ယနေ့ ကဗျာ/ကဗျာဆရာ အရှုပ်တော်ပုံ

http://www.openmindblog.info ဆိုတဲ့ ဒီဆိုဒ်ကို ကျနော် တော်တော် နှစ်ခြိုက်တယ် ၊ သဘောကျတယ်။ ။ ကဗျာ – လို့ ခေါ်ဆိုမယ့် ( သူတို့ ခေါ်ဆိုကြတဲ့ ) သူတို့ ယုံကြည်ချက် တစ်ခုခုကို ရည်ညွှန်း ပြဆိုရာမှာ ( အောင်မြင်တာ ၊ မအောင်မြင်တာ ခဏထား ) ခိုင်မာတယ်လို့ ကျနော် ထင်ပါတယ်။ ကျနော် သဘောကျလို့ ကျနော် ယူရာမှာ – အဲ့ဆိုဒ်ပါ ဆရာများ တင်ပြချက် အချို့ က ( တကယ်က တော်တော်များများပါ ) ကျနော့် ဥပါဒါန် ( ကျနော့ စိတ်အစွဲအလမ်း၊ ကျနော့် အရင် နှစ်ခြိုက်ခဲ့တာ တွေနဲ့ )  တိုက်နေတယ်။ လူကြီးတွေ ပြောလေ့ ရှိတဲ့ စကားနဲ့ ပြောရင် – ဘဝင် ကျတယ် ပေါ့ဗျာ။ မကြာသေးမီ အချိန်ကတင် ပို့စ်အသစ်တွေ့မိတော့ ထပ်ကြိုက်လို့ ထပ် ယူလာတယ်။ ဒီတစ်ခါတော့ ကူးယူလာကြောင်းပဲ ပြောခဲ့ပါတယ်။ အဲ့ဆိုဒ်မှာ။

ကိုယ်သန်ရာ ကိုယ့်ကဗျာကို
ကိုယ့်ရင်မှာ ကိုယ့်ဘာသာ ဖွင့်
စိတ်မာန်သာ လွှင့်စေ၊
ရင့်ကျက်နေ ကဗျာ အသိနဲ့
မာန်မရှိ ကန်တော့ခဲ့ပါသည်။
ကဝိ ဆရာသမားတို့ စိတ်ရော ကိုယ်ပါ အေးချမ်းသာယာကြပါစေ။

ဇေယျ

……………………..

တောကျောင်းမှတ်ချက်__________________________

ဒီကဗျာ ဝေဖန်ရေး ဆောင်းပါးကို ၂၀၁၁ခုနှစ်၊ ဇန်န၀ါရီလထုတ် ပန်းအလင်္ကာ မဂ္ဂဇင်း စာမျက်နှာ ၄၂ မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဆောင်းပါး ရေးသူ ကတော့ ‘ကဗျာသမားတစ်ဦး‘ လို့ ဆိုပါတယ်။ ‘ကဗျာရေးသူတစ်ဦး’ ဆိုတာကို ဖြူသလား၊ မည်းသလား၊ အရပ်ရှည်သလား၊ ပုသလား၊ ဘယ်သူလဲ၊ ဘယ်ဝါလဲ စိတ်မ၀င် စားပါဘူး။ မြန်မာပြည်မှာ ဝေဖန်ရေး ရေးသူ တွေရဲ့ ထုံးစံအတိုင်း အမည်ရင်း ဖော်ပြလေ့ မရှိတာကိုလည်း နားလည်ပေး လိုက်ပါတယ်။ မဟုတ်ရင် ခုတ်ရာတခြား ရှရာတလွဲဖြစ်ပြီး ဂိုဏ်းဂနစွဲ၊ လူပုဂ္ဂိုလ်စွဲနဲ့ ဆိုင်းဘုတ်တွေ တပ်ချင်ကြ၊ ဆော် ချင်ကြ၊ နှက်ချင်ကြတာမျိုး က သဘာဝလို ဖြစ်နေပါပြီ။ ဝေဖန်ရေး နှင့် မယဉ်ပါး ခြင်းလို့ပဲ ဆိုရပါမယ်။ ငယ်တုန်းကတော့ ကိုယ့်ကိုယ်ဝေဖန်ရေး အမြဲလုပ်ရမယ် ဆို တာကို မှတ်သား လိုက်နာခဲ့ဖူးတယ်။

ရေးသူ ဘယ်သူလဲ ဆိုတာထက် သူရေးတဲ့စာက ဘာလဲဆိုတာကို စိတ်ဝင် စားရာ က ဒီဝေဖန်ရေး ဆောင်းပါးကို ဖတ်ဖြစ်ပါတယ်။ ဖြစ်သင့်ပါတယ်။ ရေးသင့် ပါတယ်။ သူပြောနေတာတွေထဲက အကြောင်းအရာ အများစုကို လက်ခံပါတယ်။ နောက် ပြီးတော့ အချက်အလက် ခိုင်မာပါတယ်။ စနစ်ကျပါတယ်။ ဒီအတွက် ကြောင့် ဒီဆောင်းပါးကို ပြန်ဖော်ပြပါတယ်။ ဒါက တစ်ချက် ပါ။ နောက်တစ်ချက် ကတော့ ဝေဖန်ရေး ဆောင်းပါးတွေကို ပြန်ပြီးတော့ ဝေဖန်တဲ့ အခါမှာပြန် ဝေဖန်သူ တွေ ဘက်က (ငါ)စွဲကို ဖျောက်ပြီး ချက်ကျ လက် ကျ ပြန်ဝေဖန်သင့်တယ်လို့ ထင် ပါတယ်။ မဂ္ဂဇင်းထွက်ရှိပြီး မကြာခင်မှာပဲ အွန်လိုင်းပေါ်မှာ ဒီဆောင်းပါး နဲ့ ပတ်သက်လို့ ပြန်ဝေဖန်တာတွေ တွေ့လိုက်ရပါတယ်။ ပြန်လှန် ဝေဖန်သင့်တဲ့ အကြောင်း အရာဖြစ်တာမို့ ပြန်ဝေဖန်တာကို သဘောကျပါတယ်။ ဒါပေမယ့် ပြန်ဝေဖန်တဲ့ အကြောင်းအရာတွေကို ဖတ်ရသာ ဆားမပါတဲ့ ဟင်းစားရသလို ဖြစ်နေပါတယ်။ ကြားထဲမှာ ၀င် မြှောက် ပေးတဲ့ သူကလည်း မြှောက်ပေး ပါတယ်။ ဒီအခါမှာ တစ်ဖက် တည်း အသံ တွေလို ဖြစ်နေတဲ့ အတွက် ဒီဆောင်းပါးကို ပြန်ဖော်ပြပါတယ်။

စာဖတ်သူများ ဖတ်ရှုနိုင်ဖို့ရာ ဒီဆောင်းပါးကို ပြန်တင်ပါတယ်။ အပြုသ ဘောင်ဆောင်၊ စနစ်ကျပြီး၊ အခြေအမြစ် ခိုင်မာတဲ့ သုံးသပ်ချက်တွေကို လက် ခံသွား မှာ ဖြစ်ပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုနဲ့ ညစ်ညမ်း စကားလုံးတွေ သုံးစွဲ ရေးသားလာမယ့် မှတ်ချက်တွေကို ဖြုတ်ပယ်သွားမှာ ဖြစ်တဲ့ အကြောင်း ကြို တင် အသိပေးပါရစေ။

ခေါင်းတွဲ ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ မြန်မာစာပေ လောကမှာ ဒီလို ဝေဖန်ရေး ဆောင်းပါတွေ ထပ်မံပေါ်ထွက်လာဖို့ မျှော်လင့်ကြောင်း၊ သူရှာ ထားတဲ့ ပြဿနာ၊ သူထုတ်ထားတဲ့ မေးခွန်းတွေကို ပြန်လည် လက်ဆင့် ကမ်း ပါကြောင်းနှင့် ဝေဖန်ရေး၏ အနက်ကို ရှင်းလင်းတိကျစွာ နားလည်နိုင်ပါစေ ကြောင်း ဆန္ဒ ရှိပါတယ်။

တောကျောင်းဆရာ
ဖေဖော်ဝါရီ ၂၄၊ ၂၀၁၁ခုနှစ်။

ကျွန်တော်တို့ ပုံနှိပ် စာမျက်နှာတွေပေါ် အားတက်သရော ဖတ်ရှုခဲ့ရတဲ့ ၉၀-၂၀ဝ၀ကာလ ဝန်း ကျင် ကဗျာတွေ အထိ ကဗျာရဲ့အခြေအနေဟာ သိပ် မရှုပ်ထွေးသေး ပါဘူး။ ဆိုလိုတာက ဘယ်ကဗျာ ရေးသူက ဘယ်လို ဘယ်ကဗျာက ဘာဆိုတာ ကျွန်တော်လို ကဗျာကိုအနည်းငယ် ရူးသွပ် လိုက်စားသူ အတွက် တောင် သိသာ ထင်ရှား မြင်နိုင်ခဲ့ပါတယ်။ အချိန်က စကား ပြော လေ့ရှိသလို ကြီးကြီးကျယ်ကျယ် ဆိုရရင် သမိုင်းက အဆုံးအဖြတ် ပေးတယ်ပေါ့လေ။ ဘယ် ဆရာ ကတော့ ခေတ်ပြိုင် အခြေအနေမှာ ဘယ်လို အနေအထား၊ ဘယ်ဆရာရဲ့ အရေးအဖွဲ့ က တော့စိတ်ချရတယ်၊ ဘယ်ဆရာတွေက ဘယ်နေရာမှာ ကောင်း ပြီး ဘယ်နေရာမှာ အားနည်း သလဲ၊ ဘယ်ဆရာကတော့ အခြေအနေ မဟန်တော့ပြီ၊ ဘယ်ဆရာကတော့ ဘယ်လို ပြောင်းလဲ နေပြီ၊ ဘယ်ဆရာကတော့ အစ ကတည်းက မဟန်၊ ဘယ်ဆရာလေးတွေ တက်လာပြီ၊ ဘယ် ဆရာလေးတွေက လက်မငြိမ်သေးဘူး စတဲ့မေးခွန်းနဲ့ အဖြေတွေဟာ ကျွန်တော့်နေ့စဉ် အလုပ် တစ်ခု လိုတောင် ဖြစ်ခဲ့ပါတယ်။ ဒါကလည်း ကိုယ့်အတ္တနောမတိ မှတ်စု မှတ်ရာများ ပါပဲ။ အများ ကို ပြောဖို့ ပြဖို့အထိ ရည်ရွယ်တာ တွေတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် (ကဗျာသမား) အများရဲ့(စာမျက်နှာပေါ်က ရေးသူဖတ်သူ ဝေဖန်သူ အသံတွေနဲ့) သဘောထား အမြင်တွေနဲ့ (အနည်းအကျဉ်း ကွဲလွဲမှု ရှိတာကလွဲရင်) နားမလည်နိုင် လောက်အောင် လမ်းလွဲကြတာမျိုး မဖြစ်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ကဗျာရေးသူ/ကဗျာဆရာ ဆိုတာလည်း ဒီနေ့လောက် မများသေးတာ ရယ် စာမျက်နှာပေါ်က ကဗျာတွေလည်း ဒီနေ့လောက် မများ သေး တာရယ်၊ နောက် ကဗျာဗေဒ/ ကဗျာရေးဖွဲ့ပုံတွေ၊ စေ့စေ့ ပေါက်ပေါက် လျှောက်ပြောရရင်တော့ (ဖဝါးနဲ့နာ) ကဗျာရေးသူ တွေရဲ့ ရပ်တည်မှု၊ ကဗျာ အယ်ဒီတာ ဆိုသူတွေရဲ့ နေရာ အခန်းကဏ္ဍ အထိပေါ့လေ။ အစစ အရာရာ ဒီနေ့လောက် ပြင်းထန်-ရှုပ်ထွေး-ခက်ခဲမှု မရှိသေးတာကြောင့်ပဲလို့ ထင်ပါတယ်။ ဒီနေ့မှာတော့ ဒီလို မဟုတ်တော့ပါဘူး။ ဒီနေ့ခေတ်မှာ အချိန်က စကားပြောတယ် ဆိုရင်တောင် ဘယ်အချိန်မှာ ဘယ်သူပြောတဲ့ စကားလဲ ပြန်မေးရမလို သမိုင်း က အဆုံးအဖြတ် ပေးတာ ဆိုရင် တောင် ဘယ်သူ့သမိုင်းက ဘယ်လို ဆုံးဖြတ်တာလဲ ပြန်မေးရမလို (အဆက်စပ် ပြတ် တောက်မှုနဲ့ မြန်ဆန်မှု) ဖြစ်လာပါပြီ။ ဘယ်ကဗျာကို ကဗျာကောင်း၊ ဘယ်ကဗျာဟာ ကဗျာ သစ်၊ဘယ်သူ့ကို ကဗျာဆရာ၊ ဘယ်သူ့ကို တကယ့်ကဗျာဆရာ၊ နောက်ဆုံး ဘယ်ဟာက ကဗျာ၊ ဘယ်ဟာ မှ ကဗျာ၊ ဘယ်သူရေးတဲ့ ကဗျာမှ ကဗျာလဲဆိုတဲ့ မလိုလားအပ်တဲ့ မေးခွန်း တွေ အထိ မလိုလားအပ်ဘူး ဆိုပေမယ့် မပြောမပြီး မတီးမမြည်ဆိုသလို ပြဿနာ တွေ အများ ကြီးရှိခဲ့ ရှုပ်ထွေး ခဲ့ပါပြီ။ ဒီနေရာမှာ တချို့က ကဗျာအပေါ်မှာ တိကျခိုင်မာတဲ့ အဖြေရှိပြီးသားလို့ ဆိုချင် ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီတချို့က လွဲလို့ နောက်တချို့၊ တစ်ဖွဲ့၊ တစ်အုပ်စုမှာလည်း တိကျခိုင်မာတဲ့ အဖြေကိုယ်စီ ရှိနေတာ တွေ့ရပြန်တော့ ဒါကပဲ မတိကျ မခိုင်မာတော့တဲ့ ပြဿနာ အသွင်ကို ပြန် ဆောင် သွားစေတာပါပဲ။ ဒါကို ဗဟုဝါဒလို့တော့ အလွယ်တကူ ကောက် ချက်ချလို့တော့ မဖြစ်ဘူး။ ဗဟုဝါဒ ဆိုတိုင်း အသေခံ အကြမ်းဖက် ဗုံးခွဲတဲ့ဝါဒနဲ့ ဆိုမာလီ က ပင်လယ်ဓါးပြတွေမျိုးကို သူတို့လည်း လွတ်လပ်စွာ လုပ်ကြပါစေဆိုပြီး လက်ခံနားလည်ပေးလို့မှ မရပဲ။ ဆရာတစ်ယောက် ပြောခဲ့သလိုပဲ ပန်းတိုင်းပွင့်ပါစေ ဆိုပေမယ့် ပဒိုင်းပန်းတွေ အဆိပ်ရှိ တဲ့ ပန်းတွေမျိုးတော့ သတိချပ်ရမှာပဲ။

ငါဟဲ့ ကဗျာဆရာ

ကမ္ဘာမှာ ကျော်ကြားတဲ့ ပုဂ္ဂိုလ်ကြီးတွေ သမိုင်းဝင် အထင်ကရ ရှိသူတွေကို ကိုယ့်ကဗျာထဲမှာ တစ်စားပွဲတည်း ထိုင်ပြီး ဆွေးနွေးခြင်းတို့ ကလေးအတွေးနဲ့ တောင်မေး မြောက်မေး လုပ်တာ တွေအပြင် မြွေမကြောက် ကင်းမကြောက် အကြံပေးတာတို့ ဘာတို့ လုပ်နိုင်အောင် မြန်မာ ခေတ်ပေါ် ကဗျာဆရာတချို့မှာ လိုင်စင် ရထားသလားတော့ မသိပါဘူး။ အိုင်းစတိုင်းတို့ နပိုလီ ယန်တို့ ဒါဝင်တို့ ဟစ်တလာတို့ ရာဆာ အာရဖတ်တို့ မာသာထရီစာတို့ကို အပေါ်ယံသိ အပေါ်ယံ တွေးပြီး စာလေး တစ်ကြောင်း နှစ်ကြောင်းနဲ့ ဝေဖန် အကြံပြုလေ့ရှိတဲ့ ကဗျာမျိုးတွေ တွေ့ခဲ့ဖူးသလို သမ္မတကနေဒီနဲ့ ကိုယ်နဲ့ခံယူချက်ချင်း တူညီနေသယောင် သူတို့လို မြင့်မြတ်မှု လေးနက်မှု ရှိသယောင် နှိုင်းယှဉ် ပြတာတွေ တွေ့ခဲ့ရဖူးတော့ ကဗျာဆရာဆိုတဲ့ ဂုဏ်ပုဒ်အပေါ် လေးစားကြည်ညို ဖြစ်ရဖို့ နေနေသာသာ စိတ်ကြီးဝင် စိတ်ဝေဒနာရှင်တွေရဲ့ ငိုချင်းလို့သာ မြင်ယောင်မိတယ်။

ကြီးကျယ် ခမ်းနားတဲ့ လူပုဂ္ဂိုလ်တွေနဲ့ တိုက်ရိုက်တွေ့ဖို့ ကဗျာအားဖြင့် ဘာသာစကားအားဖြင့် မေးခွန်းထုတ်ဖို့ သရော်ဖို့ မိမိနဲ့ နှိုင်းယှဉ်ဖေါ်ပြဖို့ ဆိုရင် မိမိ ရဲ့သိမှု မိမိရဲ့အတွေးအခေါ် မိမိရဲ့ လုပ်ရပ်တွေကလည်း သူတို့လောက် ကြီးကျယ်ခမ်းနားဖို့ လိုအပ်မှာ အမှန်ပဲ။ ဒီနေရာမှာ ရုပ်ဝတ္တု ရာထူး ဂုဏ်ရှိန် အဆင့် အတန်း နဲ့ လူတစ်ယောက်ရဲ့ ကြီးကျယ် မြင့်မြတ်မှုကို ခွဲခြား တိုင်းထွာဖို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဥာဏ်ပညာ၊ တွေးခေါ်ယူဆပုံ၊ ကိုယ့်ကျင့်တရား၊ ဗဟုသုတ ကြွယ်ဝမှု၊ စတဲ့ နာမ်ပိုင်းဆိုင်ရာ များမှာပဲ မိမိဘက်က ဆင်ခြင် တိုင်းထွာ ကြည့်ဖို့ပါပဲ။ မင်ဒဲ လားနဲ့ မိမိ ထောင်တန်း ကျဖူးတာချင်း တူရုံနဲ့ မင်ဒဲလားနဲ့ မိမိ အတူတူ ပဲလို့ ယူဆတာဟာ အဓိပ္ပါယ် မရှိပါဘူး။ ရူးသွပ်တာခြင်း တူရုံနဲ့ ကိုယ့်ကိုယ်ကို ဗန်ဂိုးလို့ ထင်သူကထင်၊ နာကျင် ခြင်း တူရုံနဲ့ ကိုယ့်ကိုယ်ကို ကတ်ကို ဘိန်းလို့ ထင်သူကထင်၊ အရက် ကြိုက်တာချင်း တူရုံနဲ့ မောင်ချောနွယ်လို ကဗျာဆရာကွလို့ ကြွေးကြော်သူက ကြွေးကြော် နေတာတွေ အမြဲ တွေ့ရ တတ်တယ်။

ကြုံကြိုက်လို့ ပြောရရင် အောက်တိုဘာလထုတ် ရုပ်ရှင်ေ တးကဗျာမဂ္ဂဇင်းမှာ မောင်ချောနွယ် အင်တာဗျူး စာသားတွေ ပြန်ရေးထားတဲ့ ဖြိုးထိန်ရဲ့ ဆောင်းပါး တစ်ပုဒ်မှာ “Artist Life ဆို တာကလည်း နိုင်ငံရေးသမားနဲ့ မတူဘူး။ ဘေးနားက လမ်းဘေးလည်း လှဲအိပ်ခွင့်ရှိတယ်။ အမျိုးမျိုး ပြောင်းလဲနေတဲ့ ရေစီးကြောင်း ထဲမှာ ရုန်းကန်ရင်း အနုပညာတစ်ခုခု သစ္စာတရား တစ်ခုခုကို ရှာဖွေနေတာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဘယ်သူကမှ တိုက်တွန်းလို့လည်း မဟုတ်ဘူး။ ဘယ်သူမှ ခိုင်းလို့လည်း မဟုတ်ဘူး။…သက္ကတကျမ်း တစ်ခုမှာတော့ ကဗျာဆရာ Artist တွေဟာ စကြဝဠာကို ပိုင်နိုင် စွမ်းသူထက် ပိုမြင့်မားတယ်တဲ့”.. ဆိုတဲ့ စာသားကို ပြန်ဖေါ်ပြထားသလို ဒီမဂ္ဂဇင်းမှာပဲ မိုဃ်းဇော်နဲ့ လူအိမ်ရဲ့ အင်တာဗျူးတစ်ခုမှာ လူအိမ်က “ကဗျာရေးတယ် ဆိုထဲက လူတော်တော်များများ မလုပ်နိုင်တဲ့ အလုပ်ကို လုပ်နေတာပါ။ ကျွန် တော် ကြားဖူးတာရှိတယ်… သဗ္ဗညုတတွေတောင် မဖန်ဆင်းနိုင်တဲ့ အရာကို အနုပညာ သမား တွေ ဖန်ဆင်း နိုင်တယ်တဲ့” …ဆိုတဲ့ အဖြေ တစ်ခု ပါရှိပါတယ်။ ဆိုတော့ ဖြိုးထိန် ဆောင်းပါး ထဲက စာသားက မောင်ချောနွယ် ပြောခဲ့တာလို့ ယူဆပြီး လူအိမ် အင်တာဗျူးထဲက အတွေး အခေါ်ကတော့ ဘယ်သူ ပြောခဲ့မှန်း မသိရပါဘူး။ မောင်ချောနွယ် ပြောခဲ့တာ အတွက် တော့ မောင်ချောနွယ်က သူ့စကားသူ့ယုံကြည်ချက်ကို သူ့ဘဝနဲ့လှဲပြီး သူ့အနုပညာ (သူ့အလုပ်)နဲ့ သက်သေ ပြသွားခဲ့ပါတယ်။ မောင်ချောနွယ်လို လမ်းဘေး ထိုးအိပ်တိုင်း မောင်ချောနွယ်လို ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မောင်ချောနွယ် စကားက မောင်ချောနွယ်တရား မောင်ချော နွယ်ဘဝ မောင်ချောနွယ် အမှန်တရားသာ ဖြစ်ပါတယ်။

ထို့အတူ ကမ္ဘာ့အရပ်ရပ် သမိုင်းအစဉ် အဆက်က ပန်းချီဆရာ၊ ကဗျာဆရာ ပုဂ္ဂိုလ်ကျော်တွေရဲ့ ကြွေးကြော်သံ ခံယူချက် စတဲ့ အရာ တွေဟာလည်း တစ်ဦး တစ်ယောက်ချင်းရဲ့ ဘဝကနေ လာတာဖြစ်ပါတယ်။ ကမ္ဘာမှာ ကဗျာ ဆရာဆိုတာ ခေတ်ပညာတတ်တွေ ပါမောက္ခတွေ များသလို သမိုင်းဝင်နိုင်ငံရေး ပုဂ္ဂိုလ်ကြီး တွေ အထိ ရှိခဲ့ပါတယ်။ ဆိုလိုတာက သူတို့လို ဘွဲ့ထူးဂုဏ်ထူးရှိမှ ကဗျာဆရာဖြစ်တာ ကဗျာ ကောင်း ထွက်တာလို့ မဆိုနိုင်ပေမယ့် တကယ့် ကဗျာဆရာ၊ တကယ့် ကဗျာ၊ ပရော်ဖက်ရှင်နယ်လို့ ဆိုနိုင်တဲ့ ကဗျာဆရာ၊ နိုင်ငံတကာမှာ ပျံ့နှံ့ပေါက်ရောက်ခဲ့တဲ့ အနုပညာလက်ရာတွေကို လေ့လာကြည့်ရင်တော့ ဘွဲ့ထူး ဂုဏ်ထူး ရလောက်တဲ့ ပီအိပ်ခ်ျဒီဆိုသူတွေနဲ့ ယှဉ်လို့ရလောက်တဲ့ ဥာဏ်ပညာ၊ အိုင်ကျူ၊ အီးကျူ တန်းမှီ မှုတွေ (ကိုယ့်လိုင်းနဲ့ ကိုယ်) ရှိနေတာ အထင်အရှား တွေ့ရနိုင်တာပဲ။ ဒီလိုပုဂ္ဂိုလ်တွေ မြွက်ဆို ခဲ့တဲ့ ဘဝခံစားချက် ခံယူချက်တွေ စကားလုံးတွေဟာ မိမိဘဝနဲ့ မျှမမျှ ကြည့်မြင် တတ်ဖို့ လိုပါ တယ်။

တိုက်ဆိုင်လို့ ပြောရရင် ၂၀၁၀ စက်တင်ဘာလထုတ် ဖက်ရှင်မဂ္ဂဇင်းမှာ လူအိမ်ရဲ့ကဗျာတစ်ပုဒ် ပါရှိပါတယ်။ လူအိမ်ရဲ့ကဗျာကိုဖတ်ကြည့်တော့ Up in the Air ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားထဲက အဓိက ဇာတ်ကောင် (ဂျော့ကလူးနီး) ရဲ့ ဇာတ်ဝင်ခန်း တစ်ခုပါ စကား(စင်ပေါ်မှာ ဟောပြော နေတဲ့ စကား) တွေ ဖြစ်နေတာ တွေ့ရတယ်။ ဒီလို အစမှ အဆုံးတိုင်ကူးယူ ဖေါ်ပြထားပြီး ကဗျာ အောက်ခြေမှာ ဝန်ခံချက်၊ ရည်ညွန်းချက် စတာတွေလည်း ဖေါ်ပြထားတာ မတွေ့ရတော့ လူအိမ် ဘာကြောင့် ဒီလိုလုပ်သလဲ နားမလည်နိုင်အောင် ဖြစ်ရတယ်။ ကဗျာတွေကို ကော်လေ့ခ်ျ လုပ်တယ်၊ တခြားနယ်ပယ်က စာသားတွေနဲ့ ဆက်စပ်မှု လုပ်တယ် ဆိုတာက ကော်လေ့ခ်ျဟန်နဲ့ ရေးဖွဲ့တဲ့ကဗျာတွေမှာ ဝန်ခံချက်ပါသလို၊ တချို့ ကော်လေ့ခ်ျ ကဗျာတွေ ကျတော့ သူတပါးစာသားနဲ့ တခြားနယ်ပယ် ပေါင်းစုံက စကားလုံးတွေ စာသားတွေကို ကူးယူ ဖေါ်ပြထားခြင်း ဖြစ်တယ်ဆိုတဲ့ ကော်လေ့ခ်ျ ကဗျာသဘောတရားနဲ့ သူ့အာဘော်အရ ဝန်ခံပြီး ဖြစ်တာကြောင့် ကဗျာမှာ ပါရှိတဲ့ စာသားတွေအတွက် အထူးတလည် န်ခံချက်ပေးစရာ မလို တော့တာမျိုးတော့ ရှိတယ်။ ဒါပေမယ့် အခု လူအိမ် ကဗျာမျိုးကတော့ ရုပ်ရှင်ထဲက ဇာတ် ကောင်ရဲ့ ပြောစကားကို ဝန်ခံချက်မပါဘဲ အစမှ အဆုံးတိုင် ကူးယူပြီး (ကဗျာ ပုံစံပေါက်အောင်) ဒေါင်လိုက် စီထားခြင်းသာ ဖြစ်တဲ့အတွက် ဒါကို ကော်လေ့ခ်ျ ကဗျာလို့ မဆိုနိုင်ဘဲ ကော်ပီ ကဗျာ လို့ပဲ ဆိုရပါမယ်။ ဒီလိုကဗျာမျိုး ရေးဖွဲ့ခြင်းဟာ လူအိမ် သူ့အင်တာဗျူးမှာ ဖြေခဲ့သလိုပဲ သဗ္ဗညုတတွေတောင် မဖန်ဆင်းနိုင်တဲ့ အတတ်နဲ့ ဖန်ဆင်း ရေးဖွဲ့ထားခြင်းလားလို့ တွေးတော ရပါတယ်။

ကျွန်တော်က ဒီနေရာမှာ ပညာတတ် ကြိမ်လုံးတွေ ရာထူး ဂုဏ်ထူးတွေနဲ့ ကဗျာ/အနုပညာကို ခွဲခြားပြနေတာ မဟုတ်ပေမယ့် ပညာတတ်တွေ နိုင်ငံရေး ခေါင်းဆောင်တွေ လက်ဆွဲ နှုတ် ဆက်ခဲ့တဲ့ အနုပညာသမားတွေ၊ ရာထူး ဂုဏ်ထူး ကြီးမြင့်သူတွေက တန်းတူ ရည်တူ အသိ မှတ်ပြု နိုင်လောက်အောင် ကြီးမြတ် တဲ့ကဗျာ/ အနုပညာ လက်ရာတွေနဲ့ မိမိရဲ့ကဗျာ/အနုပညာ လက်ရာကို ခွဲခြား မြင်နိုင်စေချင်တာ ကတော့ အမှန်ပဲ။ သူတို့ ကြွေးကြော်ခဲ့သလို ကိုယ် ကြွေး ကြော်ဖို့ ဆိုရာမှာ ဘယ်သူက သာတာ နာတာတွေ ခဏထားဦးတော့ သူတို့နဲ့ ကျွန်တော်တို့ လူမှု ပတ်ဝန်းကျင် ဘဝ နေပုံထိုင်ပုံ ယဉ်ကျေးမှု ခေတ်စနစ် ဘာတစ်ခုမှ တူတာ မဟုတ်ဘူး ဆိုတာ လောက်တော့ သတိ ချပ်သင့်တယ်။ သူတို့ရဲ့ ခံစားချက် ခံယူချက် သူတို့ရဲ့ နေပုံထိုင်ပုံ သူတို့ရဲ့ အနုပညာ လက်ရာ ဆိုတာတွေဟာ သူတို့ရဲ့ အနောက် လူ့အဖွဲ့အစည်းမှာ အခြေခံပြီး ဖြစ်ပေါ် လာတာတွေ ချည်းပဲ။ ဥရောပရဲ့ သမိုင်းကြောင်းကိုမှ မသိဘဲ ဒီမှာ ခံစားရတာကို ဇီဗားဂိုး ရထားထဲ လိုက်ပါ နေရသလို ပဲလို့ တင်စား ရေးဖွဲ့တာဟာ ဖတ်လို့ ကောင်းပေမယ့် သက်သက် ညာဝါးခြင်းပဲ။ ၃၃လမ်းက လေထန်ကုန်းကို ပါရီက ကဖေးဆိုင် လုပ်ပစ်လို့ မရဘူး။

ဥပမာ ၂၀၁၀ ဧပြီလထုတ် ပိတောက်ပွင့်သစ်မှာ ပါတဲ့ နရီ(မြိတ်)ရဲ့ “အစာအိမ်”ဆိုတဲ့ ကဗျာ တစ်ပုဒ်မှာ “ဇာဘုရင်မှာလည်း အစာအိမ် ပါခဲ့ မိုက်ကယ် ဂျက်ဆင် မှာလည်း အစာအိမ်ပါခဲ့..” စသဖြင့် လက်ဝဲနံ့ မစင်တဲ့ အတွေးနဲ့ “လက်ရှိ သမ္မတ အိုဘားမားလည်း သမ္မတဖြစ်ပြီး ၆လ အကြာ လူကြိုက်နည်းခဲ့ရာ ဒါလည်း ဒီ အစာအိမ် ကြောင့်ပဲလား”လို့ လူပြိန်း အတွေးနဲ့ မေးပြီး ရေးဖွဲ့ ထားပါတယ်။ နိုင်ငံရေးစကားတွေ အတုံးလိုက် အတက်လိုက် ထည့်ထားတိုင်း နိုင်ငံရေး ကဗျာမဖြစ်သလို လူပြိန်းကြိုက နီတိတွေ အဆိုမိန့်တွေ ဇွတ်ထည့် ထားတိုင်းလည်း အဘိဓမ္မာ ပါတဲ့ ကဗျာလို့ မဆိုနိုင်ပါဘူး။ “အစာအိမ်” ကဗျာထဲမှာ ” အမှန်တရား ဆိုတဲ့ ကောင်းကင်ကို ရှာဖွေရင်း နောက်ထပ် ခုနစ်ဘဝပဲ ကျုပ် နေနိုင်တော့မယ်၊ ခင်ဗျားတို့ရဲ့ ဒုက္ခနဲ့ သမုဒယ မျက် နှာတွေကိုလည်း မကြည့် ချင်တော့ဘူး” လို့ ရေးသား ထားတာလည်း တွေ့ရပါတယ်။ နောက် ထပ် ခုနစ်ဘဝပြီးရင် သောတာပန် တည်ပြီး ဖြစ်ပုံရတဲ့ ကဗျာရေးဖွဲ့သူဟာ သံသရာက လွတ် မြောက် နိဗ္ဗာန် ဆိုက်တော့မယ့် သဘောပါပဲ။ ဆိုတော့ ဒီလိုကဗျာကရော ပိတောက်ပွင့်သစ်က ကဗျာ အဖြစ် သတ်မှတ်ပြီး စံနှုန်း တစ်ခုခု ပြည့်မီ တယ်လို့ ယူဆပြီး ရွေးချယ် ဖေါ်ပြခဲ့တဲ့ ကဗျာ ပဲလား။ ပိတောက်ပွင့်သစ်မှာ ဖေါ်ပြခံရတဲ့ ကဗျာရှည်ကြီး ဆိုတော့ အရည်အသွေး မြင့်မားသည့် ကဗျာတစ်ပုဒ် ပေပဲလား။ ဒီလို ခမ်းနား ကြီးကျယ်လှတဲ့ ကဗျာကို ရေးဖွဲ့ခဲ့တဲ့ ကဗျာရေးသူဟာ ကဗျာနဲ့ ပတ်သက်ပြီး ကြီးကြီး ကျယ်ကျယ်တွေ ပြောဖို့ ပြောရေး ဆိုခွင့် ရှိသူ ဖြစ်သွား ရော လား။ ဒီလို မေးရတာလည်း ဒီနေ့ခေတ်မှာ လူပြော မသန်တွေနဲ့ ခဏခဏ ကြုံတွေ့ ရလို့ပါပဲ။ ကိုယ့် ကဗျာတစ်ပုဒ် ပါရှိဖို့ ပုဂ္ဂိုလ်ရေး ချဉ်းကပ်ရတာတွေ လာဘ်ထိုး တာတွေ အာဂတိ လိုက်စား တာတွေ နောက်ဆုံး ကဗျာနဲ့တကွ အယ်ဒီတာကို ဖုန်းနဲ့ ငိုပြတာတွေ အသနားခံထားတဲ့ စာတစ် စောင်ပါ တွဲပို့တာတွေ မယုံကြည် နိုင်လောက်အောင် အမြဲမြင်ရ ကြားရလေ့ ရှိပါတယ်။ ဒီလို အောက်လမ်းနည်းနဲ့ ကိုယ့်စာတွေ စာမျက်နှာပေါ် ရောက်လာပြီး စာပေ စကားဝိုင်းတွေမှာ အာဘောင်အာရင်း သန်သန်နဲ့ ဟောနေတာ တွေ့ရပြန်တော့ ယိုသူမရှက် မြင်သူရှက် ဆို သလိုပါပဲ။

ဒါကြောင့်ပဲ မြန်မာပြည်မှာ “ကဗျာဆရာ”ဆိုသူတွေ ဒီလောက် ပေါများ လာသလား မသိပါဘူး။ ကျွန်တော့် စိတ်ထင် ကမ္ဘာမှာတောင် ကဗျာဆရာ အများဆုံး ထွက်တဲ့ တိုင်းပြည် ဖြစ်နေမလားပဲ။ ဒါကိုက တစ်ခုခု အကြီးအကျယ် လွဲမှားနေပြီဆိုတာ ပြနေတာပဲ။ ရေဒီယို အင်တာဗျူးတွေ၊ ကဗျာရေးသူရဲ့ ကိုယ်ရေးရာဇဝင် ဖြတ်သန်းခြင်းတွေ၊ ကဗျာစာအုပ်ရှေ့က အမှာစာတွေ၊ အမြို့မြို့ အနယ်နယ်က ကဗျာ စကားဝိုင်း ဆိုတာတွေ၊ နောက်ဆုံး အွန်လိုင်းပေါ်က ဘလောင် ဂါ ကဗျာ ဆရာ လူငယ်ဆိုသူတွေ အထိ ဟောဖို့ ပြောဖို့ စင်ထိုးပေးသူက ထိုးပေးလိုက်တော့ ဘယ်လို အနုပညာတွေ ဖန်တီးပြီး ဘယ်လိုအလုပ် (စာပေ/အနုပညာ)တွေ လုပ်ခဲ့သလဲတော့ မသိဘူး၊ အာဘောင် အာရင်း သန်သန်နဲ့ ကြီးကြီး ကျယ်ကျယ်တွေ မကြောက်မလှန့် ပြောကြ တော့တာ တွေ့ရတာပဲ။ မေးသူနဲ့ ဖြေသူ ဇာတ်တိုက် ထားသလို စကားလုံးတွေ၊ ပုလင်းတူ ဘူးဆို့ အမေးအဖြေတွေ၊ ပုဂ္ဂိုလ်ရေး မကင်း အာဂတိ လိုက်စားမှုမကင်း ဂိုဏ်းဂဏ အစွဲ မကင်း တဲ့ ဆောင်းပါး တွေ ကဗျာတွေ။ အားလုံးကိုတော့ မဆိုလိုပါဘူး။ ပို့စ်မော်ဒန်ဆိုလည်း မေးတဲ့သူ ကမေး ဖြေတဲ့သူက ဖြေလိုက်တာပဲ။ ဘယ်ကဗျာကမှ ကဗျာအစစ်၊ ဘယ်အရာ တွေက ကဗျာမှာ ဆောင်ရန် ရှောင်ရန်တွေ ဆိုတာ လည်း မေးရဲကြ ဖြေရဲကြ ပြန်တာပဲ။ အထူးသဖြင့် ကဗျာ အင်တာဗျူး ကဗျာ စကားဝိုင်းတွေမှာ အတွေ့ရ အများဆုံးက အများစုက ဘုံရန်သူလို တိုက် ခိုက်နေတဲ့ အယ်လ်ပီ။

အယ်လ်ပီ ပြဿနာ

အယ်လ်ပီနဲ့ ပတ်သက်ပြီး ဗျူးတဲ့ အခါတိုင်း မေးတဲ့သူက ကလောင်ပါဝါ သုံးပြီး ခပ်ရွဲ့ရွဲ့ မေးဖြေ တဲ့ သူကလည်း ဝမ်းသာအားရ ဖြစ်စွာနဲ့ အဖျက်စိတ်နဲ့ ဖြေနေတာ တွေ့ရလေ့ ရှိတယ်။ မနေ့ တစ်နေ့က ကဗျာ စရေးသူရော၊ ကဗျာမရေး ကဗျာမဖတ် နှစ်ပေါင်းများစွာ နေပြီးမှ တပည့် တပန်းတွေက အသက် ပြန်သွင်း လိုက်တဲ့ ဆရာကြီး တွေရော၊ ကြားထဲက နားစွန်နားဖျား ကြား ရ ဖတ်ရပြီး ဝေဖန်ရေး လုပဝေဖန်ရေး လုပ်တဲ့ ဆောင်းပါး ရေးသူတွေ ရောပေါ့လေ။ အယ်လ်ပီ ချေမှုန်းရေးနဲ့ ပတ်သက်လာရင် အားလုံး စည်းစည်း လုံးလုံး ရှိလာကြတာ တွေ့ရတယ်။ သေချာတာ တစ်ခုကတော့ တွေ့ဆုံ မေးမြန်းသူရော ရှင်းလင်း ဖြေကြားပေးသူပါ ကိုယ်ပြောနေတဲ့ အကြောင်းအရာကို ကိုယ်သေသေချာချာ မလေ့လာထားဘူး မလိုက်စားထားဘူး ဆိုတာ အထင်းသား တွေ့ရတာပဲ။ အယ်လ်ပီ လို့ ပြောလိုက်တာနဲ့ပဲ ဘာသာစကားကို ဆော့ကစားထားတဲ့ အရေးအသားတွေလို့ ထင်နေ ကြသူတွေက များတယ်။ တလောတုန်း ကဆို ပျဉ်းမနားက ဆရာကြီး တစ်ယောက်က ဇေယျာလင်းရဲ့ “ကဗျာရေးသူကို ထုတ်လုပ်ခြင်း”ဆိုတဲ့ ကဗျာစာအုပ်ကို ဝေဖေန်ရေး ရေးသွားတယ်။ တကယ်တော့ ဒီစာအုပ်ပါ ကဗျာတွေ အားလုံး ကို အယ်လ်ပီလို့ မဆိုနိုင်သလို ဇေယျာလင်းက ဘာသာစကား အခြေပြု အယူအဆနဲ့ ကဗျာအမျိုးမျိုးကို ရှိရင်းစွဲ ခေတ်ပေါ် ပုံစံကနေ ချဲ့ထွင် စမ်းသပ် ရေးဖွဲ့နေတယ် ဆိုတာလည်း သိပုံမရပါဘူး။ ပျဉ်းမနားက ဆရာကြီးက ဇေယျာလင်းရေးသမျှ အယ်လ်ပီလို့ မှတ်ထင်ထားသလို အယ်လ်ပီဟာ အဟောင်း ဖြစ်ကြောင်း ကို အချက်အလက်အချို့ ကိုးကားပြီး ပြောသွားပါတယ်။ ဇေယျာလင်း ကဗျာတွေထဲမှာ ကာရန် ချိပ်ထားတာတွေ ပြန်ပါတဲ့ အချက်ရယ် လိင်ဆိုင်ရာ အရေးအဖွဲ့တွေပါတဲ့ အချက်ရယ် စကားပုံတွေပါတဲ့ အချက်ရယ် ဒီအချက်တွေဟာ ယခင်စာပေ/ ကဗျာ အရေးအသားများ ထဲမှာလည်း ရှိနှင့်ပြီးသား ဖြစ်ကြောင်း ရှေးကဗျာ စာပေတချို့ ထုတ်ပြ နှိုင်းယှဉ်ပြီး အယ်လ်ပီဟာ အဟောင်းဖြစ်ကြောင်း ပြောသွားတာပါ။ အစမှ အဆုံးတိုင် မှားယွင်းနေတဲ့ ဆောင်းပါးပါပဲ။ တကယ် တော့ သူပြောတဲ့ ကာရန်မိနေတာတို့ လိင်ဆိုင်ရာသုံးစွဲမှုတွေ ပါတာတို့ စကားပုံစကားထာ ဆန်ဆန်တွေ ပါတာတို့ ဆိုတဲ့ အချက်တွေဟာ ဇေယျာလင်းက ပို့စ်မော်ဒန် လက္ခဏာတွေဖြစ်တဲ့ သရော်ခြင်း(parody) ရောနှောခြင်း(Hybrid)သဘောနဲ့ ပြန်လည် သုံးစွဲခဲ့တာပါပဲ။

ဒါကို ရှေးကဗျာပုံစံတွေကို ခေတ် နောက်ပြန်ဆွဲ ရေးဖွဲ့တာလို့ ယူတာဟာ ထင်မြင်ယူဆပုံ လွဲချော်တာ မဟုတ်ရင် လိုရာ ဆွဲတွေးပြီး တိုက်ခိုက်တာ သက်သက် ပဲ။ ရှေးကဗျာ ပုံစံတွေရဲ့ အလုပ်လုပ်ပုံကို ထင်ရှားအောင် မေးခွန်းထုတ်တဲ့ အနေနဲ့ ပြန်လည် တပ်ဆင်သုံးစွဲပြပြီး ပို့စ်မော်ဒန်ဆိုင်ရာ တက္ကနိတွေ သုံးစွဲထားတဲ့ ကဗျာတွေပါပဲ။ ထို့အတူ ၂၀၁၀ စက်တင်ဘာထုတ် ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာလည်း (ဆရာ)လေးလွင်လတ်ရဲ့ ကဗျာဗဟုဝါဒနှင့် ဘေးထွက် ဆိုးကျိုးများ ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ပါ ဖတ်ရပြန်တယ်။ အဲဒီ ဆောင်းပါးမှာ လေးလွင်လတ်က (ဆရာ)မင်းခက်ရဲရဲ့ ပို့စ်မော်ဒန် စာပေသဘောတရား ဆောင်းပါး တွေထဲက အချက် အလက်တချို့ကို မှီးပြီး ပို့စ်မော်ဒန်ကဗျာကို ချဉ်းကပ်တာပါ။ ဆောင်းပါးမှာ ကျမ်းကိုး ပြုထားတာတွေကို မဖေါ်ပြထားပေမယ့် ဆောင်းပါးပါ အချက်အလက်တချို့ကို ဖတ်ပြီး သိရတာပါ။ လေးလွင်လတ်က ပထမမျိုးဆက် ပို့စ်မော်ဒန်တွေရဲ့ ပုံသဏ္ဌာန်ဆိုင်ရာ အစွန်းရောက် တီထွင်မှုကို ဖေါ်ပြပြီး ယနေ့ မြန်မာမော်ဒန်၊ ပို့စ်မော်ဒန်၊ အယ်လ်ပီ ကဗျာတွေကို ချဉ်းကပ် သွားတယ်။ ဒါဟာ အပေါ်ယံဆန်တဲ့ သုံးသပ်ချက်သာ ဖြစ်တယ်။ မော်ဒန်၊ ပို့စ်မော်ဒန်၊ အယ်လ်ပီ ဆိုရာမှာ ဘယ်သူ့ရဲ့ ကဗျာကို ပြောတာလဲ၊ အယ်လ်ပီ ရေးဖွဲ့ဟန်တိုင်း ပို့စ်မော်ဒန် ဖြစ်လား၊ ခေတ်ပေါ်နဲ့ အယ်လ်ပီကို ဘယ်လို ခွဲခြား မြင်နိုင်သလဲ၊ ဘာသာ စကား အခြေပြု ရေးဖွဲ့တဲ့ တက္ကနိကို သုံးစွဲ ရေးဖွဲ့ သူတိုင်း အယ်လ်ပီလို့ ထင်တာလား၊ ဘာသာစကားနဲ့ စာသားတွေ ဟိုတစ်စ ဒီတစ်စ ဖြတ်ညပ် ကပ်တိုင်း အယ်လ်ပီလို့ ယူဆ ထားသလား၊ ကော်လေ့ခ်ျ ကဗျာကို အယ်လ်ပီ ကဗျာနဲ့ မှားနေတာလား၊ အယ်လ်ပီ ကဗျာဟာ ပုံသဏ္ဌာန် ဆိုင်ရာ အစွန်းရောက် တီထွင်မှု သက်သက်ပဲလို့ ပြောချင်တာလား၊ အရေးကြီးဆုံး တစ်ချက်က အယ်လ်ပီကို ဘယ်လို နားလည်ထားလဲ။ ဝေဖန်ရေးလုပ်သူက အယ်လ်ပီ ကဗျာဆရာ၊ အယ်လ်ပီ ကဗျာဆရာ အုပ်စု/ဂိုဏ်းလို့ ထင်နေပေမယ့် ဒါတွေဟာ တကယ်ရော ရှိရဲ့လား။ ဥပမာ ဇေယျာလင်း တစ်ယောက်တည်း မှာကို ကဗျာတွေ အမျိုးအမျိုး စားစား တွေ့ရ နိုင်တယ်။ ကဗျာအောက်မှာ ဇေယျာလင်းလို့ ဖေါ်ပြထားတိုင်း အယ်လ်ပီကဗျာလို့ ယူဆလို့ မရပါဘူး။ လေးလွင်လတ် ဆောင်းပါးထဲမှာ “ပို့စ်မော်ဒန် ဝါဒကမူ နဂိုရှိရင်းစွဲ စံတန်ဖိုးများကို အသိအမှတ် မပြုရာတွင် ဘုရားသခင် သေဆုံးသွားခဲ့ပြီ ဆိုခြင်းမျိုး အထိ လောကကို အမှောင်တိုက် သွင်းပစ်သည်။ သိပ္ပံ ပညာရှင်များ၏ လူ့လောက ကောင်းကျိုး အတွက် စူးစမ်း တီထွင်မှုများ နိုင်ငံရေး ခေါင်းဆောင်များ၏ နိုင်ငံရေး လမ်းစဉ်၊ နိုင်ငံရေး အယူအဆများ ကိုးကွယ် ယုံကြည်မှုဆိုင်ရာ ခေါင်းဆောင်များ၏ တရားဓမ္မများ၊ ထိုသို့သော အကြောင်းခြင်းရာ လှုပ်ရှား ဆောင်ရွက်မှုများနှင့် အကျိုးရလဒ်ဆိုင်ရာ ရေးသား တင်ပြမှုများကို လုံးဝ မယုံကြည်၊ လုံးဝ လက်မခံ ဟုဆိုပါသည်”ဆိုတဲ့ စာတစ်ပိုဒ် တွေ့ရတယ်။ လေးလွင်လတ်က ဒီစာပိုဒ်ကို အနောက်တိုင်း ပို့စ်မော်ဒန် အယူအဆ တစ်ခုထဲက ဆွဲယူ ပြထား တာလား၊ ဒါမှမဟုတ် ကိုယ့်အတွေးနဲ့ ကိုယ် လိုသလို စီရင် ရေးသား ထားတာလား မသိရပေမယ့် ဒီ ကြောက်မက်ဖွယ် ကောင်းတဲ့ ပို့စ်မော်ဒန် အယူအဆ မျိုးကိုတော့ ကျွန်တော့် အနေနဲ့ ခေတ် အဆက်ဆက်(မောင်သာနိုး၊ သစ္စာနီ၊ ဇော်ဇော်အောင်ကနေ ဒီကနေ့ ဆက်လက် ရေးသား နေတဲ့ မြင့်သန်း၊ ဇေယျာလင်း၊ အောင်ခင်မြင့်၊ မင်းခက်ရဲ၊ ငြိဏ်းဝေတို့ အထိ) ပြည်တွင်းမှာ ရေးသားနေတဲ့ ဘယ် ပို့စ်မော်ဒန် ရေးသား ပို့ချချက်တွေ ထဲမှာမှ မဖတ်ဖူး မတွေ့ဖူး သေးပါဘူး။ ပို့စ်မော်ဒန်ဆိုတာနဲ့ ဒီ အယူအဆတွေ(လေးလွင်လတ် ဖေါ်ပြခဲ့တဲ့ စာသားတွေအတိုင်း) အကြောင်းခံ ပါဝင်နေတယ်လို့ ဘယ်သူ ဘယ်ပညာရှိက ဘယ်ခုနှစ်က ဘယ်စာအုပ်မှာ ပြောခဲ့သလဲဆိုတာ ဖေါ်ပြ သင့်ပါတယ်။ စာပေ ဝေဖန်ရေးကို တရားခွင် ထဲက တရားလိုရှေ့နေလို ကြားဖူးနားဝ အချက်အလက် တွေနဲ့ ကိုယ့်သဘောနဲ့ ကိုယ် လိုရာ ဆွဲတွေး တည်ဆောက် ရေးသားပြီး တစ်ဖက် အယူအဆကို တိုက်ခိုက်ချင်လို့ မရပါဘူး။ လေးလွင်လတ်က ဒီစာပိုဒ်ကို တည်ဆောက်ပြပြီး ရှေ့ဆက်နောက်ဆက်မှာ “ဤမျှအထိ (မော်ဒန်၊ ပို့စ်မော်ဒန်နှင့် အယ်လ်ပီကို ဆိုလိုသည်) ရေရှည် တိုက်ပွဲတစ်ခုလို ကာလရှည်ကြာ ဝေဖန် တိုက်ခိုက် နေကြခြင်းမှာ အနုပညာရေး သက်သက် ကြောင့် မဟုတ်… မှားယွင်း ဖေါက်ပြန်သော အတွေးအခေါ် အယူဆများ ကြောင့်သာ ဖြစ်သည်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် အဆုံးစွန် ပြောရလျှင် ကျွန်တော်တို့ မှီတင်း နေထိုင်ရာ ကမ္ဘာကြီးအတွက် ဘယ်လိုမှ အထောက်အပံ့ မဖြစ်နိုင်သော တာဝန်မဲ့ တာဝန်ရှောင် အယူအဆများ ဖြစ်နေသည်” လို့ ဆိုထား ပြန်တော့ လေးလွင်လတ် ပြောပုံအရဆို ပို့စ်မော်ဒန်နှင့် အယ်လ်ပီ(လေးလွင်လတ် တကယ်တမ်း ပစ်မှတ် ထားချင်တာ ကတော့ အယ်လ်ပီနဲ့ အယ်လ်ပီရေးဖွဲ့တဲ့ ဆရာတွေကို ဖြစ်ပုံရတယ်) က အသေခံဗုံးခွဲ အကြမ်းဖက်သမားတွေ အဖွဲ့ထက်တောင် ကြောက်စရာကောင်းပြီး အနုမြူ ဗုံးစီမံကိန်း ထက်တောင် အန္တရာယ် ရှိနေသလိုပါပဲ။ လေးလွင်လတ်က ပထမမျိုးဆက် ပို့စ်မော်ဒန်တွေ အကြောင်းသာ ပြောပြီး ဝါးလုံးရှည်နဲ့ သိမ်းကျုံး ရိုက်နှက် သွားတာဖြစ်တယ်။ တကယ်တော့ ပို့စ်မော်ဒန်/ပို့စ်မော်ဒန်စာပေ/ကဗျာဆိုတဲ့ ခေါင်းစဉ် အောက်မှာ ပထမ မျိုးဆက် ပို့စ်မော်ဒန်ဆိုတာ အကိုင်းအခက် တစ်ခုသာ ဖြစ်ပါတယ်။ တစ်ခုလုံး မဟုတ်ပါဘူး။ ထို့အတူ ပထမ မျိုးဆက် ပို့စ်မော်ဒန်မှာ ပုံသဏ္ဌာန်ဆိုင်ရာ အစွန်းရောက် တီထွင်မှု ရှိသည့်တိုင် လေးလွင်လတ် ပြောခဲ့တဲ့ ပို့စ်မော်ဒန် အယူအဆကိုတော့ ပို့စ်မော်ဒန်ရဲ့ အယူအဆအဖြစ် ဖေါ်ပြလို့မရဘူး။ ပို့စ်မော်ဒန်ကို တလွဲ ဆံပင်ကောင်း ယူဆထားသူ တစ်ယောက်တလေရဲ့ သုံးစွဲ ပြောဆိုနေတာကို ကြည့်ပြီး ပို့စ်မော်ဒန် အယူအဆကြီး တစ်ခုလုံးအတွက် ကောင်းကောင်း ဆိုးဆိုး ဝေဖန် တုံ့ပြန်ဖို့ မဖြစ်နိုင်ပါဘူး။ ပို့စ်မော်ဒန်နဲ့ စပ်လျဉ်းတဲ့ ကဗျာရေးနည်း အမျိုးမျိုး စာပေ သဘောတရား အမျိုးမျိုးကို ဇေယျာလင်း အပါဝင် တခြားဆရာတွေ သေသေ ချာချာ ရှင်းလင်း ရေးသား နေတာတွေ ရှိပါတယ်။ စာပေ/ကဗျာကို လေ့လာလိုက်စား ရေးသား ပြောဆိုချင်သူ တစ်ယောက်အနေနဲ့ ဆိုရင် ဒီစာတွေကို close reading ,open mine နဲ့ လိပ်ပတ် လည်အောင် ဖတ်ရှုဖို့ လိုပါလိမ့်မယ်။ ပင်မရေစီး မဟုတ်တဲ့ ကဗျာပုံစံကို တွေ့တာနဲ့ အယ်လ်ပီလို့ ထင်နေတဲ့ အပြင် အယ်လ်ပီကဗျာ တစ်ခုတည်း အပေါ် တိုက်ခိုက် နေကြ သလို အယ်လ်ပီကဗျာ အပေါ် အမြင်ဟာလည်း အပေါ်ယံ ဆန်လွန်းပြီး မလိုလားစိတ် များနေတာမျိုးကတော့ နားမလည် နိုင်စရာပါပဲ။ (အခုချိန်ထိ အယ်လ်ပီ (ဝါ) ဘာသာစကား အခြေပြု ရေးဖွဲ့ထားတဲ့ ကဗျာတွေနဲ့ ပတ်သက်ပြီး ပညာရှင် ဆန်ဆန်နဲ့ အနီးစပ်ဆုံး ပြောဆိုနိုင်တာမျိုး (အောင်ခင်မြင့်၊ မင်းခက်ရဲက လွဲရင်) တစ်ယောက် တစ်ဖွဲ့မှ မတွေ့ ရသေးပါဘူး။ အယ်လ်ပီရဲ့ အားနည်းချက်တွေကို ဇေယျာလင်း ကိုယ်တိုင် အစကတည်းက ရှင်းလင်း ထားပြီး သားတွေ ရှိတယ် ဆိုတာလည်း သိကြပုံမရဘူး)

နီယိုမော်ဒန်က ကန့်လန့်ကန့်လန့်

ပွဲဦး ထွက်ကတည်းက အိုးနင်း ခွက်နင်းနဲ့ ထွက်ခဲ့တဲ့ နီယိုမော်ဒန်ကလည်း ခေတ်ပြိုင် ကဗျာလောက ကြားမှာ တစ်စင် ထောင်ဖို့ ဇွတ်အတင်း ကြိုးစား လာပြန်တာ တွေ့ရတယ်။ ၂၀၁၀ ဇူလိုင်လထုတ် နွယ်နီမဂ္ဂဇင်းမှာ အောင်ရင်ငြိမ်းက “နီယိုမော်ဒန်ရဲ့ Language, Ideology, Technique(L.I.T) နဲ့ ဆိုင်တဲ့ အယူအဆ ရေးရာတွေကို မဆွေးနွေးဘဲ အပေါ်ယံ ကိစ္စတွေကို ပြောနေကြတာ” လို့ ရေးထားတာ တွေ့ရတယ်။ စာပေ လက်ရာ တစ်ခုကို အယူအဆ ရေးရာပိုင်း ဆွေးနွေးဖို့ဆိုတာ ဒီစာပေလက်ရာက ဆွေးနွေးရလောက်တဲ့ အခြေအနေရှိဖို့ လိုလိမ့်မယ်။ ဆိုပါစို့ နီယိုမော်ဒန် (ကဗျာ)တွေကို အယူအဆ ရေးရာ ဆွေးနွေး ထားတာ မရှိသေးဘူး ဆိုတာ ဆွေးနွေး လောက်စရာ ခိုင်မာတဲ့ ကဗျာ လက်ဆုပ် လက်ကိုင် ပြနိုင်တဲ့ အရေးအသားမျိုး မရှိသေးလို့ပဲလို့ မြင်ပါတယ်။ နောက် အောင်ရင်ငြိမ်းက ” နီယိုမော်ဒန်က ပြည်တွင်းဖြစ် အယူအဆပါ” တဲ့။ အဲဒီနောက် “နီယိုမော်ဒန်ဟာ ပင်မရေစီး ခေတ်ပေါ် ကဗျာကနေ ကျော်လွန် လာခဲ့ပေမယ့် နည်းစနစ်ပိုင်းမှာ ပို့စ်မော်ဒန်နဲ့ ဆင်တူ/ ရောထွေးနေတာ တချို့လည်း ရှိနေပါတယ်” ” နီယိုမော်ဒန် အနေနဲ့ ပို့စ်မော်ဒန် နည်း စနစ်တချို့ကို လိုအပ်ရင် လိုအပ် သလို ယူငင်သုံးစွဲမယ်” စသဖြင့် ဆိုပြန်တယ်။ ဘယ့်နှယ် ပြည်တွင်းဖြစ် နီယိုက အနောက်က လာတဲ့ ပို့စ်မော်ဒန်နဲ့ ဆင်တူ ရောထွေး နေပါလိမ့်။ ထို့အတူ လိုအပ်သလို ယူငယ်သုံးစွဲတဲ့ တက္ကနိ ဆိုတာလည်း ပို့စ်မော်ဒန် အယူဆပဲ ဖြစ်သွားပြီ။ ဒါမှ မဟုတ် ဒီအယူအဆက ကမ္ဘာမှာ အခိုင်အခန့် ရှိပြီးသား အယူအဆ တွေနဲ့ မတူ တမူ ထူးခြား တီထွင် စီရင်ထားတဲ့ အောင်ရင်ငြိမ်း တစ်ဦး တစ်ယောက်တည်း ထူထောင် လိုက်တဲ့ အယူအဆ ဆိုရင်တော့လည်း မပြောတတ်ဘူး ပေါ့လေ။ အောင်ရင်ငြိမ်းက နီယိုမော်ဒန် လက္ခဏာများလို့ သုံးစုခွဲပြီး အချက်အလက်များစွာ ဖေါ်ပြထားပေမယ့် တစ်ဝက် လောက်ကတော့ ကျွန် တော်တို့ဆီမှာ ပေါ်ပေါက်ခဲ့တဲ့ အစောပိုင်း မော်ဒန်နဲ့/ ပို့စ်မော်ဒန် အယူအဆ (အနောက်တိုင်းက ပထမမျိုးဆက်ပို့စ်မော်ဒန် အယူအဆ)တွေသာ ဖြစ်တယ်။ ဥပမာ အဇ္ဈတ္တ ခံစားမှုပိုင်း စိတ် မြွာခြင်း၊ အတွေးအမြင်များ အချိုး ပျက်ခြင်း၊ အကြောင်းအရာများ ရောထွေးထားခြင်း၊ အာရုံခံစားမှု ဗဟိုချက် ကင်းမဲ့ခြင်း စတဲ့ အချက်တွေဟာ စကားလုံး ဝေါဟာရရော အယူအဆပါ အစောပိုင်းကာလ ပို့စ်မော်ဒန်ဆီက ရယူထားတာတွေ ပဲဖြစ်တယ်။ ဒါကို နီယိုမော်ဒန် လက္ခဏာထဲက တစ်ချက်အနေနဲ့ အောင်ရင်ငြိမ်း ဖေါ်ပြထားတဲ့ “ခေတ်ပြိုင်ထဲက Modern & Postmodern Sensibility ပေါ်လွင်ထင်ရှားခြင်း” ဆိုတဲ့ အချက်ကိုက ဝန်ခံနေသလို ဖြစ်နေတယ် ။ ဒါ့အပြင် “ကဗျာ အတွင်းသား အပျော့ထည် (Shoft Ware) များ ပြောင်းလဲခြင်း၊ ချည်မျှင် ဆန်သောလိုင်းများ (Fibrous Lines) ဖြင့်ဖွဲ့စည်းခြင်း၊ ကြည်လင် ရှင်းလင်းသည့် အဓိပ္ပါယ် ဆောင်သော စာသားများကို အသုံးပြုခြင်း(Using unequivocal text) ၊အပေါ်ယံ အရေပြား ဆန်သော အမြင်များ ဖေါ်ပြခြင်း(Expression superficial vision) ခေတ်ပြိုင် လူ့အဖွဲ့အစည်း၏ အားနည်းသော စရိုက် လက္ခဏာများကို ဝေဖန်ခြင်း (Criticizing weak points of the Comtemporary Society) လူမှုဆက်ဆံရေး ပူနွေးလာမှုကို သတိပေးခြင်း (Warning against Social warningါ) စတဲ့ အင်္ဂလိပ် စာလုံးကြီးတွေနဲ့ ပူးတွဲတွေ့ရတဲ့ အချက်တွေဟာ ယခင်မော်ဒန်နဲ့ ပို့စ်မော်ဒန် အယူအဆတွေထဲက အယူအဆ တစ်ချို့ကို ပုံမှားရိုက်ပြီး လုပ်ကြံ ဖန်တီးထားတဲ့ အောင်ရင်ငြိမ်းရဲ့ စကားလုံးတွေသာ ဖြစ်တယ်။ ဒါ့အပြင် အင်္ဂလိပ်ဘာသာကို မလိုအပ်ဘဲ ပြန်ဆို ဖေါ်ပြထားတာတွေကို ကြည့်ရင် စာရေးသူက သူ့အယူအဆကို လေးနက် ခိုင်မာသယောင် ဂိုက်ဖမ်းထားတာက လွဲလို့ တခြား(ရှိရင်းစွဲ ကဗျာ အယူအဆတွေနဲ့) ဘာမှ ထူးခြားကွဲပြားတဲ့ အယူအဆ မရှိဘူးဆိုတာ သတိထားမိ နိုင်တယ်။ နောက်အချက်တွေဖြစ်တဲ့ “ခေတ်ကို ကိုယ်စားပြုခြင်း၊ ခေတ်ရဲ့ ပုံရိပ်ထင်ဟပ်ခြင်း၊ ကဗျာဆရာရဲ့ခံစားမှု/ဘဝအမြင်ကို အခြေခံခြင်း၊ ပေါ်ပြူလာ ဖြစ်နေတဲ့ အရေး အသား/ ဟန်ပန်များကို ရှောင်ကြဉ်ခြင်း၊ ကဗျာဘာသာ စကားလျှော့ချပြီး အရပ်သုံး ဘာသာစကားကို အလေးပေး ရေးဖွဲ့ခြင်း၊ ရိပ်ကာ ဝဲကာ မပြော တိုက်ရိုက် မပြောခြင်း၊ အရပ်သုံး ဘာသာ စကားကိုပင် ကဗျာဘာသာစကား ကဲ့သို့ အနက် ခွန်အားမျိုး ရအောင် သုံးစွဲခြင်း” စတဲ့ အချက် တွေဟာလည်း အထူးတလည် ဆန်းသစ်တဲ့ အချက်တွေ မဟုတ်ပါဘူး။ ခေတ်ပေါ်ကဗျာနဲ့ မော်ဒန်ကဗျာ အယူအဆတွေမှာ အစဉ်အမြဲ မြင်တွေ့ရလေ့ရှိတဲ့ အချက်တွေပါပဲ။ ဒီလက္ခဏာတွေကို အောင်ချိမ့်၊ စိုင်းဝင်းမြင့်၊ တို့ရဲ့ ကဗျာဟောင်းတွေထဲက တောင် အလွယ်တကူ ဆွဲထုတ် ပြနိုင်ပါတယ်။ နီယိုမော်ဒန်ရဲ့လက္ခဏာတွေ အဖြစ် ဖေါ်ပြထားတဲ့ အထဲမှာ ” ရိုးရှင်း လွယ်ကူသော အဓိပ္ပာယ်၊ အနက်ဖွင့် စနစ်များ တည်ဆောက်ခြင်း၊ တိုက်ရိုက် ပြောခြင်း၊ ကျစ်လျစ် သိပ်သည်းမှုမရှိ ဖောင်းပွခြင်း၊ ထွေပြား ဝေ၀ါးမှုမရှိ ရိုးစင်း ကြည်လင် ပြတ်သားခြင်း၊ ကြည်လင် ရှင်းလင်းသည့် အဓိပ္ပာယ် ဆောင်သော စာသားများကို အသုံးပြုခြင်း၊ အပေါ်ယံ အရေပြား ဆန်သော အမြင်များ ဖေါ်ပြခြင်း”… စတဲ့ အချက်တွေလည်း ဖေါ်ပြထားတာ တွေ့ရပြန်တယ်။ စကားလုံးတွေလည်း လှ ဖတ်လို့လည်း ကောင်းပေမယ့် ဒီ အချက်အလက် တွေ အရဆိုရင် ယနေ့ မဂ္ဂဇင်းတွေမှာ ပါရှိ နေတဲ့ တစ်မျက်နှာ ဝတ္တုတွေအားလုံးကို နီယိုမော်ဒန်လို့ ယူဆလိုက်ရုံပါပဲ။ ကဗျာသီဝရီတွေ ကဗျာ အယူအဆတစ်ခုရဲ့ လက္ခဏာ ဆိုတာတွေဟာ အပြောလွယ် သလောက် အလုပ် ခက်ပါတယ်။ အောင်ရင်ငြိမ်းကတော့ ကြည်ဇော်အေးရဲ့ ကဗျာတစ်ပုဒ်နဲ့ စိုးမင်းအောင်ရဲ့ ကဗျာတစ်ပုဒ်ကို နီယိုမော်ဒန် ကဗျာတွေအဖြစ် ကိုးကား ဖေါ်ပြထားတာ တွေ့ရပါတယ်။ အောင်ရင်ငြိမ်းက ကြည်ဇော်အေးရဲ့ “ဆိုက်ဘာကဖေး ထဲက ကလုံး”ကဗျာကို နီယိုမော်ဒန် အပြည့်အဝ မဖြစ်သေးဘူးလို့ ကောက်ချက်ချပြီး စိုးမင်းအောင်ရဲ့ ကဗျာ (လို့ထင်ရတဲ့စာစု) ကိုတော့ နီယိုမော်ဒန် အရသာ ပေးနိုင်တဲ့ ကဗျာလို့ ခွဲခြား ပြထားပါတယ်။ အောင်ရင်ငြိမ်းရဲ့ ပေတံကတော့”Fiborus Test+Fragments” ပေါင်းစပ် ရေးဖွဲ့ထားတဲ့ လက္ခဏာပါတဲ့။ ဒီလှပ ခန့်ညားတဲ့ စာလုံးလေး အတိုင်း နီယို မော်ဒန်အရသာ ပေးစွမ်း နိုင်တယ်ဆိုတဲ့ စိုးမင်းအောင်ရဲ့ကဗျာကို ကြည့်တော့လည်း လွန်ခဲ့တဲ့ ၉၀ခုနှစ် ဝန်းကျင် မြန်မာပြည်မှာ မော်ဒန်/ပို့စ်မော်ဒန် တစ်ခေတ် ထစဉ်က မဂ္ဂဇင်း တစ်အုပ်မှာ မော်ဒန်/ပို့စ်မော်ဒန် ကဗျာတွေ အရေးအသားတွေ အဖြစ် ဖေါ်ပြခဲ့တဲ့ မှိုလိုပေါက် (နောက်တော့ ပြန်ပျောက်သွားတဲ့) ခဲ့တဲ့ အရေးအသားတွေနဲ့ ထူးမခြားနားပါပဲ။ အောင်ရင်ငြိမ်းက စိုးမင်းအောင်ရဲ့ ကဗျာကို သူ့ရဲ့တခြား နီယိုမော်ဒန် လက္ခဏာ တွေ အပြင် ချည်မျှင်ဆန်သော လိုင်းများဖြင့် ဖွဲ့စည်းခြင်းနဲ့ ရေးဖွဲ့ထားလို့ နီယိုမော်ဒန် ကဗျာအဖြစ် စံထား ဖေါ်ပြခဲ့ပေမယ့် ဒီလို အဆက်စပ်မဲ့ စိတ်ကူးပေါက်ရာ တောင်ရောက် မြောက်ရောက် ရေးဖွဲ့တဲ့ပုံစံ ဟန် (style) တွေဟာ ကျွန်တော်တို့ဆီက အစောပိုင်း ပို့စ်မော်ဒန် သမားတွေ ဆီမှာ ခေတ်စားခဲ့တဲ့ အဆက်စပ် ပြတ်တောက်ခြင်း (decentering) ပုံသဏ္ဌာန်မဲ့ သဏ္ဌာန်(antiform) ကစားခြင်း (play) အမြစ်ဖွှာခြင်း (rhizome) ဗဟိုချက် ပျက်ခြင်း(decenter) တစ်ခုလုံး ခြုံငုံ တင်ပြထားတဲ့ အဆိုတွေ အပေါ် မယုံကြည်တော့ခြင်း (meta narrative) နောက် အစောပိုင်း ပို့စ်မော်ဒန် ရေးဟန်/တက္ကနိတွေ ဖြစ်တဲ့ စိတ် အလျဉ် စီးကြောင်း ရေးနည်း၊ ကော်လေ့ခ်ျ၊ စကားပြေကဗျာ စတဲ့ အယူအဆတွေ ကနေ အမွေဆက်ခံ ဩဇာ သက်ရောက်ခဲ့တဲ့ အယူအဆ အခက်အလက် တွေပါပဲ။ ဒီနေ့ ပို့စ်မော်ဒန်(ပထမ မျိုးဆက် အလွန် ပို့စ်မော်ဒန်၊ ပို့စ်-ပို့စ်မော်ဒန်) တွေမှာ ဒီအချက်တွေကို ပြန်လည် စဉ်းစားစရာ ဖြစ်နေသလို တချို့ အချက်တွေ ဆိုရင် ပို့စ်မော်ဒန် စာပေနယ်ပယ်နဲ့ မသက်ဆိုင်တော့တဲ့ အထိ တွေ့လာရတယ်။ ပီကာဆို ဟာ ပန်းချီရဲ့ အခြေခံပညာတွေ သီအိုရီတွေကို ထုံးလိုကျေ ရေလို နှောက် ကျေညက်ပြီးမှ သီအိုရီတွေကို ချိုးဖျက်ပြီး ဖန်တီး ပြခဲ့တာပါ။ ဆင်ခြင်တုံ တရားရှိရှိ အတွေးအခေါ် ဗဟုသုတ ပြည့်ပြည့်ဝ၀ ရှိပြီးမှ ဒြပ်မဲ့ အနုပညာ တွေ ဂမ္ဘီရစာပေတွေ ဖန်ဆင်းတယ် ဆိုတာနဲ့ တွေ့ကရ စိတ်ကူးပေါက်ရာ လျှောက်လုပ်တာ မတူပါဘူး။ စိုးမင်းအောင်ရဲ့ ကဗျာမှာ စာသားတွေ အဆက်အစပ်မဲ့စွာ အကြောင်းအရာတွေ စုံလင်စွာ (ဗဟုဝါဒ ဆိုဆို /ဂလိုဘယ် လိုက်ဇေးရှင်း ဆိုဆို၊ ပို့စ်မော်ဒန် အာရုံခံစားမှု ဆိုဆို) ရောနှော ရေးဖွဲ့ထားတယ် ဆိုပေမယ့် ချုံငုံ ကြည့်ရင် ဒီနေ့ ပင်မရေစီးကဗျာရေးဖွဲ့သူတွေရဲ့ ရေးဟန်ကိုသာ အများဆုံးတွေ့ရနိုင်တယ်။ အထူးသဖြင့် ခေတ်ပေါ် ကဗျာဆရာ ဆိုသူ လူငယ်တချို့ရဲ့ ထုံးစံ အတိုင်း ခေတ်ကို မကျေနပ်ချက်တွေ ရုပ်ပိုင်းဆိုင်ရာ တိုးတက် မြင့်မား နေသူတို့အပေါ် ပစ်မှတ်ထား ပေါက်ကွဲပြနေတာ တွေကပဲ စိုးမင်းအောင်ရဲ့ အလျားလိုက် စီထားတဲ့ စတန့် စာသား (စကားပြေကဗျာ မဟုတ်ပါ) တွေမှာ အထင်းသား တွေ့နေရတာပဲ။ တစ်နည်းပြောရရင် ဒါဟာ အစဉ်အလာ စာပေပုံသဏ္ဌာန်ကို တော်လှန် တဲ့ မော်ဒန် ဝါဒီတွေရဲ့ အရေးအဖွဲ့မျိုးသာ ဖြစ်တယ်။ ယခင် ကဗျာပုံ သဏ္ဌာန် ကို တော်လှန်လိုစိတ်နဲ့ မတူအောင် ဖန်တီးတယ်ဆိုပေမယ့် ပုံသဏ္ဌာန် အရသာ ပြောင်းလဲမှုရှိပြီး ယခင်(ခေတ်ပေါ်) ကဗျာ ဖြစ်မှု ထဲကပဲ အလုပ်လုပ် နေတာ ဖြစ်တယ်။ နီယိုမော်ဒန်နဲ့ ပတ်သက်ပြီး နိဂုံးချုပ်ရရင် နီယို မော်ဒန်ဟာ အစောပိုင်း ပို့စ်မော်ဒန် အယူအဆ တွေကို အသွင်ပြောင်း ဖုတ်ဖက်ခါပြီး ပြန် အရောင် တင်ထားတဲ့ ကဗျာ အယူအဆ/ ကဗျာ ပုံစံတစ်ခုသာ ဖြစ်တယ် ဆိုတာပဲ။

အွန်လိုင်းကဗျာဆရာတဲ့ဟေ့

နောက်တစ်ခုက အင်တာနက်ပေါ်က ကဗျာရေးသူ/ကဗျာဆရာ ဆိုသူတွေ။ ခုနကပြောခဲ့တဲ့ ကဗျာနဲ့ ပတ်သက်တဲ့ ပြောရေးဆိုခွင့် ရနေကြ သယောင် ထင်ကြတဲ့ အထဲမှာ ဒီအွန်လိုင်းပေါ်မှာ တွေ့ရတဲ့ ကဗျာရေးသူ၊ ကဗျာဆရာ၊ ကဗျာဘလောင်ဂါ တချို့ကတော့ အဆိုးရွားဆုံးပါပဲ။ အင်တာနက်ဆိုတာ သုံးတတ် ရင် ပိုမိုကျယ်ပြန့် ပိုမိုလွတ်လပ်ပြီး ပိုမိုထိရောက်တဲ့ မီဒီယာအသစ် ဆိုပေမယ့် မသုံးတတ်သူတွေ လက်ထဲမှာလည်း ပိုမို ဆိုးရွားမှုတွေ ရှုပ်ထွေးမှုတွေ ဖြစ်လာဖို့ နယ်ပယ်ကြီးပဲ မဟုတ်လား။ အင်တာနက် ဆိုတာက ပရင့်မီဒီယာလို မိမိစာတစ်ပုဒ် စာမျက်နှာပေါ် ရောက်လာဖို့ အချိန်လည်း မစောင့်ရ အယ်ဒီတာ စားပွဲလည်း မဖြတ်ကျော်ရ အပြောင်းအလဲဖြစ်မှာကိုလည်း မပူရသလို ဘလောက်တစ်ခု တင်ဖို့ ဝဲ့ဆိုဒ်တစ်ခု ပြုလုပ်ဖို့၊ ဥပမာ ယနေ့ ခေတ်စားနေတဲ့ ဖေ့စ်ဘုဒ်မှာ နေရာ တစ်ခု၊ စာမျက်နှာတစ်ခု ယူဖို့ဆိုတာလည်း (အချိန်အနည်းငယ် ငွေအနည်းငယ် ပေးနိုင်ရုံနဲ့) လွယ်ကူ လှပါတယ်။ အဲဒီမှာ အစကတည်းကမှ စာပေ ဝမ်းစာ မပြည့်ခဲ့တဲ့ ကဗျာဝါသနာရှင်/ရေးသူ တချို့က ကဗျာတွေစာတွေ ဇွတ်တင် လာကြတာ တွေ့ရတယ်။ မိမိ ဝါသနာပါရာကို မိမိကြိုက်တဲ့ မီဒီယာမှာ လွတ်လပ်စွာ ဖေါ်ပြတာဟာ အပြစ်မဆို နိုင်ပေမယ့် မထင်မှတ်ပဲ မြင်တွေ့ လာရတာကတော့ ဒီလို ဝါသနာရှင်အဆင့် ကဗျာရေးသူ တွေရော စိတ်ထင်ရာ လျှောက်ရေးနေကြ သူတွေကရော ကဗျာဆရာလို့ အမည်ခံလာပြီး နယ်ပယ်အစုံက ကဗျာဆရာနဲ့ ကဗျာရေးရာတွေကိုပါ ထိပါးပုတ်ခတ် ဝေဖန်ခွင့် အလိုလို ရသွား ကြတာပါပဲ။ အထိန်း အကွပ်မရှိ စာပေ ဝမ်းစာမရှိ ရေးချင်ရာရေး ဆဲချင်ရာ ဆဲထားတဲ့ စာတိုပေစ တွေကပဲ သတ္တိကောင်းတဲ့ ကဗျာယောင်ယောင် ခေတ်မှီ ဆန်းသစ်တဲ့ ကဗျာ ယောင်ယောင်နဲ့ အွန်လိုင်းထဲမှာ ရင်းနှီးကြတဲ့ အချင်းချင်းတွေ အပြန်အလှန် မြောက်ပင့်ရင်း စာရေးဆရာ ကဗျာဆရာကြီး ယောင်ယောင် ဟိတ်ဟန်ထုတ် ဂိုက် ဖမ်းလာကြတယ်။ ကျွန်တော်တို့ စာစရေးစဉ်က တွေ့ကြုံရတဲ့ ပြဿနာတွေ မျိုးပေါ့လေ။ ကဗျာတွေ ဖိရေး မဂ္ဂဇင်းတွေ လျှောက်ပို့၊ ဒါပေမယ့် ဘယ်မှာမှလည်း မဖေါ်ပြခံရနိုင်တော့ နောက်ဆုံး “မဂ္ဂဇင်းမှာ ဖေါ်ပြမှ ကဗျာဖြစ်တာ အနုပညာ ဖြစ်တာ မဟုတ်ဘူး ….ကဗျာဆိုတာ ကိုယ် ဖန်တီး ချင်သလို ဖန်တီးလို့ ရတယ်…. လွတ်လပ်မှုကို မြတ်နိုးလို့ ကဗျာဆရာ လုပ်နေတာ” စသည် ဘာဘာ ညာညာ တွေ လျှောက်ပြောပြီး မိမိစိတ်ကို တလွဲ အတွေးနဲ့ နှစ်သိမ့်လိုက်တာ မျိုးပေါ့။ တကယ် တော့ ကိုယ်ညံ့လို့ စာမျက်နှာပေါ် မရောက်လာခဲ့တာ ကိုယ်သာ အသိဆုံးပါလေ။ အခုလည်း အင်တာနက်မှာ တွေ့ရတဲ့ မြန်မာ ကဗျာရေးသူ/ ကဗျာ ဆရာ ဆိုသူ တချို့ ဖြစ်နေပုံ ဟာလည်း ဒီအတိုင်းပါပဲ။ “တချို့”လို့ ဆိုရတာက အားလုံး မဟုတ်လို့ပါပဲ။ အင်တာနက်ရဲ့ လွတ်လပ်မှုနဲ့ ကျယ်ပြန့်မှုကို အသုံးချပြီး မိမိရဲ့ စာပေ ဝမ်းစာ ပြည့်ဝမှုကို ထိထိရောက်ရောက် ဖေါ်ပြနိုင်သူတွေ ရှိသလို ယခင် ပရင့်မီဒီယာမှာ အရှိန်ရခဲ့ပြီးမှ မီဒီယာ ထပ်မံချဲ့ထွင် ချင်တာကြောင့် အင်တာနက် ပေါ် ရောက်လာတဲ့ စာ/ကဗျာ ရေးသူတွေလည်း ရှိပါတယ်။ ဒီလိုလူတွေကို မဆိုလိုပါဘူး။ ကျွန်တော်ပြောတဲ့ တချို့ကတော့ အစကတည်းက စာပေဝမ်းစာ ပြည့်ဝမှုလည်း မရှိ၊ တံခါးမရှိ ဓါးမရှိ အင်တာနက်ပေါ် စာတွေ ကဗျာတွေတင်၊ အင်တာနက်ရဲ့ အားသာချက် တစ်ခုဖြစ်တဲ့ မိမိစာကို ကော်မန့် ပေးတာတွေ ဝေဖန် အကြံပြုတာတွေ နေ့ချင်း ညချင်း ပြုလုပ်လို့ရတော့ ရည်းစားစာ သာသာလောက် ရေးထားတဲ့ စာတွေကိုလည်း ရည်းစားစာ လောက်ကိုပဲ မဟာကဗျာလို့ ထင်နေတဲ့(ရေးသူလိုပဲ စာဖတ်အားနည်းတဲ့) အွန်လိုင်း စာဖတ်သူတချို့က ကောင်းပေ့ တော်ပေ့လို့ အားပေးကြတယ်။ နောက်တော့ မိမိကိုယ်ကို ကဗျာဆရာ စာရေးဆရာကြီးလို့ ထင်မှတ် လာသလို ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောဖို့ပါ အတင့်ရဲလာ တော့တယ်။ ဒါဟာလည်း ခုနက ကျွန်တော် ပြောခဲ့တဲ့ ကဗျာဆရာဆိုသူ တချို့ ကမ္ဘာ့သမိုင်းဝင် ပုဂ္ဂိုလ်ကြီးတွေနဲ့ တစ်တန်းစားတည်းလို ထင်မှတ်ပြီး စိတ်ကြီးဝင်နေတာနဲ့ အတူတူပါပဲ။ ကျွန်တော် ဆိုလို တာက ပရင့်မီဒီယာ အွန်လိုင်း မီဒီယာ ဒါတွေနဲ့ မဆိုင်ပါဘူး၊ ဘယ်မီဒီယာမှာ ဖြစ်ဖြစ် မောင်ချောနွယ်ဟာ မောင်ချောနွယ် ပါပဲ။ ဒီနေ့ပဲ ကဗျာထရေး ဒီနေ့ပဲ ကဗျာဆရာဘွဲ့ခံ ဒီနေ့ပဲ ကဗျာ သဘောတရား ကဗျာ နယ်ပယ် အားလုံးကို ပြောရေး ဆိုခွင့် ရချင်လို့ တော့ ဘယ်ဖြစ်မလဲလေ။

ဒီလိုနဲ့ အကြောင်း အမျိုးမျိုး နည်းလမ်း အသွယ်သွယ်နဲ့ ကဗျာဆရာ(အမည်ခံ) ဖြစ်ပြီဟေ့ ဆိုတာနဲ့ မိသားစုကို ပုန်ကန်ရတာနဲ့ လူ့အဖွဲ့စည်းကို ဆန့်ကျင် ရတာနဲ့ အလုပ်လက်မဲ့ နေခွင့် ရသွားသယောင်နဲ့ ပေတေ သောက်စားခွင့် လိုင်စင် ရသွားသလိုလို (တချို့ဆို နယ်လှည့် စားသောက်တဲ့ အထိ)နဲ့ လောကကြီးကို နာကျဉ်း စိတ်ကုန်ကြောင်း ကြေငြာရတာနဲ့ ကိုယ့်ကိုယ်ကို ကြီးကျယ်ခမ်းနားတဲ့ ပုဂ္ဂိုလ် တစ်ယောက်အမှတ်နဲ့ (ကိုယ်မလုပ်နိုင်တဲ့) အဆို အမိန့်တွေ နီတိတွေ ကြွေးကြော်ရတာနဲ့ အနုပညာသမားရဲ့ အလုပ် ကဗျာဆရာရဲ့ အလုပ်ဖြစ်တဲ့ ကဗျာလုပ်ငန်း အပေါ်မှာတော့ ဘယ်လောက် တာဝန်ယူသလဲ၊ ဘယ်လောက် လက်ရာမြောက်သလဲ၊ ဘယ်လောက် လေ့လာဆည်းပူး ချဲ့ထွင် နေသလဲတော့ မသိပါဘူး။

ဆိုတော့ ကျွန်တော်တို့ တိုင်းပြည်ဟာ ကမ္ဘာမှာ ကဗျာဆရာ အများဆုံး တိုင်းပြည် ဖြစ်နေတာ မထူးဆန်း တော့ဘူး။ ကျွန်တော် ပြောချင်တာက ဘယ် ပညာရပ် ဘယ် ပညာရှင်မဆို တမင်တကာ လုပ်ကြံ ဖန်တီး တုပလို့ ရတာမျိုး မဟုတ်ပါဘူး။ နှစ်ကာလ များစွာ တစိုက်မတ်မတ် လုပ်လာမှ၊ တစိုက်မတ်မတ် လုပ်တယ် လေ့လာတယ် ဖြည့်စီးတယ် ဖန်တီးတယ် ဆိုတာကလည်း ကိုယ့်မှာ ပင်ကိုဗီဇနဲ့ ဓါတ်ခံရှိအုံးမှ တစ်ချိန်ချိန်မှာ ကိုယ့်ဘာသာ ထင်နေတာလည်း မဟုတ် အချင်းချင်းတွေ မြောက်ပေးနေတာလည်း မဟုတ်တဲ့ အောင်မြင်ထင်ရှားတဲ့ “အလုပ်”တစ်ခု ဖြစ်လာတာလို့ ဆိုချင်တာပါ။ မောင်ချောနွယ် ကတော့ သူ့ကို “ဘုရား သခင်က ‘ကဗျာ’ပေးခဲ့တယ်”ဆိုတဲ့ ဝန်ခံမှုကို သူ့အလုပ်နဲ့ သက်သေ ပြနိုင် ခဲ့ပါတယ်။ ကျွန်တော်တို့ ဆရာသမား များမှာ ရရှိခဲ့တာက ရော “ကဗျာ” ဆိုတာ သေချာရဲ့လား။ ကဗျာဆရာ လို့သာ မဏ္ဍပ်တိုင် တက်နေပေမယ့် မိမိမှာ မီးခဲပြာဖုံး ဖြစ်နေတာက ဇာတ်မင်းသား များလား၊ လူလုံးပြ မော်ဒယ်ဘွိုင်းတွေ ဂဲလ်တွေ များလား၊ ကုန်သည် ပွဲစားများလား၊ ပါတီထောင်ချင်တဲ့ ခေါင်းဆောင်များလား၊ အရင်းရှင်များလား၊ လမ်းသရဲ များလား၊ အချောင် သမားများလား၊ အိယောင်ဝါး များလား။

ဆိုတော့ အယ်ဒီတာရဲ့ အခန်းကဏ္ဍ၊ မဂ္ဂဇင်းရဲ့ အနေအထား၊ ကဗျာဖတ်ပရိသတ် အခြေအနေ၊ ကဗျာဆု ပေးပွဲကြီးငယ်များ၊ ကဗျာစကားဝိုင်းများ၊ ကဗျာ စာအုပ် ထုတ်ဝေသူများ၊ ကဗျာ ဝေဖန်ရေး ဆောင်းပါးများ၊ ပညာတတ် ကြိမ်လုံးများ၊ ဝါ/သမ္ဘာ ရင့်ခြင်းများ၊ စီနီယာ ကျခြင်း များ၊ ခိုင်ခိုင်မာမာ ရှိခဲ့တဲ့ ကဗျာ ရေးသက်နဲ့ သူ့ဘာသာ အသက်ကြီး လာလို့ သူ့အလိုလို ရ လာတဲ့ ကဗျာရေးသက်၊ နောက်ဆုံး အွန်လိုင်းမီဒီယာနဲ့ ကဗျာ ဝဲ့ဆိုဒ်များအထိ တစ်ခုနဲ့ တစ်ခု အပြန် အလှန် ချိတ်ဆက် လည်ပတ်နေပြီး ဒါတွေက ဒီနေ့ ကဗျာရေးသူနဲ့ ကဗျာရဲ့ အခြေအနေကို ပြဌာန်းနေတာပါ။ ဒီဖြစ်စဉ်မှာ ပါဝင် ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်နဲ့ အရာ အားလုံးဟာ ယနေ့နဲ့ မနက်ဖြန် ကဗျာ အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတွေပါပဲ။ တကယ်လို့ ဆောင်းပါး အစမှာပြောခဲ့သလို ယနေ့ခေတ်မှာ ကဗျာနဲ့ ပတ်သက်တဲ့ အစိတ်အပိုင်း အားလုံးဟာ များပြား ရှုပ်ထွေး လာတာနဲ့ အမျှ ဒီ ပါဝင် ပတ်သက်နေတဲ့ အစိတ်အပိုင်း တွေမှာ ထွေပြား ဝေ၀ါးမှုနဲ့ အားနည်းချက် ရှိခဲ့လို့ရှိရင် (မြန်မာ)ကဗျာရဲ့ အနာဂတ်ကို တိုက်ရိုက် ထိခိုက်နိုင်မှာပါပဲ။ ဟုတ်ပါတယ်။ ကျွန်တော်က ပြဿနာ ရှာနေတာပါ။ မေးခွန်းတွေ ထုတ်နေတာပါ။ ဘာ ပြဿနာမှ မရှာဘဲ မရှိဘဲ ဖုန်လုံးကြီးထဲ အသာလေးရော လိုက်နေ လို့လည်း ရတာပဲလေ။ အန္တရာယ်ကင်း ဘေးရှင်းပါတယ်။ ကျွန်တော်က ဘယ်ကဗျာ ကတော့ဖြင့် ကောင်း၏ ညံ့၏ ဘယ်ကဗျာ ရေးဖွဲ့ပုံ ကတော့ဖြင့် သင့်၏ မသင့်၏ လို့ မိုက်မဲစွာ အဖြေထုတ်နေတာ မဟုတ်ပါဘူး။ ခေတ်ပြိုင်ကဗျာ အနေအထား အပေါ် ကျွန်တော်က ပြဿနာ (Problem) ရှာ မေးခွန်း ထုတ်ကြည့် ခြင်းများပါပဲ။ ။

-ကဗျာသမားတစ်ဦး

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: