အရင်တုန်းက ဧကရာဇ်သီဝရီ

ပြင်သစ် တော်လှန်ရေးကြီး ဖြစ်ပေါ်ခါစ အချိန်မှာ အင်္ဂလန်က ဝှစ်ဂ် ( Whig ) ပါတီ ခေါင်းဆောင်တွေ ရယ်၊ အစိုးရ အဖွဲ့နဲ့ စိတ် ဝမ်းကွဲကြတဲ့ ဝန်ကြီး ရယ်နဲ့ ကဗျာဆရာ တွေဟာ ပြင်သစ် အရေးတော်ပုံ လှုပ်ရှားမှုကြီးကို ထောက်ခံ ကြပါတယ်။ အဲ့သလို ထောက်ခံ ကြရင်းနဲ့ ဒီ ဥရောပ တိုက်ကြီးပေါ်မှာ အသိဥာဏ် ပွင့်လင်းတဲ့ ခေတ်ကြီး ကို ရောက်လာပြီ၊ လွတ်လပ်တဲ့ ခေတ်ကြီးကို ရောက်လာပြီ ဆိုပြီး ယုံကြည် နေကြပါတယ်။ ဒီလိုနဲ့ အင်္ဂလန် မှာ တော်လှန်ရေး အဖွဲ့အစည်း တစ်ခု ပေါ်လာပြီး အဲ့ဒီ ခေတ်မှာ ပေါ်နေတဲ့ Fox တို့လို ခေါင်းဆောင်တွေ ကလည်း ပြင်သစ်တော်လှန်ရေး ခေါင်းဆောင်တွေရဲ့ လုပ်ရပ် တွေကို ထောက်ခံ နေကြပါတယ်။ အခြေအမြစ် ကစပြီး ပြောင်းလဲ ရမယ်ဆိုတဲ့ ပြင်သစ်တော်လှန်ရေး သဘောတရား တွေကို အင်္ဂလန် နိုင်ငံမှာ သောမတ်စ် ပိန်း ( Thomas Paine ) ဝီလျံ ဂေါ်ဒွင် ( William Godwin ) နဲ့ ဂျိမ်းစ်မက်ကင်း တော့ရှ် ( James Mackiwosh ) တို့က ထောက်ခံ ပါတယ်။

 

french-revolution

သောမတ်စ် ပိန်းဟာ အမေရိကန် တော်လှန်ရေးမှာ တက်တက်ကြွကြွ ခေါင်းဆောင် ပါဝင် ခဲ့ပြီးတဲ့နောက် အင်္ဂလန်ကို ၁၇၈၇ ပြန်ရောက် လာပါတယ်။ အဲ့သလို ပြန်ရောက်လာတဲ့ ပိန်းဟာ အင်္ဂလန်မှာ ကျော်ကြားနေတဲ့ အက်ဒ်မန်ဘာ့ခ် ( Edmund Burke ) ကို တုံ့ပြန် ချေပ ရေးသား ခဲ့ပါတယ်။ ဘာ့ခ်က ရှေးရိုး အစဉ်အလာ ထုံးတမ်း ဓလေ့တွေကို ထိန်းသိမ်း စောင့်ရှောက်ပြီး နိုင်ငံ တော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးစေဖို့ကို တစိုက်မတ်မတ် ပို့ချ ခဲ့ပါတယ်။ ဒီနှစ်ခု ဖြစ်ပေါ် လာအောင် အကောင် အထည် ဖော်တာဟာ အဖွဲ့ဝင် ပြည်သူ တစ်ဦး ချင်းစီရဲ့ အကျိုး စီးပွားကို ဖော်ဆောင် တာထက် ပို အရေးကြီးတယ် လို့ ခံယူ ပါတယ်။ ဘာ့ခ်ရဲ့ ဒီအယူအဆကို ပိန်းက လက်မခံပါ။ ပိန်းကတော့ မျိုးဆက်တိုင်းဟာ သူတို့ရဲ့ အကျိုး စီးပွားတွေ ဖြစ်ပေါ်စေဖို့ အတွက် လွတ်လွတ် လပ်လပ် ဆောင်ရွက် ပိုင်ခွင့် ရှိတယ်လို့ ခံယူပါတယ်။ အဲ့လို ကိုယ့် ခေတ်ရဲ့ အကျိုးစီးပွားတွေကို ဖော်ဆောင် တဲ့နေရာမှာ ရှေးဆန်တဲ့ အဖွဲ့ အစည်းတွေရဲ့ ဩဇာကို နာခံစရာ မလိုဘူးလို့ ဆိုတယ်။ နောက်ပြီးတော့ ကိုယ့် အတွက် ဝန်ထုပ် ဝန်ပိုး ဖြစ်စေတဲ့ တရားဥပဒေတွေနဲ့ တရားမမျှတတဲ့ ဥပဒေ တွေကိုလည်း နာခံစရာ မလိုဘူးလို့ ပိန်းက သွန်သင်ပါသေးတယ်။ ပိန်းကတော့ နိုင်ငံတော်နဲ့ အစိုးရကို ကွဲပြားအောင် သေသေချာချာ ခွဲပြပါတယ်။ ဘာ့ခ်ကတော့ ပိန်းလို ခွဲမပြ နိုင်ခဲ့ပါ။ ပိန်းရဲ့ အယူအဆကတော့ လူသားရဲ့ သဘာဝနဲ့ လိုအပ်ချက် အရသာ နိုင်ငံတော်ဆိုတာ ( လိုအပ်လို့ ) ပေါ်လာရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရ အဖွဲ့ ဆိုတာ ကတော့ တမင်လုပ်ယူ ဖန်တီးထားတဲ့ အဖွဲ့သာ ဖြစ်တယ်လို့ ပိန်းက ပို့ချတယ်။ မကောင်းတဲ့ ဘက်ကို ယိမ်းယိုင်ချင်တဲ့ လူသားတွေရဲ့ သဘာဝနဲ့ အပြုအမူတွေကို ထိန်းသိမ်း ပေးဖို့ရာ အတွက် အစိုးရအဖွဲ့ လိုအပ်တယ်လို့ ပိန်းက ဆိုပါတယ်။ ဒီလို အစိုးရ အဖွဲ့မျိုးဟာ မမှန်ကန်တဲ့ လူတွေရဲ့ လက်ထဲကို ရောက်သွားနိုင်တယ်။ ဒါမှ မဟုတ် အာဏာကို တလွဲ အသုံးချချင်တဲ့ လူတွေရဲ့ လက်ထဲကို ရောက်သွားနိုင်တယ် ဆိုပြီး ပိန်းက စိုးရိမ်ပါတယ်။ ဒါကြောင့် မို့လို့ အခု အခြေအနေ ဟာ ပြုပြင် ပြောင်းလဲ ဖို့ လိုအပ်နေတဲ့ အတွက် ကြောင့် မို့လို့ အခု လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အဖွဲ့ အစည်းတွေကို လေးစားပြီး ထိန်းသိမ်းပေး နေစရာ မလိုဘူး လို့ ပိန်းက ပို့ချပါတယ်။

ပိန်းရဲ့ သဘော အလိုအရ ကတော့ “ပြည်သူနဲ့ နိုင်ငံတော် ကြားမှာ ပြုလုပ်ထားတဲ့ ပဋိညာဉ် Contract ဟာ အခွင့်အရေး ချင်းအရ တူညီကြတဲ့ လူသား တစ်ဦးချင်းစီနဲ့ နိုင်ငံတော်ကြားမှာ ပြုလုပ်ထားတာ ဖြစ်တယ်။ ဘာ့ခ် ပြောသလို အုပ်ချုပ်သူနဲ့ အအုပ်ချုပ်ခံ ပြည်သူတွေ ကြားမှာ ချုပ်ဆိုထားတာ မဟုတ်ဘူး” လို့ အဓိပ္ပါယ် ကောက်ယူ ပါတယ်။ အများသဘော ဆန္ဒ ( Popular Consent ) အရ စနစ်ကျတဲ့ အဖွဲ့အစည်း မျိုးကို ဖွဲ့ဖို့ဆိုရင် ပြည်သူ လူထုကို ကိုယ်စားပြုမယ့် အစိုးရ အဖွဲ့ ( Republican Form of Government ) နဲ့ အခြေခံ ဥပဒေကို ရေးဆွဲပြဋ္ဌာန်း ( Written Constitution ) တွေဟာ မဖြစ်မနေ လိုအပ်တယ် လို့ ပိန်းက အဓိပ္ပာယ် ဖွင့်ပါတယ်။ ဘုရင်တွေ ၊ ဘုန်းတော်ကြီး တွေနဲ့ စစ်လိုလားတဲ့ သံတမန်တွေဟာ အင်မတန် အန္တရာယ် များတယ် လို့ ခံယူပါတယ် ။ ပြီးတော့ ပိန်းက ပြင်သစ် တော်လှန်ရေးမှာ ကြေညာလိုက်တဲ့ လူ့ အခွင့်အရေး ကြေညာ စာတမ်းကြီး ပါ သဘာဝ နိယာမ သဘောတရား ( Natural Law Philosphy of The Declaration of The Rights of Man ) ပြည့်ပြည့်ဝဝ ထောက်ခံပါတယ်။ ပိန်းကတော့ လူတွေဟာ လွတ်လပ်ပြီး တန်းတူ ညီမျှတယ် ( Free and Equal ) လို့ ယုံကြည်ပါတယ်။ ဒါကြောင့် မို့လို့ လဲပဲ လုံလုံခြုံခြုံ နေနိုင်ခွင့် လွတ်လပ်ခွင့်နဲ့ ပစ္စည်း ဥစ္စာ ပိုင်ဆိုင်နိုင်ခွင့် သဘာဝ အခွင့်အရေး ( Natural Rights of Security , Liberty and Property ) တွေကို ပိုင်ဆိုင်တယ်လို့ ခံယူပါတယ်။ နောက် ပြီးတော့လဲ အာဏာ အားလုံးဟာ ပြည်သူလူထု ဆီက ဆင်းသက်လာတယ် လို့လဲ ခံယူပါသေးတယ်။ ပိန်း အလိုအရ “နိုင်ငံတော် ဆိုတာ လူသားတွေ အတွက် ပြုလုပ်ထားတဲ့ အရာသာ ဖြစ်တဲ့အပြင် အစိုးရဆိုတာဟာ ပြည်သူလူထုရဲ့ အစေခံသာပဲ ဖြစ်သင့်တယ် ( State was made for man and that government should be his servant ) တကယ်လို့သာ အစိုးရကို ကျကျနန ဖွဲ့စည်းထားမယ် ဆိုရင် တိုင်းပြည်ကို ပြုပြင် ပြောင်းလဲတဲ့ အခါမှာ အတော်အတန် အကျိုး ကျေးဇူး ရှိနိုင်မယ်” လို့ ခံယူပါတယ်။ ပိန်းဟာ လူ့ အခွင့်အရေး ( Right of man ) စာအုပ်ကို ပြုစုခဲ့ပါတယ်။ အဲ့ဒီ စာအုပ်ထဲမှာ လက်တွေ့ကျပြီး အပြု သဘောဆောင်တဲ့ အစီအစဉ် တွေကို တင်ပြခဲ့ပါတယ်။ ဘာတွေလဲ ဆိုတော့ မသင်မနေရ ပညာရေး ၊ ဆင်းရဲသား ဥပဒေနဲ့ နိုင်ငံများ ပါဝင်တဲ့ အဖွဲ့ချုပ် ( League of Nations ) ဖော်ဆောင်ရေး စီမံချက်တွေ ဖြစ်ပါတယ်။

ဝီလျံဂေါ့ဒွင် ( William Godwin ) ( 1756 -1836 ) ဟာ မင်းမဲ့ဝါဒကို လက်ခံတဲ့ သဘောတရားရေး ဆရာကြီးပဲ ။ သူက နိုင်ငံတော် ( State ) နဲ့ ဘယ်လို အပေးအယူ အစေ့အစပ် အညှိအနှိုင်းမှ ပြုလုပ်ချင်သူ ဖြစ်ပါတယ်။ သူ့ အလိုအရတော့ အယူသည်းတာတွေ မရှိတဲ့ အစိုးရမျိုးပဲ ဖြစ်ဖြစ် ၊ မင်းဆိုးမင်း ညစ် မဟုတ်တဲ့ အစိုးရမျိုးပဲ ဖြစ်ဖြစ် ဘယ်လို အစိုးရမျိုးပဲ ဖြစ်ဖြစ် အစိုးရအားလုံး ကို မလိုလား လက်မခံဘူး လို့ ဆိုပါတယ်။ သူလိုလားတာကတော့ တရား မျှတခြင်း ( Justice ) ပါပဲ။ ဘယ်လို တရားမျှတရမလဲ ဆိုတော့ ပြည်သူ အားလုံးက အသုံးချ နိုင်မယ့် တရားမျှတမှုမျိုး ဖြစ်ပါတယ်။ နောက်ပြီးတော့လည်း ဂေါ့ဒွင်က “လူတွေကို ပညာရေးတွေ စနစ်တကျ သင်ပေးပြီး အဖွဲ့အစည်း ( Institutions ) တွေကိုလည်း စနစ်တကျ ဖွဲ့စည်း ပေးထားစေ ချင်ပါတယ်။ ဒါမှ လူတွေဟာ အဖက်ဖက် ကနေ ခြောက်ပစ်ကင်း သဲလဲ စင်ပြီး ပြည့်စုံ ( Perfectability of man ) နိုင်ကြလိမ့်မယ်” လို့ ယုံကြည်ပါတယ်။ လူတွေ အသိဥာဏ် ပညာ နည်းပါး နေကြတာတွေ နဲ့ ကျွန်စိတ်ပေါက် နေကြတာ တွေဟာ မကောင်းမှု အားလုံးရဲ့ အရင်းခံပဲ ဖြစ်တယ်လို့ ဂေါ်ဒွင်က ယုံကြည်ပါတယ်။ တကယ်လို့သာ လူတွေသာ ပညာတွေ တတ်ခဲ့ရင် ကောင်းတာပဲ ဖြစ်ဖြစ် ဆိုးတာပဲ ဖြစ်ဖြစ် အတင်းအကြပ် အလုပ် ခိုင်းခံ ရတာမျိုးတွေ အားလုံးဟာ ပျောက်ကွယ် သွားမယ်လို့ သူက ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ပဲ ဂေါ့ဒွင်ဟာ လူမှု ပဋိညာဉ် ( Social Contract ) နဲ့ လူတွေရဲ့ သဘာဝ အခွင့်အရေး ( Natural Rights of man ) တွေ အပေါ် စိတ်ဝင်စားမှု နည်းခဲ့တာပါ။ အခု လက်ရှိ ပညာ နုံ့နဲ့တဲ့ အနေအထားမှာ အုပ်ချုပ်သူ တစ်ချို့ကို လိုအပ်မယ် လို့ သူက ဆိုပါတယ်။ ဒါပေမယ့် အဲ့ဒီ အုပ်ချုပ်မှု ဟာ အကန့်အသတ် နဲ့သာ ရှိနေရမှာ ဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး တို့အတွက်သာ အဲ့ဒီ အုပ်ချုပ်ရေးရဲ့ လှုပ်ရှားမှုတွေကို တိတိကျကျ ကန့်သတ် ထားရမယ် လို့ ဆိုပါတယ်။ ဂေါ့ဒွင် အထူးတလည် မကြိုက် မနှစ်သက် တာ တစ်ခု ရှိပါတယ်။ အဲ့ဒါ ကတော့ အစိုးရ အဖွဲ့ အင်အား တောင့်တင်း ခိုင်မာ စေဖို့ အတွက် ရည်မှန်းချက် ကြီးကြီး မားမား ထားပြီး နိုင်ငံတော်ရဲ့ ဘဏ္ဍာတွေ တိုးပွား ကြွယ်ဝ လာအောင် တမင်တကာ လုပ်ယူ တာမျိုးတွေနဲ့ စစ်ပွဲ အောင်ပွဲ အလီလီတွေရအောင် တမင်တကာ လုပ်ယူတာ မျိုးတွေပါ။

ဂေါ့ဒွင်ဟာ လူပုဂ္ဂိုလ် တစ်ဦးချင်း ပုဂ္ဂလိက ပစ္စည်း ဥစ္စာ ပိုင်ဆိုင်ခွင့် ပြုပေးထားတဲ့ စနစ်ကိုလည်း တိုက်ခိုက် ဝေဖန် ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပစ္စည်း ဥစ္စာ ပိုင်ဆိုင် တာတွေ မညီ မမျှ ဖြစ်လာရင် အဲ့ဒါဟာ လူတွေ အချင်းချင်း ကြားမှာ ရှိရမယ့် တန်းတူ ညီမျှခြင်း သဘာဝ အခွင့်အရေးမူကို ဆန့်ကျင် လာနေလို့ပဲ လို့ ဂေါ်ဒွင်က အကြောင်းပြ ပါတယ်။ တကယ်လို့ ပညာရေးသာ ဖွံ့ဖြိုးလာခဲ့ရင် ခုလို ချမ်းသာ လာတာတွေ ဆင်းရဲ လာတာတွေရဲ့ မကောင်းမှု တွေကို ကိုယ့် အသိစိတ်နဲ့ ကိုယ် ဖယ်ရှားလာ ကြလိမ့်မယ် လို့ ယူဆပါတယ်။ နောက် ပြီးတော့လည်း ပညာရေး ရေချိန်တွေသာ မြင့်နေမယ် ဆိုရင် မတရားတဲ့ ဥပဒေ စိုးမိုး နေတာ တွေနဲ့ အစိုးရက ဖိနှိပ် နေတာတွေ ကိုလည်း ဖယ်ရှား နိုင်လိမ့်မယ် လို့ ဂေါ့ဒွင်က ယုံကြည်ပါတယ်။ တကယ်တော့ ဂေါ့ဒွင်ရဲ့ စိတ်ကူး စိတ်သန်းတွေဟာ ပလေတိုနဲ့ မိုးတို့ရဲ့ စိတ်ကူးယဉ်မှု ( Utopia of Plato and Moore ) တွေရယ် ၊ ၁၈ ရာစု သဘာဝ နိယာမ သဘောတရား ( National Law Philosophy of the eighteenth century ) တွေရယ်နဲ့ စက်မှု တော်လှန်ရေး တွေနဲ့ အတူ ပေါ်လာတဲ့ လက်တွေ့ အသုံးချရေး ဝါဒ နဲ့ တစ်သီး ပုဂ္ဂလ ဝါဒ ( Utilitarian and Individualistic Ideas ) အယူအဆ တွေကို ပေါင်းစပ် ထားတာပါ။ ဂေါ့ဒွင်ရဲ့ အယူအဆ တွေကို ဥရောပ တိုက်က တွေးခေါ်ရှင် တွေက သဘောကျ ခဲ့ကြပေမယ့် နေရင်း အင်္ဂလန် နိုင်ငံ မှာတော့ စိတ်ဝင်စားမှု မရှိကြပါဘူး။ အင်္ဂလန် မှာ သူ့ဩဇာ သက်ရောက်ပုံ ကတော့ သူ့သမက် ကဗျာ ဆရာ ရှယ်လီ ( Shelly ) ရဲ့ အရေးအသား တွေကနေ တစ်ဆင့်ပဲ ဖြစ်ပါတယ်။ ရှယ်လီဟာ သနားကြင်နာ ချစ်ခင်မှုကို ကိုးကွယ်ပြီး ဖိနှိပ်မှုကို မုန်းတီးသူ အဖြစ် အာရုံယူ ခံစားပြီး ကဗျာ ဖွဲ့တတ်ပါတယ်။

ပြင်သစ် တော်လှန်ရေး က တော်လှန်တဲ့ အတွေးအခေါ်တွေ ကနေ နယ်ချဲ့တဲ့ နပိုလီယံ စစ်ပွဲတွေ အဖြစ် ပြောင်းလဲ သွားတဲ့အခါမှာ အင်္ဂလိပ်တွေရဲ့ သဘာဝ နိယာမ ( Natural Law ) အပေါ်မှာ လက်ခံထားတဲ့ သဘောထားနဲ့ လူ့အခွင့်အရေး ( Rights of Man ) အပေါ်မှာ လက်ခံထားတဲ့ သဘောထားတွေဟာ ပျောက်ကွယ်ကုန် ကြပါတော့တယ်။ စစ်ဖြစ် နေရတဲ့ နိုင်ငံ တစ် နိုင်ငံ အနေနဲ့ ( ပြင်သစ် နပိုလီယံ နဲ့ စစ်ဖြစ်နေရတဲ့ အင်္ဂလန် နိုင်ငံ အနေနဲ့ ) ပိန်းနဲ့ ဂေါ်ဒွင် တို့ရဲ့ သဘောတရား တွေဟာ အံမဝင် ခွင်မကျ ဖြစ်လာ နေရပါတော့တယ်။ ဒီတော့ အက်ဒ်မန် ဘာ့ခ် ( Edmund Burke ) ရဲ့ ရှေးဟောင်း ရိုးရာ ထိန်းသိမ်း ရေး သဘောတရား တွေကပဲ အင်္ဂလန် နိုင်ငံ အတွင်း က လွှမ်းမိုး နေပါတော့တယ်။ ဒီအထဲ ၁၇၉၂ ပြင်သစ် အမျိုးသား ညီလာခံက ချမှတ်လိုက်တဲ့ အမိန့်တွေ အရ ဘုရင် အုပ်စိုးတဲ့ နိုင်ငံ အားလုံးကို တိုက်ခိုက်ဖို့ လှုံ့ဆော်တာတွေ နဲ့ ဘုရင်စနစ်ကို ဖြုတ်ချပြီး ပြင်သစ်မှာ လိုပဲ သမ္မတ နိုင်ငံ ( Republic ) တွေ ထူထောင်ဖို့ အတွက် စစ်အင်အားနဲ့ ခြိမ်းခြောက်မှုတွေပါ လုပ်လာတဲ့ အခါမှာ အင်္ဂလန်ဟာ အထူးတလည်ကိုပဲ ကြောက်ရွံ့သွား ပါတော့တယ်။ ပြီးတော့ ပြင်သစ် ဘုရင် လူဝီ ၁၆ ကို တော်လှန်ရေး တပ်သား တွေက သုတ်သင် ပစ်လိုက်တဲ့ အခါမှာ အင်္ဂလန်ဟာ အကြီး အကျယ် တုန်လှုပ် ချောက်ချား သွားပြန် ပါတော့တယ်။ ဒီအခါမှာ ဝှစ်ဂ် ( Whig ) ပါတီဝင် တွေလည်း နှုတ်ဆိတ် ကုန်ကြပါတော့တယ်။ Fox လို ခေါင်းဆောင်မျိုး တွေက တောင်မှ ခုလို လူဝီ ၁၆ ကို သတ်လိုက်တာ ဟာ ရိုင်းစိုင်း ယုတ်မာ ပြီး တရာမမျှတဘူး လို့ ဝေဖန်ပါတယ်။ ဒီတော့လည်း အင်္ဂလန် နိုင်ငံအတွင်းမှာ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဖို့ အကြံ အစည် အားလုံး ဟာလည်း ရပ်ဆိုင်းကုန် ကြပါတော့တယ်။ သမ္မတ ( Republic ) နိုင်ငံ တည်ထောင်ဖို့ စိတ်ကူး စိတ်သန်း တွေ အခြေချ မိလာမှာကို အထူး စိုးရိမ် နေကြတဲ့ မင်းမျိုး မင်းနွယ် မှူးမျိုး မတ်နွယ် ခေါင်းဆောင် တွေကလည်း မဲပေးပိုင်ခွင့် တွေ တိုးချဲ့လာမယ့် ဘယ်လို ကိစ္စ ရပ်မျိုးကို မဆို ဖိနှိပ် ပစ် နေကြပါတယ်။ ပြီးတော့ ပါလီမန်ကို ပြုပြင် ဖွဲ့စည်း လာမှာကိုလည်း နှိမ်နင်း ပစ်နေကြပါတယ်။ ဒီအထဲမှာ ပြင်သစ် တော်လှန်ရေးလို ဟာမျိုး ဖြစ်လာမှာ ကြောက်တဲ့ အတွက် နိုင်ငံခြား သား တွေကို ကန့်သတ်တဲ့ ဥပဒေတွေကိုလည်း ထုတ်ပြန်လာကြပါတယ်။ နောက်ပြီးတော့ လွတ်လပ်စွာ ဆွေးနွေးခွင့်ကိုလည်း ထိန်းချုပ်လာပါတယ်။ အဆိုးဆုံးက တော့ ဥပဒေတွေကို ဆန့်ကျင် ကန့်ကွက်ကြတဲ့ လူတွေကို ပြစ်ဒဏ် တွေ ပြင်းပြင်း ထန်ထန် ချမှတ် နေတာပဲ ဖြစ်ပါတယ်။

နိုင်ငံရေး လောကမှာ အဲ့သလို ဖြစ်နေတဲ့ တစ်ချိန်တည်း မှာပဲ အင်္ဂလန် နိုင်ငံ အတွင်းမှာ စီးပွားရေး အပြောင်း အလဲတွေ ဖြစ်လာနေပါတယ်။ အဲ့ဒါကတော့ စက်မှု တော်လှန်ရေး ဖြစ်ပွားလာ နေတာပါပဲ။ စက်မှု လုပ်ငန်းတွေ တည်ထောင် ပွားများ လာရာကနေ စက်မှု မြို့ပြတွေ ဖြစ်ထွန်းလာပြီး စက်မှု လုပ်ငန်းရှင် လူတန်းစား အသစ်တွေ ပေါ်ထွန်းလာပါတယ်။ ဒီလုပ်ငန်းရှင် လူတန်းစား သစ်တွေဟာ အချိန် ကြာမြင့်လာတဲ့ အခါ အုပ်ချုပ်သူ တွေရဲ့ ရှေးရိုးဆန်တဲ့ အမူအကျင့် တွေကို ဆန့်ကျင်လာကြပြီး မြေရှင်သူကောင်းမျိုး တွေ လွှမ်းမိုးနေတာကိုလည်း ဆန့်ကျင်လာကြပါတယ်။ ဒီစက်မှု လုပ်ငန်း ရှင်တွေဟာ ဘယ်လို နိုင်ငံ ရေး သဘော တရား ကို မှ နားမလည်ကြပါဘူး။ ဒီတော့ ဂေါ့ဒွင်တို့၊ ရှယ်လီတို့ရဲ့ မင်းမဲ့ သဘောတရား တွေကိုလည်း မသိကြပါဘူး။ ဒါပေမယ့်လည်း ရှေးဆန်တဲ့ မင်းဆက်တွေနဲ့ ရှုပ်ထွေးတဲ့ တရား ဥပဒေ စနစ်တွေကိုတော့ လက်မခံနိုင်ကြပါ။ သူတို့ လိုလား ကြတာက လွတ်လပ်စွာ ကုန်သွယ်ခွင့်နဲ့ အဲ့ဒီလို ကုန်သွယ်ခွင့်ကို တားဆီးထားတဲ့ ဥပဒေတွေကို ဖယ်ရှားပစ်ချင် နေကြတာပါပဲ။ ဒီလို လွတ်လပ်တဲ့ ဈေးကွက် လေဇတ်ဖဲ ( Laissez Faire ) ဝါဒကို လက်ခံ မိလာကြတာ ကိုလည်း သူတို့ လိုလား လာကြပါတော့တယ်။

နိဂုံး
ရောမခေတ်မှာ ခရစ်ယာန် သာသနာကို စတင် ယုံကြည် ကိုးကွယ်လာကြတယ်။ တဖြည်းဖြည်းနဲ့ သာသာနာဟာ ပျံ့ပွားလာတယ်။ ဒီလို သာသနာကို အလွန် အကျွံ ယုံကြည် ကိုးကွယ်မိလာ ကြတဲ့အခါ ( Holy Roman Empire ) ဘုရားသခင်ရဲ့ မွန်မြတ်တဲ့ ရောမ အင်ပါယာ ထူထောင်ဖို့ ကြိုးစား လာကြပါတော့တယ်။ ဒီအခါမှာ သာသနာရေးက လူမှု ကိစ္စ အဝဝ အပေါ် လွှမ်းမိုးလာပါတယ်။ ဒီလိုနဲ့ ( Devine- Right Theory ) ဘုရားသခင်က ပေးအပ် တော်မူတဲ့ အခွင့် အာဏာတော် အရ ဘုရင် ဖြစ်ခွင့်ရတယ် ဆိုတဲ့ အယူအဆ ပေါ်လာပါတယ်။

ဒါပေမယ့် ကြာလာတော့ စည်းစိမတွေ ယစ်မူးလာကြတဲ့ ပုပ်ရဟန်း မင်းကြီး တွေကို ဘုရင်တွေက မကျေနပ် ကြတော့ပါဘူး။ အင်အား ကောင်းလာတဲ့ ဘုရင် တွေက ဘုရားကျောင်းတော် တွေကို ဆန့်ကျင် ပုန်ကန်လာကြတယ်။ ဒီလို ပုန်ကန်ရင်းနဲ့ အင်အား တောင့်တင်းလာတဲ့ ဘုရင် တွေက အမျိုးသား နိုင်ငံတော်တွေ တည်ထောင်လာကြတယ်။ ဒီလိုနဲ့ သာသနာရေးက အုပ်ချုပ်ရေး အပေါ် ဩဇာလွှမ်းနေတာတွေ ကျဆင်း သွားပါတော့တယ်။ ကြာလာတော့ ဘုရင်တွေ လက်ထဲကိုသာ အာဏာတွေ စုပြုံ ရောက်သွားပါတော့တယ်။

 

Pope & Emperor

ဒီလိုနဲ့ ဘုရင်တွေဟာ တဖြည်းဖြည်းချင်း အာဏာတွေ တက်လာကြတယ်။ ဒီလိုနဲ့ သက်ဦး ဆံပိုင် ဘုရင်စနစ် ဖြစ်လာတယ်။ သားစဉ် မြေးဆက် ဘုရင် စနစ် ဖြစ်လာတယ်။ ဒီလိုနဲ့ ဘုရင် စနစ်ရဲ့ အားနည်းချက်ကို သိလာကြတဲ့ အင်္ဂလန် ပြည်သူတွေဟာ ၁၆၈၈ မှာ ( The Glorious Revolution ) ဂုဏ်ရောင် ပြောင်သော တော်လှန်ရေးကြီးပေါ့ ( ဟီး ) ဆင်နွဲလိုက်ကြတယ်။ ဘုရင်ကို ရုပ်ပြထားပြီး ပါလီမန်ကို အင်အား တောင့်တင်းအောင် ပြုလုပ် ခဲ့ကြတယ်။ နောက် နှစ်ပေါင်း တစ်ရာ ကြာတဲ့ အခါမှာ အမေရိကန် တော်လှန်ရေး ပေါ်လာတယ်။ အင်္ဂလိပ်လက်အောက်က လွတ်မြောက်ခဲ့ပြီး လွတ်လပ်ရေး ကြေညာ စာတမ်းကြီးကို ( 1776 July 4 ) ရက်နေ့မှာ ကြေညာခဲ့တယ်။ အဲ့ဒီ ကြေညာစာတမ်းနဲ့ တခြား စာတမ်းတွေကို အခြေခံပြီး အခြေခံ ဥပဒေကြီးကို လွှတ်တော်မှာ ရေးဆွဲ ပြဋ္ဌာန်း နိုင်ခဲ့တယ်။ ဒီအခြေခံ ဥပဒေအရ ဘုရင်ဆိုတာ မရှိတော့ပါ။ ဒါကြောင့်မို့လို့ပဲ အမေရိကန် တော်လှန်ရေးဟာ ကမ္ဘာကို တစ်ခေတ်ဆန်း စေခဲ့ပါတယ်။

၁၇၈၉ ခုနှစ်မှာ ပြင်သစ် တော်လှန်ရေးကြီး ပေါ်လာပြန်တယ်။ ဒီတော်လှန်ရေးကနေ ပြင်သစ် အမျိုးသား လွှတ်တော်ကြီး ပေါ်လာပြီး လူ့အခွင့်အရေး ကြေညာ စာတမ်းကြီး Bill of rights ကို အောင်အောင်မြင်မြင် ထုတ်ပြန်နိုင်ခဲ့တယ်။ အဲ့ဒါ အပြင် ဘုရင်စနစ်ကိုလည်း နိဂုံး ချုပ်စေခဲ့ပါတယ်။ ဒါကြောင့် ဒီပြင်သစ် တော်လှန်ရေးကြီးဟာ ကမ္ဘာ့သမိုင်းမှာ အထင်ရှားဆုံး တော်လှန်ရေးကြီး ဖြစ်လာပါတယ်။ ဒီလိုနဲ့ ဘုရင် ဧကရာဇ်တွေ လက်ထဲက အာဏာတွေဟာ ပြင်သူတွေရဲ့ လက်ထဲ ရောက်သွား ရပါတော့တယ်။ ဒါဟာ ပြည်သူတွေရဲ့ အောင်ပွဲပါပဲ။

Ref : MSM

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: