ဘာသာစကားကဗျာ နှင့် နောက်ဆက်တွဲ

ရုံးကိစ္စ တွေ ရှင်းရင်း စာတစ်ပုဒ်တော့ ရေးရမယ်ဆိုတော့ ရေးချင်တာက ကဗျာ။ ဒါပေမယ့် ကဗျာဆိုတာကို နာမည်တပ်ပြီး ထွက်လာတာ တွေက တကယ့် ကဗျာ ဟုတ်လို့လား လို့ တွေးမိပြန်တယ်။ ကဗျာ ဆိုတဲ့ စကားကလည်း ကြီးမြတ်နေတာလား ။ ဒါမှမဟုတ် စကား မဟုတ်တာလား ဟုတ်တာလားလည်း မသိဘူးလေ။ ကဗျာဆိုတာ ………….. ရယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေး ၊ ပြန်ဖြေ အတွေးနယ်ချဲ့တော့လည်း နလပိန်းတုံး – ငါ – ရှေ့ကို မတိုးနိုင်ဘူး။ ရင်ဘတ်ထဲက ထွက်အံကျလာသမျှ သွန်ချမိတာလေး တွေကို ကဗျာလို့ ထင်ယောင် မြင်ယောင် သတ်မှတ်တာ။ အများသူငါ မသတ်မှတ်လည်း ကိုယ် သတ်မှတ်ခဲ့တာလေ။

အဲ့မှာ ဖြတ်သန်းလာခဲ့တဲ့ တစ်လျောက် ရင်ထဲ ထိမိ ရှမိတဲ့ အကြောင်းကတော့ ကဗျာကို ချစ်တာ။ ကဗျာလို့ ခေါ်တဲ့ ရင်တွင်း အမှန် ထွက်လာတဲ့ စီးဆင်း လာတဲ့ သဘောလေး ( Flow ) လေးကို ချစ်တယ်။ ဆိုလိုတာက ကိုယ်ကိုယ်တိုင်မှာ မရှိတဲ့ ရိုးသားမှု လေးကို ဒီကဗျာဆိုတာ မှာ တွေ့ရလို့ ချစ်တယ်။ ဒါဆို ကဗျာဆရာတိုင်း ရိုးသား ကြသလား မေးမယ်။ မရိုးသားပါဘူး။ ကဗျာကို စကားလုံးလှလှ သုံးတိုင်း ကဗျာလို့ ထင်ကြတာရှိမယ်။ စိတ်ကူးထဲမှာ စွတ်ဆက် ခံစားရတိုင်း သွန်ချနေတာ ရှိမယ်။ ကဗျာဆရာ ဆိုတာ အနည်းဆုံး ကိုယ့်ရင်ထဲတော့ ကိုယ်ပြန်မြင်ရမယ်လေ။ ( ကျနော့ ခံယူချက်ပါ ၊ မှားရင်လည်း မှားမယ် )

စာပေသီဝရီလို့ စကားလုံးထွားထွား ခဏငှားသုံးပြီး ပြောရင် Psychical Criticism အရ စာရေးသူ၊ ကဗျာရေးသူက သူ့ စိတ်ပုံရိပ်တွေ၊ သူ့စိတ် အရောင်တွေ သူ့စာမှာ ဖြန့်ကျက်ထားမှာ။ ဒီစာပေါ်မှာ သူ့စိတ်တွေက ရှပ်ပြေးနေမှာ။ စိတ်အရောင်တွေ သွားနေသမျှကို ကျနော်ကြိုက်တယ်။ ဒါနဲ့ပဲ၊ ဒါကိုပဲ ကဗျာလို့ သတ်မှတ်ပြီး ကျနော့် ဘာသာ ကဗျာ ဆိုတာကို ကြိုက်မိတယ်။

အောက်မှာ ကဗျာ ဆိုတာ နဲ့ပတ်သက်ပြီး ၊ ကဗျာဆရာ နဲ့ ပတ်သက်ပြီး ဆရာများ ပြောထားတာ တွေ့ရပါလိမ့်မယ်။ ကျနော့် ဘာသာ သတ်မှတ်တဲ့ ကဗျာဆိုတာများ နဲ့ ဘယ်လိုများ ဖြစ်နေသလဲတော့ မသိ။ ကျနော် မခွဲခြားတတ်၊ ။ ဆိုလိုတာကတော့ ကဗျာ ဆိုတဲ့ ဝေါဟာရက ကျနော် သွန်ချချင်ရာ သွန်ချ မိသွားတဲ့ စကားစုလိုပဲ သတ်မှတ် လိုက်ရမလား ။ တကယ့် တိတိပပ သတ်မှတ်ကြသလား။ ဝိဝါဒတွေ တော့ မငြိမ်သက်သေး၊ စီးဆင်းမြဲ၊ ရွှေ့လျားမြဲ၊ ပြောင်းလဲ နေမြဲဆိုတာ အကိုဇေယျာလင်း ရဲ့ Topics မှာ တွေ့ကြရမယ် ထင်ပါတယ်။

ကိုဇေယျာလင်း ပြောထားတာ တွေက ကျနော် အထက်မှာ ပြောတာတွေနဲ့ ဆိုင်ချင်မှ ဆိုင်မှာပါ။ ကျနော့် အတွေးကိုသာ ကျနော် ရေးထားတာ ဖြစ်ပါတယ်။ အောက်ပါ ပို့စ်ရဲ့ ဖော်ပြခွင့်ကို အကိုတို့ ဆိုဒ်မှာ ခွင့်တောင်းထားပြီးပါပြီ။ အဲ့ ဆိုဒ်က ဒီမှာ ပါ။ ပညာသား ပါတယ် လို့ မပြောလိုပါဘူး။ အဲ့လို ပြောတာထက် ကဗျာ အပေါ် ဘယ်လို စိတ်စေတနာ ရှိတယ် ဆိုတာကို ဒီစာ၊စကားမှာ မြင်ရမယ် ထင်ပါတယ်။ အဲ့လို ပြောတာ ပိုကောင်းမယ် ထင်ပါတယ်။

zyl.jpg

၁။

နောက်ကြောင်းနည်းနည်း ပြန်ရရင်၂၀၀၅မှာ ‘ L=A=N=G=U=A=G=E Poetry နှင့် အခြား ကဗျာဗေဒများ’ ထွက်ရှိ လာခဲ့ပါတယ်။ တစ်ဆက်တည်း ဆိုသလိုပါပဲ ၂၀၀၆မှာ ‘ထင်ရှားသည့် အမှတ်အသား´ ၊ ၂၀၀၇ မှာ `ကဗျာရေးသူကို ထုတ်လုပ်ခြင်း´နဲ့ `အက်ရှဘရီ နိဒါန်း´ ၊ ၂၀၀၈ မှာ `၂၀၀၇´ ၊ ၂၀၀၉မှာ `ကဗျာဘ၀ရှာတော်ပုံ´ နဲ့ `ချားလ်စ်ဘန်းစတိုင်းန် အင်တာဗျူး/ အရေးအသား များ´ စာအုပ်တွေ နှစ်ကာလများကပဲ ထွက်ရှိခဲ့ပါတယ်။ စထွက်ထွက်ချင်းက LG ကဗျာ ၊ ပြီးတော့ LP ကဗျာ ၊ အခု `ဘာသာစကား ကဗျာ´ လို့ သုံးစွဲနေကြတဲ့ ကဗျာအမျိုး အစားရဲ့ကဗျာ ဗေဒနဲ့ လက်တွေ့ရေးဖွဲ့ ပြုလုပ်ပြတဲ့ ကဗျာတွေကို မြန်မာ ကဗျာလောကထဲ တင် ဆက်ခဲ့ပါတယ်။ အခု ကာလအားဖြင့် ငါးနှစ် ရှိလာတဲ့အခါ ဒီ LP ကိစ္စကို ဆောင်းပါးတစ်ပုဒ်စာရဲ့ ကန့်သတ်ချက်အတွင်း အပေါ်ယံ ပြန်သုံးသပ် ကြည့်တာပဲဖြစ် တယ်။

၂။

ကျွန်တော် ဘာကြောင့် ဒီLP(၀ါ)ဘာသာစကားကဗျာ ဆိုတာကို `တင်သွင်း´ခဲ့ပါသလဲ။ ကျွန် တော့်မှာ အကြောင်းပြချက်တွေ ရှိပါတယ်။ ဒီအကြောင်းပြချက်တွေ ဟာလည်း သီးခြားစီ မဟုတ် ပဲ တစ်ခုနဲ့ တစ်ခုဆက်စပ်နေကြတာ ဖြစ်ပါတယ်။ ဒီလိုပါ –

၂.၁။ ၂၁ရာစုအစပိုင်း ၊ မြန်မာကဗျာလောကမှာ ပင်မရေစီးလို့ပြောလို့ ရလောက်အောင် ပေါ်ထွက်လာခဲ့တဲ့ `ခေတ်ပေါ်´ ကဗျာနဲ့ ပတ်သက်လို့ သုံးသပ်ချက်/ ဝေဖန်ချက်တွေ ထွက်လာခဲ့တယ် ဆိုတာမှတ်မိကြမှာပါ။ ခေတ်ပေါ်ကဗျာဟာ `အီလာပြီ ၊ အိုင်လာ ပြီ´ ဆို တာမျိုးနဲ့ ခေတ်ပေါ်ကဗျာဟာ အစစ်မဟုတ်တော့ဘူး ၊ `တစ်ဝက်တွေ´ ၊ `ဆီမီး´ တွေ ဖြစ်လာပြီဆိုတာမျိုး ။ အဲသလို အဓိကသုံးသပ်ချက် ၂ မျိုးကို မဂ္ဂဇင်းတွေမှာ ဖတ်ရှုခဲ့ရပါ တယ်။ ရေးဖွဲ့ပြုလုပ်မှုပုံသဏ္ဍာန်ပိုင်းနဲ့ အနှစ်သာရပိုင်းလို့ ဆိုရမယ် ထင်ပါတယ်။ ဒါ တွေဟာ ခေတ်ပေါ်ကဗျာကို တိုက်ခိုက်တာထက် အားမလို အားမရဖြစ်လို့သာ ဒီလို ရေး သား ပြောဆိုခဲ့ကြာလို့ပဲ ကျွန်တော် မှတ်ယူပါတယ်။ ခေတ်ပေါ်ကဗျာရဲ့ ဖြစ်စဉ်သမိုင်းကို ပြန်ကြည့်ရင် အတိုက်အခိုက်/ အတိုက်အခံ အမျိုးမျိုးကြားထဲက လူးလွန့် ရှင်သန် ကြီး ထွားလာခဲ့တာ ဖြစ်ပြီး ၁၉၉၀ခုနှစ်မှာ ပင်မရေစီး နေရာရရှိခဲ့တာကို ငြင်းလို့မရပါဘူး။ အဲဒီ ကာလတွေမှာ ခေတ်ပေါ်ကဗျာဆရာတွေ အများကြီး ပေါ်ပေါက်ခဲ့ကြပါတယ်။ ဒီနေ့အထိ ခေတ်ပြိုင် မြန်မာကဗျာလောကမှာ အထင်ကရကဗျာ ဆရာတွေဖြစ်ပါတယ်။ တစ်ချိန် တည်းမှာပဲ ခေတ်ပေါ်ကဗျာဟာ ရပ်တန့်သွားတယ်လို့ လည်းမြင်ကြသူတွေ ရှိလာပါတယ်။ အရှိန် အဟုန်နဲ့ ပြန့်ပွားလာပေမယ့် ကဗျာဗေဒအားဖြင့် မြင့်မားလာမှု (တိုးတက်မှု /ဖွံ့ဖြိုးမှု) ပိုင်းမှာ အားနည်းခဲ့တယ်လို့ ထင်ပါတယ်။ အဲဒီမှာ `ဘာဆက်လုပ်ကြမလဲ´ ဆို တဲ့ အတွေးတွေ ပေါ်ပေါက်ခဲ့ကြပါတယ်။ `ဒီအတိုင်းပဲ ဆက်ရေးမယ်´ နဲ့ `ဒီအတိုင်း တော့ မရေးတော့ဘူး ၊ ဒါပေမယ့် ဘယ်လို ဆက်ရမလဲ ၊ ဘယ်လိုပြောင်းရမလဲ´ ဆိုတဲ့ သ ဘောထား ၂ရပ်ကိုလည်း တွေ့ခဲ့ရပါတယ်။ ကဗျာအသစ် ၊ ကဗျာဗေဒအသစ်ကို မိုးကုတ် စက်ဝိုင်းမှာ လှမ်းမျှော် ကြည့်ခဲ့ကြတယ်ပေါ့ဗျာ။

၂.၂။ အဲဒီအချိန်မှာ ပို့စ်မော်ဒန်ဆိုတဲ့ အသုံးအနှုံးကလည်း ရိုက်ခတ်နေပါပြီ။ ဘာမှန်း ဟုတ်တိပတ်တိမသိပဲ ပြောနေခဲ့ကြတာ များပါတယ်။ ဆရာ ဇော်ဇော်အောင်ဟာ ပို့စ်မော် ဒန်သဘောတရားတွေကို သူစွမ်းသလောက် ရှင်းပြနေခဲ့ပေမယ့် အဲဒါတွေဟာ `သီအိုရီ´ သက်သက်တွေလိုပဲ ဖြစ်နေခဲ့ပါတယ်။ ကဗျာနဲ့ တွဲပြောရရင်တော့ ပိုစ်မော်ဒန်ကဗျာ Postmodern Poetry ဆိုတာ ဘာကိုခေါ်တာလဲ ၊ ဘယ်လိုအမျိုးအစားလဲ ဆိုတာကို သိချင်နေခဲ့ကြပါတယ်။ အဲဒီတုန်းက ဆရာဇော်ဇော်အောင် ထုတ်ပြခဲ့တဲ့ တာရာမင်းဝေ (ကောင်းရာ သုဂတိလားပါစေ) နဲ့ မင်းခိုက်စိုးစံတို့ဟာ `စံပြ´ (သဖွယ်) ဖြစ်ခဲ့ကြသလို ဆရာမောင်သာနိုးကလည်း ကဗျာစာအုပ် အမှာစာတစ်ခုခုမှာ (လား ? ကျွန်တော် အမှတ်မှားရင်ပြင်ပေးပါ) အောင်ဘညိုနဲ့ အခြားခေတ်ပေါ်ကဗျာ ဆရာအချို့ကို ပို့စ်မော် ဒန်ကဗျာဆရာတွေလို့ ရေးသားခဲ့ပါတယ်။ ဆိုလိုတာက ၊ ပို့စ်မော်ဒန် ကဗျာဆိုတာကို သိချင်လာကြပါတယ်။ အဲဒီတုန်းက ဒီကိစ္စကို တစ်ဘက်တစ်လမ်းက ချဉ်းကပ်တဲ့ အနေနဲ့ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းမှာ `ဆိုဗီယက်ခေတ်လွန် ကဗျာ ရှုခင်း´ ဆောင်းပါးတွေ ကျွန် တော် ရေးခဲ့ပါတယ်။ ဆိုဗီယက်အင်ပါယာကြီး ပြိုကွဲသွားပြီးနောက် ရုရှမှာ ပေါ်လာခဲ့တဲ့ ကဗျာ ဂိုဏ်း/ ကျောင်းတော်/ အုပ်စု အမျိုးမျိုးနဲ့သူတို့ရဲ့ ကဗျာတွေ အပါအ၀င် ရှင်းလင်း ချက်တွေနဲ့ ဖေါ်ပြခဲ့ပါတယ်။ အဲဒီ ကဗျာဂိုဏ်းတွေဟာ ရုရှစာပေပညာရှင် မီခါအီးလ် အက်ပ်ရှတိုင်းရဲ့ အလိုအရ ရုရှပို့စ်မော်ဒန် ကဗျာအမျိုးအစားတွေ ဖြစ်တယ် ဆိုတာမှတ် သားခဲ့ရပါတယ်။ ဆက်ပြီး ၊ အမေရိကန် နျူးယောက်ကဗျာ ဂိုဏ်းဝင် ကဗျာဆရာ ဂျွန်အက်ရှဘရီရဲ့ ကဗျာတွေကို ဘာသာ ပြန်ရုံတင် မဟုတ်ပဲ ရှင်းလင်းချက်တွေနဲ့ ဖေါ်ပြ ခဲ့ပါသေးတယ်။ အဲဒီတုန်းက ဒီက ကဗျာဆရာအချို့ဟာ အက်ရှဘရီကိုမထင် မရှားပါမွှား ကဗျာဆရာလို့ ထင်ခဲ့ကြပါတယ်။ ဖတ်ရှုလေ့လာမှုနဲ့ ထိတွေ့မှု အင်မတန် နည်းပါးခဲ့လို့ပဲ ဖြစ်ဟန်တူပါတယ်။ ဆရာ မောင်သာနိုး အိုင်ယိုးဝါး Iowa က ပြန်လာပြီး ဆောင်းပါး တစ် ပုဒ်ထဲမှာ သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အက်ရှဘရီရဲ့ ကြီးမားတဲ့ ကျော်ကြားမှုနဲ့ ကဗျာ ဩဇာရှိပုံ အကြောင်းပါရှိမှပဲ အချို့ နည်းနည်း ခေါင်းထောင် လာကြတယ်။ အမေရိကန် ကဗျာလောကမှာ နျူးယောက်ဂိုဏ်း ကဗျာဟာ ပို့စ်မော်ဒန် ကဗျာတွေထဲက တစ်မျိုး တစ်စား ဖြစ်တယ်ဆိုတာ Paul Hoover တည်းဖြတ်တဲ့ Norton Anthology of Postmodern American Poetry (1994) မှာ အတိအလင်း ဖေါ်ပြပါတယ်။ ရုရှပို့စ် မော်ဒန်ကဗျာတွေနဲ့ အက်ရှဘရီရဲ့ ပို့စ်မော်ဒန်ကဗျာတွေကို ထိတွေ့ဖတ်ရှုမြည်းစမ်းပြီး ယူချင်ရာ ၊ ယူတတ်ရာ ၊ ယူဖို့ ဘာသာပြန် ရေးသားခဲ့တာ တွေဖြစ်ပါတယ်။ ထူးခြားတာ တစ်ခုကတော့ ရုရှပို့စ်မော်ဒန် ကဗျာဆရာအချို့ကို အင်တာဗျူးတစ်ခုမှာ အမေရိကန်က ဘယ် ကဗျာမျိုးတွေ ကြိုက်သလဲလို့ မေးတော့ Language Poetry လို့ မဆိုင်းမတွ ဖြေကြားခဲ့ကြပါတယ်။ LP ကို သူတို့ ဘယ်လိုနဲ့ ဘာကြောင့် ကြိုက်ကြောင်းနဲ့ သူတို့ရဲ့ ကဗျာအမြင် ၊ ကဗျာရေးခြင်းပေါ် ဘယ်လို လွှမ်းမိုးခဲ့ကြောင်း ပြောခဲ့ကြပါတယ်။ အက်ရှ ဘရီကို အဆုံးစွန်ဆက်တိုက် လေ့လာလိုက်တော့ LP ဆီပဲ ရောက်သွားပါတယ်။ အဲသလိုနဲ့ LPကို ကျွန်တော် တော်တော် စိတ်ဝင်စားခဲ့ပြီး ၂၀၀၃ လောက်ကနေ ကြို့ကြားရေးခဲ့တဲ့ ဆောင်းပါးတွေဟာ ၂၀၀၅မှာပဲ စာအုပ်အဖြစ် ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာ ကဗျာ လောကမှာ ပို့စ်မော်ဒန်ကဗျာတွေဟာ ဘယ်လို ရှိတယ်ဆိုတာ ချပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော့်အတွက် ရန်အတော် များခဲ့ပါတယ်။ ကျွန်တော့် က ဗျာ`မိတ်´တွေထဲက ကျွန်တော့်ကဗျာ`ရန်´တွေဘက် ပါသွားခဲ့တာလည်း ရှိပါတယ်။ ဒီကိစ္စတွေဟာ ဖတ်သူတို့ သိကြပြီးသားတွေမို့ ထပ်ပြော မနေချင်တော့ပါဘူး။ ခင်အောင် အေး ပြောခဲ့တဲ့စကား တစ်ခွန်းကို ပြန်ဖေါက်သည်ချရုံနဲ့ လုံလောက်မယ်ထင်ပါတယ်။ `ခေတ်ပေါ်ကဗျာနဲ့ ဆက်မသွားချင်တော့ပေမယ့် LP ကိုလည်း လက်မခံနိုင်ဘူး´တဲ့။ နောက်ပိုင်းမှာ`နီယိုမော်ဒန်´လို့ အမည်ထွက်လာတဲ့ လေသံပါပဲ။ `ပို့စ်မော်ဒန် တော့ ကြိုက်တယ် ၊ LP တော့ မကြိုက် ဘူး´ ဆိုတာမျိုးတွေလည်း ပါတာပေါ့။

၂.၃။ အဲဒီကာလတုန်းက ခေတ်ပေါ်ကဗျာရဲ့ အနေအထားကို ပြန်သွားရရင် အထက်မှာ ပြောခဲ့သလိုပါပဲ ၊ ခေတ်ပေါ်ကဗျာဟာ ပင်မရေစီး Mainstream ကဗျာနေရာနဲ့ အဆင့်ကို ထိုက်ထိုက်တန်တန်ပဲ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကဗျာ ဗေဒဆိုင်ရာ ၊ နည်းဗေဒဆိုင်ရာ ပံ့ပိုးမှုတွေ ၊ ဖြည့်စွက်မှုတွေ ၊ ချဲ့ထွင်မှု တွေ တော်တော် အားနည်းပါ တယ်။ ယူစရာ စံပုံစံ Model ဆိုလို့ကလည်း`သူ့ဟာ ကိုယ့်ဟာ ကြည့်ရေး´ တွေပဲ ရှိခဲ့ပါတယ်။ အပြစ် ပြောတာ မဟုတ်ပါဘူး။ အဖြစ် ပြောတာပါ။ အဲဒီ ကာလရဲ့ ခေတ် အနေအထားကလည်း ရှိပြန်သေးတာကိုး။ အခုလို အင်တာနက် ကျယ်ကျယ် ပြန့်ပြန့် မရှိ သေးဘူး။ ကဗျာ အနုပညာဆိုင်ရာ အရေးအသားတွေ ၊ အတွေးအမြင်တွေ နှံ့နှံ့စပ်စပ် မရှိ သေးဘူး။ ရင်ဘတ်နဲ့ တင်းခံနေခဲ့ ကြတာ။ ခံစားမှုရှိရင် ကဗျာရေးလို့ရတယ်။ `ခေတ်ပေါ် အာရုံခံစားမှု´ နဲ့ကဗျာရေးကြတယ်။ အဲဒီ `ခေတ်ပေါ် အာရုံခံစားမှု´ ဆိုတဲ့ စကားစ ပြောခဲ့သူ တီ ၊ အက်စ် ၊ အဲလိယစ်တ်ရဲ့ Modern Sensibility နဲ့ ဘယ်လိုပတ်သက်လဲ ၊ ဘယ်လို ခြားနားလဲဆိုတာလည်း စာနဲ့ပေနဲ့ တိတိကျကျ မရှိခဲ့ဘူး။ မူလ Modernism က လာတဲ့ အသုံးအနှုံးဟာ Romantic – Realism အရောင်တွေ လွှမ်းသွားတယ်။ `မော် ဒန်´ဖြစ်ရေးထက် `ခေတ်ပေါ်´ဖြစ်ရေးက ပိုအရေးကြီးလာတယ်။ တကယ်လည်း အရေး ကြီးခဲ့ပါတယ်။ ခေတ်သမိုင်းရဲ့ အရိပ်ကြီးက ဧကန်မုချရှိနေတာကိုး။ ဒါပေမယ့် ၊ လွဲတာက ၊`ခေတ်ပေါ်´ကဗျာဆိုတာ ကဗျာအနုပညာမှာ ကဗျာအမျိုးအစား တွေထဲက တစ်မျိုးသာ ဖြစ်တယ်ဆိုတာကို မျက်ကွယ်ပြုခြင်းပဲ။ တကယ်တော့ ´ခေတ်ပေါ်´ ကဗျာဟာ ရေးသူရဲ့ ခံစားမှုဗဟိုပြု လစ်ရစ်က် Lyric ကဗျာပုံစံ အမျိုးအစား ဖြစ်ပါတယ်။ လစ်ရစ်က်ကဗျာမှ သာလျှင် ကဗျာဖြစ်တာ မဟုတ်ပါဘူး။ ဟိုက္ကုလည်း ကဗျာပဲ။ လေးချိုးလည်း ကဗျာပဲ။ ခေတ်စမ်းလည်း ကဗျာပဲ။ အဲဒီမှာ `ခေတ်ပေါ်´ ကဗျာဟာ ကဗျာပေါ် လက်ဝါးကြီး အုပ် တာမျိုး၊ ကြီးစိုး လွှမ်းမိုးလာတာမျိုး ဖြစ်လာနေတာကို ကျွန်တော့်စိတ်ထဲ တစ်မျိုး ဖြစ်ခဲ့ရပါ တယ်။ `ခေတ်ပေါ်ကဗျာမှ ကဗျာ´ ဆိုတဲ့ သိမ်းကြုံး သိမ်းပိုက် အာဏာ ပါဝါ ထူထောင် တာမျိုးကြီးကို အရသာ မတွေ့ခဲ့တာ အမှန်ပါပဲ။ Authoritarian ဆန်တယ်လို့ မြင်လာခဲ့ပါ တယ်။ ကဗျာအနုပညာ နယ်ပယ် အကျယ်အ၀န်းကြီးကိုလည်း တစ်ချက်ခုတ် ဖြတ်လိုက် သလိုပဲ။ ပြီးတော့ ၊ ထင်ပေါ်ကျော်ကြား ဩဇာတိက္ကမ ရှိတဲ့ ကဗျာဆရာကြီးတွေရဲ့ ထောက်ခံချက်ပါမှ ကဗျာအဖြစ် သတ်မှတ်ခံ ရမလို တွေလည်း ရှိခဲ့ပါတယ်။ လူပုဂ္ဂိုလ်ချင်း အထက်အောက် ဖိစီးမှုဒဏ်ကိုလည်း လူငယ်ကဗျာဆရာတွေ မခံနိုင်တော့တာ တွေလည်း ကြုံခဲ့ရပါတယ်။ အဲဒီမှာ ၊ `ပို့စ် ခေတ်ပေါ်ကဗျာ´ ဆိုတဲ့ စာတမ်းကို ကိုချော အမှတ်တရပွဲ (၂၀၀၄ ထင်ပါတယ်) မှာ ကျွန်တော် ဖတ်ကြားခဲ့ပါတယ်။ အဲဒီ `ပို့စ်ခေတ်ပေါ်´ ကဗျာဟာ ပို့စ်မော်ဒန်ကဗျာ ပေါ်ပေါက်ရေးအတွက် ကြိုးစားကြည့်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါဟာ

ကျွန်တော့်အတွက် LP ကိုဆက်သွားတဲ့ လမ်းကြောင်းတစ်ခုပါ။

၂.၄။ ကဗျာအမျိုးအစား အမျိုးမျိုး ရှိတယ်ဆိုတာကို တိတိကျကျ ထုတ်ပြရရင် ဦးဖေ မောင်တင်ရဲ့ `မြန်မာစာပေသမိုင်း´ (၁၉၅၈) စာအုပ်ရှိပါတယ်။ နိုင်ငံတကာ ကဗျာနဲ့ ဆိုရင် တော့၂၀၀၃မှာတုန်းက ကိုမိုးဝေးကျေးဇူးနဲ့ လက်ဆောင်ရရှိတဲ့ Poems for the Millennium (1998) စာအုပ်ထူကြီးဟာ ကျွန်တော့်အတွက် အခိုင်အမာ သက်သေပါပဲ။ Jerome Rothenburg နဲ့ Pierre Jonis တို့တည်းဖြတ်တဲ့စာအုပ်ပါ။ ဒါတောင် ကျွန်တော် လက်ဆောင်ရရှိတဲ့ စာအုပ်ဟာ ဒုတိယတွဲ Volume Two ပဲ ဖြစ်ပါတယ်။ From Postwar to Millennium ဖြစ်ပါတယ်။ ဒီစာအုပ်ထုတ်ဝေတာ University of California, San Diego ရဲ့ Archive for New Poetry `ကဗျာသစ်အတွက် မော်ကွန်းတိုက်´ နဲ့ ပူးပေါင်းခဲ့ တာလို့ ပါရှိပါတယ်။ ဒီစာအုပ်ထဲမှာ တွေ့ရှိခဲ့တာက High Modernism ကဗျာတွေ ၊ အမေ ရိကန် Objectivist ကဗျာတွေ ၊ အမေရိကန် Black Mountain ကဗျာတွေ ၊ Vienna Group ၊ COBRA ၊ New York School ၊ Beat ၊ ဗြိတိသျှ Cambridge ၊ Con- crete Poetry နဲ့ LANGUAGE Poetry တွေအပြင် အာရပ်ကဗျာလောက က Tammuzi Poets ၊ ဂျပန်က Postwar Japanese Poets ၊ တရုတ်က Misty Poets တွေလည်း ပါရှိပါတယ်။ အဆုံး မှာတော့ Cyberpoetics ပေါ့။ ကဗျာအမျိုးအစား တစ်ခုစီကိုက ကဗျာဗေဒ (အမြင် ၊ သ ဘောတရား ၊ နည်းစနစ် ) တစ်ခုစီအဖြစ် တည်ရှိနေတာ တွေ့ရပါတယ်။ နောက်ပိုင်းမှာ အခေါ်အဝေါ် အားဖြင့်ထွန်းကားလာတဲ့ Contemporary Poetics `ကွန်တမ်ပိုရာရီ ကဗျာ ဗေဒ´ရဲ့ နောက်ခံ သဘောတရားတွေ တော်တော်ပါရှိ ပါတယ်။ ဒီ Contemporary Poetics (CP) နောက်ပြန်လိုက်ရင်းနဲ့ LP ရဲ့ကြီးမားတဲ့ အခန်းကဏ္ဍကို သွားပြန်တွေ့ရ ပြန်ပါတယ်။ ဒါကလည်း Post – Structuralism (PS) ရဲ့ theory တွေကြောင့် ဖြစ် တယ်ဆိုတော့ PSကို အချိန်နဲ့ လက်လှမ်းမီသလောက် (ပြန်) စူးစမ်း လေ့လာ စဉ်းစားမှု တွေ (ထပ်) ပြုခဲ့ရပါတယ်။ ပြုနေရဆဲပါ။ (ဒီ PS အပိုင်းကို ကိုမင်းခက်ရဲ တော်တော်လေး တင်ပြ ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ ကျေးဇူးတင်ရပါတယ်။ တင်ထိုက်ပါတယ်)။ ခြုံပြော ရရင် ကဗျာ အနုပညာ ရဲ့ diversity ထွေပြား ခြားနားကြတဲ့ အမျိုးမျိုး အဖုံဖုံသော ကဗျာ တွေ ရှိနေကြတယ် ဆိုတာပါပဲ။ ကျွန်တော်တို့ ဆီမှာ အဲဒီတုန်းက ခေတ်ပေါ်ကဗျာ ပဲရှိခဲ့ပြီး ခေတ်ပေါ် ကဗျာ မှ ကဗျာဆိုတဲ့ အစွန်းရောက် အယူအဆတွေရှိခဲ့တာကို ကျွန်တော် နည်း နည်းပါးပါး ဖြစ်ဖြစ်တွန်းလှန် ကြည့်ခဲ့တာပါ။ ရှိရင်းစွဲ မြန်မာကဗျာလောကကို ချဲ့ထွင်ဖို့ တီးခေါက် ကြည့်ခဲ့ တာပါ။ ခေတ်ပေါ်ကဗျာကို အလဲထိုးပြီး မြန်မာ ကဗျာလောကသရဖူကို အနိုင်ယူသိမ်းပိုက်ဖို့ဆိုတာမျိုးကို လုံးလုံးလျားလျားနဲ့ ခါးခါးသီးသီးဆန့်ကျင်ခဲ့ပါတယ်။ ဆန့်ကျင်ဆဲ ပါပဲ။ ကဗျာအမျိုးအစား တစ်မျိုးကနေ တစ်မျိုး အဆင့်ဆင့် တိုးတက် ပြောင်း လဲမှု ဖြစ်စဉ်ထက် ပူးတွဲတည်ရှိရေးမူကို ကျွန်တော် ပိုလက်ခံပါတယ်။ လောကကြီးကို အထက်အောက်ဖိစီးမှုနဲ့ တစ်မျိုးတစ်စားတည်း ဖြစ်အောင် ပြဌာန်း ထိမ်းချုပ် ရမယ်ဆိုတဲ့ ကဗျာဆရာကြီး အချို့ရဲ့ အမြင်ဟောင်းတွေကို ကျွန်တော် ဆန့်ကျင်ကြောင်းပါ။ အဲဒီ တုန်းက `ကဗျာအကျိုးသယ်ပိုးခြင်း´ လို့ ကျွန်တော် ပြောခဲ့ရပါတယ်။ `ခေတ်ပေါ်´ ကဗျာ အကျိုး ၊ LP အကျိုးရယ်လို့ မဟုတ်ခဲ့ပါဘူး။ အခုလည်း မဟုတ်ပါဘူး။

၃။

LP ကို ကျွန်တော် စရင်းနှီးကာစက မကြိုက်ခဲ့ပါဘူး။ အဲဒီတုန်းက ကျွန်တော့် ခေတ်ပေါ်ကဗျာ အခံကလည်း ထုထည်ကြီးကြီး မားမားနဲ့ ရှိခဲ့တာက တစ်ကြောင်း ၊ LP ကဗျာတွေကို စာမျက်နှာ ပေါ်မှာပဲ တွေ့ရပြီး နောက်ခံ သဘောတရားကိစ္စတွေ ဟုတ်တိ ပတ်တိ မသိခဲ့တာက တစ် ကြောင်း ၊ ကိုယ်နဲ့ ပိုနီးစပ်နိုင်တဲ့ အက်ရှဘရီကို ကြိုက်နေတာက နောက်တစ်ကြောင်းပေါ့။ နောက်ပိုင်းမှာ Post-Stucturalist theory တွေနဲ့ ရင်းနှီးလာတော့မှပဲ LP ကို ကျွန်တော် လက်ခံ လာ နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ဘာသာစကားနဲ့ ဆိုင်တဲ့ အယူအဆတွေ ၊ မိမိအတ္တ အပါအ၀င် အိုင်ဒင်တတီ တည်ဆောက်မှုနဲ့ ဆိုင်တဲ့ အယူအဆတွေ ၊ စာသားပြုလုပ်မှုနဲ့ ဘာသာစကား နယ် ပယ်များ တည်ဆောက်မှု ကိစ္စတွေ ၊ အင်စတီကျူးရှင်း လုပ်ထားတဲ့ လူမှုနယ်ပယ်တွေမှာ ဘာ သာစကား သုံးစွဲမှုဆိုင်ရာ အာဏာပါဝါ ထူထောင်ထားရှိမှုတွေ အဓိကပေါ့။ ပြီးတော့ ဘာသာ စကားကို ဘာသာဗေဒစနစ်နဲ့ ဆက်သွယ်မှု ကြားခံ ၊ စတဲ့ သာမန်အသိထက် လေ့လာမှု ရှိသ လောက် ဘာသာစကားရဲ့ တန်ခိုး အာနိသင်တွေကို တွေ့လာခဲ့ရပါတယ်။ ဘာသာစကားနဲ့ အဓိပ္ပါယ် တည်ဆောက်မှုစနစ် ၊ ဘာသာစကားနဲ့ ယဉ်ကျေးမှု ထုတ်လုပ်ရေး ၊ ဘာသာစကားနဲ့ ဒဿနိက ၊ ဘာသာစကားနဲ့ ယုံကြည်မှု/အယူဝါဒ ၊ ဘာသာစကားနဲ့ မသိစိတ် ၊ text နဲ့ discourse ၊ deconstruction နဲ့ Constructivism ၊ နောက်ပိုင်း ယဉ်ကျေးမှုသီအိုရီ/ လေ့လာ ချက်များ။ မွေးဖွားတာကအစ ၊ သေဆုံးတဲ့အထိ ဘာသာစကားနဲ့ ကင်းလွတ်လို့ မရဘူး ဆိုတဲ့ အခြေခံ အမြင်ပါပဲ။ ကိုယ်တိုင်သဘော ပေါက်စိမ့်ဝင်ပြီး ကြိုက်လာတတ်တော့မှပဲ ကိုယ့်ကိုကိုယ် ယုံကြည်မှုနဲ့ LP ကဗျာတွေ ကြိုးစားစမ်းသပ် ရေးသားရင်းနဲ့ ကဗျာစာအုပ်တွေ ထွက်ခဲ့တာပါ။ ကဗျာဖတ် ပရိသတ် ရှေ့မှောက် မှာ မှတ်ကျောက် တင်ခံရဲတဲ့ သဘောကိုပြောတာပါ။ အဲဒီတော့ ဇေယျာလင်းဟာ LP (၀ါ) ဘာသာစကား ကဗျာဆရာလား ဆိုတဲ့ မေးခွန်းက ပေါ်လာတော့ တယ်။ ဆက်စပ်ပြီး ထွက်လာတဲ့ စကားတွေထဲမှာ ဇေယျာလင်းရေးပြတဲ့ ကဗျာတွေဟာ LP ကဗျာစစ် ၊ မစစ် ၊ ဟုတ် ၊ မဟုတ်ပေါ့။ အဲဒီတုန်းက အဲဒီစကားတွေကို ကျွန်တော် ဘာမှ မဖြေ ရှင်းခဲ့ပါဘူး။ မလိုဘူးလို့ ထင်တာရယ် ၊ ရှိစုမဲ့စုအချိန်လေး ထဲမှာ အခြား ကိစ္စတွေဟာ အမြဲပို အရေးကြီး နေတာရယ်ကြောင့်ပါပဲ။ အခု ကျွန်တော့် ကိုကျွန်တော် ပြန်မေးတဲ့အခါ ကိုယ့်ကို ကိုယ်ပဲ ဖြေစရာ အကြောင်း ၃ခု ထွက်လာပါတယ်။ ၁။ LP ကဗျာဆိုတာဘာလဲ ။ ၂။ ကျွန်တော် ရေးတာတွေ အားလုံးဟာ LP ကဗျာ တွေလား ။ နဲ့ ၃။ ကျွန်တော်ဘာတွေရေးခဲ့တယ်ဆိုတာပါပဲ။

၃.၁ ။

LP ကဗျာဆိုတာ ဘာလဲဆိုတဲ့ ကိစ္စကိုတော့ ကျွန်တော် တော်တော်လေး ရှင်းခဲ့ပြီးပါပြီ။ `LANGUAGE Poetry နှင့် အခြားကဗျာဗေဒများ´ (၂၀၀၅) ၊ `ကဗျာဘ၀ ရှာတော်ပုံ´ (၂၀၀၉) ၊ နဲ့ `ချားလ်စ်ဘန်းစတိုင်းန် အင်တာဗျူး/ အရေးအသားများ´ (၂၀၀၉)စာအုပ် ၃ အုပ်မှာ စုစုစည်း စည်းလေး တင်ပြခဲ့ပါတယ်။ ဒါပေမယ့် ၊ ခက်တာက အမေရိကန် မှာတင် LP ကဗျာ စပေါ်လာတဲ့ ၁၉၇၁ ကနေ ဒီနေ့ ၂၀၁၁ ဇန္န၀ါရီအထိ ပြောလို့မဆုံးသေးဘူး ဆိုတာ internet မှာ ၀င်ကြည့် လို့ရပါတယ်။ အခု ၂၁ရာစုရဲ့ ပထမဆယ်စုနှစ်မှာ အမေရိကန် မှာ ပေါ်လာတဲ့ Flarf Poetry ၊ Conceptual Poetry ၊ Elliptical Poetry ၊ New American Hybrid စတဲ့ ကဗျာသစ်တွေ အကြောင်း ဖတ်ကြည့်ရင် ဘယ်ဟာမှ LP နဲ့ ကင်းတာမရှိပါဘူး ။ သူတို့ဆီမှာတင် ဆောင်းပါး တစ်ပုဒ် ၊ စာတမ်းတစ်စောင် ၊ စာအုပ်တစ်အုပ်နဲ့ရှင်းလို့ မပြီးနိုင်အောင် ကျယ်ပြန့် နက်ရှိုင်းတဲ့ သဘော ရှိပါတယ်။ အလုပ် သဘောနဲ့ ပြောရရင် LP ဆိုတာကို အမေရိကန် LP (၀ါ) Language Writing ဆရာ/ဆရာမတွေ ပြောတာကိုပဲယူရမှာဖြစ်ပါတယ်။

၁။ “LP ကို အဓိပ္ပါယ် ဖွင့်ဆိုချက် တစ်ခုတည်းနဲ့ လုံလုံလောက်လောက် ဖွင့်ဆို သတ် မှတ်လို့ မရလောက်ပါဘူး။ . . . သူတို့ မှာ တူတာဆိုလို့ ဘာသာစကားကို fore- ground လုပ်တာပဲ ရှိပါတယ်။ သူတို့အတွက် ဘာသာစကားဆိုတာ အတွေ့အကြုံကို ဘာသာ ပြန်တာသော်၎င်း ရှင်းပြတာသော်၎င်း မဟုတ်ပဲ ဘာသာစကားဟာ အတွေ့အကြုံ (၀ါ) တွေ့ကြုံခံစားမှုရဲ့ မူလအရင်း အမြစ်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဘာသာစကား ကိုယ်တိုင် ဟာ အာရုံခံစားမှု၊ ဘာသာစကား ကိုယ်တိုင်ဟာ တွေးခေါ် သိမြင်မှု ဖြစ်ပါတယ်။ . . . ဘာ သာစကားဟာ သိမှုရဲ့ကြားခံ Medium တင်မကပဲ သိမှု တည်ဆောက်မှုထဲမှာ ပါဝင် ဖွဲ့စည်းနေတာ ဖြစ်တယ်။ . . . ဒီကဗျာပေါင်းချုပ် လေးဟာ LP ကဗျာရဲ့ထွေပြား ခြားနား မှုနဲ့ အရည်အသွေး တန်ဘိုးအားလုံးကို မဖေါ်ပြနိုင်ပါဘူး´´။ (Douglas Messerli တည်း ဖြတ်တဲ့ “LANGUAGE´´ Poetries : An Anthology (1987) ကဗျာပေါင်းချုပ်ပါ အမှာ စာမှ)

၂။ “LP . . . ဟာ တွေ့ကြုံခံစားမှုကို ဗဟိုပြုတဲ့ ကဗျာအမျိုးအစား ကနေ ဘာသာ စကားကို ဗဟိုပြုတဲ့ ကဗျာအမျိုးအစားဘက် လှည့်လိုက်တာ ဖြစ်တယ်။ . . . LP ဟာ ဘာသာ စကားသုံးနယ်ပယ်အမျိုးမျိုးရဲ့ ဖွဲ့စည်း တည်ဆောက်ပုံနဲ့ ကဗျာဗေဒကို အထူး အာရုံပြုတယ်။ . . . Expressivism (တွေ့ကြုံခံစားမှု) ဖွင့်ဟ ဖေါ်ထုတ်ခြင်းကို တုန့်ပြန်တဲ့ အနေနဲ့ ပုံသဏ္ဍာန် အသစ်တွေ တီထွင် သုံးစွဲလာတယ်။ စကားပြေ ပုံသဏ္ဍာန်သစ် ၊ စု ပေါင်းဖွဲ့စပ်ခြင်း ၊ နည်းစနစ်တစ်ခုခုကို သုံးစွဲခြင်း ၊ ကော်လာဂ်ျ ပြုလုပ်ခြင်း ၊ တစ်ကြောင်း နဲ့ တစ်ကြောင်း အဆက်အစပ်မဲ့ခြင်း ၊ စကားသံတစ်ခုမက ထည့်သွင်းသုံးစွဲခြင်း ၊ ရုရှ ပုံသဏ္ဍာန်ဝါဒရဲ့ `ဆန်းအောင် လုပ်ခြင်း´ အပါအ၀င် ဖြစ်တယ်။ ဒီနည်းတွေသုံးခြင်းဟာ လစ်ရစ်က်ကဗျာရဲ့ `I/ငါ´နဲ့ လစ်ရစ်က်ကဗျာထဲက ပြောနေတဲ့အသံ Voice တို့ကို တမင် ဖျက်ခြင်း ဖြစ်တယ်။ ( ဒီလို ဖျက်ကြ တာဟာလည်း Post – Structuralism ရဲ့ Subject နဲ့ Subjectivity အမြင်/အယူအဆ/ theory တွေ ကြောင့်ပဲဖြစ်ပါတယ်။). . . LP မှာသုံးတဲ့ ဘာသာစကား အသုံးအနှုံးတွေ ၊ `ဆန်းအောင်လုပ်ခြင်း´ တွေဟာ အဓိပ္ပါယ် ရဲ့ လူမှု အခြေခံကို ဝေဖန်ချင်လို့ ဖြစ်တယ်။ ဆိုလိုတာက သုံးဖန်များလာလို့ Sign တွေဟာ ဘယ် အတိုင်းအတာအထိ ဆက်စပ် ၀န်းကျင် တစ်ခုမဟုတ်တစ်ခုနဲ့ပဲ ပတ်သက်တော့တယ် ဆိုတာကို စူးစမ်းဖို့ဖြစ်တယ်။ . . . ဆင်ခြင်တုံတရား (စိတ်)ရဲ့ ရုပ်ဒြပ် ပုံသဏ္ဍာန် ဖေါ် ဆောင်မှုဟာ LP ရဲ့ မိုးကုတ်စက်ဝိုင်း ဖြစ်တယ်။´´

(Jerome Rothenburg နဲ့ Pierre Jorris တို့ တည်းဖြတ်တဲ့ `Poems For the Millennium ´ (1998) မှ)

၃။ “LP သမားတွေမှာ ကဗျာဗေဒနဲ့ ပတ်သက်လို့ အများပြည်သူ ရှေ့မှောက်မှာ ချပြပြီး ဆွေးနွေး ပြောဆိုလိုတဲ့ ဆန္ဒတွေ ဖြစ်လာတယ်။ အဲသလို ဆွေးနွေး ပြောဆို ကြဖို့ အတွက် ဘာအကြောင်းအရာတွေ ချပြရမလဲ။ အဲဒီ အကြောင်းအရာတွေ ပေါ်မှာ တူညီမှု ရှိကြ တယ်။ . . . ပကတိ အရှိတရားရဲ့ သဘော သဘာဝ။ တသီးပုဂ္ဂလ လူသားရဲ့ သဘော သဘာဝ။ ပကတိ အရှိတရားနဲ့ တသီးပုဂ္ဂလ လူသားတို့ကို ပါဝင်ဖွဲ့စည်းတဲ့ ဘာသာ စကားရဲ့ အခန်းကဏ္ဍ။ အဓိပ္ပါယ်ရဲ့ သဘော သဘာဝ။ ဘာသာစကားရဲ့ရုပ်ဒြပ်။ စာပေ အနုပညာရဲ့ ပုံစံနဲ့ တန်ဘိုး။ နည်းစနစ်ရဲ့ လုပ်ငန်း ဆောင်တာနဲ့ အခန်း ကဏ္ဍ။ ရေးသူနဲ့ ဖတ်သူ ဆက်ဆံရေး။ . . . ဒါတွေကို လျော့တွက်လို့မရဘူး။´´

(Ron Silliman တည်းဖြစ်တဲ့ ` In the American Tree ´: LANGUAGE, Realism, Poetry (1986) မှ)

၎။ “LP ဟာ Post – structuralist တွေရဲ့ မိမိအတ္တ self ပေါ်ထားရှိတဲ့ အမြင်ကို လက်ခံ တယ်။ ဒီ Self ဆိုတဲ့ မိမိအတ္တဟာ တစ်ခုမက ဖြစ်တယ်။ ရွေ့နေတယ် ၊ ရှေ့နောက်မညီပဲ ဆန့်ကျင်တဲ့ သဘောလည်း ဆောင်တယ် ၊ ဘာသာ စကားနဲ့ discourse ရဲ့ အကျိုး သက်ရောက်မှုကို ခံရတယ်။ LP ဟာခေတ်ပြိုင် subject (လူမှုကတ္တား/` I´) ရဲ့ စေ့စပ်လို့ မရတဲ့ ၊ အစဉ်ပိုင်းဆ ကွဲထွက်နေတဲ့ သိစိတ်ကို နေ့စဉ်သုံး ဘာသာစကားရဲ့ ဖန်တရာ တေမှုနဲ့ပဲ ဖေါ်ပြဖို့ ကြိုးစားတယ်။ ဒါဟာ LPရဲ့ (hyper) realism သစ်ဖြစ်တယ်။ LP ဟာ ရေးသားခြင်း/ အရေးအသားကို ဝေဖန်ပိုင်းခြားမှု ပါဝင် ဖြစ်ပေါ်စေတဲ့ ဖြစ်စဉ်လို့ သဘော ထားတယ်။ အချောသပ် ပစ္စည်းလို့ သဘောမထားဘူး။ LP ဟာ ဖတ်သူရဲ့ ပူးပေါင်း ပါဝင်မှုကို ဖိတ်ခေါ်တယ်။ ဖတ်သူရဲ့ အဓိပ္ပါယ် ပြုလုပ်မှုကို အားပေး တိုက်တွန်းတယ်။ . . ဒီနည်းတွေနဲ့ ဖတ်သူကို လူ့အဖွဲ့အစည်းထဲ ပါဝါနဲ့ ခွင့်ပြု/ ပိတ်ပင် ထားတာတွေကို သိမြင် စေတယ်။´´

(Bob Perelman ရဲ့ `Language Writing and Literary History ´ (1996) မှ)

၅။ “Language writing (poetry) ဟာ ကဗျာအရေးအသား တစ်မျိုးတည်းကို ဆိုလို တာမဟုတ်ပဲ နယ်ပယ်အပိုင်း အခြားတစ်ခု အတွင်းမှာရှိတဲ့ အမျိုးမျိုးသော အရေးအသား တွေ ဖြစ်တယ်။ ဒီအရေးအသားတွေဟာ (ရံဖန်ရံခါ) တစ်ခုခုကို တိတိကျကျ မရည်ညွှန်း ဘူး ၊ (တစ်ခါတစ်လေ) ၀ါကျအထား အသိုအမျိုးမျိုးကို သုံးစွဲတယ် ၊(တစ်ခါတစ်ရံ) နည်းစနစ် တစ်ခုခုကို တိတိကျကျ ချမှတ်ပြီး ဖွဲ့စည်း တည်ဆောက်တယ် ၊ (များသော အားဖြင့်) နိုင်ငံရေးအယူဝါဒကို ယုံကြည် လက်ခံ တယ် ၊ (အချို့နေရာတွေမှာ) သီအိုရီ ဘက် တိမ်းတယ် ၊ (အချို့ကိစ္စတွေမှာ) စာပေအနုပညာထဲက `I/ ငါ´ ကိုဝေဖန်တယ်။´´ (Bob Perelman ရဲ့ အထက်ပါ အက်ဆေးမှ)

၃.၂

ကျွန်တော်ရေးခဲ့တဲ့ ကဗျာအားလုံးဟာ LPကဗျာတွေပဲလား ဆိုတာ ပြောရ ခက်ပါလိမ့်မယ်။ အထက်က အပိုင်း ၃.၁ မှာ ပြောခဲ့သလိုပါပဲ။ LP ကဗျာဟာ ကျယ်ပြန့်ပြီး LP ကဗျာရဲ့ နည်း စနစ်တွေ ၊ နည်းပညာတွေ ဟာလည်း အမျိုးမျိုး အစားစားရှိတော့ ကျွန်တော့် ကဗျာ တွေဟာ LP ဟုတ်မဟုတ် ၊ စစ်မစစ် ဘယ်ပေတံနဲ့ တိုင်းမလဲ။ ကျွန်တော်ဟာ LPကို တွေ့ရှိပြီး ရင်းနှီး အောင် ချဉ်းကပ်ကြည့်တဲ့အခါ ကျွန်တော့်သိမှုအခံနဲ့ ကဗျာဆိုင်ရာ အကြိုက်အခံတို့ကို ပစ်ပယ် လို့ မရခဲ့ပါဘူး။ အဲဒီမှာ ကျွန်တော် နားလည်လို့လည်း ကြိုက်တဲ့ LP သမားတွေဟာ Charles Bernstein ၊ Bob Perelman ၊ Ron Silliman ၊ Barrett Watten နဲ့ Lynn Hejinian တို့ ဖြစ်ပါတယ်။ သူတို့ လုပ်နေတာကို ကျွန်တော် နားလည် ခံစားလို့ရတယ်။ ဒါပေမယ့် သူတို့ ရေး သမျှအားလုံးကို ကျွန်တော် နားလည်တယ် ၊ ကြိုက်တယ်လို့ မဟုတ်ပါဘူး။ အခြား LP ကဗျာ သမားတွေ ( Silliman ရဲ့ ပေါင်းချုပ်ထဲမှာ စုစုပေါင်း ၄၀ ၊ Messerli ရဲ့ ပေါင်းချုပ်မှာ စုစုပေါင်း ၂၀) ကို ကျွန်တော် အကြိုက် မတွေ့ပါဘူး။

ဘယ်ကဗျာရေးသူမဆို ကျင့်သားမရခင် Model ယူရတာချည့်ပဲဖြစ်ပါတယ်။ ဒီ Model ကိုယူပြီး ရေးကြည့်ပြီး ကိုယ့်ဖါသာကိုယ် ရေးနိုင်တော့မှပဲ ဒီ Model ကို ပုံသဏ္ဍာန် ပြောင်းတာ ဖျက်တာ တွေ ၊ Model အသစ်ရှာတာတွေ ၊ ကိုယ်တိုင်အသစ် စမ်းရေးကြည့်တာတွေ ဖြစ်လာပါတယ်။ ကျွန်တော်ယူတဲ့ Model ကဗျာတွေဟာ Charles Bernstein နဲ့ Bob Perelman တို့ဆီက အဓိက ဖြစ်ပါတယ်။ အခြား တွေဆီက နားလည်သလောက် ယူပြီး ပေါင်းစပ်တာ တွေလည်း ရှိပါတယ်။ LP ကဗျာမှာကိုက LPကဗျာ ရေးနည်းဆိုပြီး နည်းသက်သက် မရှိပါဘူး။ ရည်ရွယ် ချက်နဲ့ စမ်းသပ်မှုကို လိုက်ပြီး နည်းအမျိုးမျိုး ရှိပါတယ်။ အဲဒီလို နည်းအမျိုးမျိုးထဲက ကျွန်တော့် ရှိရင်းစွဲဓါတ်ခံနဲ့ တည့်တဲ့ဟာတွေ ယူသုံးပါတယ်။ ကော်လာ့ဂ်ျ ၊ List poem နဲ့ disjunctive strategies တွေများပါတယ်။ အဲဒါကြောင့်ပဲ ကျွန်တော့် ကဗျာတွေကို LPကဗျာတွေလို့ ခေါ် မလား။ LP ကဗျာစစ်စစ် ထုတ်ပြပါဆိုရင် အမေရိကန် LP ဆရာ/ ဆရာမကြီး တွေတောင် ခေါင်းစား သွားနိုင်ပါတယ်။ ဒါဟာ LP ကိုတကယ်မသိလို့ ရေးသား ပြောဆိုနေကြတာပဲ ဖြစ်ပါ တယ်။ စံပေတံ တစ်ချောင်းလို တိတိကျကျ သတ်မှတ်ထားတဲ့ ` LP ကဗျာ ဟာဒါမှဒါ´ ဆိုတာ မျိုးမှ မရှိတာပဲ။ ခေတ်ပေါ်ကဗျာ စစ်စစ်ဆိုရင် ဘယ်ဟာက စံညွှန်းအဖြစ် ထားရမလဲ။ မောင်ချောနွယ် ကဗျာတွေထဲက တောင်မှ ဘယ်ကဗျာကမှ ခေတ်ပေါ် ကဗျာစစ်စစ်လို့ ပြောလို့ရ မလဲ။ အဲဒီတော့ အလွန်ဆုံးရှိရင် LP ကဗျာရဲ့ စရိုက် လက္ခဏာတွေကို သိသမျှချရေး ပြီး ကျွန်တော့် ကဗျာတွေကို အဲဒီအချက်အလက် စာရင်းနဲ့ တိုက်ကြည့်စရာပဲ ရှိတော့တယ်။

ဒါပေမယ့် ပြောစရာတစ်ခုကျန်သေးတာက ဇေယျာလင်းဟာ LP ကဗျာဆရာလို့ သတ်မှတ် ကြ တဲ့ ကဗျာဆရာအပြင် ဘာသာပြန်ကဗျာဆရာနဲ့ ကဗျာဗေဒ ဆိုင်ရာ အသိအမြင်များ ဖြန့်ဖြူးသူ လည်း ဖြစ်ပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ Bob Perelman ပြောတာလေး ပြန်ပြောပြ ကြည့်ချင်ပါတယ်။ အဲဒီ ၃ယောက်ဟာ တစ်ခါတစ်လေ သီးခြားစီ မနေပဲ လာရောထွေး နေတတ် တာလည်း ရှိပါတယ်။ “အကယ်၍ တစ်ယောက်ယောက်ဟာ သူ့ကိုသူ Language writer လို့ပြောရုံနဲ့ သူဟာ Language writer ဖြစ်သလား။ `ဖြစ်´ တယ်ဆိုရင်လည်း သူရေးသား သမျှဟာ LP တွေဖြစ်သလား။ LP အကြောင်း ဆောင်းပါးတွေတင် မကပဲ ကဗျာတွေတောင် ရေးတဲ့ Jed Rasula ဆိုရင် သူ့ကိုသူ LP မဟုတ်ဘူးလို့ ငြင်း ဆိုပါတယ်။ ဒါပေမယ့် Silliman ရဲ့ LP ကဗျာပေါင်းချုပ်မှာ သူ့ကဗျာ ပါဝင်နေပြန်ရော။ အဲဒီတော့ ၊ တစ်ယောက်ယောက်ရဲ့ ကဗျာ ကို LP လို့ ခေါ်ဝေါ် သတ်မှတ်လိုက်ရုံနဲ့ သူဟာ LP/ Language writer `ဖြစ်´သလား ၊ မ `ဖြစ်´ဘူးလား။´´ (Language Writing , `Literary History ´ဆောင်းပါးမှ)

၃.၃

အဲဒီတော့ ၊ ကျွန်တော် ဘာကဗျာတွေ ရေးခဲ့သလဲ။ ကျွန်တော်ဟာ ဘာကဗျာဆိုတာထက် ကဗျာကိုပဲ ရေးချင်တာ ဖြစ်ပါတယ်။ ကျွန်တော်ဟာ ခေတ်ပေါ်ကဗျာမှ ၊LP မှ ၊ အဲသလို ရေးချင် တာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ကဗျာရေးသား ပြုလုပ်ဖို့ အစပေါ်တာနဲ့ ရေးသား ပြုလုပ် နေစဉ်အတွင်းမှာ ကျွန်တော့်အာရုံခံစားမှု အရှိန်အတိုင်း ၀င်လာတာတွေကို ယူငင်သုံးစွဲ လိုက် တာပဲဖြစ်ပါတယ်။ အဲဒီ`ယူငင်သုံးစွဲ´ တဲ့ အရာတွေထဲမှာ အာရုံတွေနဲ့ ပွတ်တိုက် ဖြစ်ပေါ်တဲ့ ဘာသာစကားတွေ ပါမယ်။ ဘာသာစကား က ပေးတဲ့ အာရုံတွေပါမယ်။ ရေးပြီးသား လိုင်း တစ်လိုင်းက တွန်းလွှတ်လိုက်တဲ့ စကားလုံးတွေ ၊ ၀ါကျတွေ ပါမယ်။ မှတ်ဥာဏ်ထဲက ပတ်သက် စရာတွေ လျှပ်တပြက် ပေါ်လာလို့ ထည့်သုံးလိုက်မယ်။ ရေးလည်း ရေး ၊ ဖတ်လည်း ဖတ် ၊ အာရုံဝင်စားမှု ကိုလည်းပြုပြီး လမ်းကြောင်းဖေါ်မယ် ၊ ဖွင့်မယ် ၊ ချဲ့မယ် ၊ တွဲချိတ် မယ်။ မထင် မှတ် ထားတာတွေဟာ စကားအဖြစ် ပေါ်လာတာတွေကိုလည်း ထည့်ရေးမယ်။ ဒါပေမယ့် ၊ အဲဒီကဗျာ ရေးခြင်းဖြစ်စဉ် တစ်ခုလုံး ထဲမှာ စနှိုးဆော်လိုက်တဲ့ ၀ိုးတ၀ါး အာရုံခံစားမှုကို ဘာ သာစကားနဲ့ ကောက်ကြောင်း ဖေါ်ကြည့်ရင်း ၊ Texture တွေထည့်သွင်းရင်း ၊ ရေးသား ပြုလုပ် သွားတာပဲ ဖြစ်ပါတယ် ။ ကျွန်တော့်အတွက် ဒီမူလ အာရုံခံစားမှု ၊ ဘာမှန်းလည်းမသိ ၊ ဘာဖြစ် လာမယ်မှန်းလည်း မသိတဲ့ စိတ်အာရုံနောက်လိုက်ပြီး ရေးသွားတာပဲ ဖြစ်ပါတယ်။ ကဗျာ တစ်ပုဒ်ကို ဘေးမှာချပြီး လိုက်ရေးတာ မဟုတ်ပါဘူး။

ဒီမှာ နည်းနည်း ပြောကြည့်ချင်တာကတော့ `အာရုံခံစားမှု´ ပါပဲ။ ကျွန်တော့် အတွက်တော့ ဒီ အာရုံခံစားမှုဟာ ကျွန်တော် ဖတ်မှတ်လေ့လာပြီးနှလုံးသွင်းလို့ရတဲ့ ကဗျာဗေဒတွေဆီက လာ တာပဲ ဖြစ်ပါတယ်။ နှစ်အစိတ်ကျော် ခေတ်ပေါ်ကဗျာနဲ့ ကြီးပြင်းလာတော့ ဒီခေတ်ပေါ်ကဗျာရဲ့ စီးကြောင်းတွေဟာ ကျွန်တော့်မှာ ရှိနေမှာ သေချာပါတယ်။ ပြီးတော့ ၊ အက်ရှဘရီ ။ ပြီးတော့ ၊ LP ။ ပြီးတော့ အခြား တွေ။ ကိမ်းဘရစ်ဂ်ျ ကဗျာဂိုဏ်းက Jeremy Prynne ပါရင်ပါမယ်။ ကဗျာ မရေးခင် အတောအတွင်းမှာ ဖတ်နေတဲ့ စာသားထဲက တစ်ခုခုဟာ ကျွန်တော့်အာရုံကို နှိုးဆွ လိုက်ပြီး အဲဒီစာသားနဲ့ တစ်နည်းတစ်ဖုံဆက်နွယ်နေတာတစ်ခုခုကို အစပြုပြီး ရေးသွားတာတွေ လည်း ရှိပါတယ်။ အဲဒီတော့ ၊ ကျွန်တော့် ကဗျာအာရုံခံစားမှုမှာ LP ဟာ အဓိက လွှမ်းမိုးပေမယ့် အဲဒီ ကဗျာအာရုံခံစားမှု စက်ကွင်းထဲ ခေတ်ပေါ် လည်း ၀င်ရင်ဝင်လာမှာပဲ။ `ထင်ရှားတဲ့ အမှတ် အသား´(၂၀၀၆) ကနေ `ကီလီမန်ဂျာရို´(၂၀၁၀) မှာပါရှိတဲ့ ကဗျာတွေကို ယှဉ်ကြည့်လို့ရပါ တယ်။ တူတာတွေ ၊ မတူတာတွေပေါ့။ အခုဒီနှစ်ပိုင်းမှာ ကျွန်တော် ထပ်လေ့လာနေတဲ့ ကဗျာ အမျိုးအစားတွေ ကျွန်တော့်ရင်ထဲ (၀ါ) ကျွန်တော့် ကဗျာအာရုံခံစားမှု စက်ကွင်းထဲ ၀င်လာ တာတွေအရ ကျွန်တော် ရေးသားမယ့် ကဗျာတွေဟာ တစ်မျိုးတစ်ဖုံ ပြောင်းရင်ပြောင်းဦး မှာ ပါပဲ။ ကျွန်တော်က ကဗျာဗေဒ တစ်ခုခုထက် ကဗျာအနုပညာဆီကိုပဲ သွားချင်နေသူပါ။ ကဗျာရေးနေစဉ် အတွင်းမှာ ကျွန်တော့်ကဗျာ အာရုံခံစားမှု စက်ကွင်းထဲမှာ ဘယ်ကဗျာဗေဒ ၊ ဘယ် ကဗျာအမျိုးအစားက dominant ဖြစ်လာမလဲ ဆိုတာ ကြိုပြောပြလို့မရပါဘူး။ dominant ဖြစ်တဲ့ အပိုင်းများရင် အဲဒီကဗျာကို ဘယ်အမျိုးအစားလို့ ပြောလို့ရကောင်းရပြီး ဘယ်အပိုင်းမှ dominant မဖြစ်ပဲ ဟိုတစ်စ ဒီတစ်စတွေ တွေ့နေရင် ဘယ်ကဗျာဗေဒ ၊ ဘယ်ကဗျာ အမျိုး အစားလို့ ပြောရ ခက်ကောင်းခက် သွားမှာပေါ့။ ဟိုတုန်းက ကဗျာရေးရင် ခေတ်ပေါ်ကဗျာ ပဲ ရေးမယ်ဆိုတာ ခေတ်ပေါ်ကဗျာကိုပဲ ကဗျာလို့သိခဲ့လို့ပါ။ နောက်ပိုင်းမှာ နျူးယောက်ကဗျာ ၊LP ကဗျာတွေ တွေ့လာတော့ အဲသလိုတွေ လိုက်ရေးကြည့် တယ်။ မြန်မာကဗျာမှာ နျူးယောက် ကဗျာရေးသူ ၊ LP ကဗျာရေးသူ ဆိုတာထက် ကဗျာရေးသူပဲ အမြဲဖြစ်ချင်ခဲ့တာပါ။ ကဗျာ အနုပညာ အသိ ရင့်ကျက်လာလေ ၊ လေဘယ်တစ်ခုအတွင်း သွတ်သွင်းလို့ မရလေကိုပဲ ကြိုက် ပါတယ်။ မတူညီတဲ့ ကဗျာဗေဒတွေ ကို ပေါင်းစပ်ပြီးတော့တောင် ရေးချင်ပါသေးတယ်။ ဘာတွေ ဘယ်လို ထွက်လာမလဲဆိုတာကတော့ ရေးကြည့်မှ သိမှာပဲ ဖြစ်ပါတယ်။

၎။

အခု ပစ္စုပ္ပုန်ကို ကျွန်တော်တို့ ကြည့်ကြမယ်ဆိုရင် မဂ္ဂဇင်းနဲ့ ကဗျာစာအုပ်ဆိုတဲ့ Print media မှာ ရော အွန်လိုင်း media မှာရော LP ကဗျာပုံစံမျိုးတွေ တွေ့လာ ရပါတယ်။ ဥပမာ ၊ Pom Skool ။ အဲဒီ အရေးအသားတွေဟာ LP ကဗျာတွေလား ဆိုတော့ အထက်က ပြောခဲ့သလိုပါပဲ။ သေချာ တာကတော့ `ခေတ်ပေါ်´ ကဗျာပုံစံ မဟုတ်တာ တွေ ဖြစ်ပါတယ်။ အဲသလို ရေးသားခြင်း ပေါ်မှာရော ၊ ရေးသားကြသူတွေ ပေါ်မှာရော ကျွန်တော့်မှာ ပြောစရာမရှိ သလောက်ပါပဲ။ ကျွန် တော့် ကဗျာ အရေးအသားတွေထဲက ပုံစံတွေ ၊ နည်းတွေက အစ စကားလုံးတွေ ၊ ၀ါကျ တွေ အထိ ယူသုံးကြတာ တွေ့ရပါတယ်။ ကျွန်တော့်အမည်ကို အောက်ခြေမှာ ဖေါ်ပြတာ ရှိသလို မဖေါ်ပြတာလည်း ရှိပါတယ်။ ဒါကိုလည်း ownership ပိုင်ဆိုင်မှု သဘောထက် intertextuality သဘောလို့ပဲ ကျွန်တော်မြင်ပါတယ်။ ပိတ်ပင် ထိန်းချုပ်လို့ လည်းမရပါဘူး။ ကျွန်တော့်ကို အကြီး အကျယ် တိုက်ခိုက်ခဲ့တဲ့ သူတွေတောင် ဒီနည်းတွေ သုံးနေတာ မဂ္ဂဇင်းတွေမှာ မြင်နေရပြီပေါ့။ သူတို့ ကြိုက်လို့ပဲ သုံးသုံး ၊ စမ်းသပ်ချင်လို့ပဲသုံးသုံး၊ တစ်ခုခုကို ကျော်လွှားချင်လို့ပဲ သုံးသုံး ၊ LP ဘက်တိမ်း/ ယိမ်း/မှိန်းချင်လို့ပဲ သုံးသုံး ကျွန်တော်နဲ့ မဆိုင် ပါဘူး။ ဒါပေမယ့် သိတဲ့အတိုင်းပဲ ၊ ကောင်းရင်တော့ သူတို့ နာမည်ရတာပေါ့။ မကောင်းရင်တော့ ဇေယျာလင်း ခေါင်းပေါ့။ အဲဒါ ကြောင့် ၊ ကောင်းကြပါစေလို့ပဲ ဆုတောင်းပါတယ်။ ကိုယ် လုပ်နေတာ ကိုလည်း ဘာကို ဘာ ကြောင့် ဘယ်လို လုပ်နေတာ ဖြစ်တယ်ဆိုတာ သိကြဖို့လည်း မျှော်လင့်ပါတယ်။ ဆက်လက်ချဲ့ ထွင် ရေးသားကြဖို့လည်း တိုက်တွန်းပါတယ်။

၅။

နိဂုံးချုပ် ရရင်တော့ ခေတ်ပြိုင် မြန်မာကဗျာလောကမှာ LP ခေါ် ဘာသာစကားကဗျာဆိုတဲ့ အခေါ်အဝေါ် အသုံးအနှုံးရော ၊ အယူအဆရော ၊ အရေးအသား တွေရော ၊ နွယ်တာ တွေရော ၊ `လိုလို´တွေရောရှိနေပါင်္ပြီ။ စကတည်းက လှုပ်ရှားမှုတစ်ခုလို လုပ်တာ မဟုတ်တဲ့အတွက် ခေတ် ပေါ်ကဗျာ လှုပ်ရှားမှုလို Movement တစ်ခုတော့ ရှိမယ်လို့ ကျွန်တော်မထင်ပါဘူး။ နားလည် သဘောပေါက်ပြီး ကြိုက်တဲ့ သူတွေ ရေးကြတာမျိုးပဲ ရှိမယ်လို့ ထင်ပါတယ်။ ဒါဟာလည်း လူနည်းစုပဲ ဖြစ်မှာပါ။ အနုပညာ မှာ လူအများကြိုက်စေဖို့ ၊ popular ဖြစ်စေဖို့ဆိုတာ မရည်ရွယ် ကြပါဘူး။ အဲဒါက pop culture ရဲ့ entertainment ကိစ္စတွေလို့ပဲ ကျွန်တော် မြင်ပါတယ်။ pop culture ထဲက icon တွေ ၊ pop အကြောင်း အရာအဖြစ်အပျက်တွေ ယူသုံးတောင်မှ ကဗျာဟာ popular entertainment စာရင်းဝင်မှာ မဟုတ်ပါဘူး။ LP ကို အသစ်လို့မြင်ပြီး LP ရဲ့ ကဗျာပုံစံ ၊ ကဗျာဟန်တွေ လိုက်တုလို့ပဲ ရေးရေး ၊ စမ်းသပ် လို့ပဲရေးရေး ၊ ကြိုက်လို့ပဲ ရေးရေး ၊ ရေးသူရဲ့ ကိစ္စသာလျှင် ဖြစ်ပါတယ်။ မကြိုက်လို့ လည်း ဘာမှ မဖြစ်သွားပါဘူး ။ ကျွန်တော် အင်မတန် လေးစား ချစ်ခင်တဲ့ ပန်းချီဆရာကြီး ဦးခင်မောင်ရင်ဆို အခုထိ သူလွန်ခဲ့တဲ့ နှစ်၅၀ လောက် က ကြိုက်ခဲ့တဲ့ Ab Ex ပန်းချီတွေ ကြိုက်လို့ရေးပြီး ရေးတိုင်း ကြိုက်နေဆဲပါပဲ။ အဲဒါ သူ့ယုံကြည်မှုနဲ့ သူ့ အနုပညာ ဖန်တီးမှု။

ကဗျာ အနုပညာနဲ့ ပတ်သက်လို့ ကဗျာအသိထဲမှာတော့ LP ဟာ တိုးချဲ့ ၀င်ရောက်ခဲ့ပါပြီ။ LP ကဗျာ ထူထောင်မှုထက် ရှိရင်းစွဲ ကဗျာလောကထဲ ကဗျာဗေဒသစ် တစ်ခုဖြတ်သန်းမှုလို့ပဲ ကျွန်တော် သဘောထားပါတယ်။ Postmodern ကဗျာဗေဒ တစ်ခုပေါ့။ ဒီနေ့ ကဗျာ အကြောင်း ပြောကြမယ် ဆိုရင် ယခင်က ကဗျာကို ခံစားမှုနဲ့ ကန့်သတ်ထားတဲ့ အဆင့်ကနေ ဘာသာ စကားကိုပါ ထည့်ပြောရမယ့် အဆင့် တက်လာတာဟာ ကဗျာသိမှု တိုးခြင်းပဲဖြစ်ပါတယ်။ ကြိုက်ခြင်း/ တိုက်ခြင်း ကတော့ သဘာဝဖြစ်စဉ်ပါပဲ။ နိုင်ငံတကာ ကဗျာသိမှုနဲ့ ရင်ဘောင် တန်းဖို့ ဆိုရင် LPရဲ့ နောက်ခံ သဘောတရား အယူအဆတွေ ၊ သီအိုရီတွေကို တီးမိခေါက်မိရင် ကောင်းတာပေါ့။ အထက်မှာ ပြောခဲ့သလို LPဟာ နယ်ပယ် အပိုင်းအခြားတစ်ခုထဲက ကျယ်ဝန်း ကျယ်ပြန့်ထွေပြားတဲ့ ကဗျာဟန် အမျိုးမျိုး အစားစားကို ခေါ်ဝေါ် သတ်မှတ်တာ ဖြစ်ပါတယ်။ LPရဲ့ နောက်ခံ intellectual ကိစ္စတွေ ၊ social ကိစ္စတွေ ၊ aesthetic ကိစ္စတွေကို ကျွန်တော် တို့ ဆီမှာ ထဲထဲဝင်ဝင် လေ့လာတာမျိုး အားနည်းနေပါသေးတယ်။ ရေးနေကြတဲ့ အချိန်မှာလည်း ရေးနေချိန်ရဲ့ သိမှု ကန့်သတ် ဘောင်ထဲမှာပဲ ရေးနေကြရ တာဖြစ်ပါတယ်။ ကိုယ်တိုင် တစ်ဦး စီချဲ့ထွင်ဖို့ပဲ လိုပါတယ်။ ပသို့ဆိုစေ ၊ မြန်မာကဗျာဟာ ရင်ဘတ်ကြီးကနေ အတိုင်းအတာ တစ်ခု အထိ လွတ်မြောက်လာ ပြီပေါ့။ `ခံစားမှုနဲ့ ကဗျာရေးတယ်´ဆိုတာ တော်တော် ရိုးစင်းလွန်း လှတဲ့ စကားမျိုးလည်း ဖြစ်ကောင်း ဖြစ်သွားပြီပေါ့။ ဒါပေမယ့် ကဗျာမှာ ခံစားမှုမပါရဘူး လို့ မဆိုလိုပါဘူး။ အဲဒီခံစားမှုကို ဘာက ဖွဲ့စည်းတယ် ၊ ဘယ်လိုဖေါ်ပြမယ် ၊ စတဲ့မူလရင်းမြစ်ကိစ္စ ၊ ဒါတွေကို ပစ်ပယ်လို့တော့ မသင့်တော့ဘူး ထင်ပါတယ်။ မြေပုံမှာ မပါရှိသေးတဲ့ လေဟာ နယ်ကြီးထဲမှာ နယ်ပယ်သစ်တွေ ရှာဖွေ တည်ဆောက် သွားရုံပဲရှိပါတယ်။ ဒါဟာ ကဗျာဆရာ တွေကို စိမ်ခေါ်နေတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ကဗျာဆရာနဲ့ ကဗျာအနုပညာရဲ့အစဉ် နပမ်းလုံး ပွဲကြီးပါပဲ။

ကိုဇေယျာလင်း

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: