တရုတ်စကားပင် နွားတင်းကုပ်နားမှာ ရှိသည်

တရုတ်စကားပင်
နွားတင်းကုပ် နားမှာ ရှိသည်။
အခုတော့ တရုတ်စကားပင်လေး ရှိနေသေးလား ကျနော် မသိတော့ပါ။ နွားတင်းကုပ်လေးလည်း ဆွေးမြည့် ပျက်စီး နေလောက်ပြီ ။ ရွာမှာ နကိုက မောင်ညိုကြီး ရှိသေးသည်။ ကျနော့ကို တွေ့တိုင်း ပြုံးယောင်ယောင် သန်းပြနေတတ်သည့် သူ့ကိုတော့ သတိတရ ရှိနေပါသည်။ ချစ်မြတ်နိုးစိတ်ဖြင့် ခေါင်းလေး ပွတ်ပေးသည့် အခါမျိုးများတွင် သူက ငြိမ်နေ တတ်သည်။ သူ့အတွက် ချထားပေးသည့် အဲ့နေရာလေးက မိုးလုံလေလုံ ရှိခဲ့ဖူးပါသည်။ သက်ကယ် ကောက်ရိုးနှော အမိုး နှင့် ဝါးကြဲ ယက်ကာ ပေးထားသည်။
နေ့ခင်း နေ့လည်များ တွင်တော့ မောင်ညို့နားတွင် ကလေးများ အစုံအညီ ရှိနေ တတ်ကြသည်။ ထိုကလေးများထဲတွင် ကျနော်တို့လည်း ပါသည်။ ကလေးတစ်ယောက်က ဒိုင်းကနဲ သေနတ်ပစ်သံပြု သဖြင့် မောင်ညိုလန့်၍ တုန်သွားလျင် အားလုံး ဟားတိုက် ရယ်မောကြသည်။ ခြောက်လန့်မှု၏ အပြစ်မည်မျှကြီးသည်ကို ဘာသာတရားအရ ကျနော်တို့ နားမလည်ပါ။ ပျော်ကြသည်။
အစာစားပြီးတိုင်း ပွစိပွစိ တပျတ်ပျတ် လုပ်နေတတ်သော သူ့နှုတ်ခမ်းနှင့် ကျနော် ကျောင်းက ပြန်လာတိုင်း စောင်းငန်း စောင်းငန်း လှည့်ကြည့် နေတတ်သော သူ့ကို အခုတော့ လွမ်းလှပါသည်။ ကျောင်း လွယ်အိတ် ပစ်ချ၍ ကျက်စရာ စာအုပ် ထုတ်ပြီး သူ့အနား သွားထိုင်နေရသည့် ခံစားချက်ကို ယခုထက်တိုင် သတိရနေတုန်း ဖြစ်သည်။

အမေ တစ်ခါက ပြောဖူးသည်။ “မောင်ညိုမွေးချိန်က တရုတ်စံကားပင်တစ်ပင်လုံး ပွင့်နေကြတယ်ကွယ့်၊ ဖွေးဖွေးလှုပ်ပေါ့” ဒါဆို ( မပြောကောင်း- ပြောကောင်း ) တရုတ်စကားပင်လေး သည် မောင်ညို ၏ ဖွားဖက်တော် ဖြစ်ရမည်။ ဖြစ်နိုင်သည်- မောင်ညို နေမကောင်း ဖြစ်တတ်သော အချိန်တိုင်း တွင် စကားပင်ကလေးက မလန်းမဆန်း ညှိုးရော် နေသလိုလို ရှိသည်။ ပင်ယံအောက်တွင် မောင်ညို နှင့် ကျနော် ဆော့ကစား နေသော အချိန်မျိုး တွင်တော့ ထိုစကားပင်လေးက ကျနော်တို့ အပေါ် တစ်ပွင့် နှစ်ပွင့် ခြွေချပေးတတ်သည်။
တရုတ်စကားပင် ဆိုသည်ကလည်း အပွင့်လှလှ ဝေသလောက် အကြွေ လွယ်သော အပင် ဖြစ်သည်။ ထို့ကြောင့် တစ်ပင်လုံး အဆုပ်အဆုပ်လိုက် ဖွေးဖွေလှုပ်မျှ ဝေနေချိန်တွင် ပင်ယံအောက် မြေပြင်တွင်လည်း အပွင့်ကြွေတို့က ဖွေးဖွေးလှုပ်နေတတ်သည်။ ထိုအခါမျိုးတွင်တော့ မောင်ညို အိပ်ပျော်နေလျင်လည်း အတင်းနိုးသည်။ အပင်အောက်မှာ ပန်းမနင်းကြေး လမ်းလျောက်ကြသည်။ တစ်ခါ – အကောင်း ပကတိ လှနေဆဲ အကြွေပန်းလေး တစ်ပွင့်တွေ့တော့ ကျနော် ပြေးကောက်သည်။ သို့သော် မမှီလိုက်။ မောင်ညို တက်နင်းမိသွားသည်။ ထိုအချိန်က ကျနော် ဒေါသတကြီး အော်ငိုသည်ကို ယောင်နန မျက်လုံးလေး ကလယ်ကလယ်နှင့် မောင်ညို- ကျနော့ကို ကြည့်နေဖူးသည်။
ဤအကြည့်မျိုးကို နောက်တစ်ကြိမ် ကျနော် တွေ့ခဲ့ရသည်က ရွာမှထွက်ရန် ပြင်သောအချိန်တွင် ဖြစ်ပါသည်။ မနက် ရွာမှ ထွက်မည်ဆိုတော့ ကျနော် ညဘက် အိပ်မပျော်တော့။ မနက်ဆိုလျင် မောင်ညို့ကို ခွဲရတော့မည် ၊ ဘယ်လောက်ကြာ မည်မှန်းမသိ၊ ဘယ်အချိန် ပြန်တွေ့ကြရမည်မှန်း မသိ၊ မနေနိုင်၍ မောင်ညို ရှိရာ ထသွားတော့။ မောင်ညို ကျနော်ရှိရာ မော့ကြည့်သည်ကို ဝါးတားတား မြင်ရသည်။ ငါ မျက်ရည် ကျနေပြန်ပြီကော။
မောင်ညို့ကို ဖက်ပြီး စကားတွေ တတွတ်တွတ် မှာမိသည်။ ကိုယ်မှာနေသော စကားသံတွေက ကိုယ်နှင့် အဝေးမှ လိုလို။ တိတိကျကျ မရှိတော့။ မှတ်မိသည့် နောက်ဆုံး စကားက ရွာပြန်လာလျင် အတူတူ ပန်းမနင်းကြေး လျောက်ကြဦးမည် ဟုသာ ဖြစ်သည်။
အခုတော့ မောင်ညို၊ တရုတ်စကားပင်လေးနှင့် ကျနော်တို့ တစ်နေရာထည်းတွင် ရှိမနေနိုင် ကြတော့ပါ။ ပန်းမနင်းကြေး လည်း နောက်တစ်ခါ မလျောက် ဖြစ်ခဲ့ကြတော့ပါ။ သည်လောကက ကျနော်ချစ်သော မောင်ညို ထွက်ခွာ သွားသည် မှာ ကြာပြီ။ တရုတ်စကားပင်လေးသာ ငွားငွားစွင့်ပြီး ကျန်ရစ်ခဲ့လိမ့်မည်။ ဤသည်မှာလည်း အထင်သာ ဖြစ်သည်။ ကျနော် ရွာကို ပြန်မကြည့်နိုင်တော့။
သို့သော် မောင်ညိုဟူသော စကားလုံးနှင့် မောင်ညို့ပုံရိပ်များ၊ မောင်ညို့မျက်လုံးများသည် တရုတ် စကားပွင့်များ နှင့် တွဲဖက်၍ ကျနော့ရင်ထဲတွင် ယခုတိုင် ရိုက်ခတ်နေဆဲ ဖြစ်သည်။ ဘယ်သောအခါမှ ဟောင်းနွမ်း မေ့ပျောက်သွားမည်ကို တော့ ကျနော်မသိ။ ဤလွမ်းမောတသမှု မှန်သမျှကို ကျနော့အနေဖြင့် ဝါကျမစီနိုင်ပေ။ စီနိုင်လျင်လည်း အောက်ပါ အတိုင်း တစ်ကြောင်း တည်းသာ ဖြစ်ပါလိမ့်မည်။
မောင်ညို့တင်းကုပ်ကလေး
တရုတ်စကားပင်နားမှာ ရှိသည်။


About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: