ဒီဂျစ်တယ်ကမ္ဘာဖြစ်လာပြီလား ( ၁ )

ကမ္ဘာဟာ အပြားလား၊ အချွန်လား၊ Post Americanism လား ဆိုတဲ့ ဆွေးနွေးငြင်းခုံမှုက ရှိနေဆဲ ဖြစ်ပါတယ်။ ဒီပြောင်းလဲမှုက IT မှာ အခြေခံတယ်။ ဒစ်ဂျစ်တယ် ကမ္ဘာမှာ အောင်မြင်ဖို့ ဆိုရင် အသိပညာနဲ့ တီထွင်ဖန်တီးမှု လိုအပ်တယ် ဆိုတာကို အားလုံးက သဘောတူမယ် ထင်တယ်။
IT မှာ အခြေပြုထားတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ( Globalization )က နေရာအနှံ့မှာ ရှိနေပါတယ်။ Pittsburgh တက္ကသိုလ် ကျောင်းသူ တစ်ယောက်က သင်တန်း တစ်ခုမှာ စာရင်းသွင်းတယ်။ သူ့ရဲ့ ပါမောက္ခက ကာတာကနေ Video Conferencing တွေနဲ့ သင်ခန်းစာ ပို့ချပါတယ်။ ချီကာဂို အရေးပေါ်ခန်း ဆရာဝန် တစ်ယောက်က ဩစတြေးလျ၊ ဓာတ်မှန်ပညာရှင်ဆီကနေ CT Scan ရလာဒ်ကို လက်ခံရရှိတယ်။ လန်ဒန်မှာရှိတဲ့ ဂီတပညာရှင် တစ်ယောက်က ရုရှားက အဆိုတော် တစ်ယောက်နဲ့ ပေါင်းပြီး နောက်ထပ် လူကြိုက်များမယ့် သီချင်းကို အသံသွင်းဖို့ အင်တာနက်ကို အသုံးပြုတယ်။ အဲ့တော့ ဂလို ဘယ်လိုက် ဇေးရှင်းဟာ တိုးတက်မှုကို ဖန်တီးပြီး၊ နိုင်ငံတွေကို ဒီမိုကရေစီ စနစ် ကျင့်သုံးလာစေပါတယ်။ အဲ့အတွက် လည်း ချီးကျူး ဂုဏ်ပြုကြတယ်။ တစ်ဘက်မှာလည်း လုပ်အားကို အမြတ်ထုတ်ပြီး သဘာဝကို ဖျက်ဆီးတယ်လို့ အပြစ်ဆိုကြပြန်တယ်။
ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ အဓိပ္ပာယ် ကိုယ်၌က ကမ္ဘာကြီးဟာ ပိုမိုသေးငယ်လာပြီး နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတွေကို ပိုမို လွယ်ကူသွားစေတာ ဖြစ်ပါတယ်။ ဒီပြောင်းလဲမှု အများစုဟာ IT ရဲ့ မောင်းနှင်မှုကြောင့် ဖြစ်ပါတယ်။ ကမ္ဘာအနှံ့ဖြန့်ကျက်ထားတဲ့ သတင်း အချက်အလက် ကွန်ရက်ဆီကို ကမ္ဘာရဲ့ အဝေးဆုံး ထောင့်စွန်းတွေမှာ ချိတ်ဆက်ထားလိုက်တယ်။ အဲ့လိုနဲ့ အလုပ်သမားတွေဟာ နိုင်ငံတကာရဲ့ ကမ္ဘာလုံးစီးပွားရေးနဲ့ ယှဉ်ပြိုင်လာရတယ်။ ( ဒီနေရာမှာတော့ IT ဆိုတာ ဘာမှန်းမသိရရှာတဲ့ နိုင်ငံတကာ ကျောမွဲ အလုပ်သမားတွေတော့ မပါနိုင်ရှာဘူးပေါ့ ) အတွေးအခေါ်၊ အယူအဆ၊ ယဉ်ကျေးမှုနဲ့ အလားအလာတွေမှာလည်း အဆီးအတား မရှိတဲ့ ကမ္ဘာ့အဖွဲ့အစည်းကို ဒီ ဂလိုဘယ်လိုက်ဇေးရှင်းကပဲ ဖြစ်ပေါ်လာရပါတယ်။
ဒီဂျစ်တယ်နဲ့ ဆက်သွယ်ထားတဲ့ ကမ္ဘာဆီကို အသွင် ကူးပြောင်းတဲ့ ကာလမှာ စီးပွားရေးကို အနှောင့်အယှက်ဖြစ်တယ်။ စိန်ခေါ်မှု အသစ်တွေ ဖြစ်လာတယ်။ ( ဒီနေရာမှာ ပြောတဲ့ အနှောင့်အယှက်ဆိုတာ စီးပွားရေးကို ပိတ်ပင်၊ တားဆီး၊ ကျဆင်း စေတာ မဟုတ်ပါဘူး။ စိန်ခေါ်မှု အသစ်ကြောင့် တွန်းတိုက်ရမှု ပိုလာတယ်လို့ ဆိုလိုတာမျိုးပါ ) ဒါ့ကြောင့် တစ်ဘက်မှာလည်း စီးပွားရေး တိုးတက်မှု နဲ့ လူမှုဘဝ အရည်အချင်း တိုးတက်မှုတွေ ဖြစ်လာရပါတယ်။ ဒီအခြေအနေကို ပေါ်လစီ မိတ်ကာတွေ ဘယ်လို တုံ့ပြန်သင့်ပါသလဲ။ ဒီမေးခွန်းကို ဖြေဖို့ IT က မောင်းနှင်ပေးတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ရဲ့ သက်ရောက်မှုနဲ့ ပတ်သက်တဲ့ လတ်တလော အချေအတင် ဆွေးနွေးပြောဆိုထားတာ တွေကို ကြည့်ကြည့်ပါမယ်။
ကမ္ဘာက အပြားလား၊ အချွန်လား ၊ Post Americanism လား။
ဒီစိန်ခေါ်မှုတွေရယ်၊ ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး အသစ်ရဲ့ သက်ရောက်မှုတွေရယ် နဲ့ ပတ်သက်တဲ့ ဆွေးနွေးပြောဆိုသမျှ တွေကို အဓိပ္ပာယ်ဖော်ပြီး သောမတ်ဖရီးမင်းက ကမ္ဘာပြားပြီ လို့ ပြောပါတယ်။ သူ့ရဲ့ အဆိုအရ ဆဲလ်ဖုန်းတွေနဲ့ Broadband ဆက်သွယ်မှုတွေ စတဲ့ နည်းပညာဟာ ကမ္ဘာကို ပြားအောင် ဆောင်ရွက်ပေးတယ်။ ဒါ့အပြင် outsourcing ( အပြင်ထွက် အရင်းအမြစ်ရှာတယ်လို့ အလွယ်နားလည်နိုင်မယ်ထင်တယ် ) နဲ့ ကမ္ဘာအနှံ ဖြန့်ချီရေး အုပ်စုတွေ အနေနဲ့ ဆက်သွယ်မှုများတဲ့ စီးပွားရေးကို ဖန်တီးပေးပါတယ်။ အဓိပ္ပာယ်ကတော့ ကမ္ဘာရဲ့ ဘယ်နေရာမှာ မဆို ရှိတဲ့ လုပ်သား တစ်ယောက်ဟာ ဒစ်ဂျစ်တယ် စီးပွားရေးလုပ်ငန်းရဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ခဲ့မယ် ဆိုရင် သူဟာ ကမ္ဘာပေါ်က ဘယ်နေရာ မှာ မဆို ရှိတဲ့ တခြား လုပ်သား တစ်ယောက်နဲ့ ယှဉ်ပြိုင်နိုင်ပါလိမ့်မယ်။ IT အခြေပြု ယှဉ်ပြိုင်မှုဟာ ပိုမို ပြင်းထန်လာနိုင်ပါတယ်။ တချို့ အသက်မွေးဝမ်းကျောင်းတွေက outsourcing ကနေ crowdsourcing အဖြစ် ပြောင်းလဲသွားပါတယ် ။ ဒီ အခြေအနေမှာ အကောင်းဆုံး ဆိုတဲ့ အတွေးအခေါ် အယူအဆတွေသာ အောင်မြင် နိုင်ပါတယ်။ ဥပမာဆိုရင် Crowdspring ( http://www.crowdspring.com ) လို website တွေက၊ စီးပွားရေး လုပ်ငန်းတွေအတွက် စီးပွားရေး လုပ်ငန်းတွေ အတွက် စီမံကိန်း ဖန်တီးမှုတွေ၊ ကြော်ငြာခွင့် ပြုထားပြီး၊ ကမ္ဘာတစ်ဝှမ်းလုံးက အတော်ဆုံး ဒီဇိုင်နာတွေကို ရွေးချယ် စေနိုင်ဖို့ ဆောင်ရွက်ပေးထားပါတယ်။
ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ သက်ရောက်မှုမှာ လုပ်သားတစ်ဦးချင်းစီ အတွက်သာ မကပါဘူး။ ဈေးကွက် ယှဉ်ပြိုင်မှု အတွက်ပါ အရေးကြီးတဲ့ ထိရောက်မှုတွေ ရှိပါတယ်။ အမေရိကရဲ့ ယှဉ်ပြိုင်မှု အတွက် ဖရီးမင်းရဲ့ ကမ္ဘာပြားပြီဆိုတဲ့  အယူအဆက ဖော်ထုတ်လိုက်တဲ့ လျို့ဝှက်ချက် ၆ ခု အပြင်၊ နိုင်ငံတကာ နယ်ပယ် မှာ အမေရိကရဲ့ ကျဆင်းနေတဲ့ ပညာရေး၊ လုပ်သား အင်အားစု စွမ်းဆောင်နိုင်မှု၊ ငွေကြေးထောက်ပံ့မှု၊ ရည်မှန်းချက်နဲ့ အခြေခံ အဆောက်အအုံ အပါအဝင် ကို အရင်က လေ့လာခဲ့ဖူးကြမယ်။ တကယ့် အချက်အလက်တွေကို သေသေချာချာ သုံးသပ် ကြည့်မယ် ဆိုရင် ၊ အမေရိကရဲ့ ကနေ့ ကမ္ဘာလုံး ဆိုင်ရာ IT နယ်ပယ် လွှမ်းမိုးမှု၊ သူ့ရဲ့ ပညာရေးစနစ်၊ ပေါ်ပေါက်လာတဲ့ နည်းပညာသစ်တွေ အပေါ် သူ့ရဲ့ ဦးဆောင်မှု၊ သူ့ရဲ့ ယှဉ်ပြိုင်မှုတွေက ဖွံ့ဖြိုးပြီး ဥရောပ မြောက်ပိုင်း နဲ့ ဖွံ့ဖြိုးဆဲ အာရှနိုင်ငံတွေရဲ့ နောက်မှာ ကျန်နေမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ ပညာရေးကို ကြည့်ကြည့်ပါ။ အမေရိကန် တက္ကသိုလ်က ဘွဲ့ရ ကျောင်းသားတွေ ၊ အထူးသဖြင့် သိပ္ပံ၊ အင်ဂျင်နီယာ၊ သင်္ချာ နယ်ပယ်တွေမှာ အများစုက နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။ ဥပမာ – အမေရိကန် တက္ကသိုလ်က အင်ဂျီနီယာ ဘာသာရပ်တွေမှာ Ph.D ရသူတွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ အမေရိကန် ကျောင်းသားတွေ မဟုတ်ကြပါဘူး။ မေးစရာ တစ်ခု ရှိတယ် – အမေရိကဟာ အနာဂတ်သုတေသီတွေ၊ အင်ဂျင်နီယာတွေနဲ့ သိပ္ပံပညာရှင်တွေကို သင်ကြားပေးရာ အကောင်းဆုံး နေရာ ဖြစ်ပါ့မလား လို့ မမေးဘူး။ သူတို့ ဘွဲ့ရပြီးတဲ့အခါ သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို ဘယ်နေရာမှာ အသုံးချ ကြမလဲ ဆိုတာသာ မေးရမယ်။ အမေရိကန် အခြေစိုက် IT ကုမ္ပဏီတွေဟာ ၊ အားနည်းတဲ့ HB-1 ဗီဇာ အစီအစဉ်တွေကြောင့်၊ အဆင့်မြင့် ကျွမ်းကျင်တဲ့၊ အမေရိကမှာ သင်ကြားပေးခဲ့တဲ့ သုတေသီတွေနဲ့ အင်ဂျင်နီယာတွေကို ဆွဲဆောင်ဖို့ အလွန် ခက်ခဲ နေပါတယ်။ အဆင့်မြင့် ကျွမ်းကျင်တဲ့ ၊ အမေရိကမှာ ပညာသင်ခဲ့တဲ့ နိုင်ငံခြားပေါက် အင်ဂျင်နီယာ တွေနဲ့ သိပ္ပံပညာရှင်တွေဟာ မိမိဇာတိကို ပြန်ပြီး အခွင့်အလမ်းတွေ ရှာဖွေကြပါတယ်။
IT က မောင်းနှင်တဲ့ ဂလိုဘယ်လိုက်ဇေးရှင်းဟာ ကမ္ဘာကို ပြားအောင် ဖန်တီးပေးတယ် ဆိုတဲ့ ဖရီးမင်းရဲ့ အယူအဆကို လူတိုင်းတော့ သဘောမတူ ကြပါဘူး။ IT အခြေပြု ဂလိုဘယ်လိုက်ဇေးရှင်း ဟာ ဘက်ပေါင်းစုံ ပါဝင်လာနိုင်တဲ့ ကစားကွင်းလို အဆင့်တစ်ခုကို ဖန်တီးပေးကောင်း ပေးနိုင်တယ်။ ဒါပေမယ့် ကစားပွဲမှာ ရမှတ်တွေဟာ တူညီမှု ရှိမယ်ဆိုတဲ့ အဓိပ္ပာယ်တော့ မဆောင်ပါဘူး။ တစ်ချို့က ကမ္ဘာဟာ ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အကြား၊ ကွာဟ ချက်တွေ ပိုမို များပြားလာမှု အပေါ် ဖော်ပြကြပါတယ်။ ဥပမာ အားဖြင့် ဖရီးမင်းက ကမ္ဘာကို ပြားတယ်လို့ ယူဆချိန်မှာ စာရေးဆရာ ရစ်ချတ် ဖလော်ရီဒါက ကမ္ဘာ့အခင်းအကျင်းကို တောင်ထိပ်တွေ တိုးမြှင့်လာ၊ ချိုင့်ဝှမ်းတွေ နိမ့်ကျသွား၊ တောင်တွေ ရွေ့လျားလာတဲ့ အခြေအနေ အဖြစ် ရှုမြင်ပါတယ်။ ဖလော်ရီဒါက IT မှာ ညီမျှမှုကို ဖြစ်စေနိုင်စွမ်းရှိတယ် ဆိုတာကို အသိအမှတ် ပြုပါတယ်။ ဒါပေမယ့် ကမ္ဘာလုံး ဆိုင်ရာ ယှဉ်ပြိုင်မှုတွေကို ကြည့်ရင်၊ ပထဝီ အနေအထားဟာ အရေးပါဆဲ ဖြစ်တယ်ဆိုတာ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ကမ္ဘာလုံး ဆိုင်ရာ ယှဉ်ပြိုင်မှုတွေကို ကြည့်ရင်၊ ပထဝီ အနေအထားဟာ အရေးပါဆဲ ဖြစ်တယ် ဆိုတာကို ထောက်ပြပါတယ်။ လူဦးရေ၊ စီးပွားရေး ပါဝါနဲ့ တီထွင်နိုင်စွမ်းရည် တွေဟာ ပညာတတ် အုပ်စုတွေရှိရာ မြို့ပြဒေသတွေမှာသာ၊ အားလုံး အခြေစိုက် နေပါတယ်။ ကယ်လီဖိုးနီးယားက ဆီလီကွန် တောင်ကြား၊ စင်္ကာပူက တက္ကနိုလော်ဂျီ ကော်ရစ်ဒါ၊ မလေးရှားက မာလ်တီမီဒီယာ စူပါကော်ရစ်ဒါ စတဲ့ နည်းပညာဆိုင်ရာ ဗဟိုဌာနတွေကို စဉ်းစားကြည့်လိုက်ပါ။ ကမ္ဘာ့လူဦးရေရဲ့ ၅ ရာခိုင်နှုန်းအောက်သာ အမေရိကမှာ နေထိုင်ကြပေမယ့်၊ အင်တာနက် သုံးစွဲသူ အားလုံးရဲ့ ၁၄ ရာခိုင်နှုန်းခန့်ဟာ အမေရိကမှာ ဖြစ်ပါတယ်။
စစ်စစ် ဖလော်ရီဒါနဲ့ ဖရီးမင်း တို့ဟာ၊ သဘောထားချင်း မတူညီတာတော့ မဟုတ်ပါဘူး။ ဖရီးမင်းရဲ့ ကမ္ဘာပြား အယူအဆက စီးပွားရေး လှုပ်ရှား ဆောင်ရွက်မှုတွေကို ကမ္ဘာတစ်လွှား နေရာဒေသများစွာမှာ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်တယ် ဆိုတဲ့ ရိုးရှင်းတဲ့ အဓိပ္ပာယ်သာ ဖြစ်ပါတယ်။ ဒါပေမယ့် ပေါင်းဆုံမှု၊ စုစည်းမှု မရှိဘဲ၊ မြေပဲ ထောပတ်လို နေရာ အနှံ့ အညီအမျှ ပျံ့နှံ့သွားမယ်လို့ သူက မယူဆပါဘူး။ ဒီပေါင်းဆုံမှုတွေဟာ အမေရိက အပြင်ဘက်က နိုင်ငံတွေမှာ အများအပြား ရှိနေပါတယ်။ အမေရိက မှာ ရှိတဲ့ ထိပ်သီး ( Peak ) တွေဟာ တိုက်စားခံနေရပြီး ၊ တီထွင် ဖန်တီးရာ ဗဟို ဌာန အသစ်တွေက စကင်ဒီနေဗီယားနဲ့ အာရှလို နေရာတွေမှာ ပေါ်လာနေတယ်လို့ ဖလော်ရီဒါက ဆိုပါတယ်။ နိုင်ငံတွေဟာ green IT ကို နောက် IT တော်လှန်ရေး အဖြစ် စတင် စဉ်းစားလာကြတဲ့အတွက် ဒီအလားအလာကို ကမ္ဘာတစ်လွှားမှာ မြင်နိုင်ပါတယ်။ အမေရိကဟာ green IT ခေါင်းဆောင် အဖြစ်၊ အလားအလာ ရှိနိုင်ပေမယ့် ၊ မသေချာလှပါဘူး။ နိုင်ငံများစွာဟာ ခိုင်မာတဲ့ ငွေကြေး ထောက်ပံ့ဖို့ ကတိ ကဝတ် တွေနဲ့ အမျိုးသား green technology မဟာ ဗျူဟာတွေကို ရှင်းလင်း ဖော်ပြကြပါတယ်။ တောင်ကိုရီးယားမှာ Green Growth ( ပတ်ဝန်းကျင် ရေရှည် တည်တံ့မှု ရှိစေသော စီးပွားရေး တိုးတက်မှု ) နဲ့ ပတ်သက်လို့၊ သမ္မတ ကော်မတီက ၅ နှစ် စီမံကိန်းကို ၂၀၀၉ ခုနှစ် ဇူလိုင်လမှာ ကြေညာခဲ့ပါတယ်။ ဒီစီမံကိန်း အရ Green New Deal အစီအစဉ်ရဲ့ အစိတ် အပိုင်း အဖြစ်၊ စုစုပေါင်း ကိုရီးယား ဝမ် ၁၀၇ ထရီလီယံ ( အမေရိကန် ဒေါ်လာ ၈၇.၇ ဘီလီယံ ) ရင်းနှီးမြုပ်နှံမှာ ဖြစ်ပါတယ်။ ဒီဟာက တောင်ကိုရီးယား GDP ရဲ့ နှစ်စဉ် ငွေကြေးဆိုင်ရာ ကတိကဝတ်ကို ကိုယ်စားပြုပါတယ်။ (ဒီစာက ပြီးခဲ့တဲ့ နှစ်ကစာပါ။ အခု ဒီစာသားပါ အကြောင်းအရာက မသေချာတော့ပါဘူး။ မကြာသေးမီက ကိုရီးယား တောင်နဲ့ မြောက် ကတောက်ကဆ ဖြစ်ကြရာမှာ အမေရိကက ဟိုယိမ်း သည်ပါ ဖြစ်နေတယ်လို့ သိုးသိုးသန့်သန့် ကြားရတယ်။ )

To be Continued.

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: