဆိုရင် ကြိုက်တယ်လို့ – ပေါ့ပေါ့ပါးပါး တူရိယာ – တယောကို ရွေးလိုက်တယ်။

အဲ့မှာ စတော့တာပဲ ပြဿနာက ။ တယောကြိုးမှာမှ ကြိုးက လေးကြိုးထဲရှိတာ။ ဂီတ ပါရမီ ဘယ်လောက် ကြီးလဲ မကြီးလဲ လက်ကွက် မနှိပ်ရဘဲ ကျင့်တာ- လေးလ လောက် ကျင့်ယူရတယ်။ အဲ့လေးလ အတွင်းမှာ သီချင်းကြီး သီချင်းခန့်ဆိုတာ ဘာလဲ။ အနောက်တိုင်း ဂန္တဝင်ဆိုတာ ဘာလဲ ။ ဆရာက လက်ချာ ပေးတယ်။

သီချင်းကြီးတွေရဲ့ စနစ်တကျ ဖွဲ့တည်မှု၊ ကဗျာစာပေတို့ရဲ့ သဘောတရား၊ အလုံးရေ၊ ပါဒ၊ ပိုဒ်ရေ၊ ကာရန်၊ နဘေ၊ စည်းဝါး – လက်ချာတွေက တစ်ခုချင်းစီ။ ဆရာပြောသွားတာတော့ သီချင်းကြီးနဲ့ ရှေးသီချင်းတွေပါ။ နောက် – အနောက်တိုင်း ဂီတအကြောင်း ပို့ချတော့ – ပဲပင်ပေါက်နုတ် လို့ ကျနော်တို့ နောက်ပြောင် ခေါ်ကြတဲ့ ( International note ) တွေအကြောင်း၊ အရှေ့တိုင်း ဒို၊ရေ၊မီ၊ဖာ ၊ တစ်၊ နှစ်၊ သုံး၊ လေး နုတ်တွေအကြောင်း။ G-Claff၊ Bass-Claff အကြောင်း၊ Timing၊ Rythm အကြောင်း၊ ဘား၊ စီမီး၊ ကွာတား တွေအကြောင်း။
အဲ့ဒါတွေ အစုံခေါင်းထဲထည့်၊ စာတွေလေ့လာကြည့်ရင်း ပေါင်းချုံပြီး စဉ်းစားတော့ ရိုးရိုးရှင်းရှင်း အဖြေထုတ်ရင် – ဘယ်ဂီတမှာ မဆို ၊ ဘယ်ကဗျာ စာပေမှာ မဆို – အနုပညာအမှန် အရင်းခံက စိတ်ရဲ့ စေရာကို ထွက်ပေါက်ပေး ညွှန်ပြခြင်း တစ်မျိုး လို့ ကျနော် ထင်လာမိပါတယ်။ ( ကျနော့် အထင်မို့ မှားနေပါလိမ့်မယ် ၊ ဒါပေမယ့် အဲ့အတိုင်း ခံယူချက်က အခုထိ၊ မပြောင်းလဲသေးပါဘူး ) ထားပါတော့လေ။

ရှင်းပြနေရင် ကြာပါတယ်ဗျာ။ အခုပြောချင်တာက – ဆရာ့လက်ချာတွေကို သတိတရ ပြန်ကြားယောင်ကြည့်ရင်း – ဟိုရှာ ဒီရှာ ဖတ်မိလို့- ရှေးသီချင်းကြီး “ကြိုး” အကြောင်းလေး တွေ့ပါတယ်။ မြန်မာဆန်ဆန် သီချင်းကြီးများ မေ့သွားနေကြမှာကိုလည်း နှမြောလို့ သတိတရပါ။ ခုခေတ်ကာလ သီချင်းများမှာလဲ သူ့အကြိုက်နဲ့သူ၊ သူ့ခေတ်နဲ့သူ၊ သူ့အမြင်နဲ့သူ၊ သူ့ယူဆချက်နဲ့သူ ရှိနေကြမှာပါ။ တစ်ယောက်လက်မခံတဲ့ ဂီတ၊ တစ်ယောက်က လက်ခံနေကြမှာပါ။ ဂီတ၊ကဗျာမှာ စည်းစနစ်တွေ ရှိတယ်ဆိုပေမယ့် အဲ့စည်းစနစ်ဟာ စနစ်တစ်ရပ်အတွက်လည်း ဖြစ်နိုင်သလို၊ တစ်ချိန်ချိန်မှာ သူနဲ့ မူမတူတဲ့ အမျိုးအစားလည်း ပေါ်ပေါက်လာကြမှာပါပဲ။

အခုတော့ တင်ပြလိုရင်း ကြိုးသီချင်းအမျိုးအစားတစ်ခုကို တင်ထားလိုက်တယ်။ ဒီနေရာမှာ။

ထုတ်နှုတ်ထားတာက ဆရာနေဝင်းမြင့်ရဲ့ လောကနန္ဒာ အတွေးများ ထဲက ပါ။
အားလုံးကို ကျေးဇူး။


 

 

“ကိုယ်လုံးသန်ရောင်၊ စွယ်ရန်းငယ်ရှည်ခေါင်၊ ခြေသန်းပင်တစ်ထောင်၊ စင်းစင်းငယ် စွယ်ပေါင်း၊ လျားလျားမျောမျော ရှည်ရှည်။ လှေသွားလှော်ကားလိုလိုပင်။ ဝဲပင်လယ်ခွင်၊ ဝဲပင်လယ်ခွင်၊ စုန်ကာ ဆန်ကာသာ မြူး၊ ရေပေါ် သန်းလို့ကူး၊ အစွယ်သွယ်ပူး၊ နှစ်မြွှာရှည်ကျူး၊ ကူးချည်သန်းချည်၊ ကြောက်ဖွယ်ပင်လယ်ဗွေ၊ ခေါင်းထောင်လွှား၊ မြီးထောင်သွား၊ ကိုယ်ရော ကြီးစွာ၊ ရေထဲရေခွဲရေထဲမှာ၊ ယဉ်ထန်စွာ၊ ခြေကန်ဖွားဖွားယက်နှင့်လေး”

မဟာဂီတကြိုးသီချင်းများတွင် တွေ့ရသော ကင်းပတ်ကြီးကြိုးမှ အဖွဲ့ဖြစ်သည်။ ကြိုးသီချင်း စာသားများကို ကြည့်လျင်ပင် အလျားရှည်လှသော “ကင်းခြေများ” တစ်ကောင်ကို ဖွဲ့မှန်း သိသာပါသည်။ ( လှော်တက်များကြွားကြွားရွားရွားဖြင့် ရှေးအခါက ကင်းလှေကြီးများကို ဖွဲ့ခြင်းလည်း ဖြစ်နိုင်သည်ထင်သည်။ ယင်းကို အောက်တွင် ဆက်လက် ဖော်ပြထားပါသည်။- ဇေယျ ) မဟာဂီတမှာတော့ ကင်းပတ်ကြီးကြိုး၊ ကင်းပတ်ငယ်ကြိုးဟူ၍ နှစ်ပုဒ် တွေ့ရသည်။ ကြိုးသီချင်းများသည် ( အမရပူရခေတ် နောက်ပေါ် ကြိုးသီချင်း များမှ အပ ) အလွန်ရှေးကျသည် ဖြစ်ရာ ရေးသားသီကုံးစာဆိုတို့၏ အမည်ကို တွေ့ရခဲပါသည်။ သို့သော် တူညီသည့် အချက်မှာ သဘာဝ လောက၊ ပတ်ဝန်းကျင်ထဲက အကြောင်း အရာများကို နှစ်သက်ဖွယ်ဖြစ်အောင် ဖွဲ့နွဲ့ကြခြင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့် သဘာဝ ပတ်ဝန်းကျင်မှာ တွေ့ရ၊ ကြားရ၊ ခံစားရသမျှသော အာရုံတို့ကို သံစဉ် ဂီတအဖြစ် ဖွဲ့ခြင်းဟု ဆိုနိုင်ပါသည်။ ဥပမာ ရုပ်ဒြပ်တို့ကို ဖွဲ့သော နရည်းစရာ ခတ်သံကြိုး၊ ပန်းတဉ်းခွက်ခြစ်သံကြိုး၊ ဇယ်စေ့ထုပ်ချင်းကြိုး၊ ကြေးခရာသံကြိုး ၊ ခွက်ခွင်းသံကြိုး၊ တောင်သမန် လှိုင်းကြက်ခွပ်သံကြိုး စသည့် ကြိုးသီချင်းများ၊ တောင်သမန် လှိုင်းကြက်ခွပ်သံကြိုးစသည့် ကြိုးသီချင်းများ၊ တိရစ္ဆာန်များ၏ သဘာဝ အသံများကို ဖွဲ့သော ပုစဉ်းတောင်သံကြိုး၊ ဂဠုန်တောင်သံကြိုး၊ နဂါးပွက်သံကြိုး၊ မြင်းလှစာတောင်းသံကြိုး၊ ငါးကြင်းမြီးခတ်သံကြိုး၊ ငါးပြေတက်သက်သံကြိုး၊ မိကျောင်းရေဆန်ကြိုး၊ ငှက်ကြီး စာငင်ကြိုး စသည့် ကြိုးသီချင်းများကို နမူနာပြနိုင်သည်။

ကျနော်တို့နှင့် မဝေးလှသော သဘာဝထဲက အသံများကို ရယူခံစားဖွဲ့နွဲ့ကြသော ရှေးမြန်မာဂီတစာဆိုတို့၏ နူးညံ့သော စိတ်နှလုံးကို အောက်မေ့နေမိသည်။ ကြိုးသီချင်း၏ သဘာဝသည် စောင်းတူရိယာကို အခြေပြုသည်ဟု ဆိုကြပါသည်။ ကြိုးသီချင်း၏ သဘာဝသည် စောင်းတူရိယာကို အခြေပြုသည်ဟု ဆိုကြပါသည်။စောင်းတွင် ပါသည့် တံကြိုး၊ တျာကြိုး၊ တေကြိုး၊ တျောကြိုး စသော စောင်းကြိုးသံစဉ်တို့၏ အနေအထားအလိုက် ကြိုးတွဲ ကြိုးဖက်များကို လေ့လာနိုင်ရန် စောင်းတူရိယာ၏ မူလသဘာဝနှင့် အညီ စီစဉ်ရေးဖွဲ့ ထားသည့် သီချင်းများဟု ယေဘုယျ ဆိုနိုင်ပါသည်။ အာစရိယဝါဒ နည်းခံရသည့် မြောက်မြားလှသော ကြိုးသီချင်းများကို မဟာဂီတလိုက်စားသူတိုင်း နားနီးကြရသည်။ အနည်းဆုံးတော့ သင်ရိုးခေါ်ကြသည့် ကြိုးသီချင်း ၁၃ ပုဒ်ကိုတော့ ကြေညက်ကြရသည်။

“ကြိုးသီချင်းတွေဟာ အဖွဲ့အနွဲ့တိုတိုကျဉ်းကျဉ်း ရှိတယ်။ သီချင်းအစက အဆုံးထိ တစ်ချက်နဲ့သာ ဆိုရတီးရတယ်။ သီချင်းအစတွေမှာ အတွဲစည်းနဲ့ မစဘဲ နရီစည်းနဲ့ စရတယ်။ သီချင်းတစ်ပိုဒ်ဆုံးလို့ အတောဝင်တဲ့အခါ အများအားဖြင့် နှစ်စည်း နှစ်ဝါး ရှိတတ်တယ်။ ဘွဲ့အဆိုသီချင်းခံ အဆိုတွေ အချမှာ ကြိုးဝင်ရင် အင်မတန် ခံ့ညားတယ်” မဟာဂီတ တက်ယူသည့်အခါက ဆရာက ရှင်းပြတတ်သည်။
ရှေးက ကြိုးသီချင်းအဆိုနှင့် ပတ်သက်၍ စောင်းမှာ “ညှင်းလုံး”၊ ဆိုင်းမှာ “သံရိုး” ဟု ပုံသေထား သင်ယူကြရသည်။ ထိုကြိုးသီချင်းများအနက် အလောင်းစည်သူမင်း၊ နရပတိစည်သူမင်း များကဲ့သို့ ရေခရီးသန်ကြသူ မင်းနှစ်ပါးကို ဖွဲ့သော တကောင်းဖောင်ငင်ကြိုး၊ တကောင်းဖောင်လားကြိုး၊ တကောင်းဖောက်ဆိုက်ကြိုး၊ နရပတိစည်သူ အမေးချင်းကြိုး၊ ဇမ္ဗူ့သပြေ ကြွေသံကြိုး၊ ကင်းပတ်ကြီးကြိုး၊ ကင်းပတ်ငယ်ကြိုး၊ စသည့် ကြိုးသီချင်းများကိုလည်း တွေ့ရသည်။

“ကျောက်စာသံပိုင်း ခိုင်းနှိုင်းထောက်ပြစရာမရှိပေမယ့် ဖောင်စီးမင်းတစ်ပါးနဲ့ ကင်းခြေများတစ်ကောင်ရဲ့ ခံစားမှုတွေကို ကင်းပတ်ကြီးကြိုး၊ ကင်းပတ်ငယ်ကြိုးတွေမှာ တွေ့ရတယ်။ အင်မတန်လှပတဲ့ စိတ်ကူးကို သီချင်းဂီတ အဖြစ် ဖွဲ့နွဲ့လိုက်တဲ့ အခါ အဆန်းတကြယ်ရှိရတယ်။ ကင်းကြီး ကဟန်၊ ကင်းကြီး လိုက်ဟန်၊ ကင်းကြီး ကင်းမြီးထောင်ဟန် တွေကို ဖွဲ့တဲ့ သီချင်းပေါ့”

ကျွန်တော်ကိုယ်တိုင်က ကင်းပတ်ကြိုးနှစ်ပုဒ်ကို မတက်ခဲ့ဖူးသဖြင့် သံစဉ်ကိုလဲ မကြားဖူးဘဲ ရှိခဲ့ရသည်။ ပုဂံခေတ် အလောင်းစည်သူမင်းကြီးနှင့် ကင်းကြီးတစ်ကောင် အဖြစ်ကို မဟာဥပရာဇာ ဧချင်းတွင်လည်း အမှတ်တမဲ့ တွေ့ရသည်။

“ရှေးခါမင်းပေါင်း၊ ဘေးစောလောင်းလည်း၊ မြစ်ကြောင်းဆန်သွား၊ သပြေလားရှင့်၊ ခွန်အားကြီးထု၊ ကင်းတစ်ခုသည်၊ ရုပ်တုကျွန်သွင်၊စီးစေချင်မော၊ ပြဝံ့သောဟု၊ လယ်ကြောဖောင်ဦး၊ ကျူးနှင့်တန်ဆာ၊ လှေဆန်းသဏ္ဍာန်၊ သက္ကဒါန်တွင်၊ မြှောက်စည်တင်လျက်”

မြန်မာမင်းတို့ ရေကြောင်းစံပယ်တော်မူရာ လှေပွဲစီးနင်းကြသော ထုံးစံများ စာတမ်းတွင်လည်း ဖျတ်ခနဲ တွေ့ရပြန်သည်။

“မသွားတဲ့တီး၊ ထိုကင်းကြီးဟု၊ အမြီးနှင့် ခေါင်း၊ မြင်လတ်ရှောင်းသော်၊ အကြောင်းသိတတ်၊ ကြမ္မာဘတ်ဟု၊ ရိုညွှတ်လျောက်ကြောင်း၊ အလောင်းဘုန်းကြီး၊ လှေရုပ်စီးဟု၊ ကင်းကြီးသဏ္ဍာန်၊ သက္ကဒါန်လျှင်”

ကင်းကြီး သဏ္ဍာန်၊ သက္ကဒါန်လျှင် ဆိုသောကြောင့် ကင်းခြေများပုံ သိကြားဆက်လှေတော်ဆိုသည့် အဓိပ္ပါယ်ရသည်။

သည်အကြောင်းကို မဟာဂီတတွင် ကင်းပတ်ကြီးကြိုးအဖြစ် တွေ့ရခြင်း ဖြစ်သည်။ ကင်းကြီး၏ ကိုယ်လုံးက သန်ရောင်၊ ကင်းခြေချောင်းငယ်က တစ်ထောင်ဟု ဂီတသီချင်းဆရာက ထပ်ကွန့်သည်။ ကင်းစွယ် နှစ်ချောင်းကလည်း ပူးချည် ကွဲချည်၊ ရှည်ရှည်မျောမျော။ ပင်လယ် ဝဲဂယက်ထဲမှာ ဂယက်ကြီး ထအောင် ကူးလာခြင်းသည်ပင် လှော်ကား လှေတော်နှင့် တူသည်။ သမုဒ္ဒရာထဲ ကူးခတ်နေသည့် ကင်းတစ်ကောင်၏ တက်ဟန် သက်ဟန်၊ ဆုတ်ဟန် ထိုးဟန်၊ ပန်းဟန် စိုက်ဟန်၊ ထောင်ဟန် လှဲဟန်၊ တိမ်းဟန် ယိမ်းဟန်၊ ကဟန် ခုန်ဟန်ကား စိတ်လှုပ်ရှားစရာ ကောင်းရော့မည်။

 


About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: