ရှေးယခင် စိန်စားသတင်း

ရှေးယခင်ကနဦး မြန်မာသတင်းစာဆရာများသည် ၎င်းတို့ ခေတ်၏ တောင်းဆိုချက်အရ ယခုခေတ်ကဲ့သို့ တိုတိုကျဉ်းကျဉ်း သတင်းအရေးအသားများ မရေးနိုင်ကြပေ။ ယင်းခေတ် စာဖတ်ပရိသတ် အကြိုက် လေးလုံးသံပေါက်တို့နှင့် လေးချိုးဆန်ဆန်၊ လင်္ကာတေးသီပြီး သတင်း ရေးသားကြရသည်။ ရှိရင်းစွဲ အရေးအသားကို ရုတ်ချင်း မတော်လှန်နိုင်သောကြောင့် ပရိသတ်အကြိုက် စိတ်ရှိတိုင်း ဖွဲ့နွဲ့ ရေးသားကြရသဖြင့် သတင်းစာ ဘိုးအေကြီးများ စိတ်မချမ်းမသာ ဖြစ်ကြရသည်။ သို့သော် သတင်းစာ ဆရာတို့၏ တာဝန်ကိုကား ကျေပွန်ခဲ့ကြပေသည်။

ဥပမာ အားဖြင့် တင်ပြသော အောက်ဖော်ပြပါ သတင်းသည် မိန်းမငယ်နှင့် ယောင်္ကျားလေးတို့ ဘာသာဘာဝ ချစ်ကြိုက်ကြရာ ဂုဏ်ရည်မတူ၍ ခွဲခြား၊ မိဘများ တားသောကြောင့် စိန်စား၍ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားရှာသော မိန်းမငယ်လေး တစ်ဦး အကြောင်း ဖြစ်သည်။ ယင်းအကြောင်း၏ အဆုံးသတ်တွင် ဤကဲ့သို့ မပြုလုပ်ကြပါရန် သတိပေးရေးသားထားသည် ကိုလည်း တွေ့ရမည်။ သတင်း အရေးအသား ၊ သတင်းသွားတို့တွင် ရှောင်ကြဉ်ရန် ၊ ဆင်ခြင်ရန်၊ သံဝေဂရစေရန် ဖော်ပြပေးတတ်ကြသည်။ အောက်ဖော်ပြပါ သတင်းသည် ကနဦး မြန်မာ သတင်းစာ ဆရာကြီး တစ်ဦးဖြစ်သည့် ဖိုးဝဇီရ လက်ထက် ၊ ရတနာပုံနေပြည်တော် သတင်းစာတွင် ပါရှိခဲ့သော သတင်းတစ်ပုဒ် ဖြစ်ပါသည်။

စိန်စားသတင်း

၁၂၃၈ ရတုဂိမာန်၊ ချိန်လှန်နွေကုန်၊ မြေဝသုန်တွင်၊ ရေမုန်တိုးတက်၊ မိုးကိုသက်၍ ၊ ကိုးမျက်စိမြွာ၊ လစန္ဒာတွင်၊ မြသလ္လာနက္ခတ်တို့၊ စက်ရဟတ် မှန်းဆိုင်၊ ကွက်မလပ် ထွန်းပြိုင်လျက်၊ ကျွန်းခရိုင် ဖွေးထက်၊ လပြည့်ကျော် လေးရက်ဝယ်၊ ပေးဆက်ရန် ပဏ္ဏာဆုံသော၊ ရတနာပုံ နေပြည်တော် အတွင်း၊ သတင်း ထွေလာ၊ ကြေအညာဖြင့်၊ လင်္ကျာကြီးတန်းနေ၊ ဆန်းပွေပျူငှာ၊ တူမသာအောင်၊ မူရာယဉ်ကျေး၊ မရွှေကွန်ဆို၊ လှလွန်းပိုသည့်၊ အပျိုကလေးသည်၊ ဟိုးရှေးဘဝ၊ သံသာရက၊ ကံပါကြသူ၊ ငယ်ချစ်ရည်းစား၊ တနယ်သားကို၊ မယ်ဘွား စိတ်မတူလို့၊ သည်လိုလူ သည်လိုဟာ၊ ငွေမပါ ကြေးမရှိ၊ တွေးမိတိုင်း ငါကရှက်၊ နင့်မူလ ပြစ်ချက်ကို၊ နှစ်သက်ပေါင် ငါ့အား၊ မကြားချင် မမြင်ချင်၊ ငွေရှိတဲ့လူ ပျိုခင်များဖြင့်၊ ယူလိုက်လျှင် မထောင်းတာ၊ အခါခါ အချက်ချက်၊ သည်ပုံနှယ် ဖျက်သောကြောင့်၊ လှပြာညက် စိမ်းသွယ်၊ မရွှေကွန် မိန်းမငယ်က၊ သိမ်းဆည်၍ မရနိုင်၊ ကျမျက်ရည် အိုင်လျက်ညည်း၊ မယ်ဥာဏ်ခြုံ အတန်စုံအောင်၊ ကြံပုံသူက ထုတ်ရှာသည်မှာ –

အော် – ဇမ္ဗူ တိုင်းမျှ၊ သမိုင်းရအောင်၊ အရိုင်းမကံ၊ စေချက်ငယ်တန် ရှာလေ၊ အကြံခဲခက်၊ နယ်တသီးခြား၊ ငယ်ရည်းစားကို၊ လားလားမှ မဆက်နှင့်ဟု၊ ဖျက်လိုက်ကာ ဆီးလိုက်ကာ၊ မွေးမိခင်ပြုတာကြောင့်၊ ခုမကြာ သွေမရှောင်၊ သွယ်သွယ်လှသစ်၊ ရွယ်ရွယ်မြနှစ်၊ ငယ်ငယ်က ချစ်ပါတဲ့၊ ရစ်ထုံးနှောင်နှင့်၊ ဆုံးအောင် ခေါင်းချ မပေါင်းရလျှင်၊ အကြောင်းပ သည်မယ်ကို၊ ကံဘဲလို့ ဆိုချင်ဘူး၊ နကိုသွင်နတ်၊ သပြေသာမှာ၊ သေတာက မြတ်သည်၊ အမှတ်တရသည်ကြံပုံ လှတော့သည်ဟု၊ သူ့စိတ်က တွေးပြီးလျှင်၊ ခုမနှေး သံပုရာနှင့်၊ မြန်မကြာ စိန်နီဖျော်၍ ၊ သိင်္ဂီလှော် ရွှေညှောက်၊ အဆူကုဋေ၊ အပူပြေအောင်၊ သူမွှေကာ သောက်သော်ကြောင့်၊ နက်ဖြန်ရောက် နေ့ရက်ဝယ်၊ ရွေ့ပျောက်ကွယ် သေဆုံးရှာလေသည်။

တည်းတည်းရုံပေါင်း၊ ဤကဲ့သို့ ဆုံးကြောင်းကို၊ သူ့ချစ်ဟောင်း ရည်းစား၊ လူကလေး ကြားတည့်လျှင်၊ သနားစရာ ညိုညိုညက်ကယ်၊ ငိုမျက်နှာနှင့်၊ ဘာသာ ညည်းရှာလေသည်မှာ –

အော်……. သည်မောင့်သက်နှ၊ လှမျက်မှန်ငယ်၊ နက်ဆံကေသာ ချည်မရုံး၊ သည်တုန်းခါက၊ ရွှေသစ္စာတူ၊ ထားကြတဲ့သူဟာမို့၊ ပန်းကြူသည့် စက်အုံးဆိုင်ဝယ်၊ သက်ဆုံးတိုင် ပေါင်းမည် ခဲသော်လဲ၊ ဆဲလိုက်ကာ ဆိုလိုက်ကာ၊ မွေးမိခင် ဖျက်တာကြောင့်၊ မထွက်သာ မမြင်ရ၊ ပူပုံတွေ သောကနှင့် ၊ ချောလှတဲ့ မောင့်ဂမုန်း၊ စိန်စားလို့ ဆုံးလျှင်ဖြင့်၊ စိတ်ဒုံးဒုံးချ သည်နှမနှင့် ၊သည်မျှ ချစ်ရန်၊ ရှေးအကြောင်းကံ၊ ရေးမကောင်း ဖန်တာမို့၊ တန်တန်တွေးထောက်၊ သပြေနယ် ဖြေတယ်လို့ ပျောက်နိုင်ဘူး၊ ကိုယ့်နောက်စိုက်စိုက်၊ ရှောင်မသွေ မောင်သေလို့ လိုက်တော့မယ်၊ ယဉ်ကိုက်ကယ် လှမှုန်၊ ဘဝသစ်မှ မြနှစ်နှင့် ဆုံကြစို့၊ သည်ပုံ ညည်းတွား၊ အပူ အအေး၊ လူကလေးသည်၊ သူ့အတွေးများကြောင့်၊ မြသားယန်စက်၊ အတော်ထောက်သည့် ၊ ကျော်ခြောက်ရက်တွင်၊ ဆက်ဆက်မမှား၊ စိန်နီကို ချိန်အညီ စားပြန်သောကြောင့်၊ သမားကောင်း ဆေးဆရာနှင့် ကုသာအောင် ကုတုန်း၊ ဆုံးပါးသည် ချမ်းသာသည်၊ ဤအကြောင်း နှစ်လီကို၊ အတည်ကျကျ၊ ကွဲပြားလှအောင်၊ မသိရသေး ဖြစ်လေသည်။

နောက်နောင်အခါ၊ ယဉ်ကညာတို့လည်း၊ ကြင်ယာနှင့် မမြဲ၊ မတန်လို့ ကွဲပြလျှင်၊ တကတဲ စိတ်လျော့၊ နယ်တမြေမှာ၊ မယ်သေပါတော့မည်ဟု၊ ပေါ့ပေါ့မလောက်၊ စိန်များကို မသောက်ကြနှင့်၊ ကြံထောက်ယူဆ၊ ဒေသနာ ပြသည်မှာ၊ ဘဝငါးရာ မလွတ်ကြောင်း၊ ဝဋ်ဟောင်းတွေ ပါလိမ့်မတဲ့၊ င်္သခါရဘဲ၊ ငဖြူသေ ငမဲလို့၊ ကျုပ်နှင့် အလားတူ၊ တရားနှင့် ဖြေယူ၍ ၊ အပူကို သိမ်းစေချင်းပါကြောင်းကို ဆောင်းပါးလွှာ စာယဉ်ဖြင့်၊ အစီရင်ခံအပ်ပါသည်။

REF: ရှေးဦးမြန်မာ သတင်းစာများ

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: