နာကျင်မှုရဲ့ကိုယ်စား ဟာသ

Nadie olvida nada 3 (1982) by Guillermo Kuitca

_______________________________________________________________________________________

အခုလို ကြားရမြင်ရတဲ့အတိုင်း
အခုလို တစ်နေ့ပြီးတစ်နေ့ တစ်ကွေ့ပြီးတစ်ကွေ့ ကြုံရတွေ့ရတဲ့အတိုင်း
ပြန်ပြီး စမြုံပြန်ရရင် ရယ်စရာပဲ


ရယ်စရာမှန်းသိရက်နဲ့ပဲ လောလောဆယ် မရယ်နိုင်သေးဘူးလေ

ဒိုင်ယာရီဟောင်းလေးဘာလေး ပြန်ဖတ်ပြီးမှ ရယ်လို့ကောင်းတာ
ငယ်သူငယ်ချင်းတစ်ယောက်နဲ့လေပန်းရင်း
ကြည့်စမ်း….လွန်ခဲ့တဲ့ သုံးလေးနှစ်က ဒီအချိန်ကိုမှတ်မိသေးလား

ဟားဟား…ရယ်တော့ရယ်စရာပဲ ဟေ့

ဒါပေမယ့် အခုမရယ်နဲ့ဦး
ထမင်းစားမလို့ အလုပ်ခဏနားတာ ရယ်လိုက်ရင်အချိန်ကုန်သွားမှာ

ရယ်မယ်ဆိုရင် မှတ်စုတွေသေသေချာချာ ထုတ်ထားတာရှိတယ်
စာအုပ်ထဲရှာကြည့် ၊ မင်နီနဲ့ကို သေသေချာချာလိုင်းတားထားတာ
တစ်ခုခုထူးခြားတဲ့နေ့ဆိုရင် ကြယ်ပွင့်ကလေးတောင်ပြထားလိုက်သေး
ဒါပေါ့ကွ ၊ရယ်ရတယ်နော် ဟို နိုင်ငံခြားဟာသဖတ်ဖူးလား
ဟိုဟာလေကွာ မုဆိုးမကပြောတာ ယောင်္ကျား အဲ အိမ်နီးချင်းယောင်္ကျားကို
သိတယ် သိတယ် ၊ငါလည်း အဲဒါပြောမလို့
ကြော်စရာဆီမရှိတဲ့ ဆိုရှယ်လစ်ငရဲဆိုရင် ပိုလို့တောင်ရယ်ရသေး

ပြောတာကြာပါတယ်ကွာ ရယ်တာပဲကောင်းမယ်ထင်တယ်
ဒီအချိန်မှ လာမရယ်နဲ့ တစ်ရပ်ကွက်လုံးအိပ်မောကျနေပြီ အေပေးလေးရဲ့
အင်း ပြီးရော ပြီးရော ဟုတ်သားပဲ ဒါနဲ့
မင်း အဲဒီတုန်းက ဟိုကောင်မလေးနဲ့တွဲတာ ရပ်ကျော်ရွာကျော်ပဲ ရလိုက်သေးလား
ဟဲဟဲ ယောင်္ကျားပဲကွာ ဟားဟား ဒီလိုကွ ဘယ်ရမလဲ ငါက၊

ခွေးသား တော်တော့ ဒီမှာရယ်ရလွန်းလို့ အူတောင်နာနေပြီ
မျက်နှာကြီးတောင်နီရဲလာပြီ ငါလည်းအဲဒါပြောမလို့
အဲဒီတုန်းက ဝိုင်းပြီးချောက်တွန်းတာတော့ တကယ်စိတ်နာတယ်ကွာ သိလား ဟားဟား
အင်း ဒီကောင်နဲ့လည်း အဆက်အသွယ်မရတာကြာပြီ
သူတောင်စားက ကောင်းစားနေမှာပေါ့ မြင်ယောင်ပါသေးတယ်
ကဲ…တွေ့ဦးမယ်ကွာ ဟားဟား
ဘိုင်းဘိုင် ဘိုင်းဘိုင် ဟားဟား။

နေဝိုင်ဝိုင်
အကိုတော် နေဝိုင်ဝိုင့်  စာကို ဖတ်ကြည့်ပြီး ကျနော် တွေးမိတာလေး ရှိပါတယ်။

တစ်ချို့ဟာသတွေက ရယ်ရတယ်။ ဟုတ်ပါတယ်။ တကယ်လည်း အဲ့ဒီ ရယ်ရတဲ့ဟာသ တွေကြောင့်ပဲ ပျော်ရွှင်ကြ ရတာပါ။ ဒါပေမယ့် အဲ့ ဟာသ တွေကြောင့်ပဲ နာကျင်ရတယ် ဆိုတာလဲ ရှိပြန်တယ်။ အပြန်အလှန် ပြောရရင် နာကျင် ရတာ ကြောင့်လဲ ဟာသတွေက ဖြစ်ရပြန် ပါသေးတယ်။ ဟိုတုန်းက ဒုက္ခတွေက အခုတော့ ဟာသတွေပါ ဆိုတာ မျိုးပေါ့။ ဟာသ တွေ တစ်ခုပြီးသွားတိုင်း နောက်ဟာသ တစ်ခုကို မျှော်လင့်နေတဲ့ ကျနော်တို့တွေက နာကျင်မှုတစ်ခုပြီးတိုင်း နောက် နာကျင်မှုတစ်ခုကို မျှော်လင့် နေရာနဲ့ တူမနေပေဘူးလား။

ထပ်ကျော့နေတဲ့ ဖြစ်စဉ်တစ်ခုကို အမြဲတမ်း လုပ်နေရသလိုပဲ ။ စီစီဖာရဲ့ ဒဏ္ဍာရီ လိုပေါ့ ။

ပြောရရင် ဟိုးရှေးယခင် နတ်ဘုရားတွေက လူသား တွေ ရမ်းကားလွန်းတယ် ပြစ်ဒဏ်ပေးဖို့ ဆိုပြီး လုပ်တော့ စီစီဖာက ဝင်တားတယ်။ အဲ့အတွက် လူတွေကို ချမယ့် ပြစ်ဒဏ်က တော့ လျော့သွားပါရဲ့။ ပေးတာကတော့ ပေးတာပါပဲ ။ ပြစ်ဒဏ်ပေးအပြီးမှာ စီစီဖာ ကိုလည်း ပြစ်ဒဏ်ချပြန်တယ်။ စီစီဖာ ထမ်းဆောင်ရတဲ့ ပြစ်ဒဏ်က ရိုးရှင်းတယ်။ အိမ်တစ်လုံးစာ ကျောက်တုံးကြီးကို တောင်ပေါ် ရောက်အောင် တွန်းတင်ရတာပဲ ။ အခြားဘာမှ မဟုတ်ဘူး ။ ဒါပေမယ့် အဲ့ကျောက်တုံးက တောင်ပေါ်ရောက်ပြီးတိုင်း အောက်ကို ပြန်ပြန် လိမ့်ကျတယ် ။ စီစီဖာက တွန်းတင် ရပြန်တယ်။ ပြန်ကျလိုက် ၊ ပြန်တင်လိုက် ။ ပြီးကို မပြီး တော့ဘူးတဲ့။

အဲ့လိုပဲ လူတွေလည်း ကိစ္စတစ်ရပ်အပေါ် အဖန်တလဲလဲ လုပ်နေရတာတွေ များတယ်။ အစားတစ်ခုစားပြီးလို့ သိပ်မှမကြာသေးဘူး ထပ်စားရပြန်တယ်။ တကယ်တမ်းသာ ကမ္ဘာမှာ စားစရာ တစ်မျိုးထဲသာ ရှိကြည့်။ လူတွေ ရိုးအီပြီး သေလောက်တယ်။ နောက် – သန့်ရှင်းရေး ။ အဲ့ဒါကလည်း မကြာခဏ ပြန်လုပ်ရတယ်။ ရေချိုးဦးဟဲ့၊ ခြေသည်း လက်သည်းကလဲ ခဏခဏ ထွက်တော့ ညှပ်ဦးဟဲ့ ပြုဦးဟဲ့။ အပေါ့အလေး သွားဦးဟဲ့။ အဲ့ဒါထက် ပိုဆိုးတာ ရှိတယ်။ လူ့ဘဝ လူတွေကြား နေထိုင်ရာမှာ ကြုံရတဲ့ အရာ။ မကြာခဏ တွေ့နေ ရတဲ့ ဒုက္ခ၊ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေ ပေါ့ဗျာ။ အဲ့ဒါတွေက အခုမကြုံ ရလဲ တော်ကြာကြုံရပြန်တယ်။ ဒုက္ခ တစ်ခု ဟင်းးးးးး ချ လို့မှ မပြီးသေးဘူး ။ နောက်ဒုက္ခ တစ်ခုက အသင့် စောင့်ကြိုနေပြန်တယ် ။

အဲ့တော့ ပြောချင်တာ ရောက်ပါပြီ။ အဲ့လို တစ်ခုပြီး တစ်ခု ဒုက္ခပေါင်းတွေ ကြုံလာရာမှာ လူတွေဟာ ဟာသဆိုတဲ့ ပျော်ရွှင်စရာ ထွက်ပေါက် ကို ရှာကြတော့တာပဲ။ စိတ်ညစ်စရာ တစ်ခုပြီး တစ်ခု တွေ့ရတိုင်း ဟာသတွေ တစ်ခုပြီး တစ်ခု ရှာရတယ်။ တစ်ခုပြီး တစ်ခု ရယ်မော ပစ်ရတယ်။ စိတ်ညစ်စရာ တွေ ရှိနေသရွှေ့ ဟာသတွေကို မနားတမ်း ရှာနေရပြန်တယ်။ ဒါဆို ဒီဟာသတွေက ဘာတွေဖြစ်နိုင်သလဲ။

ကိုယ် အမြဲတမ်း ရှာဖွေနေရတဲ့ ရယ်လိုက်ရပေမယ့် မောကြီးပန်းကြီး ပေးဆပ်နေရတဲ့ အရာကြီးတစ်ခု ဖြစ်နေပြန်ရော မဟုတ်လား။ ကိုယ့်ကို အမောဖောက်အောင် ပြုနေတဲ့ အရာတစ်ခုသက်သက် ဖြစ်နေပြန်ရော မဟုတ်လား။ ခဏတာလေး ဘိန်းစားလိုက်ရ သလို ဟာသ တစ်ခုကို ရီဝေဝေ ရယ်မောလိုက်ရတယ်။ အဲ့အချိန် လေး ပေါ့ပါး သွားသလိုလို လန်းဆန်းသွားလိုလို ဆိုပေမယ့် ရှင်သန်နေတဲ့ ဘဝတစ်လျောက် နောက် ဒုက္ခတွေ တွေ့နေရသရွေ့တော့ နောက်ဟာသ ကို ထပ်ရှာရပြန် ဦးမှာပဲ။ အဲ့တော့ ဟာသတစ်ခုကို ကြည့်ရင်း နောက်ဟာသ တစ်ခုကို ထပ်ဆင့်ရင်း ဒီဟာသဆိုတာတွေဟာ မူးယစ်ဆေးတွေ နဲ့ တူလာပြန်တယ်။ ဟာသ အပေါ် နာကျင်လာရပြန်တယ်။ မကျေမလည် ဖြစ်လာ ကြရပြန်တယ်။

ကျနော်တို့ ဒီလမ်း တွေ ဘယ်မှာ ဆုံးမလဲ။ ဒီလို ရှာဖွေနေရတဲ့ ကျနော်တို့ ဒုက္ခတွေ ဘယ်မှာ ပြီးမလဲ။ ဟာသတွေ တစ်ခုပြီးရင် နောက်တစ်ခု အတွက် ဘယ်လောက် အပင်ပန်းခံ နေရ ဦးမလဲ။ ရယ်စရာ တစ်ခုပြီးရင် နောက်ထပ် ရယ်စရာ တစ်ခု ရှာနေရဦးမှာပဲဆိုတာ သိပြီးတဲ့ နောက်တော့ ကျနော်တို့ ဘယ်လို ရယ်နိုင်ဦးမှာလဲ ။

🙂



About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: