လွှာဖိနပ်

အလွှာလိုက် ပစ်သွင်း လာသော ပိတ်စိမ်းပါး လွှာဖိနပ်တစ်ရံသည် ဤမျှ နူးညံ့၍ ဤမျှ ရိုက်နှက်ချက် ပြင်းထန်လိမ့်မည်ဟု ကျနော် မထင်ထားမိ။ ထို ဖိနပ်ကလေး တစ်ရံသည် အများနှင့် အတူ ဘာမျှ မထူးခြား ။ သို့သော် ကျနော့အတွက် မြို့ပြတို့၏ အငွေ့အသက်များ တပူးတည်း ပါဝင် ပေးလျက် ရှိနေသည်။ ကလေးတစ်ယောက် ၏ ဆိုးနွဲ့တတ်သော အမူအကျင့်လေး တွေ ပါသည်။ စိတ်ကောက်တတ် သော သဘောကို ပြသည်။ အခြားသူများ အတွက် မထူးဆန်း သော်လည်း ကျနော့အတွက် အမည် မဖော်ပြနိုင်သော ထူးကဲမှု တစ်ခု ရှိနေသည်။
လက်ကတောက်ချင်း ကြုံတွေ့ရသည်က ထိုလွှာဖိနပ်တစ်ရံနှင့် ပတ်သက်သော အတွေးများ ဖြစ်သည်။ လူကို မပြုစားထား သော်လည်း နေထိုင်မှု လူ့ဘဝ ပတ်ဝန်းကျင်တွင် ထိုလွှာဖိနပ်၏ ရိုက်ခတ်မှုက ရှိနေသည်။ လှုပ်ရှား ဆက်ဆံ နေရသော လူ့ဘောင် အဖွဲ့မှာတင်က ကျဉ်းကျပ်သည်။ ( ကျနော့အတွက် ) ထို လွှာဖိနပ်လေးသည် စီးနင်းရန် မဟုတ်။ အလှထိုင် ကြည့်ရန်လည်း မဟုတ်။ သူ့သဘောအရ ရောက်ရှိလာ၍ လက်ခံထားရပြီး သူ့သဘောအရ ကုန်ဆုံးသွား လျင်လည်း ကျေနပ် နှစ်သိမ့်ရမည်သာ ဖြစ်သည်။

ထိုလွှာဖိနပ် ကို ကျနော် မဝယ်ယူခဲ့ပါ။ အခြားသူများက ဝယ်ယူ လက်ဆောင်ပေးသည် လည်း မဟုတ်ပါ။ ကျနော် စာရေးနေရာ အခန်းနားဆီသို့ တစ်စုံ တစ်ယောက် ပစ်သွင်း လာခြင်းသာ ဖြစ်သည်။ စ၍ ရောက်လာစဉ်က ကျနော့ အတွက် အရာဝတ္ထု တစ်ခု သက်သက် မျှသာ အာရုံ ရှိခဲ့သည်။ အမျိုးအမည် မသိ။ အဝိညာဏက အသက်မဲ့ ဝတ္ထုတစ်ခု သက်သက် ဖြစ်သည် ဆိုသော အကြောင်းချင်းရာထက် ဘာမှ မပိုခဲ့ပေ။ သို့သော် ထို ဝတ္ထု၏ နောက်ကွယ် အကြောင်း တို့ မှာမူ ဆွဲဆောင်မှု ရှိသည်။ အဘယ်သူ ပစ်ချ လာခဲ့ပါ သနည်း။ အဘယ်အကြောင်းကြောင့် အခြားသူဆီသို့ မရောက်ဘဲ ကျနော့ဆီသို့သာ ရောက်နေရပါ သနည်း။ ဤမေးခွန်းများကို အရင် အဖြေသိပါမှ မည်သည့် အရာဝတ္ထု ဖြစ်ကြောင်း ကြည့်တော့မည်။

သို့သော် ကျနော် မှားခဲ့သည်။ အဖြေမှာ မသိနိုင်တော့။ အချိန် ငါးမိနစ် ရင်းလိုက်သည်။ လူကိုယ်တိုင်လည်း အပြင်ထွက်ကြည့်သည်။ ဒေါသလည်း ခဏ ထွက်ကြည့်သည်။ စိတ်လည်း မရှည်မိတော့ ။ အဘယ်သူလဲ။ ဘာအကြောင်းလဲ။ ဘာလုပ်တာလဲ ဒါ။ နောက်တစ်ခေါက် ထပ်မေးသည်။ ကိုယ့်ဘာသာ အဖြေ ထပ်မရှာနိုင်သေး ။ မထူးတော့ ။ ဘာပါလိမ့် ဆိုသည်ကို အရင်ကြည့်လိုက်တော့မည်။

တကယ်လည်း အစမှာ ပြောခဲ့သလို လွှာဖိနပ်လေး တစ်ရံသာ ဖြစ်သည်။ ဘာမှ မထူးခြား ။ စိန်မစီထားသော ၊ ရွှေမကွပ် ထားသော သာမာန် ပိတ်စိမ်းပါး ဖိနပ်ကလေး တစ်ရံသာ ဖြစ်သည်။ ပုံမှန် ရှိနေကျ နေရာတွင် ရှိသော ဖိနပ်ကလေး တစ်ရံ ဆိုလျင် ဘာမျှ တွေးမိမည် မဟုတ်။ ဘယ်သူ ဘယ်ဝါ ဆိုသည်ကို သိလျင် ကိစ္စက ဒီတွင်ပြီးသည်။ ယခုက ဤဖိနပ် ကလေး သည် ကျနော့အာရုံကို အတော်အတန် အနှောင့် အယှက် ပေးနေပါသည်။ လေကို ဆန်၍ စိတ်ကို လွှင့်ထုတ် ကြည့်လိုက်သည်။ ပျက်စီးမှုနှင့် ရုန်းရင်းဆန်ခတ်နေသော ဘဝကိုယ်စီသည် ဤလွှာဖိနပ်ကလေး အတိုင်း လေလွင့်နေ ကြသည်လား။ ဖြေးဖြေးမှန် မှန် သွားနေကြသော ခြေလှမ်းများ၊ ကရောသောပါး သွားနေကြသော ခြေလှမ်းများ၊ ခိုးကြောင်ခိုးဝှက် လာနေကြသော ခြေလှမ်းများမှသည် ရုန်းရင်းဆန်ခတ် ရှိနေရသော ခြေလှမ်းများ အထိ လူအများသည် ဖိနပ်အမျိုးမျိုး စီးနင်းနေကြသည်။ တစ်ချို့က သုတ်သီးသုတ်ပြာ၊ တစ်ချို့ က ဒရွတ်တိုက်၊ တစ်ချို့က ယိုင်တိယိုင်တိုင်၊ တစ်ချို့က ခုန်ဆွ ခုန်ဆွ၊ တစ်ချို့က ပြေးလျက် လွှားလျက်။
ပသို့ဆိုစေ – ဖိနပ် ပုံစံ အမျိုးမျိုးကို တယုတယ နှစ်ခြိုက်တတ်သော လူတွေလည်း ကြုံခဲ့ရဖူးသည်။ သူ့ဖိနပ် ကိုယ့်ဖိနပ် မခွဲခြား ကောက်စီးသွားသော လူများလည်း တွေ့ဖူးသည်။ တစ်ချိန်က အဖေမှာဖူးသည် ရှိသည်။ “အင်္ကျီ၊ ဖိနပ် ကိုယ့်ဥစ္စာ ကိုယ်စွတ်၊ တွေ့ကရာ ကောက်မစွပ်နဲ့၊ ထိုးရပစ်၊ ရိုးရပစ်ကောင် မလုပ်နဲ့ “- တဲ့ ။ ဒါ ယဉ်ကျေးမှုလား ။ သတ်မှတ် စည်းကမ်းချက် လား ။ လူရည်မွန် အကျင့်တွေလား ။ သို့ဆိုလျင် သူ့ဖိနပ် မစွပ်ရုံတင်မက ကိုယ့်ဖိနပ်ပါ မစွပ်လိုသော လူစားမျိုးဆိုလျင် အဘယ်သို့ သတ်မှတ်မည်နည်း ။ သိလိုသည်။ ရေရာအောင် ကျနော် မတွေးထား သော်လည်း ကျနော့ ဆီကိုတော့ ဒီလွှာဖိနပ်ကလေး ရောက်လာခဲ့ပြီ။ တော်တော်လည်း ဒုက္ခပေးပါသည်။ ကောက်ယူ၍လည်း မလွှတ်ပစ်မိ၊ တခြား တစ်နေရာတွင်လည်း မသိမ်းထား လိုက်တော့။ သူရောက်နေရာ နေရာလေးမှာတင် ဒီအတိုင်း ရှိစေ။ ပေယျာလကန် ထားလိုက် မိတော့သည်။ စိတ်ရှုပ်သည် ။ ခေါင်းထဲ မထည့်တော့ ။ တစ်ချိန်ချိန်တွင် သည်လွှာဖိနပ် ကလေးသည် အခြားအခန်း တစ်နေရာ သို့ ထပ်မံ အပစ်သွင်း ခံရမည် ဆိုသည်တော့ သေချာသည်။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: